အခန်း (၂၆) : ရှင် လူမှားနေလောက်တယ်
အဲ့ဒီအချိန်မှာပဲ စင်္ကြံရဲ့တခြားတစ်ဖက်ကနေ အမျိုးသားတစ်ယောက် လျှောက်လာခဲ့တယ်။
ဒီလူက ဝတ်စုံပြည့်နဲ့ သားရေဖိနပ်ကို ဝတ်ဆင်ထားတယ်။ သူက အသက်နှစ်ဆယ်ကျော်လောက်ရှိပြီး သူ့ဆံပင်ကို မုစ်(mousse)နဲ့ သပ်သပ်ရပ်ရပ်ဖြီးလိမ်းထားတယ်။ သူ့ရဲ့ဝတ်စားဆင်ယင်မှုကို ကြည့်ရုံနဲ့တင် သူက သူ့အလုပ်အကိုင်မှာ တော်တော်လေးအောင်မြင်တယ်ဆိုတာကို ခန့်မှန်းနိုင်တယ်။ (အသက် ၂၀ ကျော်လို့ထင်ရတာက အရွယ်တင်ကိုပြောချင်တာထင်ပါတယ်)
ကျဲန်အိုက်က မော့ကြည့်လိုက်ပြီး သူမရှေ့ကအမျိုးသားက လီယွင်မေရဲ့အဖေဖြစ်တယ်ဆိုတာကို မှတ်မိလိုက်တယ်။ သူမက သူ့ကို အရင်ကမမြင်ဖူးပေမဲ့ လီယွင်မေက သူမအဖေနဲ့ အရမ်းကို ရုပ်ချင်းဆင်တူလွန်းတယ်၊ အထူးသဖြင့် အဲ့ဒီမျက်လုံးပြူးပြူးတွေပေါ့။
မျှော်လင့်ထားတဲ့အတိုင်းပဲ ဆရာမလီက အဲ့ဒီလူကိုမြင်တာနဲ့ မတ်တပ်ရပ်ပြီး ကြိုဆိုဖို့ရှေ့ထွက်သွားခဲ့တယ်။ အဲ့ဒီအမျိုးသားက သူတို့ဆီမရောက်ခင်မှာပဲ သူမက သူ့ကို လမ်းတစ်ဝက်မှာ တားလိုက်တယ်။
ဆရာမလီက အခြေအနေကို လီယွင်မေရဲ့အဖေကို အကျဉ်းချုံးရှင်းပြလိုက်တယ်။ အဲ့ဒီအမျိုးသားက မျက်မှောင်ပိုကြုတ်သွားတယ်။ သူက ခေါင်းညိတ်ပြီး ကျဲန်အိုက်ဆီကို လျှောက်လာခဲ့တယ်။
ယဉ်ကျေးမှုအရ ကျဲန်အိုက်ရဲ့မိသားစုကလည်း မတ်တပ်ရပ်လိုက်ကြတယ်။ အဲ့ဒီအမျိုးသားက ပါးစပ်မဟခင်မှာပဲ သူက ဦးညွှတ်အရိုအသေပေးလိုက်ပြီး "ကျွန်တော်က လီယွင်မေရဲ့အဖေပါ။ ကျွန်တော့်သမီးလုပ်ခဲ့တာတွေအတွက် တောင်းပန်ပါတယ်။ ကျွန်တော့်သမီးကို ကောင်းကောင်းမဆုံးမခဲ့တဲ့ ကျွန်တော့်အမှားပါ။ မိဘတစ်ယောက်အနေနဲ့ ကျွန်တော့်ကလေးကို ကောင်းကောင်းမပညာပေးနိုင်ခဲ့ပါဘူး။"
ကျဲန်အိုက်က သူ့သမီးအတွက် ဦးညွှတ်တောင်းပန်နေတဲ့အမျိုးသားကို တည်ငြိမ်စွာနဲ့ ကြည့်လိုက်တယ်။ သူက သူမကို ရိုးရိုးသားသားတောင်းပန်နေတယ်ဆိုတာ ထင်ရှားနေခဲ့တယ်။
"ဦးလေးလီ၊ ဖြစ်ကြောင်းကုန်စင်ကို ဦးလေးသိလောက်ပြီလို့ သမီးထင်ပါတယ်။ ဦးလေးရဲ့တောင်းပန်မှုကို သမီးလက်ခံပါတယ်၊ ဒါပေမဲ့ လီယွင်မေက သမီးအပေါ်မှာလုပ်ခဲ့တဲ့ထိခိုက်နစ်နာမှုက တောင်းပန်စကားတစ်ခွန်းတည်းနဲ့ ဖြေရှင်းလို့မရပါဘူး။"
ဆက်ဆံပြောဆိုလို့ရတဲ့သူတစ်ယောက်နဲ့ဆိုတော့ ကိစ္စတွေကိုကိုင်တွယ်ရတာက သဘာဝအတိုင်း ပိုလွယ်ကူသွားတယ်။ ကျဲန်အိုက်က လီယွင်မေကို လူငယ်ထိန်းသိမ်းရေးစခန်းကို ဝင်စေချင်တာ တကယ်တော့မဟုတ်ပါဘူး။ သူမက တခြားတစ်ဖက်ကနေ နစ်နာကြေးလာပေးတာကိုပဲ စောင့်နေခဲ့တာ။
"ဟုတ်တာပေါ့။" လီချန်က ခေါင်းညိတ်ပြီး ကျဲန်အိုက်ကို "ဦးလေးက မင်းကို ငွေရေးကြေးရေးအရ နစ်နာကြေးပေးဖို့ ဆန္ဒရှိပါတယ်၊ ဒါပေမဲ့ ရှောင်မေက ငယ်သေးပြီး ဦးလေးမှာလည်း ဒီတစ်ဦးတည်းသောသမီးပဲရှိတာ။ မင်းသူ့ကို အခွင့်အရေးတစ်ခုလောက်ပေးနိုင်မယ်လို့ ဦးလေးမျှော်လင့်ပါတယ်။"
သူစကားဆုံးတာနဲ့ လီချန်ရဲ့အကြည့်က ကျဲန်အိုက်ဘေးမှာရပ်နေတဲ့ ဝမ်ယွင်မေဆီကို ရောက်သွားခဲ့တယ်။ သူက "ခင်ဗျားက ကျောင်းသူကျဲန်ရဲ့အမေဖြစ်မယ်ထင်တယ်ဟုတ်လား။ ကျွန်တော့်အမြင်အရတော့…"
လီချန်က စကားတစ်ဝက်မှာပဲ ရုတ်တရက်ရပ်တန့်သွားပြီး ဝမ်ယွင်မေကို အနည်းငယ်ကြောင်ငေးနေတဲ့အမူအရာနဲ့ ကြည့်လိုက်တယ်။ ပြီးတော့ သူ့မျက်လုံးထဲမှာ တုန်လှုပ်မှုတွေ ပြည့်နှက်သွားခဲ့တယ်။
"ခင်ဗျား… ခင်ဗျားက မေဇီလား။"
ကျဲန်အိုက်က ဒီစကားကိုကြားတော့ သူမအမေရဲ့ခန္ဓာကိုယ်က တောင့်တင်းသွားတာကို ခံစားလိုက်ရတယ်။ သူမက သူမအမေကို နားမလည်စွာနဲ့ မကြည့်ဘဲမနေနိုင်တော့ဘူး။
သူတို့နှစ်ယောက် သိကြတာလား။
ဝမ်ယွင်မေက လီချန်ကို အတော်ကြာစိုက်ကြည့်နေခဲ့ပေမဲ့ သူမရှေ့ကလူကို မှတ်မိနိုင်ခြင်းမရှိသေးဘူး။ ဒါပေမဲ့ ‘မေဇီ’ ဆိုတဲ့နာမည်ကို သူမမကြားရတာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။
ဝမ်ယွင်မေရဲ့အမူအရာကိုမြင်တော့ လီချန်က သူလူမမှားဘူးဆိုတာကို သိလိုက်တယ်။ ချက်ချင်းဆိုသလို သူ့ရဲ့တင်းမာနေတဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခုပေါ်လာခဲ့တယ်။ "ကျွန်တော်ပါ မေဇီ။ လီချန်လေ၊ ခင်ဗျားမှတ်မိသေးလား။ ချန်ရှန်းရဲ့ငယ်သူငယ်ချင်းလေ!"
ဝမ်ယွင်မေက ‘ချန်ရှန်း’ ဆိုတဲ့စကားလုံးကိုကြားတော့ သူမမျက်လုံးထဲမှာ ထိတ်လန့်မှုအရိပ်အယောင်တစ်ခု ဖြတ်ခနဲပေါ်လာခဲ့တယ်။ သူမက အမြန်ခေါင်းငုံ့လိုက်ပြီး "မစ္စတာလီ၊ ရှင် လူမှားနေလောက်တယ်။"
ဒီမြင်ကွင်းကိုမြင်တော့ လီချန်ရဲ့အပြုံးက သူ့မျက်နှာပေါ်မှာ ခဲသွားသလိုပဲ။ ဒါပေမဲ့ ခဏစဉ်းစားပြီးနောက်မှာတော့ သူတစ်ခုခုကို နားလည်သွားသလိုပဲ။
သူက ကူကယ်ရာမဲ့စွာနဲ့ အရှက်ပြေပြုံးပြီး ခေါင်းညိတ်လိုက်တယ်။ "ကျွန်တော် အရမ်းစကားအရမ်းများသွားပြီ။"
မေဇီနဲ့ ချန်ရှန်းတို့ ကွဲကွာခဲ့ကြတာ ဆယ်နှစ်ကျော်ပြီ။ သူတို့က ချန်ရှန်းရဲ့ဘဝလမ်းကြောင်းကနေ ထွက်ခွာသွားခဲ့တာကြာပြီ။ ချန်ရှန်းရဲ့သူငယ်ချင်းတစ်ယောက်အနေနဲ့ သူက မေဇီရဲ့ဘဝထဲကို ဝင်ရောက်စွက်ဖက်ဖို့ တကယ်မသင့်တော်ဘူး။ ဘာပဲဖြစ်ဖြစ် အတိတ်ကအမှတ်တရတွေက မကောင်းခဲ့ဘူး၊ ဒါတွေက လူတွေကို ဝမ်းနည်းစေရုံပဲရှိတယ်။
လီချန်က စိတ်ထဲမှာ သက်ပြင်းချလိုက်ပေမဲ့ သူ့အကြည့်က ဝမ်ယွင်မေဆီမှာ တစ်ခဏရပ်တန့်နေခဲ့တယ်။ ဒီလောက်နှစ်တွေကြာသွားပေမဲ့ သူမက အရင်လိုပဲ လှပနေတုန်းပဲ။ ဒါပေမဲ့ ဂျုံမှုန့်တွေပေကျံနေတဲ့ ဟောင်းနွမ်းနေတဲ့အေပရာက သူမကောင်းမွန်တဲ့ဘဝကို မရရှိဘူးဆိုတာကို ညွှန်ပြနေခဲ့တယ်။
ကျဲန်မိသားစုက သူတို့ရဲ့နောက်ခံအခြေအနေကွာဟမှုကြောင့် သူမကို ငြင်းပယ်ခဲ့တာက တကယ်ကို နှမြောစရာကောင်းတယ်လို့ သူစိတ်ထဲမှာ တွေးလိုက်မိတယ်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: