'ဒင်!'

ဓာတ်လှေကားတံခါးပွင့်သွားတော့ ဂျီဟောက်ယွီက ကျဲန်အိုက်ကို စကားပြောခွင့်မပေးခဲ့ဘူး။ သူက လှည့်ပြီး ဓာတ်လှေကားထဲကို တန်းဝင်သွားခဲ့တယ်။ ကျဲန်အိုက်က ရှေ့တိုးပြီး ဓာတ်လှေကားတံခါးကိုဆွဲကာ သူနဲ့အငြင်းအခုံလုပ်ဖို့ ပြင်လိုက်ချိန်မှာပဲ ဝမ်ယွင်မေက အမီလိုက်လာပြီး သူမကို ဆွဲထားလိုက်တယ်။

ဓာတ်လှေကားတံခါးက ဖြည်းညင်းစွာ ပိတ်သွားခဲ့တယ်။ ကျဲန်အိုက်က အတွင်းထဲကလူကို မကျေမနပ်နဲ့ စိုက်ကြည့်လိုက်ပေမဲ့ ဂျီဟောက်ယွီကတော့ ဒေါသထွက်ပုံမရခဲ့ဘူး။ အဲဒီအစား သူက ကျဲန်အိုက်ကို ရန်စတဲ့အပြုံးလေးနဲ့ ပြုံးပြလိုက်တယ်။

"ရှောင်အိုက်၊ ထားလိုက်ပါတော့။ ငါတို့ သခင်လေးဂျီနဲ့ ပြဿနာတက်လို့မဖြစ်ဘူး…" ဝမ်ယွင်မေက သက်ပြင်းချပြီး ကျဲန်အိုက်ကို ပြောလိုက်တယ်။

ဂျီဟောက်ယွီကို စော်ကားလို့မဖြစ်ဘူးဆိုတဲ့အချက်ကို ဘေးဖယ်ထားဦး၊ ပိုင်ယွင်မြို့မှာ ဘယ်သူက သူ့ကို စော်ကားရဲမှာလဲ။

ကျဲန်အိုက်က တင်းတင်းကြပ်ကြပ်ပိတ်သွားတဲ့ ဓာတ်လှေကားတံခါးကို ကြည့်ပြီး သူမရင်ထဲမှာ အမည်မဖော်နိုင်တဲ့ ဒေါသမီးတစ်ခု တောက်လောင်လာခဲ့တယ်။ သူမ ပြန်လည်မွေးဖွားပြီးနောက်မှာ ပထမဆုံးလုပ်ချင်ခဲ့တဲ့အရာက သူမအမေကို ဒီနေရာကနေ ထွက်သွားစေဖို့ပဲ။ အရာအားလုံးက သူမရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေခဲ့ပေမဲ့ မမျှော်လင့်ဘဲ တစ်စုံတစ်ယောက်က ကြားထဲကနေ ဝင်ရှုပ်လိုက်တယ်။ ပြီးတော့ ဒီလူက တိုက်တိုက်ဆိုင်ဆိုင် သူမ ပြဿနာတက်လို့မဖြစ်တဲ့သူ၊ ဂျီအုပ်စုရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူ ဂျီဟောက်ယွီ ဖြစ်နေခဲ့တယ်။ သူ့ရဲ့အဆင့်အတန်းနဲ့ ရာထူးက သူမ လက်လှမ်းမမီနိုင်တဲ့အရာတွေပဲ!

"မေမေ၊ မေမေက ဒီမှာနေပြီး အထွေထွေမန်နေဂျာလုပ်တော့မှာလား။" ကျဲန်အိုက်က သတိပြန်ဝင်လာပြီးနောက် ဝမ်ယွင်မေကို မေးလိုက်တယ်။

ဒီကိစ္စက အရမ်းရုတ်တရက်ဆန်လွန်းလို့ ကျဲန်အိုက်က တကယ်မဟုတ်သလို ခံစားလိုက်ရတယ်။ ဂျီဟောက်ယွီက ဒီလောက်ကြီးမားတဲ့ ယောက်ချီကလပ်ရဲ့ အထွေထွေမန်နေဂျာရာထူးကို သူမအမေဆီကို ဒီအတိုင်းလေးပဲ လွှဲပေးလိုက်တယ်တဲ့လား။ ဒါက လမ်းပေါ်ကလူတစ်ယောက်ကို ဆွဲခေါ်လာတာနဲ့ ဘာများကွာခြားလို့လဲ။

ဒါက ပိုက်ဆံရှိတိုင်း စိတ်ထင်တိုင်းလုပ်နေတာ မဟုတ်ဘူးမလား။ ဒါက တကယ့်ကို ရူးများရူးနေသလားပဲ!

"သခင်လေးဂျီကိုယ်တိုင်က ပြောခဲ့မှတော့ ဘယ်သူမှ ဒါကို နောက်ပြောင်လို့မရဘူးလေ။ မေမေက မန်နေဂျာတစ်ခါမှမလုပ်ဖူးပေမဲ့ ဖြစ်လာတဲ့အတိုင်းပဲ ရင်ဆိုင်ရမှာပေါ့။" ပြောပြောဆိုဆိုနဲ့ ဝမ်ယွင်မေက အပြုံးတစ်ခုကို မညှစ်ထုတ်ဘဲမနေနိုင်ခဲ့ဘူး။ "မေမေသိပါတယ်၊ သမီးက မေမေ့ကို အရက်မသောက်စေချင်တော့ဘူးဆိုတာ။ စိတ်မပူပါနဲ့၊ မန်နေဂျာဖြစ်သွားရင်တော့ မကြာခဏသောက်ရတော့မှာ မဟုတ်ပါဘူး။"

ဝမ်ယွင်မေပြောတာကို ကြားပြီးနောက်မှာ ကျဲန်အိုက်က ခေါင်းညိတ်လိုက်တယ်။ သူမအမေ နေ့တိုင်းအရက်မသောက်ရသရွေ့နဲ့ အသည်းကင်ဆာကို ရှောင်လွှဲနိုင်သရွေ့တော့ သူမ ဘာကိုမဆို သဘောတူမှာပဲ။

တစ်ဖက်မှာတော့ ဓာတ်လှေကားတံခါးပိတ်သွားတဲ့အချိန်မှာ ဂျီဟောက်ယွီရဲ့မျက်နှာပေါ်က အပြုံးက လုံးဝပျောက်ကွယ်သွားခဲ့တယ်။

ဖုန်းမြည်လာခဲ့တယ်။ ဂျီဟောက်ယွီက ပေါ့ပေါ့ပါးပါးပဲ ကောက်ကိုင်လိုက်တယ်။ တစ်ဖက်မှာတော့ ချိုကျားဟောက်ရဲ့ စိတ်လှုပ်ရှားနေတဲ့အသံကို ကြားလိုက်ရတယ်။ "ဟေး၊ သခင်လေးဂျီ။ ဘယ်လိုလဲ။ လူကိုသွားကြိုခဲ့လား။"

"မကြိုဘူး!" ဂျီဟောက်ယွီက မျက်နှာသေနဲ့ အေးစက်စက်ပြောလိုက်တယ်။

ချိုကျားဟောက် တစ်ခဏတော့ ကြောင်သွားတယ်။ ပြီးတော့ သူ့လေသံက လေးနက်သွားတယ်။ "ဘာဖြစ်တာလဲ။ သူ ဒီည ပိုင်ယွင်လေဆိပ်ကို လေယာဉ်နဲ့လာမယ်လို့ ပြောထားတာမဟုတ်ဘူးလား။"

"ငါလည်းမသိဘူး။" ဂျီဟောက်ယွီက သူ့မျက်နှာအမူအရာကို ဖုံးကွယ်ထားပြီး သူပျော်နေသလား ဒေါသထွက်နေသလားဆိုတာကို ပြောပြဖို့မဖြစ်နိုင်ခဲ့ဘူး။ သူက တည်ငြိမ်စွာနဲ့ "သူ့သဘောပဲ ထားလိုက်တော့" လို့ ပြောလိုက်တယ်။

ချိုကျားဟောက်က သက်ပြင်းမချဘဲမနေနိုင်ခဲ့ဘူး။ "ဒါဆို ဘယ်လိုလုပ်ကြမလဲ။ ငါသူ့အတွက် ပါတီတစ်ခုတောင် အထူးတလည်ပြင်ဆင်ထားတာ! မင်းကိုယ်တိုင်ပဲ လာခဲ့ပါလား။ ငါမင်းနဲ့အတူ သောက်ပေးမယ်!"

"မင်းတို့ဘာသာပဲ ပျော်ကြတော့။ ငါမလာတော့ဘူး။" ပြောပြီးနောက်မှာ ဂျီဟောက်ယွီက ဖုန်းချလိုက်တယ်။