အခန်း (၃၅) : ဒီလူက အရူးများလား
အမရှ ဒီစကားကိုကြားတော့ ရှင်းပြချင်ပေမဲ့ ဝမ်ယွင်မေက သူ့ထက်အရင်ဦးအောင် ပြောလိုက်တယ်။ "သခင်လေးဂျီ၊ ကျွန်မ ကလပ်မှာ အလုပ်လုပ်ခဲ့တာ တစ်ဆယ့်နှစ်နှစ်ရှိပါပြီ။ ကျွန်မလည်း အသက်မငယ်တော့ဘူး၊ ဒီအလုပ်ကို ဆက်လုပ်ဖို့အတွက်လည်း မသင့်တော်တော့ပါဘူး။ ဒါ့အပြင် ကလပ်မှာ နေ့တိုင်း အရက်အများကြီးသောက်ရပြီး ကျွန်မကလေးတွေက ကျွန်မကျန်းမာရေးအတွက် အမြဲစိုးရိမ်နေကြတယ်။ ကျွန်မကလေးတွေ စိတ်မပူစေချင်လို့ အလုပ်ထွက်ခဲ့တာပါ။"
ဝမ်ယွင်မေရဲ့ အကြောင်းပြချက်နှစ်ခုက အလွန်ယုတ္တိရှိနေခဲ့တယ်။ အနည်းဆုံးတော့ တခြားသူတွေရဲ့အမြင်မှာ ဝမ်ယွင်မေက သူမရဲ့ဆွဲဆောင်မှု ရှိနေသေးပေမဲ့ ကလပ်ထဲမှာ ဆယ်ကျော်သက်မိန်းကလေးတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ နှိုင်းယှဉ်ကြည့်ရင်တော့ သူမက တကယ်ပဲ အသက်တော်တော်ကြီးနေခဲ့ပြီ။
"တစ်ဆယ့်နှစ်နှစ်"
ဒါပေမဲ့ ဂျီဟောက်ယွီရဲ့တွေးခေါ်ပုံက တခြားသူတွေနဲ့ လုံးဝကို ကွဲပြားခြားနားနေခဲ့တယ်။ ဝမ်ယွင်မေရဲ့စကားထဲက အဓိကအချက်က ဂျီဟောက်ယွီရဲ့နားထဲမှာတော့ တစ်ဆယ့်နှစ်နှစ်ဖြစ်နေခဲ့တယ်! သူက တုန်လှုပ်စွာနဲ့ မျက်တောင်ခတ်လိုက်တယ်။ "ငါစဉ်းစားကြည့်ဦးမယ်။ တစ်ဆယ့်နှစ်နှစ်အရင်က ငါက ကလေးပဲရှိသေးတာ! နင်ဒီမှာ အလုပ်လုပ်ခဲ့တာ တစ်ဆယ့်နှစ်နှစ်ရှိပြီပေါ့လေ။ နင်သာ နိုင်ငံပိုင်လုပ်ငန်းတစ်ခုမှာ အလုပ်လုပ်ခဲ့ရင် အိမ်နှစ်လုံးတောင် ရနေလောက်ပြီ!"
လူတိုင်းက ဂျီဟောက်ယွီကို ကြည့်နေကြပြီး သူဘာလုပ်ချင်သလဲဆိုတာကို မသိကြတဲ့အချိန်မှာပဲ သူက ရုတ်တရက် ရှေ့ကိုခြေလှမ်းရှည်ကြီးတစ်လှမ်းလှမ်းပြီး ဝမ်ယွင်မေဆီကို ရောက်သွားတာကို တွေ့လိုက်ရတယ်။ သူက လက်မြှောက်ပြီး သူ့ခေါင်းကိုကုတ်လိုက်ရင်း စဉ်းစားလိုက်တယ်။ "ဒီလိုလုပ်လေ။ မသွားနဲ့တော့။ ရှန်းချွမ်းလိုင်လည်း အခုမရှိတော့ဘူး။ ငါနင့်ကို အထွေထွေမန်နေဂျာလုပ်ခိုင်းမယ်!"
သူ့စကားတွေက အဆုံးစွန်ထိ တုန်လှုပ်စရာကောင်းတယ်လို့ ပြောလို့ရတယ်။ စကားတစ်ခွန်းတည်းနဲ့ မိုးကြိုးပစ်ချလိုက်သလိုပဲ၊ လူတိုင်းကို အဲ့ဒီနေရာမှာတင် ကြောင်ငေးသွားစေခဲ့ပြီး သူတို့ရဲ့ပါးစပ်တွေနဲ့ မျက်လုံးတွေက ကြေးနီခေါင်းလောင်းတွေလို ပြူးကျယ်သွားကြတယ်။
သခင်လေးဂျီက စိတ်တိုင်းကျလုပ်တတ်ပြီး သူလုပ်ချင်ရာလုပ်တယ်လို့ ပြောကြတယ်။ ဒီမြင်ကွင်းက တကယ်ပဲ ကိုယ့်မျက်စိနဲ့ကိုယ်မြင်ရတာက ပိုကောင်းပါလား!
ဝမ်ယွင်မေနဲ့ ကျဲန်အိုက်တောင် ကြောင်သွားကြတယ်။ သူတို့ရှေ့ကအမျိုးသားကို ကြည့်ရင်း ကျဲန်အိုက်က ‘ဒီလူက အရူးများလား။’ လို့ တွေးလိုက်မိတယ်။
ယောက်ချီကလပ်ရဲ့ အထွေထွေမန်နေဂျာတဲ့လား။
"မဟုတ်… ကျွန်မမလုပ်နိုင်ပါဘူး… သခင်လေးဂျီ… ကျွန်မ…" ဝမ်ယွင်မေက သတိပြန်ဝင်လာပြီး သူ့ကိုငြင်းပယ်ဖို့ အမြန်လက်ဝှေ့ယမ်းလိုက်တယ်။ သူမက ဒီနေ့ အလုပ်ထွက်ဖို့လာတာ၊ ဘာလို့သူက သူမကို အထွေထွေမန်နေဂျာလုပ်ခိုင်းနေရတာလဲ။
ဒါပေမဲ့ ဂျီဟောက်ယွီက သူ့စကားကို ပြန်မရုတ်သိမ်းခင်မှာပဲ ခိုင်မာစွာနဲ့ "ဒါဆိုရင် ဒီအတိုင်းပဲဆုံးဖြတ်လိုက်ပြီ။ နင်ဒီမှာ အလုပ်လုပ်ခဲ့တာ တစ်ဆယ့်နှစ်နှစ်ရှိပြီဆိုတော့ ကလပ်ကို နင့်အိမ်ထက်တောင် ပိုကျွမ်းကျင်နေမှာပဲ။ စီးပွားရေးကိစ္စတွေအတွက်တော့ ရှန်းချွမ်းလိုင်ရဲ့လက်ထောက်တွေကို ခင်များဆီကို ခွဲဝေပေးထားမယ်။ ခင်များက သူတို့နဲ့ ဖြည်းဖြည်းချင်း ရင်းနှီးအောင်လုပ်ရုံပဲ။ လစာနဲ့ အခွင့်အရေးတွေက ရှန်းချွမ်းလိုင်နဲ့ အတူတူပဲ။"
သူစကားဆုံးတော့ သူက ဝမ်ယွင်မေကို စကားပြောခွင့်မပေးခဲ့ဘူး။ ဂျီဟောက်ယွီက သတိပြန်ဝင်လာပြီး လူတိုင်းကို လှမ်းခေါ်လိုက်တယ်။ "နောက်ဆိုရင် သူမက အထွေထွေမန်နေဂျာအသစ်ပဲ။"
ဒီလိုပြောပြီးနောက်မှာတော့ သူက နောက်ကိုလှည့်မကြည့်ဘဲ ဓာတ်လှေကားဆီကို ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်သွားခဲ့တယ်။
ကျဲန်အိုက်က သတိပြန်ဝင်လာပြီး ချက်ချင်းသူ့နောက်ကို လိုက်သွားခဲ့တယ်။ ဒီလိုလူမျိုးကို သူမ ပထမဆုံးအကြိမ်မြင်ဖူးတာပဲ။ သူက သူမရဲ့သဘောထားကိုတောင် မမေးခဲ့ဘူး။ သူက ပါးစပ်ဟပြီး လက်ဝှေ့ယမ်းလိုက်ရုံနဲ့ အရာအားလုံးက ဆုံးဖြတ်ပြီးသားဖြစ်သွားတယ်တဲ့လား။
"ဟေး!"
