အခန်း (၂၁) : ကိုယ့်သေတွင်းကိုယ်တူးခြင်း
လီယွင်မေက သူမဘယ်လိုဒဏ်ရာရခဲ့တယ်ဆိုတာကို ဘယ်သူထက်မဆို ပိုသိတယ်။ သူမအမေ ရဲခေါ်လိုက်တာကိုမြင်တော့ လီယွင်မေက ကြောက်လန့်ပြီး အမြန်ပြောလိုက်တယ်။ "မေမေ၊ မလုပ်ပါနဲ့…"
"ရှောင်မေ၊ မကြောက်နဲ့။ မေမေရှိတယ်။ ဒီကိစ္စက မပြီးသေးဘူး!" လျိုချွမ်းရှက သူမသမီးစကားကို ဖြတ်ပြောလိုက်ပြီး ဖုန်းထဲကို ဆက်ပြောလိုက်တယ်။ "ဟုတ်ကဲ့၊ ပိုင်ယွင်မြို့က အာ့ကျုံးကျောင်းပါ။ ပါဝင်ပတ်သက်တဲ့သူတွေ ဒီမှာရှိပါတယ်။ မြန်မြန်လေး ကြွလာပေးပါရှင့်။"
တခြားသူတွေက လျိုချွမ်းရှ ရဲခေါ်လိုက်တာကိုမြင်တော့ အချင်းချင်း မျက်နှာကြည့်လိုက်ကြတယ်။ ကျောင်းအုပ်ဖုန်းက တစ်ခုခုပြောချင်ပေမဲ့ ကျောင်းအုပ်ကြီးက သူ့ကိုတားလိုက်တယ်။
လျိုချွမ်းရှက ဆက်ဆံပြောဆိုရခက်တဲ့သူဖြစ်တယ်။ တခြားတစ်ဖက်က ကျောင်းကို ကျဲန်အိုက်ကို ကျောင်းထုတ်ခိုင်းချင်နေတာ ထင်ရှားနေတယ်။ ဒီလို အကြပ်အတည်းဖြစ်နေမယ့်အစား ရဲကိုပဲ ကိုင်တွယ်ခိုင်းလိုက်တာက ပိုကောင်းတယ်။ မျှတတဲ့ရလဒ်တစ်ခုတော့ ထွက်လာရမှာပဲ။
ကျဲန်အိုက်က သူမမျက်နှာပေါ်မှာ တည်ငြိမ်တဲ့အမူအရာနဲ့ ရှိနေခဲ့တယ်။ လျိုချွမ်းရှရဲ့ ရဲခေါ်လိုက်တဲ့လုပ်ရပ်က ကိုယ့်သေတွင်းကိုယ်တူးလိုက်တာနဲ့တူတူပဲဆိုတာ ထင်ရှားနေတယ်။ သူတို့အမှန်တရားကို ဖော်ထုတ်လိုက်တဲ့အခါ သူမ ရှက်ရမှာကတော့ ရှောင်လွှဲလို့မရဘူး။
နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ လီယွင်မေက စိတ်အလှုပ်ရှားဆုံးသူဖြစ်နေခဲ့တယ်။ သူမက ကျောင်းမှာ မကောင်းမှုတွေအများကြီးလုပ်ခဲ့ပေမဲ့ ရဲနဲ့တစ်ခါမှမရင်ဆိုင်ဖူးဘူး။ အခု ကိစ္စတွေက ဒီအခြေအနေအထိ ရောက်လာတော့ ဘယ်လိုရှင်းပြရမလဲဆိုတာ သူမမသိတော့ဘူး။
ရဲအရာရှိတွေက လျင်မြန်ပြီး ဆယ်မိနစ်အတွင်းမှာပဲ ကျောင်းအုပ်ကြီးရုံးခန်းကို ရောက်လာခဲ့ကြတယ်။
ဇာတ်လမ်းအစအဆုံးကို သေသေချာချာနားလည်ပြီးနောက်မှာတော့ အာ့ကျုံးကျောင်းရဲ့ ခေါင်းဆောင်တွေအများကြီးရှိနေတာကြောင့် ဒါက ကျောင်းထဲက ကျောင်းသားတွေကြားက ပဋိပက္ခတစ်ခုသာဖြစ်နေရင်တောင် ရဲအရာရှိနှစ်ယောက်က ပေါ့ဆလို့မရဲခဲ့ဘူး။
အသက်နည်းနည်းကြီးတဲ့ ရဲအရာရှိတစ်ယောက်က "နှစ်ဖက်စလုံးက ကိုယ့်အမြင်နဲ့ကိုယ် ပြောဆိုနေကြတော့ ကျောင်းဂိတ်ဝက စောင့်ကြည့်ကင်မရာတွေကို စစ်ဆေးကြည့်ကြရအောင်" လို့ ပြောလိုက်တယ်။
လုံခြုံရေးမှူးချုပ်က ခေါင်းညိတ်လိုက်တယ်။ "ကျောင်းမှာ ကင်မရာခြောက်လုံးပဲ တပ်ဆင်ထားပေမဲ့ ကျောင်းဂိတ်ဝက မြင်ကွင်းကိုတော့ ဖမ်းယူနိုင်လောက်ပါတယ်။"
