ဝှစ်!

ဘောလုံးက လေကိုခွင်းပြီး ပျံထွက်သွားတယ်။

လူတိုင်း မျက်လုံးတွေ ပြူးကျယ်ကုန်ကြတယ်။

သူ့ဆီ တည့်တည့်လာနေတဲ့ ဘောလုံးကို မြင်တော့ ရှေ့တက်လာနေတဲ့ ဂိုးသမားက ခြေကိုချက်ချင်းစုံရပ်လိုက်ပြီး အမြန် ခုန်ဖမ်းလိုက်တယ်။

သူ လက်ကို အားကုန်ဆန့်ထုတ်လိုက်ပေမယ့်... ဝှစ်!

လေပြင်းတစ်ချက် သူ့လက်ချောင်းထိပ်တွေကို ဖြတ်တိုက်သွားသလို ခံစားလိုက်ရတယ်။

ဘောလုံးက သူ့လက်ချောင်းတွေအပေါ်ကနေ ဝှစ်ခနဲ ကျော်သွားတာပါ။

သူ မထိလိုက်နိုင်ဘူး။

ဘုန်း!

အရှိန်ပြင်းပြင်း ခုန်လိုက်တာမို့ ဂိုးသမား ပြန်ပြုတ်ကျသွားတယ်။ ဒါပေမဲ့ ဒီအချိန်မှာ သူ့ကိုယ်သူ ဂရုမစိုက်နိုင်ဘဲ အနောက်က ဂိုးတိုင်ဘက်ကို ချက်ချင်း လှည့်ကြည့်လိုက်တယ်။

လှုပ်ခါသွားတယ်!

အဖြူရောင် ဂိုးပိုက်က လှုပ်ခါသွားတယ်။

အဲဒီအချိန်မှာ အဖြူရောင်ဘောလုံးက ဂိုးပေါက်ထဲမှာ ခုန်ပေါက်နေတုန်းပဲ။

ဝင်သွားပြီ!

ဒီဂိုး ဝင်သွားပြီ!

ရလဒ်ကို မြင်လိုက်တော့ ကွင်းတစ်ခုလုံး တခဏတာ တိတ်ဆိတ်သွားပြီးမှ အားပေးသံတွေ ပေါက်ကွဲထွက်ပေါ်လာတယ်။

"အာ... အာ..."

"အို... ဝင်သွားပြီဟေ့"

အော်ဟစ်သံတွေ နေရာအနှံ့ ညံသွားတယ်။

စိတ်လှုပ်ရှားစရာပဲ လင်းထျန်ရဲ့ အသင်းဖော်တွေအားလုံး အရမ်းကို စိတ်လှုပ်ရှားနေကြတယ်။

မလွယ်ပါဘူး။

မိနစ်လေးဆယ်လုံးလုံး ဖိအားပေးခံရပြီးမှ နောက်ဆုံးတော့ သူတို့ ဂိုးတစ်ဂိုး သွင်းနိုင်ခဲ့ပြီ။ အခုမှပဲ သူတို့ရဲ့ ခံစားချက်တွေကို ဖွင့်ထုတ်နိုင်တော့တယ်။

လင်းထျန်လည်း ဒီရလဒ်ကြောင့် နည်းနည်း အံ့သြသွားတယ်။ သူ့ကန်ချက် ဂိုးဝင်မယ်လို့ သူ လုံးဝကြီး မသေချာခဲ့ဘူးလေ။

ဒါပေမဲ့ တကယ်ကြီး ဝင်သွားတယ်။

"မိုက်လိုက်တာကွာ" လင်းထျန် ကြောင်နေတုန်းမှာပဲ နောက်ကနေ လူတစ်ယောက် သူ့အပေါ် ခုန်တက်လိုက်တာ ခံစားလိုက်ရတယ်။

လင်းထျန် ယိုင်သွားတယ်။

သူ အာရုံပြန်မစုစည်းနိုင်ခင်မှာပဲ နောက်ထပ်လူတစ်ယောက် ထပ်ခုန်တက်လာပြန်တယ်။

"အို... ရှယ်မိုက်တယ်ကွာ" နောက်ရောက်လာတဲ့လူကလည်း အားပေးရင်း ဖိချလိုက်တယ်။

ဘုန်း! ဘုန်း!

အဲဒီနောက် အသင်းဖော်တွေ တစ်ယောက်ပြီးတစ်ယောက် သူ့အပေါ် ထပ်ကုန်ကြတယ်။

မတတ်နိုင်တော့တဲ့အဆုံး လင်းထျန်တစ်ယောက် အောက်ဆုံးမှာ အဖိခံရပြီး လူတောင်ပုံကြီး ဖြစ်သွားတော့တယ်။

ကွင်းထဲက စိတ်လှုပ်ရှားနေတဲ့ ကစားသမားတွေကို ကြည့်ရင်း ရှန်မုန့်ရီလည်း ပြုံးလိုက်မိတယ်။ ပြီးတော့ သူ့ဘေးက တွမ်ဘက်လှည့်ပြီး "တွမ် အဲဒီဂိုးကို ဘယ်လိုမြင်လဲ" လို့ မေးလိုက်တယ်။

"ဟဲဟဲ မဆိုးပါဘူး မဆိုးပါဘူး" တွမ်က မျက်နှာပျက်နေတဲ့ အပြုံးနဲ့ ပြောတယ်။

စိတ်လှုပ်ရှားစရာ အောင်ပွဲခံပြီးနောက် ပွဲပြန်စတယ်။

ပွဲပြန်စတာနဲ့ လင်းထျန်ရဲ့ အသင်းဖော်တွေဆီမှာ လုံးဝမတူညီတဲ့ အငွေ့အသက်တစ်ခု ရှိနေပြီ။ တိုက်ခိုက်လိုစိတ်ပဲ။

သူတို့မျက်လုံးထဲမှာ အသစ်တဖန် ဖြစ်ပေါ်လာတဲ့ တိုက်ခိုက်လိုစိတ်တွေ ရှိနေတယ်။

လင်းထျန်ရဲ့ ခုနကဂိုးက အသင်းဖော်တွေရဲ့ တိုက်ခိုက်လိုစိတ်ကို လုံးဝ မီးမွှေးပေးလိုက်တာပဲ။ ပြီးတော့ အရင်က ပေါ့ပေါ့နေခဲ့ကြတဲ့ နိုင်ငံခြားပေါင်းစုံအသင်းက ကစားသမားတွေလည်း အခုတော့ အပေါ့စားတာတွေ လျှော့လိုက်ကြပြီ။

လူတစ်ယောက်ဆိုရင် လင်းထျန်နောက်ကို တကောက်ကောက်လိုက်ပြီး ကွင်းအပြည့် လူကပ်ကာကွယ်တော့တယ်။

ပွဲဆက်ကစားကြတယ်။ စကတည်းက လင်းထျန်တို့ဘက်က တဖန်ပြန်ပြီး ဖိအားပေးခံနေရတယ်။ လင်းထျန်ရဲ့ အသင်းဖော်တွေ စိတ်ဓာတ်တက်ကြွနေပေမယ့် အသင်းနှစ်သင်းကြားက စွမ်းရည်ကွာခြားချက်က အရမ်းကြီးမားလွန်းနေသေးတာကြောင့် သူတို့ ဆက်ပြီး အဖိခံနေရတုန်းပဲလို့ ပြောရမယ်။

လင်းထျန် ဘယ်လောက်ပဲတော်တော် ဘောလုံးဆိုတာ ၁၁ ယောက် ကစားရတဲ့ အားကစားနည်းလေ။ တစ်ယောက်က လင်းထျန်ကို သေချာ လူကပ်ထားပြီး တခြားလူတွေကလည်း လင်းထျန်ဆီလာမယ့် ဘောလုံးလမ်းကြောင်းတွေကို ဖြတ်တောက်နေကြတယ်။ လင်းထျန် နောက်ထပ် နှစ်မိနစ်လောက် ဘောလုံးတောင် မထိရတော့ဘူး။

ပထမပိုင်းပြီးခါနီးလာတော့ လင်းထျန် နည်းနည်း စိတ်လောလာတယ်။ ပွဲမစခင်က ပထမပိုင်းမပြီးခင် နှစ်ဂိုးသွင်းမယ်လို့ ဟိုနိုင်ငံခြားသားကို ကြွားခဲ့တာ သူမှတ်မိနေသေးတယ်။

လင်းထျန်က ဟိုလူ့စကား ဟိုလူပြန်မျိုချရအောင် လုပ်ချင်နေတာ။

ခဏလောက် ဟိုဒီကြည့်ပြီးနောက် ရုတ်တရက် လင်းထျန် မျက်လုံးတွေ အရောင်တောက်သွားတယ်။ အခွင့်အရေးပဲ။

လင်းထျန် ရှေ့ကို ခြေတစ်လှမ်းအမြန်တိုးပြီး "ငါ့ကိုပေး" လို့ အော်လိုက်တယ်။

လင်းထျန်အသံကြားတော့ ဟိုကစားသမားက လင်းထျန်ဆီ ဘောလုံး အမြန်ပေးလိုက်တယ်။

ပုံမှန်ဆိုရင် ဒီလိုအချိန် လင်းထျန်ဆီပေးတဲ့ဘောလုံးကို တစ်ယောက်ယောက်က ဖြတ်ယူသွားမှာ။

ဒါပေမဲ့ ဒီတစ်ခါတော့ လင်းထျန်က သူတို့ကို အခွင့်အရေးမပေးဘူး။ သူ ခြေတစ်လှမ်း အမြန်တိုးလိုက်ပြီး ရုတ်တရက် အရှိန်မြှင့်ကာ ဝှစ်ခနဲနေအောင် ပြိုင်ဘက်မရောက်ခင် ခြေဖျားနဲ့ ဘောလုံးကို ထိန်းလိုက်တယ်။

ပြိုင်ဘက်က ခြေထောက်နဲ့ ဘောလုံးကို ဝင်လုဖို့ လုပ်ပေမယ့် လင်းထျန်က ဘောလုံးကို ကျွမ်းကျင်စွာ ဆွဲယူပြီး ချက်ချင်းကွေ့ကာ သူ့ကို ထားခဲ့လိုက်တယ်။

ဝှစ်!

ကွင်းထဲက အခြေအနေကို တစ်ချက်ကြည့်ပြီး လင်းထျန်က ခြေကွက်ကစားကာ ဘောလုံးကို ရှေ့သို့ အမြန်ဆွဲပြေးသွားတယ်။

လင်းထျန် ဘောလုံးပြန်ရသွားတာ မြင်တော့ ပွဲကြည့်စင်ပေါ်က ရှန်မုန့်ရီ မျက်နှာမှာ တင်းမာသွားတယ်။

လင်းထျန် ဘောလုံးရရချင်းပဲ ပြိုင်ဘက်သုံးယောက် သူ့ဆီ ဝိုင်းလာကြတယ်။

ဝှစ်! ဝှစ်!

လင်းထျန်က ခြေထောက်ကို ဘယ်ညာရွှေ့ပြီး ရုတ်တရက် ဘောလုံးကို ဖနောင့်နဲ့ အနောက်ပြန်ပေးလိုက်တယ်။

ဝှစ်!

ဘောလုံးက သူ့အနောက်ကို ရောက်သွားတယ်။

ဘောလုံးကို ဖနောင့်နဲ့ ပေးပြီးတာနဲ့ လင်းထျန်က ရှေ့ကို ခြေတစ်လှမ်း အမြန်တိုးကာ တစ်ချိန်တည်းမှာပဲ လှည့်ပြီး "ငါ့ကိုပေး" လို့ အော်လိုက်တယ်။

လင်းထျန်အနောက်မှာ အသင်းဖော်တစ်ယောက် တကယ်ရှိနေတာပါ။

သူ့ခြေထောက်နား ရုတ်တရက် ဘောလုံးရောက်လာတာမြင်တော့ အဲဒီအသင်းဖော် ခဏကြောင်သွားတယ်။ ပြီးမှ လင်းထျန်စကားကြားပြီး သူ့ဆီ အမြန်ပြန်ပေးလိုက်တယ်။ လူသုံးယောက်က လင်းထျန်ဆီ ဝိုင်းသွားကြတာမို့ အဲဒီအသင်းဖော်နားမှာ ဘယ်သူမှ ရှိမနေဘူးလေ။

ဒီပေးပို့မှုက လင်းထျန်အတွက် အကွက်တိပဲ။

ဘောလုံးရတာနဲ့ လင်းထျန်က ခြေလှမ်းညှိနေစရာတောင်မလိုဘဲ ဘောလုံးကို ခပ်ဖွဖွတို့ပြီး ရှေ့ကို ဆက်တိုးတော့တယ်။

လင်းထျန်ရှေ့မှာ လူအုပ်ကြီး ပိတ်ဆို့မနေတော့တာမို့ သူက လေပွေတစ်ခုလို အရှိန်တင်ပြီး ဘောလုံးဆွဲပြေးတော့တယ်။

သူ့အမြန်နှုန်းက ယုံနိုင်စရာမရှိအောင်ပဲ ဒုန်းစိုင်းပြေးနေတဲ့ မြင်းပျိုတစ်ကောင်လိုပဲ။

တချို့လူတွေ လင်းထျန်နောက်ကို လိုက်ကြပေမယ့် လင်းထျန်က မြန်လွန်းတာကြောင့် သူတို့ခမျာ ဖုန်ရှူကျန်ရစ်ခဲ့ရုံပဲ ရှိတယ်။

နောက်ခံလူနှစ်ယောက်ကို ကျော်ဖြတ်ပြီးနောက် လင်းထျန်က ဂိုးသမားနဲ့ တစ်ယောက်ချင်း ထပ်တွေ့ပြန်ပြီ။

နောက်ထပ် တစ်ယောက်ချင်း အခြေအနေ။

လင်းထျန်ကို မြင်တော့ ဂိုးသမားက တည်ကြည်လေးနက်တဲ့ မျက်နှာထားနဲ့ ရှေ့တက်လာတယ်။

ဂိုးသမားနဲ့ အကွာအဝေး လိုသေးတာကို သတိထားမိတာနဲ့ လင်းထျန် ရပ်လိုက်ပြီး ကိုယ်နေဟန်ထားကို ချိန်ညှိကာ ညာခြေနဲ့ ကန်ထည့်လိုက်တယ်။

သူ့ညာခြေက ဘောလုံးကို ပြင်းပြင်းထန်ထန် ကန်လိုက်တာပါ။

ဝှစ်! ဝှစ်!

အဖြူရောင်ဘောလုံးက လည်ပြီး ရှေ့ကို ပျံထွက်သွားတယ်။

လေတိုးသံမြည်ပြီး ထွက်သွားတဲ့ ဘောလုံးကိုကြည့်ရင်း လူတိုင်း မျက်လုံးပြူးကုန်ကြတယ်။

အမ်... ပိုပိုမြင့်တက်သွားတဲ့ ဘောလုံးကို ငေးကြည့်ရင်း အားလုံး ကြောင်သွားကြတယ်။ မှားကန်လိုက်တာလား။

အရမ်း များ မြင့်တက်သွားတာလား။

လင်းထျန် ကန်တာများသွားပြီလို့ လူတိုင်းထင်နေတုန်းမှာပဲ ဘောလုံးက ဆွဲချခံလိုက်ရသလို ရုတ်တရက် အောက်ကို ထိုးကျသွားပြီး ဂိုးပေါက်ထဲ ဝင်သွားတော့တယ်။

သစ်ရွက်ကြွေ ဘောလုံးပဲ။

ဒါကိုမြင်တော့ လူတိုင်း ခဏလောက် မှင်သက်သွားပြီးမှ ပရိသတ်တွေဆီကနေ အာမေဋိတ်သံတွေ အော်ဟစ်သံတွေ ထွက်ပေါ်လာတယ်။

နောက်ထပ် တစ်ဂိုး။

ပြီးတော့ လှပတဲ့ သစ်ရွက်ကြွေဂိုးတစ်ဂိုး။

ဒီမြင်ကွင်းကို စိတ်လှုပ်ရှားစွာ ကြည့်နေတဲ့ ရှန်မုန့်ရီက ခေါင်းလှည့်ပြီး တွမ်ကို ပြုံးပြလိုက်တယ်။ "ပထမပိုင်းမပြီးခင် သူ နှစ်ဂိုးမသွင်းနိုင်ပါဘူးလို့ နင်ပြောခဲ့တယ်မလား။ သူ လုပ်ပြလိုက်ပြီလေ"

"အမ်..." ဒီအချိန်မှာတော့ တွမ် ဘာပြောရမှန်း မသိတော့ပါဘူး။ သူ ကြည့်ရတာ လုံးဝ မျက်နှာပျက်နေပုံပါပဲ။