ဂျီဟောက်ယွီက ခြေတံရှည်ပြီး ကျဲန်အိုက်က အပြေးအလွှားလိုက်ရင်တောင် မမီနိုင်ခဲ့ဘူး။ စိတ်ပျက်အားငယ်စွာနဲ့ သူမက လှမ်းခေါ်လိုက်တယ်။
ဂျီဟောက်ယွီက အသံကိုကြားပြီး ရပ်တန့်လိုက်တယ်။ သူနောက်ပြန်လှည့်ကြည့်တော့ ကျဲန်အိုက်က ရှေ့ကိုအမြန်လျှောက်လာနေတာကို တွေ့လိုက်ရတယ်။ ဂျီဟောက်ယွီရဲ့ ၁.၈၅ မီတာနီးပါးရှည်တဲ့အရပ်ရှေ့မှာ သူမရဲ့ခန္ဓာကိုယ်က အထူးသဖြင့် သေးငယ်နေခဲ့တယ်။ သူမက သူ့ကိုကြည့်ဖို့ ခေါင်းကိုအနည်းငယ်မော့ထားရတယ်။
ဂျီဟောက်ယွီရဲ့မျက်လုံးထဲမှာ အပြုံးတစ်ခုရှိနေခဲ့တယ်။ ဒါက စနောက်ကျီစယ်ချင်တဲ့အပြုံးမျိုးပဲ။ ကျဲန်အိုက်က ကြောင်ငေးသွားပြီး သူမဒီကိုဘာအတွက်လာခဲ့သလဲဆိုတာကိုတောင် မေ့သွားလုနီးပါးဖြစ်ခဲ့တယ်။
"ကျွန်မအမေ ကလပ်မှာ အလုပ်ဆက်မလုပ်တော့ပါဘူး။ သူအလုပ်ထွက်ပြီးသားပါ၊ ဒါကြောင့် အထွေထွေမန်နေဂျာရာထူးကို တခြားတစ်ယောက်ကိုပဲ ရှာသင့်ပါတယ်။" ကျဲန်အိုက်က စိတ်ကိုတည်ငြိမ်အောင်လုပ်လိုက်တယ်။ သူမရှေ့ကအမျိုးသားကို စော်ကားလို့မဖြစ်ဘူးဆိုတာကို သူမသိတာကြောင့် သူမရဲ့လေသံကို ညင်သာအောင် ကြိုးစားခဲ့တယ်။
မမျှော်လင့်ဘဲ ဂျီဟောက်ယွီက ဒီစကားကိုကြားတော့ နှုတ်ခမ်းကိုကွေးလိုက်တယ်။ ရုတ်တရက်ပေါ်လာတဲ့ မကောင်းဆိုးဝါးအပြုံးက တကယ်ကို စွဲမက်ဖွယ်ကောင်းလှတယ်။ သူ့ရဲ့နိမ့်ပြီး ဆွဲဆောင်မှုရှိတဲ့အသံက ကျဲန်အိုက်ရဲ့ခေါင်းပေါ်မှာ မြည်ဟည်းသွားခဲ့ပေမဲ့ ဒါက စကားလုံးငါးလုံးတည်းသာဖြစ်ခဲ့တယ်။ "မင်းပြောတာ အရေးမပါဘူး!"
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: