"ဆရာမ မင်းအမေဆီကို ဖုန်းခေါ်ထားပြီးပြီ။ သူ မကြာခင်ရောက်လာလိမ့်မယ်။" ဆရာမလီက ကျဲန်အိုက်ရဲ့ပခုံးကို နှစ်သိမ့်သလို ပုတ်ပေးလိုက်တယ်။

အဲ့ဒီအချိန်မှာ ကျဲန်အိုက်ဆီမှာ လုံခြုံရေးရုံးခန်းထဲကလို ထည်ဝါတဲ့အမူအရာမျိုးမရှိတော့ဘူး။ သူမက ခုံပေါ်မှာ တည်ငြိမ်ပြီး ညင်သာတဲ့အမူအရာနဲ့ ထိုင်နေခဲ့တယ်။ ဒီစကားကိုကြားတော့ သူမက ဆရာမလီကို မပြုံးဘဲမနေနိုင်တော့ဘဲ ခေါင်းညိတ်ပြလိုက်တယ်။ "ကျေးဇူးတင်ပါတယ် ဆရာမ။"

သူမက ဒီကိစ္စကို ကိုင်တွယ်နိုင်ပေမဲ့ သူမက အရမ်းငယ်သေးတာကြောင့် သူမမိဘတွေကိုတော့ အကြောင်းကြားရမှာပဲ။

ဆရာမလီက သက်ပြင်းမချဘဲမနေနိုင်တော့ဘူး။ "ဒီအကြောင်းကို မင်းဘာလို့ ဆရာမကိုမပြောခဲ့တာလဲ။"

"တကယ်တော့ သမီး ဒီကိစ္စကို အမှုဆက်မလုပ်ချင်ခဲ့ပါဘူး။" ကျဲန်အိုက်က ပြန်ဖြေလိုက်တယ်။ "လီယွင်မေက သမီးကို ရေကန်ထဲတွန်းချခဲ့တာကို ဘယ်သူမှ တကယ်မမြင်လိုက်ပါဘူး။ သူက တခြားသူတွေကို ကြွားလုံးထုတ်ခဲ့လို့သာ ကျောင်းထဲမှာ ကောလာဟလတချို့ထွက်ခဲ့တာပါ။ ဒါပေမဲ့ ဘာသက်သေမှမရှိခဲ့ဘူးလေ! ဒီနေ့တော့ သမီးက လုံခြုံရေးကင်မရာက ရေကန်ကိုဖမ်းယူနိုင်တယ်ဆိုတာကို မတော်တဆတွေ့လိုက်ရလို့ ကိုယ့်အတွက် တရားမျှတမှုကို ရှာဖွေချင်ခဲ့တာပါ။"

ကျဲန်အိုက် လိမ်နေတာမဟုတ်ဘူး။ မူလကတော့ သူမက ဒီကိစ္စကို အမှုဆက်လုပ်ဖို့ ရည်ရွယ်ချက်မရှိခဲ့ဘူး။ ဒါပေမဲ့ ဒီနေ့တော့ သူမကံကောင်းသွားခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို ဖန်တီးခဲ့တာက လီယွင်မေနဲ့ သူမအမေပဲ။ ဒီနေ့ကိစ္စသာမဖြစ်ခဲ့ရင် သူမ ရဲစခန်းကို လက်ဖက်ရည်သောက်ဖို့ ဖိတ်ကြားခံရမှာမဟုတ်ဘူး။

"ရှောင်အိုက်!"

အဲ့ဒီအချိန်မှာပဲ စင်္ကြံရဲ့တခြားတစ်ဖက်ကနေ ကျဲန်ယွီရဲ့အသံ ထွက်ပေါ်လာခဲ့တယ်။ ကျဲန်အိုက်က မော့ကြည့်လိုက်တော့ သူမအမေနဲ့ အစ်ကိုတို့ ပြေးလာနေတာကို တွေ့လိုက်ရတယ်။

"မေမေ၊ အစ်ကို။" ကျဲန်အိုက်က ရှေ့ကိုအမြန်တိုးလိုက်တယ်။

အဲ့ဒီအချိန်မှာ အိမ်ကမနက်စာဆိုင်က မပိတ်သေးတာကြောင့် ဝမ်ယွင်မေက ဂျုံမှုန့်တွေပေနေတဲ့ အေပရာဝတ်စုံကို ဝတ်ဆင်ထားတုန်းပဲ။ ဆရာမလီရဲ့ဖုန်းကို လက်ခံရရှိရုံရှိသေး သူမ ချက်ချင်းပြေးလာခဲ့တာ ထင်ရှားနေတယ်။

"ရှောင်အိုက်၊ သမီး အဆင်ပြေရဲ့လား။ ဘာတွေဖြစ်ကုန်တာလဲ။" ဝမ်ယွင်မေက ကျဲန်အိုက်ကိုမြင်တော့ မျက်လုံးတွေ နီရဲလာခဲ့တယ်။ သူမသမီးက အလိမ္မာဆုံးဖြစ်ပေမဲ့ အခုတော့ ရဲစခန်းထဲမှာရောက်နေပြီ။ သူမ ဘယ်လိုလုပ် စိတ်မပူဘဲနေနိုင်မှာလဲ။

"ကျဲန်အိုက်အမေ၊ စိတ်မပူပါနဲ့။ အရင်ဆုံးထိုင်ပါဦး။" ဆရာမလီက ရှေ့ကိုတိုးပြီး နှစ်သိမ့်လိုက်တယ်။

ဝမ်ယွင်မေက ကျဲန်အိုက်ရဲ့ဆရာမကိုမြင်တော့ ပိုပြီးစိတ်လှုပ်ရှားသွားတယ်။ သူမက ဆရာမရဲ့လက်ကို အမြန်ဆွဲကိုင်ပြီး "ဆရာမ၊ ကျွန်မရဲ့ရှောင်အိုက်က ကျောင်းမှာ အလိမ္မာဆုံးပဲ။ ဆရာမလည်း ဒါကိုသိပါတယ်။ သူက မကောင်းတဲ့အရာတွေကို ဘယ်တော့မှလုပ်မှာမဟုတ်ပါဘူး။"

"ဟုတ်ကဲ့၊ ကျဲန်အိုက်အမေ။ ကျွန်မပြောတာကို အရင်နားထောင်ပါဦး။ ခုနက ကျွန်မအမှားပါ။ ကိစ္စက ရုတ်တရက်ဖြစ်သွားတော့ ဖုန်းထဲမှာ အသေးစိတ်မပြောပြလိုက်မိဘူး။ တကယ်တော့ ဒီလိုဖြစ်ခဲ့တာပါ…"

ဆရာမလီက ဖြစ်ပျက်ခဲ့သမျှကို အကုန်ပြောပြလိုက်တယ်။ သူမက လီယွင်မေအတွက် ဘာမှဖုံးကွယ်မထားခဲ့ဘူး။ အခု ကိစ္စတွေက ဒီအခြေအနေအထိရောက်လာမှတော့ ဖုံးကွယ်စရာဘာမှမရှိတော့ဘူး။

"အတန်းဖော်တစ်ယောက်က ငါ့ညီမကို ရေကန်ထဲတွန်းချခဲ့တယ် ဟုတ်လား။" ကျဲန်ယွီက တုန်လှုပ်သွားပြီး မယုံကြည်နိုင်ဖြစ်သွားတယ်။

တစ်ဆယ့်လေးနှစ်အရွယ်ကျောင်းသူတစ်ယောက်က ဘယ်လောက်ပဲဆိုးနေပါစေ ဒီလိုအရာမျိုးကိုတော့ လုပ်ရဲမှာမဟုတ်ဘူးမဟုတ်လား။

"သူမ အထဲမှာ စစ်ကြောမေးမြန်းခံနေရတယ်။ စိတ်မပူပါနဲ့၊ ကျွန်မတို့ ကျဲန်အိုက်အတွက် တရားမျှတမှုကို ရယူပေးမှာပါ" လို့ ဆရာမလီက ပြောလိုက်တယ်။

ဝမ်ယွင်မေက ကြောက်ပြီးကြောင်တောင်တောင်ဖြစ်သွားတယ်။ သူမသတိပြန်ဝင်လာတဲ့အခါမှာတော့ သူမရဲ့ကြောက်ရွံ့မှုကို မထိန်းချုပ်နိုင်သေးဘူး။ ကျဲန်အိုက်က ဒါကိုမြင်တော့ ဝမ်ယွင်မေရဲ့လက်ကိုကိုင်ပြီး နှစ်သိမ့်လိုက်တယ်။ "မေမေ၊ စိတ်မပူနဲ့တော့နော်။ နောက်ပိုင်း ဘာပဲဖြစ်ဖြစ် သမီးပြောတာကိုပဲ နားထောင်နော်၊ ဟုတ်ပြီလား။"

ဝမ်ယွင်မေက အလွန်သန်မာတဲ့လူတစ်ယောက်ဖြစ်တယ်။ မဟုတ်ရင် သူမက ကလေးနှစ်ယောက်ကို တစ်ယောက်တည်း ဆယ်နှစ်ကျော်ကြာအောင် ပြုစုပျိုးထောင်လာနိုင်မှာမဟုတ်ဘူး။ ကျဲန်အိုက်နဲ့ ကျဲန်ယွီတို့က သူမရဲ့ဂုဏ်ယူစရာတွေပဲ။ ဒီအကြောင်းကြောင့်ပဲ ဝမ်ယွင်မေက ဒီလိုအခြေအနေမျိုးနဲ့ ရုတ်တရက်ရင်ဆိုင်ရတဲ့အခါ ကြောက်ရွံ့စိတ်ဝင်သွားခဲ့တာ။ သာ၍ ကျဲန်အိုက်သာ တစ်ခုခုဖြစ်သွားခဲ့ရင် သူမခံနိုင်ရည်ရှိမှာမဟုတ်ဘူး။

ဝမ်ယွင်မေက စိတ်တည်ငြိမ်သွားခင်မှာ အသက်ကိုပြင်းပြင်းနှစ်ခါရှူလိုက်တယ်။ သူမက သမီးဖြစ်သူရဲ့လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီး ညင်သာစွာ ခေါင်းညိတ်လိုက်တယ်။