ဂျီဟောက်ယွီ ရုတ်တရက်ပေါ်လာပြီး သူမရဲ့အစီအစဉ်တွေကို ဝင်ရှုပ်သွားခဲ့တာကြောင့် ကျဲန်အိုက်တစ်ယောက် အဲ့ဒီညက အိပ်မပျော်နိုင်ခဲ့ဘူး။ သူမအမေက ယောက်ချီကလပ်ရဲ့ အထွေထွေမန်နေဂျာဖြစ်သွားပြီး အရင်လိုအရက်သောက်စရာမလိုတော့ပေမဲ့ ဒါက ကျဲန်အိုက်ရဲ့ အစီအစဉ်ထဲမှာ ပါဝင်ခဲ့တာမဟုတ်ဘူး။ ရုတ်တရက် ထိန်းချုပ်မှုလွတ်သွားတာကို ကျဲန်အိုက် မမုန်းတီးပေမဲ့ လုံးဝလက်ခံနိုင်ခဲ့တာတော့ မဟုတ်ဘူး။

မှေးခနဲဖြစ်နေတုန်းမှာ ကျဲန်အိုက်က ဧည့်ခန်းထဲကနေ လှုပ်လှုပ်ရှားရှားအသံတွေကို မသဲမကွဲ ကြားလိုက်ရတယ်၊ နောက်ဆက်တွဲအနေနဲ့ တံခါးဖွင့်သံ၊ ပိတ်သံတွေ ထွက်ပေါ်လာခဲ့တယ်။

သူမ အိပ်ရာပေါ်က နှိုးစက်နာရီကို ကောက်ကိုင်ပြီး ညမီးရောင်အောက်မှာ ကြည့်လိုက်တော့ မနက်သုံးနာရီတောင် ရှိနေပြီ။ ခုနက လှုပ်လှုပ်ရှားရှားအသံတွေက သူမအမေနဲ့ အစ်ကိုတို့ မနက်စာဆိုင်သွားဖို့ ထကြတာကြောင့် ဖြစ်ပေါ်လာခဲ့တာပဲ။

အိမ်က မနက်စာဆိုင်လေးမှာ အီကြာကွေး၊ ဆန်ကိတ်ကြော်၊ ပဲနို့နဲ့ ဆန်ပြုတ်ပဲ ရောင်းတယ်။ အမျိုးအစားတွေ မများပေမဲ့ အနည်းဆုံးတော့ သူတို့ ညဉ့်နက်တဲ့အထိ နေစရာမလိုခဲ့ဘူး။ လမ်းတစ်ဖက်က ပေါက်စီရောင်းတဲ့ဆိုင်ကတော့ သန်းခေါင်ကတည်းက အလုပ်ရှုပ်နေလေ့ရှိတယ်။

ကျဲန်အိုက် အိပ်ချင်စိတ်မရှိတော့ဘူး။ နောက်နေ့ ကျောင်းသွားစရာမလိုဘူးဆိုတာကို တွေးမိတော့ သူမက အိပ်ရာကထ၊ မျက်နှာသစ်၊ အဝတ်အစားလဲပြီး အပြင်ထွက်လာခဲ့တယ်။

အရုဏ်မတက်ခင် ပိုင်ယွင်မြို့က အအေးဆုံးအချိန်ပဲ။ ကျဲန်အိုက်က စိတ်စွမ်းအင်ကျင့်ကြံနည်းတွေကို သင်ယူထားခဲ့တာကြောင့် ဒါကို သတိမထားမိခဲ့ဘူး။ သူမက အကျင့်ပါနေသလို ကော်လံကိုတင်းတင်းကြပ်ကြပ်ဆွဲပတ်လိုက်ပြီး လရောင်အောက်မှာ မနက်စာဆိုင်လေးဆီကို လျှောက်သွားခဲ့တယ်။

လမ်းပေါ်မှာ မနက်စာဆိုင်လေး၊ ငါးဆိုင်လောက်ရှိတယ်။ တောင်ပိုင်းမြို့ခရိုင်က ဆင်းရဲသားရပ်ကွက်ဖြစ်ပေမဲ့ လူဦးရေတိုးတက်လာမှုကတော့ မြို့တစ်မြို့လုံးမှာ ဒုတိယအဆင့်ရှိပြီး အကြီးဆုံးစီးပွားရေးခရိုင်ဖြစ်တဲ့ ဟိုင်ချန်ခရိုင်ရဲ့နောက်မှာပဲ ကပ်လျက်ရှိနေခဲ့တယ်။ ဒီမှာနေတဲ့လူအများစုက ဆင်းရဲတဲ့မိသားစုတွေက လာကြတာ။ သူတို့ထဲကအများစုက မနက်စောစော အလုပ်ထွက်လုပ်ရတာကြောင့် လမ်းပေါ်ကမနက်စာဆိုင်တွေက ဈေးပေါပေါနဲ့ရောင်းပေမဲ့ သူတို့ရဲ့စီးပွားရေးကတော့ မဆိုးလှဘူး။

ဝမ်ယွင်မေ မနက်စာဆိုင်လေးထဲကို ဝင်လိုက်တာနဲ့ တုန်လှုပ်သွားခဲ့တယ်။ သူမက ချက်ချင်းဆိုသလို သူမအလုပ်ကို ချထားလိုက်ပြီး အေပရာပေါ်က ကျန်နေတဲ့ဂျုံမှုန့်တွေကို ပွတ်သပ်လိုက်တယ်။

"ရှောင်အိုက်၊ ဘာလို့နိုးနေတာလဲ။ အခုဘယ်အချိန်ရှိပြီလဲ။"

ဝမ်ယွင်မေရဲ့မျက်နှာပေါ်မှာ စိုးရိမ်တဲ့အရိပ်အယောင်တွေနဲ့ပေါ့။ ပြောပြောဆိုဆိုနဲ့ သူမက လေအေးတွေဝင်လာမှာစိုးလို့ ဆိုင်တံခါးကို ပိတ်ဖို့လည်း မမေ့ခဲ့ဘူး။

အခန်းထဲမှာရှိနေတဲ့ ကျဲန်ယွီကလည်း ခေါင်းထွက်ကြည့်လိုက်တယ်။ သူ့ညီမကိုမြင်တော့ မျက်မှောင်ကြုတ်လိုက်တယ်။ "အဖျားကနေ ကောင်းခါစပဲရှိသေးတာကို လျှောက်သွားနေလိုက်တာ။ မနက်စောစောစီးစီး မအိပ်ဘဲနဲ့ ဘာလို့ဒီကိုရောက်လာရတာလဲ။"

ကျဲန်ယွီရဲ့လေသံက စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။

"သမီး အဆင်ပါတယ်။ အိပ်မပျော်မှတော့ လာကူညီလိုက်တာက ပိုကောင်းတယ်လေ" ကျဲန်အိုက်က ပြုံးပြီး ပေါ့ပေါ့ပါးပါးလေသံနဲ့ ပြောလိုက်တယ်။

သူမအမေနဲ့ အစ်ကိုတို့က သူမကို ထပ်ပြီးပွစိပွစိလုပ်တော့မယ်ဆိုတာကိုမြင်တော့ ကျဲန်အိုက်က အမြန်ပြောလိုက်တယ်။ "တော်ပါပြီ မေမေ၊ သမီးသိပါတယ် မေမေနဲ့ အစ်ကိုက သမီးကိုစိုးရိမ်နေကြတယ်ဆိုတာ၊ ဒါပေမဲ့ သမီးက စက္ကူနဲ့လုပ်ထားတာမှမဟုတ်တာ။ နေ့ဘက်မှာလည်း အတန်းတက်စရာမလိုဘူးလေ။ မေမေတို့နဲ့အတူ မနက်စာစားပြီးရင် ပြန်အိပ်လိုက်မယ်။ အခုတော့ တကယ်ပဲ အိပ်မပျော်လို့ပါ။"

ဝမ်ယွင်မေက တစ်ခုခုပြောချင်သေးပေမဲ့ ကျဲန်ယွီက ဖြတ်ပြောလိုက်တယ်။ "မေမေ၊ အပြင်မှာအေးတယ်။ ရှောင်အိုက်ကို ဆိုင်ထဲမှာပဲ နေခိုင်းလိုက်ပါ။"

သူမသားရဲ့စကားကိုကြားတော့ ဝမ်ယွင်မေက ခဏစဉ်းစားပြီးမှ ခေါင်းညိတ်လိုက်တယ်။ ဒါပေမဲ့ သူမက သတိပေးဖို့တော့ မမေ့ခဲ့ဘူး။ "နောက်ကျရင် ပင်ပန်းလာရင် နင့်အစ်ကိုကို သူ့ဆိုင်ကယ်နဲ့ ပြန်လိုက်ပို့ခိုင်းလိုက်။ ဆိုင်ထဲကလည်း အေးတေးတေးပဲ။ ဒီမှာမအိပ်နဲ့၊ နောက်ကျရင် အအေးမိနေဦးမယ်။"

ဒါက ကျဲန်အိုက် မနက်စာဆိုင်လေးကို လာကူညီတာ ပထမဆုံးအကြိမ်ပဲ။ ပုံမှန်ဆိုရင် သူမအမေက သူမကိုကာကွယ်ပေးပြီး အစ်ကိုကလည်း အလိုလိုက်ခဲ့တယ်။ ကျဲန်အိုက်က ပန်းကန်ဆေးတာ၊ ကြမ်းတိုက်တာတောင် မကူညီခဲ့ဖူးဘူး၊ မနက်စာဆိုင်လေးမှာ လာကူညီဖို့ဆိုတာ ဝေးရောပေါ့။ သူမမိသားစုအခြေအနေက သာမန်ဖြစ်ပေမဲ့ သူမသမီးကို ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်သင့်တယ်လို့ ဝမ်ယွင်မေက အမြဲတမ်းယုံကြည်ခဲ့တယ်။ ကံကောင်းစွာနဲ့ သူမက သူဌေးတွေလို မပျက်စီးခဲ့ဘူး။ ကျဲန်အိုက်ကလည်း အသိတရားရှိပြီး သူမရဲ့စွမ်းအင်အားလုံးကို စာသင်ကြားရေးမှာပဲ ထည့်သွင်းခဲ့တယ်။ ဒါကြောင့်မို့ သူမက အရင်ဘဝတုန်းက အောင်မြင်ခဲ့တာပဲ။

သူတို့သုံးယောက် အလုပ်ရှုပ်နေကြတုန်းမှာပဲ မိုးကုတ်စက်ဝိုင်းပေါ်မှာ အရုဏ်တက်လာခဲ့တယ်။ မနက်ငါးနာရီရှိနေပြီ။

"အန်တီမေ!" အဲ့ဒီအချိန်မှာ တံခါးအပြင်ဘက်ကနေ အော်သံတစ်သံ ထွက်ပေါ်လာခဲ့တယ်။