တစ်ခဏတော့ ကျဲန်အိုက်က ကောင်းမွန်တဲ့ဖြေရှင်းနည်းတစ်ခုကို မစဉ်းစားနိုင်ခဲ့ဘူး။ သူမ ရှုံးနိမ့်သွားသလို ခံစားလိုက်ရပေမဲ့ သူမမှာရှိတဲ့ပိုက်ဆံက အကန့်အသတ်နဲ့ပဲ။ သုံးလိုက်ရင် ကုန်သွားမှာဖြစ်လို့ သူမက တစ်ခါတည်းနဲ့ အကြီးအကျယ်ရဖို့ လိုတယ်။

ဧည့်ခန်းထဲကနေ ကျဲန်ယွီရဲ့အသံ ထွက်ပေါ်လာခဲ့တယ်။ သူမအစ်ကိုပြန်ရောက်လာပြီဆိုတာကြားတော့ ကျဲန်အိုက်က သူမရဲ့အတွေးတွေကို သိမ်းဆည်းလိုက်ပြီး အိပ်ရာပေါ်က ပိုက်ဆံတွေကို နေရာတကျပြန်ထားလိုက်တယ်။

"အစ်ကို!"

ကျဲန်အိုက်က အခန်းထဲကနေထွက်ပြီး သူ့ဆီကို သွားလိုက်တယ်။ ဒါပေမဲ့ သူမ ဘာမှမပြောနိုင်ခင်မှာပဲ ကျဲန်ယွီက သူမကို ဧည့်ခန်းဆီသို့ ဆွဲခေါ်သွားတယ်။

ကျဲန်အိုက်က ကျဲန်ယွီကို စပ်စုတဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။ "ဘာဖြစ်လို့လဲ အစ်ကို။"

ကျဲန်ယွီက လျှို့ဝှက်ဆန်းကြယ်တဲ့အပြုံးတစ်ခုကို ပြုံးပြလိုက်တယ်။ ပြီးတော့ သူက သူ့အိတ်ကပ်ထဲကနေ ပိုက်ဆံတစ်ထပ်ကို ထုတ်ပြီး ကျဲန်အိုက်ရဲ့လက်ထဲကို ထိုးထည့်ပေးလိုက်တယ်။ "ငါလစာထုတ်လာပြီ။ ဒါတွေ နင်သိမ်းထားလိုက်။"

ကျဲန်အိုက် ကြောင်သွားတယ်။ "မနက်ဖြန်မှလို့ အစ်ကိုပြောထားတာ…"

သူမ ငုံ့ကြည့်လိုက်တော့ တစ်ရာတန်ရှစ်ရွက်ကို တွေ့လိုက်ရတယ်။

လန့်သွားပြီး ကျဲန်အိုက်က သူမအစ်ကိုကို မော့ကြည့်ကာ မေးလိုက်တယ်။ "အစ်ကို၊ ဘာလို့ ပိုက်ဆံတွေအများကြီးဖြစ်နေရတာလဲ။ ဘာလို့ သမီးကို အကုန်ပေးလိုက်တာလဲ။"

ကျဲန်ယွီရဲ့လစဉ်လစာက ယွမ်ရှစ်ရာလောက်ပဲရှိတယ်။ အများဆုံးမှ တစ်ထောင်ပဲ။ ပြီးတော့ သူက အဲ့ဒီပမာဏကို နှစ်ပိုင်းခွဲပြီး တစ်ဝက်ကို အမေ့အတွက်၊ နောက်တစ်ဝက်ကို ညီမဖြစ်သူအတွက် ပေးလေ့ရှိတယ်။

အဲ့ဒီအချိန်မှာ ကျဲန်အိုက်လက်ထဲမှာ ယွမ်ရှစ်ရာရှိနေပြီး ဒါက ကျဲန်ယွီရဲ့တစ်လစာလစာဖြစ်နေတယ်။ ဒါကြောင့်မို့ သူမ ဒီလောက်အံ့အားသင့်နေရတာပဲ။

ကျဲန်အိုက်ရဲ့တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရတော့ ကျဲန်ယွီက ခန့်ညားစွာနဲ့ ကျေနပ်နေတဲ့အပြုံးတစ်ခုကို ပြုံးပြပြီး အသံတိုးတိုးနဲ့ ပြောလိုက်တယ်။ "ငါ အကြီးအကဲအဖြစ် ရာထူးတိုးသွားပြီ။ အခု တစ်လကို တစ်ထောင့်ငါးရာယွမ်ရတော့မယ်။"

ကျဲန်အိုက် ဒါကိုကြားတော့ သူမမျက်နှာက ဝင်းပသွားတယ်။ "တကယ်လား။"

ကျဲန်ယွီက ခေါင်းညိတ်လိုက်တယ်။ "ဟုတ်တာပေါ့။"

ကျဲန်အိုက်က သူမအစ်ကိုအတွက် ဝမ်းသာသွားတယ်။ သူက ဘားတစ်ခုရဲ့ အကြီးအကဲတစ်ယောက်သာဖြစ်ပေမဲ့ စားပွဲထိုးတွေထက်တော့ ပိုလွယ်ကူပြီး လစာလည်းတိုးလာခဲ့ပြီ။

ဒါပေမဲ့ ကျဲန်အိုက်က ပိုက်ဆံကို မသိမ်းလိုက်ဘူး။ အဲဒီအစား သူမက ငါးရာတန်ငါးရွက်ကို အမြန်ရေတွက်ပြီး ကျဲန်ယွီကို ပြန်ပေးလိုက်တယ်။ "အစ်ကို၊ ဒါတွေကို အစ်ကို့ဘာသာပဲ သိမ်းထားလိုက်။ သမီး သုံးရာယွမ်ပဲ ယူထားမယ်။"

"ငါပိုက်ဆံမလိုဘူး!" ကျဲန်ယွီက ကျဲန်အိုက်ကိုကြည့်ပြီး "နင်ပဲသိမ်းထားလိုက်။ အတန်းဖော်တစ်ယောက်ယောက်က နင်ကြိုက်တာတစ်ခုခုဝယ်ရင် နင်လည်းဝယ်လို့ရတာပေါ့။ ပိုက်ဆံသုံးဖို့ အမြဲတမ်း တွန့်ဆုတ်မနေနဲ့။ အာ့ကျုံးကျောင်းမှာ သူဌေးသားသမီးတွေချည်းပဲ။ ငါ့ညီမလေးကို အထင်သေးခံလို့မဖြစ်ဘူး။"

သူမအစ်ကိုက ငယ်ငယ်ကတည်းက သူမကို အမြဲတမ်းအလိုလိုက်ခဲ့တယ်။ အရင်ဘဝတုန်းက ကျဲန်အိုက်က ဒါကို ကျင့်သားရနေခဲ့ပြီ။ ဒါပေမဲ့ အခုတော့ မတူတော့ဘူး။ ကျဲန်အိုက်က သူမအမေနဲ့ အစ်ကိုကို ပိုပြီးတန်ဖိုးထားတယ်။ သူမက အမြဲတမ်းတောင်းဆိုတတ်ပြီး တခြားသူတွေက မျက်စိမှိတ်ပေးတာကိုပဲ ယူတတ်တဲ့လူတစ်ယောက် မဖြစ်ချင်တော့ဘူး။

"သမီးမှာ ပိုက်ဆံရှိပါတယ်။ အစ်ကိုအရင်ကပေးထားတာတွေထဲက တစ်ထောင်ကျော်စုထားတာရှိတယ်။ ဒီလောက်အများကြီးမလိုပါဘူး။" ကျဲန်အိုက်က သူမအစ်ကိုကို ယွမ်ငါးရာပြန်ယူဖို့ အတင်းတိုက်တွန်းနေခဲ့တယ်။

သူတို့နှစ်ယောက် ဆွဲလားရမ်းလားလုပ်နေကြတုန်း ကျဲန်အိုက်က သင်းပျံ့ပျံ့ရေမွှေးရနံ့တစ်ခုကို ရုတ်တရက်ရလိုက်တယ်။

ကျဲန်အိုက်က ရေမွှေးအကြောင်းကို အတော်လေးသိတယ်။ ဒီရေမွှေးက သစ်သားရနံ့သင်းပြီး အလွန်ပေါ့ပါးကာ ကျက်သရေရှိတယ်။ သူ့ရနံ့ကနေ ရေမွှေးအဆီရဲ့ပြင်းအားကို ဆုံးဖြတ်နိုင်တယ်။ ဒီရေမွှေးမှာ ဘာအမွှေးအကြိုင်အဆီမှ ထပ်မထည့်ထားဘဲ အပင်တွေကနေ သီးသန့်ထုတ်ယူထားတာဖြစ်တယ်။ တစ်ချက်ရှူလိုက်ရုံနဲ့ ဈေးကြီးမှန်း သိသာလှတယ်။

ကျဲန်အိုက် ခဏရပ်တန့်သွားပြီး ကျဲန်ယွီကို အံ့အားသင့်စွာကြည့်လိုက်တယ်။ "အစ်ကို၊ ဘာလို့ အစ်ကို့ဆီမှာ ရေမွှေးနံ့ရနေတာလဲ။"

သူ့ညီမက ရုတ်တရက်ကြီး အကြောင်းအရာပြောင်းပြီး သူ့ဆီကရနံ့ကို ဖော်ထုတ်လိုက်လိမ့်မယ်လို့ မထင်ထားခဲ့သလိုပဲ၊ သူ့ရဲ့ခန့်ညားတဲ့မျက်နှာက ချက်ချင်းဆိုသလို နီရဲသွားတယ်။

ဒီတုံ့ပြန်မှုက ကျဲန်အိုက်ရဲ့မျက်လုံးထဲကို ရောက်သွားခဲ့တယ်။ သူမအစ်ကိုက အရင်က ရည်းစားမထားဖူးပေမဲ့ ရုပ်ချောပြီး ကိုယ်လုံးကိုယ်ပေါက်ကောင်းတယ်။ မိန်းကလေးတစ်ယောက်က သူ့ကိုလိုက်တာက ဖြစ်သင့်တဲ့အရာပဲ။ သူမအစ်ကိုရဲ့နီရဲနေတဲ့မျက်နှာနဲ့ သူ့ကိုယ်ပေါ်မှာ မိန်းကလေးတစ်ယောက်ရဲ့ရေမွှေးနံ့ရနေတာကို ကြည့်ရတာ သူက ရည်းစားရနေပြီထင်တယ်။

"ရည်းစားထားနေတာမလား?!" ကျဲန်အိုက်က ပြုံးလိုက်တယ်။ ဒါက မေးခွန်းတစ်ခုမဟုတ်ဘဲ အတည်ပြုပြောဆိုချက်တစ်ခုသာဖြစ်တယ်!