"သေချာရဲ့လား" ရှန်မုန့်ရီက သံသယအချို့နဲ့ လင်းထျန်ကို ကြည့်ပြီး မေးလိုက်တယ်။

"သေချာတာပေါ့ နင့်ကို ငါဘယ်နှခါပြောရမလဲ" လင်းထျန်က ပြောစရာစကားမဲ့သွားတဲ့ပုံစံနဲ့ သူမကိုကြည့်လိုက်တယ်။

"ဒါဆိုလည်း ပြီးရော နင်ဘယ်နေရာက ကစားမှာလဲ" ရှန်မုန့်ရီ ခဏလောက်စဉ်းစားပြီး မေးလိုက်တယ်။ တကယ်တမ်းကျတော့ ရှန်မုန့်ရီမှာ ယုံကြည်မှု သိပ်မရှိပါဘူး။ မထူးဇာတ်ခင်းပြီး စမ်းကြည့်နေတာပါ။

ကွင်းထဲက ကစားသမားတွေက စိတ်ဓာတ်တွေ လုံးဝကျနေပြီမို့ လင်းထျန်ဝင်ကစားရင်တောင် ဒီထက်ပိုဆိုးစရာ အကြောင်းမရှိတော့ဘူး။ အဆိုးဆုံးအနေနဲ့ လင်းထျန်ကို ပြန်လူစားလဲလိုက်ရုံပဲရှိမယ်။

"ငါဘယ်နေရာက ကစားရမလဲ ဟုတ်လား" ဒီမေးခွန်းကိုကြားတော့ လင်းထျန်က ဘောလုံးကွင်းဘက်ကို လှည့်ကြည့်လိုက်တယ်။

အခုချိန်မှာ တရုတ်အသင်းက နိုင်ငံခြားပေါင်းစုံအသင်းရဲ့ ဖိအားပေးတာကို ခံနေရပြီး ရမှတ်က လေးဂိုး ဂိုးမရှိ ဖြစ်နေပြီ။

ဒီရမှတ်ကို မြင်လိုက်တော့ လင်းထျန်က ရှန်မုန့်ရီဘက်လှည့်ပြီး ပြောလိုက်တယ်။ "ငါ တိုက်စစ်မှူးနေရာက ကစားမယ်"

"တိုက်စစ်မှူးလား။ ပြီးရော အောက်က နည်းပြကို ငါသွားပြောလိုက်မယ်" ပြောပြီးတာနဲ့ ရှန်မုန့်ရီက မတ်တပ်ရပ်ပြီး အောက်ဘက်က နည်းပြဆီ လျှောက်သွားတယ်။

တကယ်တော့ ကြေးစားနည်းပြရယ်လို့ မရှိပါဘူး။ နည်းပြဆိုတာက အားကစားနောက်ခံရှိတဲ့သူတစ်ယောက်က ယာယီဝင်လုပ်ပေးထားတာပါ။

ရှန်မုန့်ရီ ထွက်သွားပြီးနောက် ပွဲကြည့်စင်ပေါ်မှာထိုင်နေတဲ့ တွမ်က လင်းထျန်ကို စူးစမ်းတဲ့ပုံစံနဲ့ကြည့်ပြီး မပီကလာပီက တရုတ်စကားနဲ့ မေးလာတယ်။ "မင်း ဘောလုံးကန် အရမ်းတော်လား"

"ဒါပေါ့" လင်းထျန်က ခေါင်းမော့ပြီး သူ့ကိုကြည့်လိုက်တယ်။ 'နိုင်ငံခြားသားတစ်ယောက်ရှေ့မှာ ငါဘယ်လိုလုပ် အရှက်ကွဲခံနိုင်မှာလဲ'

"ငါတော့ မထင်ပါဘူး" တွမ်က သူ့လက်ချောင်းကို ဖြည်းဖြည်းချင်း ယမ်းပြပြီး သိပ်သေချာနေတဲ့ပုံစံနဲ့ ပြောတယ်။

"ဟုတ်လား" လင်းထျန်က သူ့ကို ပြုံးစိစိနဲ့ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်တယ်။ "ပထမပိုင်းမပြီးခင် ငါနှစ်ဂိုးသွင်းပြမယ်"

"ဘာ" တွမ် မျက်လုံးပြူးသွားပြီး မယုံကြည်နိုင်တဲ့ပုံစံနဲ့ "မင်းနောက်နေတာ မဟုတ်ပါဘူးနော်"

ပထမပိုင်းမပြီးခင် နှစ်ဂိုးသွင်းမယ် ဟုတ်လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ပထမပိုင်းပြီးဖို့ ဘယ်လောက်လိုတော့လို့လဲ။ အများဆုံးရှိမှ ဆယ်မိနစ်ပဲ။ ဆယ်မိနစ်အတွင်း နှစ်ဂိုးလား။ ပြီးတော့ တဖက်သတ် အဖိခံထားရတဲ့ပွဲမှာလေ။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သူက ဘတ်စကက်ဘော ကစားနေတယ်များ ထင်နေလား။

"ဟေး လင်းထျန် ဆင်းလာခဲ့တော့" အဲဒီအချိန်မှာ ရှန်မုန့်ရီရဲ့အသံ အောက်ဘက်ကနေ ထွက်ပေါ်လာတယ်။ လင်းထျန် လှည့်ကြည့်လိုက်တော့ ရှန်မုန့်ရီက သူ့ကို လက်လှမ်းပြနေတယ်။

"ငါသွားတော့မယ် ခဏနေရင် မင်းမြင်ရမှာပါ။ သိပ်ပြီးအံ့သြမသွားဖို့ မျှော်လင့်ပါတယ်" လင်းထျန် ပြုံးပြီး တွမ်ရဲ့ပခုံးကို ပုတ်ကာ အောက်ကိုဆင်းသွားတယ်။

လင်းထျန် ထွက်သွားတာကို ကြည့်ပြီး တွမ်က ပခုံးတွန့်ကာ လင်းထျန်ရဲ့ အခန်းဖော်သုံးယောက်ဘက် လှည့်ပြောလိုက်တယ်။ "ငါမြင်ဖူးသမျှ တရုတ်လူမျိုးတွေထဲမှာ သူက နှိမ့်ချမှုမရှိဆုံးပဲ"

လင်းထောင်နဲ့ ကျန်တဲ့နှစ်ယောက်က သူ့ကို ဂရုမစိုက်ပါဘူး။ လင်းထျန်ရဲ့စကားကို သံသယရှိပေမယ့် နိုင်ငံခြားသားရှေ့မှာ ကိုယ့်ညီအစ်ကိုအရင်းလိုလူကို အထင်သေးခံရအောင်တော့ မလုပ်နိုင်ဘူးလေ။

လင်းထျန် ပြေးဆင်းသွားတော့ ရှန်မုန့်ရီက အနီရောင်ဂျာစီတစ်ထည် ကမ်းပေးပြီး "ဒါဝတ်လိုက် ဘယ်သူမှ မဝတ်ရသေးဘူး" လို့ ရှင်းပြတယ်။

လင်းထျန် ကြည့်လိုက်တော့ ကျောနံပါတ် 'သုည' ဖြစ်နေတယ်။ လင်းထျန် ဘာမှမပြောဘဲ ဂျာစီကိုယူပြီး တန်းဝတ်လိုက်တယ်။

"လင်းထျန် ဟုတ်လား။ ကွင်းထဲရောက်ရင် ရှေ့တက်လွန်းမနေနဲ့။ အသင်းဖော်တွေနဲ့ ပိုပြီး ပူးပေါင်းကစားဖို့ကြိုးစား နားလည်လား" နည်းပြပုံစံပေါက်နေတဲ့လူက လင်းထျန်ကို မှာကြားလိုက်တယ်။

"ကောင်းပါပြီ" လင်းထျန် ခေါင်းညိတ်လိုက်တယ်။ ကွင်းထဲရောက်ရင် ဘာဖြစ်မလဲဆိုတာကတော့ လင်းထျန်ရဲ့ ကိစ္စပဲလေ။

ဘောသေနေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး နည်းပြက တိုက်စစ်မှူးတစ်ယောက်နဲ့ လူစားလဲလိုက်တာကြောင့် လင်းထျန် ပွဲထဲဝင်ခွင့်ရသွားတယ်။

လင်းထျန် ကွင်းထဲဝင်ဝင်ချင်းပဲ လူတိုင်းရဲ့အာရုံစိုက်မှုကို ရသွားတယ်။

လူစားလဲလိုက်လို့ လူတိုင်းက စူးစမ်းနေကြတာပါ။

နိုင်ငံခြားသားတွေတင်မကဘူး လင်းထျန်ရဲ့ အသင်းဖော်တွေပါ နားမလည်ဖြစ်နေကြတယ်။

ဘယ်သူမှ လင်းထျန်ကို မသိကြဘူးလေ။

ဒါပေမဲ့ သံသယရှိနေကြပေမယ့် ဘယ်သူမှ ဘာမှမပြောကြဘူး။ ရမှတ်အနေအထားအရ ဘယ်သူမှ နိုင်မယ်လို့ မမျှော်လင့်တော့ဘူးလေ။ နိုင်ငံခြားသားတွေကလည်း ဘယ်သူနဲ့ပဲလူစားလဲလဲ ရလဒ်က အတူတူပဲလို့ တွေးထားကြတယ်။

ဘောလုံးက ဘတ်စကက်ဘောမှ မဟုတ်တာ ဒီပွဲမှာ သူတို့နိုင်ဖို့ သေချာနေပြီလို့ ယုံကြည်ထားကြတယ်။

လူတိုင်းက လင်းထျန်အနေနဲ့ ပွဲရလဒ်ကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူးလို့ ထင်နေကြပေမယ့် လင်းထျန်ကတော့ အဲဒီလိုမထင်ပါဘူး။ သူက နိုင်ဖို့အတွက် ကွင်းထဲဝင်လာတာပါ။

ကွင်းထဲရောက်လို့ သွေးပူလေ့ကျင့်ခန်းလုပ်ပြီးတာတောင် လင်းထျန် ဘောလုံးထိခွင့် မရသေးဘူး။

ဘာမှတတ်နိုင်မနေဘူးလေ။ ကိုယ့်အသင်းနဲ့ယှဉ်ရင် နိုင်ငံခြားပေါင်းစုံအသင်းရဲ့ စွမ်းရည်က အရမ်းကောင်းလွန်းနေတယ်။ သူ့အသင်းက တောက်လျှောက် အဖိခံနေရပြီး ဘောလုံးက ခြေထောက်အောက်မှာတောင် မကပ်ဘူး။

ဘောလုံးရရင်တောင် ချက်ချင်း ပြန်အလုခံလိုက်ရတယ်။

ဖိအားပေးခံနေရတာပါလား။

နိုင်ငံခြားပေါင်းစုံအသင်းက လင်းထျန်တို့အသင်းကို ကိုယ့်ကွင်းဘက်အခြမ်းကနေ ထွက်လို့မရအောင်ကို ဖိကစားထားတာပါ။

လင်းထျန် ဒီမြင်ကွင်းကိုကြည့်ပြီး နောက်ပြန်ဆုတ်ကာ ဘောလုံးဝင်လုပေးရမလားလို့ စဉ်းစားနေတုန်း ရုတ်တရက် သူ့မျက်လုံးတွေ အရောင်တောက်သွားတယ်။

ဘောလုံးပဲ။

အဲဒီအချိန်မှာ ဘောလုံးက သူ့ရှေ့မလှမ်းမကမ်းက အသင်းဖော်တစ်ယောက်ဆီ ရောက်နေတယ်။

ဒါကိုမြင်တော့ လင်းထျန်က လက်ဝှေ့ယမ်းပြပြီး "ဒီကိုပေး မြန်မြန် ဒီကိုပေး" လို့ အော်ပြောလိုက်တယ်။

လင်းထျန်ရဲ့ အော်သံကြောင့် ဟိုလူ ကြောင်သွားတယ်။ ကြောင်နေတုန်းမှာပဲ နိုင်ငံခြားသားကစားသမားနှစ်ယောက်က ဘောလုံးလုဖို့ ပြေးဝင်လာတယ်။

နိုင်ငံခြားသားနှစ်ယောက် ဝင်လာတာမြင်တော့ သူနည်းနည်းလန့်သွားပြီး လင်းထျန်ဆီမှာ အခွင့်အရေးရှိမယ်ထင်ကာ ခြေထောက်အောက်က ဘောလုံးကို လင်းထျန်ဆီ ကန်ပေးလိုက်တယ်။

ဝှစ်!

ဘောလုံးက လင်းထျန်ဆီ လိမ့်ဆင်းလာတယ်။

ပေးပို့မှုက နည်းနည်းလွဲပြီး လင်းထျန်နဲ့ သုံးမီတာလောက် ဝေးသွားတယ်။

"ဟာ" ပေးပို့မှုလွဲသွားတာကို မြင်တော့ ဟိုလူ သက်ပြင်းချလိုက်ပြီး ဒီဘောလုံး ပျက်သွားပြီလို့ ထင်လိုက်တယ်။

ဒါပေမဲ့ ချက်ချင်းပဲ သူကြက်သေသေသွားပြီး ဘောလုံးရှေ့ကို ရောက်လာတဲ့ အနီရောင်ရိပ်ကိုကြည့်ကာ အံ့သြမှင်သက်သွားတယ်။

ကျောနံပါတ် သုည။

လူသစ်ပဲ သူက ဘောလုံးကို မီအောင် လိုက်နိုင်တယ်လား။

သူကြောင်နေတုန်းမှာပဲ လင်းထျန်က ဘောလုံးကိုဆွဲပြီး တဖက်အသင်းရဲ့ ကွင်းဘက်ခြမ်းဆီ အမြန်ပြေးသွားတယ်။

ပေါ့ဆမှုနဲ့ ယုံကြည်မှုလွန်ကဲနေတာကြောင့် နိုင်ငံခြားသားအသင်းရဲ့ ကွင်းဘက်ခြမ်းမှာ နောက်တန်းခံစစ်မှူး သုံးယောက်ပဲ ရှိတယ်။

ဝှစ် ဝှစ်!

လင်းထျန်က ဘောလုံးဆွဲပြီး တဖက်ကွင်းဘက်ကို လျှပ်စီးလို အမြန်ပြေးဝင်သွားတယ်။

ဒါကိုမြင်တော့ လူတိုင်းခြေလှမ်းတုံ့သွားပြီး မျက်လုံးပြူးကာ လင်းထျန်ကို ကြည့်နေကြတယ်။

လင်းထျန် လာနေတာမြင်တော့ နောက်ခံလူသုံးယောက်က ချက်ချင်း တုန်လှုပ်သွားပြီး တစ်ယောက်က ရှေ့တက်ကာ ဖြတ်ထုတ်ဖို့ ကြိုးစားတယ်။

ဟိုလူလာတာမြင်တော့ လင်းထျန်က လှည့်စားပြီး ကျော်ဖြတ်ဖို့ ကြိုးစားလိုက်ပေမယ့် ဘယ်သူထင်မှာလဲ... ဖြောင်း!

သူ့ခြေထောက်သူခလုတ်တိုက်ပြီး လဲလုနီးပါးဖြစ်ကာ ဘောလုံးက အလိုလို ထွက်သွားတယ်။

"အမ်..." ဒီမြင်ကွင်းကိုမြင်တော့ အားလုံး ပြောစရာစကားမဲ့သွားကြတယ်။

လင်းထျန်အသင်းဖော်တချို့ဆိုရင် တီးတိုးတီးတိုးနဲ့ ညည်းတွားနေကြတယ်။ "ဘောလုံးဆွဲပြေးတာတောင် ခလုတ်တိုက်နေမှတော့ ဘယ်လိုအရည်အချင်းမျိုးလဲ..."

"အေးလေ ငါသာဆိုရင် အဲဒီလုံးက သေချာပေါက် ဂိုးပဲ နှမြောစရာကွာ"

"ထားလိုက်ပါတော့ကွာ"

စိတ်ပျက်လက်ပျက် သက်ပြင်းချသံတွေ ထွက်ပေါ်လာတယ်။

လင်းထျန်ရဲ့ အခွင့်အရေးက ပွဲစကတည်းက အကောင်းဆုံးအခွင့်အရေးလို့ ပြောလို့ရတယ်။ အစတုန်းက လူတိုင်း စိတ်လှုပ်ရှားပြီး ဂိုးများဝင်မလားလို့ မျှော်လင့်ခဲ့ကြတာ။

ဒါပေမဲ့ ဒါပေမဲ့ လင်းထျန်က ဒီအတိုင်းပဲ ဖြုန်းတီးပစ်လိုက်တယ်။

လင်းထျန် ကိုယ့်ဟာကိုယ်ခလုတ်တိုက်လုနီးပါးဖြစ်တာကို မြင်တော့ တွမ်က လှောင်ပြုံးပြုံးပြီး ရှန်မုန့်ရီဘက်လှည့်ကာ "ရှန်... ဒါက မင်းပြောတဲ့ ဘောလုံးကျွမ်းကျင်သူလား။ ဪ... နေပါဦး သူက ပထမပိုင်းမပြီးခင် နှစ်ဂိုးသွင်းမယ်လို့ ပြောထားသေးတာပဲ။ ငါတော့ တကယ် စောင့်မျှော်နေမိပြီ"

ရှန်မုန့်ရီက ကွင်းထဲက လင်းထျန်ကို စိတ်ပျက်တဲ့ပုံစံနဲ့ ကြည့်လိုက်ပြီး "တကယ်ပါပဲ ဒီလိုအရည်အချင်းမျိုးနဲ့ ကိုယ့်ဟာကိုယ် အရူးလုပ်နေပြီး ငါ့ကိုပါ အလှောင်ခံရအောင် လုပ်နေတယ်။ တကယ်ပါပဲဟာ" လို့ စိတ်တိုတိုနဲ့ ပြောလိုက်တယ်။

လင်းထျန်လည်း ကိုယ့်ဟာကိုယ် ခလုတ်တိုက်မိတော့ နည်းနည်းကြောင်သွားတယ်။

ခဏလောက်ကြောင်ပြီးမှ လင်းထျန် ခေါင်းယမ်းလိုက်တယ်။

သူ သိပ်ပေါ့ဆလွန်းသွားတယ် ယုံကြည်မှု လွန်ကဲသွားတယ်။

ဘောလုံးထိလိုက်တာနဲ့ အရှိန်မြှင့်လိုက်တာက နောက်ဆုံးမှာ လဲကျလုနီးပါး ဖြစ်သွားစေခဲ့တာပဲ။

လင်းထျန်က သူ့မှာ ဓာတ်ပုံမှတ်ဉာဏ် ထူးခြားတဲ့နားလည်နိုင်စွမ်းနဲ့ သာမန်ထက်သုံးဆမြန်တဲ့ တုံ့ပြန်နိုင်စွမ်းတွေအပြင် "နွားသိုးခွန်အား" ပါ ရှိတာကြောင့် အဆင်ပြေမယ်လို့ ထင်ခဲ့တာပါ။ ကွင်းထဲရောက်တာနဲ့ ထိုးဖောက်ပြမယ်လို့ စီစဉ်ထားပေမယ့် သူ မာန်တက်လွန်းသွားခဲ့တယ်။

အထူးစွမ်းရည်တွေ ဘယ်လောက်ပဲရှိရှိ သင်ယူဖို့အချိန်လိုတယ်ဆိုတာ သူ မေ့သွားခဲ့တယ်။

"ငါ မာန်တက်သွားတာပဲ စိတ်ကိုလျှော့ထားစမ်း" အသက်ပြင်းပြင်းရှူပြီး သူ့အတွေ့အကြုံကို ပြန်သုံးသပ်ကာ တည်ငြိမ်အောင် နေလိုက်တယ်။

ကျန်တဲ့အချိန်တွေမှာ လင်းထျန်က ဘောလုံးကန်ရတဲ့ ခံစားချက်ကို ပြန်တွေးပြီး အထိအတွေ့ကို ရှာဖွေနေသလို တခြားကစားသမားတွေရဲ့ ခြေထောက်တွေကိုလည်း ရံဖန်ရံခါ အကဲခတ်ကြည့်နေတယ်။

သူတို့ရဲ့ ခြေကွက်တွေကို လေ့လာနေတာပါ။

ငါးမိနစ် ခြောက်မိနစ်လောက်ကြာတော့ လင်းထျန် အဆင်သင့်ဖြစ်ပြီလို့ ခံစားလိုက်ရတယ်။ ပွဲပြီးဖို့ သုံးလေးမိနစ်ပဲ လိုပါတော့တယ်။ လင်းထျန် ဆက်မစောင့်ချင်တော့ဘဲ တိုက်စစ်ဆင်ဖို့ ဆုံးဖြတ်လိုက်တယ်။

သူကွင်းထဲ လှမ်းကြည့်လိုက်တော့ ဘောလုံးက သူ့အသင်းဘက်မှာ ရှိနေတယ်။ ဒါမြင်တာနဲ့ လင်းထျန် လက်ဝှေ့ယမ်းပြီး အော်လိုက်တယ်။ "ဒီမှာ..."

ဘောလုံးရထားတဲ့ အသင်းဖော်က လင်းထျန်ကို တစ်ချက်ကြည့်ပြီး အကြည့်လွှဲကာ လင်းထျန်ကို လစ်လျူရှုပြီး တခြားလူဆီ ဘောလုံးပေးလိုက်တယ်။

အဲဒီလူက ဘောလုံးရပြီး ထိုးဖောက်ဖို့လုပ်တုန်းမှာပဲ အဖြတ်ခံလိုက်ရတယ်။

ဒါကိုမြင်တော့ လင်းထျန် စိတ်ပျက်သွားတယ်။ တောက်... သူတို့က ငါ့ကို လစ်လျူရှုရဲတယ်ပေါ့။

ငါ့ကိုသာ ပေးလိုက်ရင်... ခဏနေတော့ အခွင့်အရေးထပ်ပေါ်လာပြန်တယ်။ လင်းထျန် လက်ဝှေ့ယမ်းပြီး ထပ်အော်လိုက်တယ်။ "ဒီမှာ..."

အဲဒီလူကလည်း လင်းထျန်ကို တစ်ချက်ကြည့်ပြီး တခြားလူဆီ ပေးလိုက်ပြန်တယ်။

လစ်လျူရှုခံလိုက်ရပြန်ပြီ။

သူထပ်ပြီး လစ်လျူရှုခံလိုက်ရပြန်တယ်။

လင်းထျန်ရဲ့ အမှားတစ်ခုကြောင့် အသင်းဖော်တွေက သူ့ကို မယုံကြည်တော့ဘူး။

လင်းထျန် အပယ်ခံထားရတာကို သတိထားမိတော့ ပွဲကြည့်စင်ပေါ်က ရှန်မုန့်ရီက ကွင်းထဲမှာ အရှက်မကွဲရအောင် သူ့ကို လူစားလဲပေးဖို့ နည်းပြကို ပြောရမလားလို့ တွေးရင်း တွေဝေနေတယ်။

သူ တွေဝေနေတုန်းမှာပဲ အသင်းရဲ့ အရှေ့ဆုံးမှာရှိနေတဲ့ လင်းထျန်က နောက်တန်းဘက်ကို ပြန်ပြေးလာတာမြင်ပြီး အံ့သြသွားတယ်။ သူ့ဦးတည်ချက်က... ဘောလုံးဆီကို။

သူ ကိုယ့်အခွင့်အရေး ကိုယ်ဖန်တီးနေတာပဲ။

အသင်းဖော်တွေရဲ့ ဖယ်ကြဉ်တာ ခံနေရမှန်း သိလိုက်ကတည်းက စိတ်တိုပေမယ့် လင်းထျန်မှာ တခြားရွေးချယ်စရာ မရှိတော့ဘူး။ မတတ်သာတဲ့အဆုံး ကိုယ့်ဟာကိုယ် ဘောလုံးဝင်လုဖို့ ပြေးလာရတာပဲ။

အဲဒီအချိန်မှာ ဘောလုံးရထားတာက လူဖြူတစ်ခဲအိုြစ်ပြီး လင်းထျန် ပြေးဝင်လာတာကို မြင်တယ်။

ဒါပေမဲ့ သူ့မျက်နှာပေါ်မှာ ထိတ်လန့်တဲ့အရိပ်အယောင်မရှိဘဲ ဘောလုံးကိုထိန်းပြီး လင်းထျန်အလာကို စောင့်နေတယ်။

လင်းထျန်ရှေ့မှာ သူ့ဘောလုံးစွမ်းရည်ကို ပြချင်နေတာပါ။

လင်းထျန် ရောက်ရောက်ချင်း ခြေထောက်နဲ့ ဘောလုံးကို တန်းတို့လိုက်တယ်။

ဖြောင်း!

လင်းထျန်က အရမ်းမြန်တာကြောင့် ဟိုလူ ဘာမှမတုံ့ပြန်နိုင်ခင်မှာပဲ ကန်ချက်တစ်ချက်နဲ့ ဘောလုံးကို ဖြတ်ထုတ်လိုက်ပြီ။

လူဖြူကောင် ကြောင်သွားပြီး ခြေထောက်အောက်မှာ ဟာသွားသလို ခံစားလိုက်ရတယ်။

ဘောလုံး။

ဘောလုံးက မရှိတော့ဘူး။

"အရူး" လင်းထျန်က လှောင်ပြောင်လိုက်ပြီး သူ့နောက်ရောက်နေတဲ့ ဘောလုံးဆီ အမြန်ပြေးလိုက်သွားတယ်။

ဘောလုံးအလုခံလိုက်ရပြီ။

လင်းထျန် သူ့ဘေးက ဖြတ်ပြေးသွားမှ အဲဒီလူ သတိပြန်ဝင်လာတယ်။

သတိဝင်ဝင်ချင်းပဲ သူချက်ချင်းလှည့်ပြီး လင်းထျန်နောက်ကို လိုက်တော့တယ်။

ဒါပေမဲ့ လင်းထျန်ရဲ့ အမြန်နှုန်းကို သူဘယ်လိုလုပ် မီမှာလဲ။

အမှားမဖြစ်အောင် လင်းထျန်က အရှိန်လျှော့ထားတာတောင် အဲဒီလူ လိုက်မမီနိုင်လောက်အောင် မြန်နေတုန်းပဲ။

ဝှစ် ဝှစ်!

လင်းထျန်က ဘောလုံးဆွဲပြီး တဖက်ကွင်းဘက်ကို အမြန်ပြေးဝင်သွားတယ်။

အခု လင်းထျန်ရှေ့မှာ ကြားဖြတ်မယ့်ကစားသမားတစ်သိုက် ရှိနေတယ်။

ကစားသမားတစ်ယောက် ရှေ့တက်လာပေမယ့် လင်းထျန်က အခွင့်အရေးမပေးဘဲ တန်းကျော်ဖြတ်သွားတယ်။

သူ့ရဲ့အလွန်ကောင်းမွန်တဲ့ အမြန်နှုန်းနဲ့ လင်းထျန်က ဘောလုံးကို ခပ်ဝေးဝေးကန်ထုတ်ပြီး အဲဒီလူဘေးကနေ လေလိုဖြတ်ကျော်သွားတယ်။

ပြိုင်ဘက်က ဘောလုံးကို အမွှေးတမျှင်တောင် မထိလိုက်ရဘူး။

အရှိန်မြှင့်ပြီးလာတဲ့ လင်းထျန်ရှေ့မှာ အခု လူနှစ်ယောက် ပိတ်ဆို့ထားတယ်။

ဒီနှစ်ယောက်ကိုမြင်တော့ လင်းထျန်က ခန္ဓာကိုယ်ကို ဘယ်ညာယိမ်းလိုက်ပြီး ခြေကွက်တွေပါ လျင်မြန်စွာ ကစားလိုက်တာကြောင့် လင်းထျန် ဘယ်ဘက်ကဖောက်မလဲဆိုတာ သေချာမမြင်ရတော့ဘူး။

အဖြူရောင်ဘောလုံးက လင်းထျန်ခြေထောက်မှာ ကပ်နေသလိုပဲ ဘယ်ဆို ဘယ် ညာဆို ညာပဲ။

လင်းထျန်ရဲ့ မျက်လှည့်ဆန်တဲ့ ခြေကွက်တွေကြောင့် ဟိုနှစ်ယောက် ကြောင်သွားတယ်။ ဘယ်လား ညာလား ဒါမှမဟုတ် ဘယ်နေရာလဲ။

နှစ်ယောက်သား လင်းထျန်ကြောင့် လုံးဝ ဇဝေဇဝါဖြစ်သွားတယ်။

သူတို့ကြောင်နေတုန်း လင်းထျန်က ခြေဖျားနဲ့ ဘောလုံးကို ဖွဖွလေး တို့လိုက်တယ်။

ပေါ့!

ပေါင်ကြားသွင်းလိုက်ပြီ။

အဖြူရောင်ဘောလုံးက လူတစ်ယောက်ရဲ့ ခြေထောက်ကြားကနေ တန်းဝင်သွားတယ်။

ဝှစ်!

ဘောလုံးဖြတ်သွားပြီးတာနဲ့ လင်းထျန်က အရှိန်မြှင့်ပြီး အဲဒီနှစ်ယောက်ကြားကနေ ဖြတ်ကျော်သွားတယ်။

လင်းထျန် ကျော်သွားတဲ့အချိန်ထိ အဲဒီနှစ်ယောက်က အရင်အနေအထားအတိုင်း ရှိနေတုန်းပဲ။

လင်းထျန်ရဲ့ ထိုးဖောက်မှုကို ရင်ဆိုင်ရတဲ့ အဲဒီနှစ်ယောက်က သစ်သားရုပ်တွေလို ဖြစ်နေတယ်။

ဒါ... လင်းထျန်ရဲ့ ပြောင်မြောက်တဲ့ ဘောလုံးဆွဲပြေးမှုကို မြင်လိုက်ရတော့ လူတိုင်း မှင်သက်သွားကြတယ်။

လင်းထျန်ကို အထင်သေးခဲ့တဲ့ အသင်းဖော်တွေလည်း ကြောင်ကြည့်နေကြသလို ပွဲကြည့်စင်ပေါ်က ရှန်မုန့်ရီလည်း ပါးစပ်အဟောင်းသားနဲ့ လင်းထျန်ကို အံ့သြတကြီး ကြည့်နေမိတယ်။

ဒီထိုးဖောက်မှုက... လှလိုက်တာ။

တွမ်လည်း ကြောင်တောင်တောင်နဲ့ စိုက်ကြည့်နေတယ်။

အဲဒီနှစ်ယောက်ကို ကျော်ဖြတ်ပြီးတော့ လင်းထျန်ရှေ့မှာ နောက်ခံလူသုံးယောက်ပဲ ရှိတော့တယ်။

နိုင်ငံခြားပေါင်းစုံအသင်းက ရှေ့တက်ကစားလွန်းတာကြောင့် ကစားသမားသုံးယောက်ရှိနေပေမယ့် လင်းထျန်ရှေ့က ဧရိယာက ဟာလာဟင်းလင်း ဖြစ်နေသလိုပဲ။

လင်းထျန် တက်လာတာမြင်တော့ နောက်ခံလူသုံးယောက်က ဖြတ်ထုတ်ဖို့ ရှေ့တက်လာကြတယ်။ ဒါပေမဲ့ လင်းထျန်ရဲ့ အမြန်နှုန်းကြောင့် အားလုံး နောက်ကောက်ကျ ကျန်ရစ်ခဲ့တယ်။

လင်းထျန်က နည်းစနစ်တောင်မသုံးဘဲ အမြန်နှုန်းကို သုံးကာ ကန်ချက်ရှည်တစ်ချက်နဲ့ သုံးယောက်လုံးကို ကျော်ဖြတ်သွားတယ်။

နောက်ခံလူသုံးယောက်ကို ကျော်ဖြတ်ပြီးချိန်မှာ လင်းထျန်ရှေ့မှာ ဂိုးသမားပဲ ရှိတော့တယ်။

တစ်ယောက်ချင်း အခြေအနေ။

ဒါကိုမြင်တော့ လူတိုင်း စိတ်လှုပ်ရှားလာကြတယ်။

အခွင့်အရေး ဒါက ပွဲစကတည်းက တရုတ်အသင်းရဲ့ အကောင်းဆုံး အခွင့်အရေးပဲ။

လင်းထျန် လာနေတာမြင်တော့ နိုင်ငံခြားသားဂိုးသမားက ခါးကိုအနည်းငယ်ကိုင်းပြီး အဆင်သင့်ပြင်လိုက်တယ်။

ခဏလောက် တွန့်ဆုတ်ပြီးနောက် လင်းထျန် နီးကပ်လာတာမြင်တော့ ဂိုးသမားက ရှေ့ထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။

အဲဒီအချိန်မှာ လင်းထျန်က ပယ်နယ်တီဧရိယာ အပြင်ဘက်ကို ရောက်နေပြီ။ ဂိုးသမားကိုမြင်တော့ လင်းထျန် ရပ်မနေတော့ဘဲ ကြွက်သားတွေကို တင်းရင်းစေကာ ညာခြေနဲ့ ပြင်းပြင်းထန်ထန် ကန်ထည့်လိုက်တယ်။

ဝှစ်!

ဘုန်း!

လင်းထျန်ရဲ့ ကန်ချက်က ပြင်းထန်လွန်းလို့ အဖြူရောင်ဘောလုံးတောင် ချိုင့်ဝင်သွားတယ်။

ဝှစ်!

ပြင်းထန်တဲ့ ကန်ချက်နဲ့အတူ ဘောလုံးက အမြောက်ဆန်လို လေထုကိုခွင်းပြီး ပျံထွက်သွားတယ်။

ဒါကိုမြင်တော့ လူတိုင်း မျက်လုံးပြူးသွားကြတယ်။