"ကျဲန်အိုက်၊ နင်ဘယ်သူ့ကို ဝက်လို့ခေါ်နေတာလဲ?!"

လီယွင်မေက ကျဲန်အိုက်ရဲ့စကားထဲက လှောင်ပြောင်သရော်မှုကို ဘယ်လိုလုပ် နားမလည်ဘဲနေမှာလဲ။ သူမက ဒေါသထွက်လွန်းလို့ ဘီးတပ်ကုလားထိုင်ပေါ်ကနေ မတ်တပ်ထရပ်လိုက်တယ်။ ဒါပေမဲ့ မတော်တဆ သူမရဲ့အကြောကို ထပ်ပြီးထိခိုက်သွားပြီး နာကျင်စွာနဲ့ ရှိုက်လိုက်မိတယ်။

"အို၊ ရှောင်မေ။ လျှောက်မလှုပ်နဲ့လေ။ သမီးလေး ဒဏ်ရာရထားတုန်းပဲ။" လျိုချွမ်းရှက ရှေ့ကိုအမြန်တိုးပြီး လီယွင်မေကို ထိုင်ခိုင်းလိုက်တယ်။

ကျဲန်အိုက်က တည်ငြိမ်စွာနဲ့ ပြန်ဖြေလိုက်တယ်။ "သစ်ပင်ကိုဝင်တိုက်တဲ့သူက ဝက်ပဲပေါ့!"

"ဒါကို နားထောင်ကြည့်စမ်း၊ နားသာထောင်ကြည့်!" လျိုချွမ်းရှက ဒေါသထွက်လွန်းလို့ သူမရဲ့လက်ချောင်းတွေက တုန်ယင်နေခဲ့တယ်။ သူမက ကျဲန်အိုက်ကို လက်ညှိုးထိုးပြီး ဆရာတွေကို ပြောလိုက်တယ်။ "သူမရဲ့သဘောထားကို ကြည့်စမ်းပါ။ သူက တောင်းပန်ဖို့လာတာလား။ ဟမ်؟"

ဆရာမလီက လျိုချွမ်းရှရဲ့စွပ်စွဲမှုကို လျစ်လျူရှုလိုက်ပြီး ကျောင်းအုပ်ကြီးကို ပြောလိုက်တယ်။ "ကျောင်းအုပ်ကြီးဆွန်၊ ကျဲန်အိုက်နဲ့ လီယွင်မေတို့ရဲ့ အတန်းပိုင်ဆရာမတစ်ယောက်အနေနဲ့ အတန်းဖော်တွေကြားမှာဖြစ်ခဲ့တဲ့ကိစ္စအတွက် ကျွန်မမှာ တစ်စိတ်တစ်ပိုင်းတာဝန်ရှိပါတယ်။ ဒါပေမဲ့ ဒီနေ့တော့ ကျွန်မ ကျဲန်အိုက်ကိုပဲ ယုံကြည်ဖို့ ရွေးချယ်ပါတယ်။ သူက အတန်းထဲမှာ အမြဲတမ်း အလွန်နာခံတတ်ပြီး တခြားသူတွေကို ဘယ်တော့မှ ရန်သွားစမှာ မဟုတ်ပါဘူး။"

ဆရာမလီက အာ့ကျုံးကျောင်းမှာ နှစ်ပေါင်းများစွာ သင်ကြားခဲ့ပြီး အဲ့ဒီမှာရှိနေတဲ့လူတိုင်းက သူမရဲ့စာရိတ္တကို သိကြတယ်။ အခု သူမက ကျဲန်အိုက်အတွက် ထရပ်ပြောပေးတော့ လူတိုင်းက သူတို့ရဲ့စိတ်ထဲကနေ သူမကို ယုံကြည်ဖို့ ရွေးချယ်လိုက်ကြတယ်။

လျိုချွမ်းရှက နောက်တစ်ခါ ဒေါသပေါက်ကွဲသွားတယ်။ သူမက ဆရာမလီဆီကို ပြေးသွားပြီး အော်ဟစ်လိုက်တယ်။ "ရှင်ဘာတွေပြောနေတာလဲ။ ဆရာမတစ်ယောက်၊ အတန်းပိုင်ဆရာမတစ်ယောက်အနေနဲ့ ရှင်က ဒီလောက်တောင် သိသိသာသာ ဘက်လိုက်နေတာလား။ ဘာလို့ ရှင်က သူပြောတာက အမှန်တရားဖြစ်ပြီး ကျွန်မသမီးက လိမ်နေတယ်လို့ ထင်ရတာလဲ?! သူက နာခံတတ်တယ်လို့ ရှင်ထင်ရုံနဲ့လား။ ကျွန်မပြောထားမယ်၊ ကျွန်မသမီးက အိမ်မှာလည်း အရမ်းလိမ္မာပါတယ်။ အခု သူကျောင်းမှာ အနိုင်ကျင့်ခံနေရတော့ ရှင်တို့ ကျွန်မကို ကျေနပ်လောက်တဲ့ရလဒ်တစ်ခု ပေးရလိမ့်မယ်!"

လျိုချွမ်းရှရဲ့ တံတွေးတွေက နေရာအနှံ့ လွင့်စင်နေခဲ့တယ်။ သူမဒေါသထွက်တဲ့အခါ သူဌေးကတော်တစ်ယောက်ရဲ့ ကျက်သရေနဲ့ ဂုဏ်သိက္ခာမျိုး မရှိတော့ဘူး။ ဆရာမလီက သူမစကားကိုကြားတော့ ယဉ်ကျေးတဲ့အပြုံးလေးကို မပြုံးဘဲမနေနိုင်တော့ဘူး။ "မဒမ်လျို၊ ဒီလိုပြောရတာ ရိုင်းသလိုဖြစ်သွားနိုင်မှန်း ကျွန်မသိပါတယ်။ ဒါပေမဲ့ ရှင့်ရဲ့ နာခံတတ်ပြီး အသိတရားရှိတဲ့သမီးလေးအပေါ်မှာ အထင်အမြင်လွဲမှားမှုတချို့ ရှိနေနိုင်ပါတယ်။ လီယွင်မေရဲ့ အတန်းပိုင်ဆရာမတစ်ယောက်အနေနဲ့ ကျွန်မဆီကို လီယွင်မေအကြောင်း တိုင်ကြားတဲ့ကျောင်းသားတွေ ရက်အနည်းငယ်တစ်ခါလောက် ရောက်လာတတ်ပါတယ်။ တခြားအတန်းတွေက ဆရာမတွေတောင် ကျွန်မဆီကို လာတိုင်ကြပါတယ်။ ဒါက လီယွင်မေက သူ့အတန်းဖော်တွေကိုပဲ အနိုင်ကျင့်တာမဟုတ်ဘဲ တခြားအတန်းတွေက ကျောင်းသားတွေကိုပါ အနိုင်ကျင့်တယ်ဆိုတဲ့အဓိပ္ပာယ်ပါ။ အတန်းပိုင်ဆရာမတစ်ယောက်အနေနဲ့ ကျွန်မက သူ့ကို တန်းတူညီတူဆက်ဆံချင်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ပုံမှန်အပြုအမူတွေနဲ့ဆိုတော့ တောင်းပန်ပါတယ်၊ ကျွန်မ ရှင့်သမီးအတွက် တကယ်ပဲ စကားကောင်းပြောပေးလို့မရပါဘူး။"

လီယွင်မေက မိသားစုရဲ့တစ်ဦးတည်းသောသမီးဖြစ်တယ်။ သူမမိဘတွေက ငယ်ငယ်ကတည်းက သူမကို အလိုလိုက်ခဲ့ကြတယ်။ လျိုချွမ်းရှက တခြားသူတွေက သူမသမီးအကြောင်း ဒီလိုပြောတာကို သည်းမခံနိုင်ခဲ့ဘူး။ ဒါ့အပြင် အဲ့ဒီမှာ ဆရာမတွေအများကြီးနဲ့ ကျောင်းအုပ်ကြီးပါ ရှိနေခဲ့တယ်။ ဘယ်သူကမှ သူမသမီးကို သနားကြင်နာခြင်းမရှိခဲ့ဘူး။

"ကောင်းပြီ၊ ကောင်းပြီ။ ကျွန်မအခုနားလည်သွားပြီ။ ဒါက ရှင့်တို့ကျောင်းက ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ပုံစံကိုး။" လျိုချွမ်းရှက ကျဲန်အိုက်ကို မည်းမှောင်တဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။ "ရှင့်တို့ကျောင်းက ဒီကိစ္စကိုမကိုင်တွယ်နိုင်မှတော့ ကျွန်မကို အပြစ်မတင်နဲ့တော့။"

လျိုချွမ်းရှက သူမအိတ်ထဲကနေ ဖုန်းကိုအမြန်ထုတ်ပြီး နံပါတ်တစ်ခုကို ခေါ်လိုက်တယ်။

"ဟယ်လို... ရဲစခန်းလား။ ကျွန်မ ရဲတိုင်ချင်လို့ပါ။ ကျွန်မသမီး ကျောင်းမှာ အကြမ်းဖက်ခံနေရလို့ပါ…"

လီယွင်မေက သူမအမေ ရဲခေါ်လိုက်တာကိုကြားတော့ ပြဿနာရဲ့ကြီးမားမှုကို ရုတ်တရက် နားလည်သွားခဲ့တယ်။ သူမက မူလကတော့ ကျဲန်အိုက်ရဲ့သူရဲဘောကြောင်တဲ့စာရိတ္တအရ သူမအမေက ကျောင်းကိုရောက်လာတဲ့အခါ သူမကို ကြောက်ပြီးရူးသွားအောင် ခြောက်လှန့်လိမ့်မယ်လို့ ထင်ထားခဲ့တာ။ ပြီးတော့ သူမက ကျောင်းအပေါ်မှာ ဖိအားပေးပြီး သူမကို ကျောင်းထုတ်ခိုင်းလိုက်မယ်ပေါ့။

ဒါပေမဲ့ ရဲတွေပါ ပါဝင်လာလိမ့်မယ်လို့ သူမ မထင်ထားခဲ့ဘူး။