လီယွင်မေက စောင့်ကြည့်ကင်မရာတွေကို စစ်ဆေးမယ်ဆိုတာကြားတော့ ပိုပြီးထိတ်လန့်သွားခဲ့တယ်။ သူမက စိတ်လှုပ်ရှားလွန်းလို့ စကားတွေထစ်လာတယ်။ "အာ… ရဲအရာရှိကြီး၊ ဒီကိစ္စကို… မေ့လိုက်ပါတော့။ ကျွန်မတို့ဘက်က အမှုဆက်မလုပ်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ်… ဘာပဲဖြစ်ဖြစ် ဒါက အတန်းဖော်တွေကြားက နားလည်မှုလွဲမှားမှုလေးတစ်ခုပါပဲ။"
"မလုပ်နဲ့လေ!" ကျဲန်အိုက်က ပြုံးပြီး ဖြည်းညင်းစွာပြောလိုက်တယ်။ "ရဲတွေတောင် ရောက်နေပြီပဲ။ နင်တို့ဘက်က အမှုဆက်မလုပ်တော့ဘူးဆိုရင် သူတို့ အလကားသက်သက်လာရတာဖြစ်သွားလိမ့်မယ်။ ဒါက နိုင်ငံတော်ရဲ့အရင်းအမြစ်တွေကို ဖြုန်းတီးရာကျတယ်။"
"ဒီကလေးမလေးပြောတာမှန်တယ်။ ငါတို့ရောက်လာပြီးမှတော့ ဒီအငြင်းပွားမှုကို ဖြေရှင်းပေးရမှာပေါ့။" ရဲအရာရှိတွေက ခေါင်းညိတ်လိုက်ကြတယ်။
လျိုချွမ်းရှက သူမသမီးရဲ့ပုံမှန်မဟုတ်တဲ့အခြေအနေကို သတိမထားမိသေးသလိုပဲ။ သူမမျက်နှာပေါ်မှာ အောင်နိုင်သူရဲ့အမူအရာနဲ့ ရှိနေတုန်းပဲ။ "ဖြေရှင်းကိုဖြေရှင်းရမှာပေါ့။ ကျွန်မသမီးက ဒီလိုအကြမ်းဖက်တတ်တဲ့သူတစ်ယောက်နဲ့ ကျောင်းအတူတူတက်နေရမယ်ဆိုရင် မိဘတစ်ယောက်အနေနဲ့ ကျွန်မ နေ့တိုင်း စိုးရိမ်သောကရောက်နေရမှာပဲ။"
လူတစ်စုလုံးက လုံခြုံရေးမှူးချုပ်နောက်ကိုလိုက်ပြီး လုံခြုံရေးရုံးခန်းဆီကို သွားခဲ့ကြတယ်။ ပြီးတော့ လုံခြုံရေးမှူးချုပ်က မနေ့ကနေ့လယ်က ကျောင်းဂိတ်ဝက စောင့်ကြည့်ဗီဒီယိုဖိုင်ကို ကိုယ်တိုင်ထုတ်ပြလိုက်တယ်။
လီယွင်မေရဲ့မျက်နှာက ဖြူဖျော့သွားပြီး အပြစ်ရှိသလို၊ မသက်မသာဖြစ်သလို၊ ကြောက်ရွံ့သလို ခံစားချက်တွေကို ဖော်ပြနေခဲ့တယ်။ အထူးသဖြင့် လူတိုင်းက သူမကန်လိုက်တာကို ကျဲန်အိုက်က ရှောင်လိုက်လို့ သူမ ခြေကားယားဖြစ်သွားတဲ့မြင်ကွင်းကို မြင်လိုက်ရတဲ့အခါ သူမက ရှက်ရွံ့ပြီး ဒေါသထွက်လွန်းလို့ မြေကြီးထဲကိုပဲ တိုးဝင်သွားချင်တော့တယ်။
ဖန်သားပြင်ပေါ်က မြင်ကွင်းက ရှင်းလင်းပြတ်သားနေခဲ့တယ်။ လီယွင်မေနဲ့ သူမအဖွဲ့က ကျဲန်အိုက်ကို တမင်တကာတားဆီးခဲ့တဲ့အချိန်ကနေ လီယွင်မေက အရင်ဆုံးတိုက်ခိုက်ခဲ့ပြီး နောက်ဆုံးမှာ ဒဏ်ရာနဲ့မြေပေါ်ကို လဲကျသွားတဲ့အထိ ကျဲန်အိုက်က သူမကို ထိတောင်မထိခဲ့ဘူး။ ဒါတွေအားလုံးက သူမရဲ့ကိုယ်ပိုင်အမှားကြောင့်သာ ဖြစ်ခဲ့တယ်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: