အခန်း (၁၅၀) မဖြစ်နိုင်တဲ့ မစ်ရှင်
လင်းထျန် ဂိုးသွင်းပြီး မကြာခင်မှာပဲ ဒိုင်လူကြီးက ပထမပိုင်းပြီးဆုံးကြောင်း ခရာမှုတ်လိုက်တယ်။
ဆယ့်ငါးမိနစ်ကြာတော့ အားလပ်ချိန်ပြီးဆုံးပြီး ဒုတိယပိုင်း ပြန်စတယ်။
ဒုတိယပိုင်းမှာတော့ လင်းထျန်တို့အသင်း ဘောစရတယ်။
ခဏလောက် တိုင်ပင်ပြီးနောက် လင်းထျန်က ဘောလုံးစကန်ဖို့ တာဝန်ယူလိုက်တယ်။
ခရာမှုတ်သံကြားတာနဲ့ လင်းထျန်က ဘောလုံးကို ရှေ့သို့ဆွဲပြေးသွားပြီး ခဏရပ်ကာ ဂိုးတိုင်ကို မော့ကြည့်လိုက်တယ်။
တဖက်ဂိုးသမားက ဂိုးစည်းနဲ့ နည်းနည်းဝေးနေတာကို သူသတိထားမိလိုက်တယ်။ ဘောစတာမို့လို့ ပေါ့နေပုံရတယ်။
ဒါကိုမြင်တော့ လင်းထျန် ရင်ခုန်သွားတယ်။ သူ ကြွက်သားတွေ အားလုံးကို တင်းရင်းစေပြီး ညာခြေနဲ့ ဘောလုံးကို အားကုန်ကန်ထည့်လိုက်တယ်။
ဘုန်း!
ကျယ်လောင်တဲ့အသံနဲ့အတူ လူတိုင်း မှင်သက်သွားကြတယ်။
ဘောလုံးက လေတိုးသံမြည်ပြီး ရှေ့ကို ပျံထွက်သွားတာပါ။
ဒါက... လင်းထျန်ရဲ့ ရုတ်တရက်လုပ်ရပ်ကြောင့် လူတိုင်း ကြောင်အသွားကြတယ်။ သူ ဘာလုပ်နေတာလဲ။
ဂိုးကန်သွင်းနေတာလား။
ဒါပေမဲ့ ဒါက အရမ်းလွန်လွန်းနေတယ် မဟုတ်ဘူးလား။ ကွင်းလယ်ကနေ လှမ်းကန်တာလေ။
ခဏလောက် ကြောင်အပြီးနောက် လူတိုင်း လေပေါ်က ဘောလုံးကို မော့ကြည့်လိုက်ကြတယ်။
နိုင်ငံခြားသား ဂိုးသမားကတော့ အပျင်းကြောဆန့်နေတုန်း ရှိသေးပေမယ့် ကွင်းထဲက လေထုအခြေအနေ မူမမှန်တာကို ရုတ်တရက် ခံစားမိလိုက်တယ်။
ဘာလို့ လူတိုင်း ကောင်းကင်ကို မော့ကြည့်နေကြတာလဲ။
ဂိုးသမားလည်း အလိုလို မော့ကြည့်လိုက်မိတယ်။
မော့ကြည့်လိုက်တဲ့အချိန်မှာပဲ သူ့ခန္ဓာကိုယ်ကနေ ချွေးစေးတွေ ချက်ချင်း ပြန်ထွက်လာတော့တယ်။
ဘောလုံး။
အဖြူရောင်ဘောလုံးတစ်လုံးက သူ့ကိုကျော်ပြီး အနောက်ဘက်က ဂိုးတိုင်ဆီ လေတိုးသံမြည်ပြီး ပျံသန်းသွားတာကို မြင်လိုက်ရတယ်။
ဒါကိုမြင်တော့ သူ လန့်ဖျပ်သွားပြီး အနောက်လှည့်ကာ အမြန်ပြေးလိုက်တော့တယ်။
ဒါပေမဲ့ နောက်ကျသွားပါပြီ။ သူလှည့်လိုက်တဲ့အချိန်မှာပဲ ဘောလုံးက မြက်ခင်းပြင်ပေါ် ကျသွားပြီး ဂိုးပေါက်ထဲကို တန်းဝင်သွားတယ်။
ဘုန်း ဘုန်း!
ဘောလုံးက ဂိုးပေါက်ထဲမှာ ခုန်ပေါက်နေတယ်။
တိတ်ဆိတ်ခြင်း!
ကွင်းတစ်ခုလုံး လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားတယ်။
ဘယ်သူမှ ဒီလိုဖြစ်မယ်လို့ ထင်မထားခဲ့ကြဘူး။
တီ!
ခဏလောက် တိတ်ဆိတ်သွားပြီးမှ ဒိုင်လူကြီးရဲ့ ခရာသံ ထွက်ပေါ်လာတယ်။ ဂိုးဝင်တယ်တဲ့။
"ဝေး... ရှယ်မိုက်တယ်ကွာ" ပရိသတ်တွေဆီက အားပေးသံတွေ ပေါက်ကွဲထွက်ပေါ်လာပြီး အသင်းဖော်တွေအားလုံး လင်းထျန်ဆီ စိတ်လှုပ်ရှားစွာ ပြေးလာကြတယ်။
အောင်ပွဲခံပြီးနောက် ပွဲပြန်စတယ်။ ဒီတစ်ခါ တဖက်အသင်း ဘောစတယ်။
လင်းထျန်ကြောင့် စိတ်ဓာတ်တက်ကြွသွားပုံရတဲ့ နိုင်ငံခြားသားအသင်းက အစွမ်းကုန် အာရုံစိုက်ကစားလာကြတယ်။ သူတို့ရဲ့ ပေးပို့မှုတွေ လှုပ်ရှားမှုတွေက အပြစ်ပြောစရာ မရှိဘူး။
လင်းထျန်တို့အသင်းကတော့ နည်းစနစ်ပိုင်း အားနည်းလွန်းတာကြောင့် ပြိုင်ဘက်ရဲ့ တရစပ်တိုက်စစ်ဆင်မှုကို မခံနိုင်ဘဲ မကြာခင်မှာပဲ ဂိုးပေးလိုက်ရတယ်။ ပြိုင်ဘက်အသင်းရဲ့ နံပါတ် ၁ တိုက်စစ်မှူးက လင်းထျန်တို့ဂိုးပေါက်ထဲ ဘောလုံးကို ပိတ်သွင်းလိုက်တာပါ။
ငါးဂိုး သုံးဂိုး။
ပြိုင်ဘက်သွင်းလိုက်တဲ့ ဒီဂိုးကြောင့် လင်းထျန်အသင်းရဲ့ ယုံကြည်မှု ပိုပြီး ကျဆင်းသွားတယ်။
ဒါကိုမြင်တော့ လင်းထျန်လည်း စိတ်ပူလာတယ်။ သူ ကြိုးစားမှဖြစ်မယ်။ မနိုင်ရင် စွမ်းရည်အမှတ် မရမယ့်အပြင် ရှိပြီးသား စွမ်းရည်အမှတ် နှစ်မှတ်ပါ အနှုတ်ခံရမှာ။ ဒါကို လင်းထျန် လက်မခံနိုင်ဘူး။
ဒါကြောင့် လင်းထျန် ဘောလုံးကို တက်ကြွစွာ ဝင်လုတယ်။
ကံဆိုးစွာနဲ့ပဲ ပြိုင်ဘက်က သူ့ကို သေချာလူကပ်ထားတာကြောင့် လင်းထျန် အခွင့်အရေး မရခဲ့ဘူး။
ငါးမိနစ်လောက်ကြာတော့မှ လင်းထျန် အခွင့်အရေးရလာတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ သူ့ကို ကစားသမားတစ်အုပ် ဝိုင်းထားပြီးဖြစ်လို့ ထိုးဖောက်ဖို့ အရမ်းခက်ခဲနေတယ်။
သူ့လက်ရှိနေရာကို တစ်ချက်ကြည့်လိုက်တော့ တဖက်ဂိုးတိုင်နဲ့ မီတာသုံးဆယ်လောက် ဝေးနေတယ်။
လုပ်လိုက်တော့မယ်။
အံကြိတ်လိုက်တယ်!
လင်းထျန် ဘောလုံးကို ကန်ထည့်လိုက်တယ်။
ဝှစ်!
ဘောလုံးက အမြောက်ဆန်လို လေတိုးသံမြည်ပြီး ပျံထွက်သွားတယ်။
ဘုန်း!
တဖက်ဂိုးသမားက အစွမ်းကုန် ခုန်ဖမ်းပေမယ့် သူ့လက်နဲ့ ဘောလုံးထိခါနီးလေးမှာပဲ ဘောလုံးက ရုတ်တရက် လမ်းကြောင်းပြောင်းသွားတယ်။
ကွေးကန်ချက်။
ဘုန်း!
ဘောလုံးက အဖြူရောင်ဂိုးပိုက်ကို ပြင်းပြင်းထန်ထန် ဝင်တိုးသွားတယ်။
တီ!
ဒိုင်လူကြီးရဲ့ ခရာသံထွက်ပေါ်လာတယ်။ ဂိုးဝင်တယ်။
ငါးဂိုး လေးဂိုး။ သူတို့ တစ်ဂိုးပဲ လိုတော့တယ်။
လက်ကျန်ပွဲချိန်မှာတော့ အကြိတ်အနယ် ဖြစ်နေတယ်။
နိုင်ငံခြားသားအသင်းက လင်းထျန်ကို မထိန်းနိုင်သလို လင်းထျန်တို့အသင်းကလည်း တဖက်အသင်းရဲ့ စုပေါင်းတိုက်စစ်ကို မထိန်းနိုင်ဘူး။
ရမှတ်က အပြန်အလှန် ဖြစ်နေတယ်။
ငါးဂိုး ငါးဂိုး။
ခြောက်ဂိုး ငါးဂိုး။
ခြောက်ဂိုး ခြောက်ဂိုး။
ခုနစ်ဂိုး ခြောက်ဂိုး။
ခုနစ်ဂိုး ခုနစ်ဂိုး။
ပွဲပြီးခါနီးမှာ ရမှတ်က ခုနစ်ဂိုးသရေ ဖြစ်နေပြီး လင်းထျန်တို့အသင်းရတဲ့ ဂိုးတွေထဲက ခြောက်ဂိုးကို လင်းထျန်တစ်ယောက်တည်း သွင်းထားတာပါ။
လင်းထျန် တစ်ယောက်တည်းက တဖက်အသင်းလုံးနဲ့ ယှဉ်ကစားနေရတယ်လို့ ပြောလို့ရတယ်။
ပွဲချိန်နောက်ဆုံးမိနစ်မှာ လင်းထျန် ကန်လိုက်တဲ့ဘောလုံး ဂိုးတန်းထိထွက်လာတာကို ပယ်နယ်တီဧရိယာထဲကနေ ကပ်ကြေးပြန်ထိုး ကန်သွင်းလိုက်တယ်။
ဂိုး!
ခုနစ်ဂိုး ရှစ်ဂိုး။
လင်းထျန် ဒီဂိုးသွင်းပြီးနောက် ပွဲပြီးတဲ့အထိ ပြိုင်ဘက်က ဂိုးထပ်မသွင်းနိုင်တော့ဘူး။
ရမှတ်က ခုနစ်ဂိုး ရှစ်ဂိုးနဲ့ အတည်ဖြစ်သွားတယ်။
ဒိုင်လူကြီးက ပွဲသိမ်းခရာ မှုတ်လိုက်တဲ့အချိန်မှာပဲ လင်းထျန်ခေါင်းထဲ အီလက်ထရောနစ်အသံ ထွက်ပေါ်လာတယ်။ "စူပါစီးရီး မစ်ရှင် - စတုတ္ထမြောက် မစ်ရှင်ခွဲဖြစ်တဲ့ ရှန်မုန့်ရီကို ဘောလုံးပွဲနိုင်အောင် ကူညီပေးခြင်း ပြီးမြောက်ပါပြီ။ မစ်ရှင်ဆုကြေး - စွမ်းရည်အမှတ် တစ်မှတ်"
ဒီအသံကို ကြားလိုက်ရတော့မှ လင်းထျန် သက်ပြင်းချလိုက်နိုင်တယ်။ နဖူးပေါ်က ချွေးတွေကို သုတ်ရင်း သူညည်းတွားလိုက်တယ်။ "မလွယ်လိုက်တာကွာ"
တကယ် မလွယ်ခဲ့ပါဘူး။
ပွဲကစားနေတုန်းက လင်းထျန် ရှုံးတော့မယ်လို့တောင် ထင်ခဲ့တာ။ ဘာမှမတတ်နိုင်ဘူးလေ။ ပြိုင်ဘက်ရဲ့ စုပေါင်းစွမ်းရည်က အရမ်းကောင်းလွန်းတော့ လင်းထျန် ကိုယ့်ဟာကိုယ် သိပ်ယုံကြည်မှု မရှိခဲ့ဘူး။
ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ သူနိုင်သွားပြီ။
ပွဲပြီးတော့ အောင်ပွဲခံကြတယ်။
ပြီးတော့ လင်းထျန်ရယ် သူ့အခန်းဖော်သုံးယောက်ရယ် ရှန်မုန့်ရီရယ် အတူတူ ကျောင်းကန်တင်းကို သွားကြတယ်။
ခြောက်နာရီထိုးခါနီးမို့ ကန်တင်းမှာ အစားအသောက် သိပ်မကျန်တော့ဘူး။ လင်းထျန်ကို ကျေးဇူးတင်တဲ့အနေနဲ့ ရှန်မုန့်ရီက ညစာဝယ်ကျွေးမယ်လို့ ပြောတယ်။
အလှလေးက ဝယ်ကျွေးမယ်ဆိုတာ ကြားတော့ လင်းထျန်ရဲ့ အခန်းဖော်သုံးယောက်က အရှက်မရှိ လိုက်မယ်လို့ ပြောကြတယ်။ ရှန်မုန့်ရီလည်း မတတ်သာတဲ့အဆုံး သူတို့ကိုပါ ခေါ်သွားရတော့တာပေါ့။
စားသောက်ဆိုင်သွားတဲ့လမ်းမှာ ရှန်မုန့်ရီက တစ်ရှူးနဲ့ ချွေးသုတ်နေတဲ့ လင်းထျန်ကို စူးစမ်းသလိုကြည့်ပြီး မေးတယ်။ "လင်းထျန် နင် တော်တော်မိုက်တာပဲ"
"ဘာ" လင်းထျန် ခဏရပ်သွားပြီး နဖူးကချွေးတွေကို တစ်ရှူးနဲ့သုတ်ရင်း အံ့သြစွာ ပြန်မေးလိုက်တယ်။
"နင် တော်တော်မိုက်တယ်လို့ ပြောတာ။ Talent Competition တုန်းကလည်း ပရိသတ်တစ်အားလုံးကို ဖမ်းစားနိုင်ခဲ့သလို မနေ့ကလည်း 'ရေပေါ်လမ်းလျှောက်သိုင်း' ပြခဲ့တယ်လို့ ကြားတယ်။ အခုလည်း ဘောလုံးကန် အရမ်းတော်နေပြန်ရော။ မဆိုးဘူးပဲ" ရှန်မုန့်ရီက လင်းထျန်ကို စူးစမ်းသလို ကြည့်နေတယ်။ ဒီနှာဘူးကောင်က တကယ်တော့ တော်တော် အရည်အချင်းရှိမှန်း သူတွေ့ရှိသွားပုံရတယ်။
ရှန်မုန့်ရီ ချီးကျူးတာကို ကြားတော့ လင်းထျန် မျက်ခုံးပင့်ပြီး မာန်တက်တဲ့ပုံစံနဲ့ ခေါင်းမော့လိုက်တယ်။ "အစ်ကိုကြီးက ဘယ်သူမှတ်လို့လဲ။ အစ်ကိုကြီး သိုင်းလောကက အနားယူသွားပေမယ့် အစ်ကိုကြီးရဲ့ ဒဏ္ဍာရီတွေကတော့ ပြောစမှတ်ပြုနေတုန်းပဲလေ။ သိုင်းလောကမှာ ငါမဖြေရှင်းနိုင်တဲ့ ကိစ္စဆိုတာ မရှိဘူး"
"ဟွန့် ကြွားပြန်ပြီ" ရှန်မုန့်ရီက လင်းထျန်ကို မျက်စောင်းထိုးလိုက်တယ်။
"ဘာလဲ မယုံဘူးလား။ တစ်ခုခုပြောကြည့်လေ" လင်းထျန် ရယ်မောလိုက်တယ်။
ရှန်မုန့်ရီက လင်းထျန်ကို ပြောစရာစကားမဲ့တဲ့ပုံစံနဲ့ ကြည့်လိုက်ပြီး ဝင်ခါနီးနေတဲ့ နေလုံးကြီးကို လက်ညှိုးထိုးပြကာ "ဒါဆို နေမင်းကြီး ပျောက်သွားအောင် လုပ်ပေး" လို့ ပြောလိုက်တယ်။
တီ!
ရှန်မုန့်ရီ စကားဆုံးတာနဲ့ လင်းထျန်ခေါင်းထဲ အီလက်ထရောနစ်အသံ ထွက်ပေါ်လာတယ်။ "စူပါစီးရီး မစ်ရှင် - ပဉ္စမမြောက် မစ်ရှင်ခွဲမှာ ရှန်မုန့်ရီရဲ့ ဆန္ဒဖြစ်တဲ့ နေမင်းကြီးကို ဖျက်ဆီးပေးရန် ဖြစ်သည်။ မစ်ရှင်ဆုကြေး - စွမ်းရည်အမှတ် တစ်မှတ်။ မစ်ရှင်ကျရှုံးပါက - စွမ်းရည်အမှတ် နှစ်မှတ် အနှုတ်ခံရမည်။ မှတ်ချက် - ဤမစ်ရှင်ကို တစ်ရက်အတွင်း ပြီးမြောက်အောင် လုပ်ဆောင်ရမည်။ သတ်မှတ်အချိန်အတွင်း မပြီးပြတ်ပါက ကျရှုံးသည်ဟု သတ်မှတ်မည်"
"သောက်ကျိုးနည်း" ခဏလောက် ကြောင်အသွားပြီးနောက် လင်းထျန် ရုတ်တရက် ဆဲရေးလိုက်တယ်။
ဘာကြီးလဲဟ။ ဒီမစ်ရှင်က ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
နေမင်းကြီးကို ဖျက်ဆီးရမယ် ဟုတ်လား။ ဘုရားရေ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
"ဘာလုပ်တာလဲ။ ဘာလို့ ဆဲနေတာလဲ" လင်းထျန် ရုတ်တရက် ဆဲလိုက်တာကြောင့် သူ့ဘေးက ရှန်မုန့်ရီ မကျေမနပ် ဖြစ်သွားတယ်။
"ဟင်" လင်းထျန် လန့်သွားပြီး ချက်ချင်း အသိပြန်ဝင်လာကာ သူမကို မဲ့ပြုံးပြုံးပြီး ကြည့်လိုက်တယ်။ "မဟုတ်ပါဘူး နင့်ကို ဆဲတာ မဟုတ်ပါဘူး"
"ဒါဆို ဘယ်သူ့ကို ဆဲတာလဲ" ရှန်မုန့်ရီက မကျေမနပ်နဲ့ မေးတယ်။ လင်းထျန် လွန်တယ်လို့ သူထင်နေတာ။
"ငါ သူ့ကို ဆဲနေတာ" ပြောရင်းနဲ့ လင်းထျန်က ကောင်းကင်က နေဝင်ချိန် နေလုံးကြီးကို လက်ညှိုးထိုးပြလိုက်တယ်။
"ဟင်" လင်းထျန်စကားကြောင့် ရှန်မုန့်ရီ ကြောင်သွားတယ်။ ဘာကိုဆိုလိုတာလဲ။
လင်းထျန်က မဲ့ပြုံးကြီးနဲ့ ရှင်းပြတယ်။ "သူက အရမ်းကြီးပြီး အရမ်းအစွမ်းထက်လွန်းလို့ ငါသူ့ကို ဘယ်လိုမှ မဖျက်ဆီးနိုင်ဘူး နင့်ဆန္ဒကိုလည်း မဖြည့်ဆည်းပေးနိုင်တော့ဘူးလေ။ ဒါကြောင့် သူ့ကို လှမ်းဆဲနေတာ"
လင်းထျန်ရဲ့ မျက်နှာပေးကြောင့် ရှန်မုန့်ရီ ရယ်မိသွားတယ်။ သူရယ်မောရင်း လင်းထျန်ပခုံးကို ပုတ်လိုက်တယ်။ "ရပါတယ်ဟာ ငါ နောက်လိုက်တာပါ။ ဒါပေမဲ့ နင့်ပုံစံက ရယ်ရတယ်"
လင်းထျန်မျက်နှာကတော့ ရှုံ့မဲ့နေပြီး လုံးဝ စိတ်ဓာတ်ကျနေတဲ့ပုံပါပဲ။
နင်က နောက်တာဆိုပေမယ့် စနစ်က နောက်နေတာ မဟုတ်ဘူးလေ။
ဒီမစ်ရှင်အကြောင်း တွေးမိတာနဲ့ လင်းထျန် ပြောစရာစကား မရှိတော့ဘူး။
သူ ကြွားမိတာ များသွားပြီ။
ဒီအကြွားက ကြီးလွန်းသွားပြီ။
သူ့ရဲ့ ပေါ့ပေါ့ပါးပါး ပြောလိုက်တဲ့စကားက ဒီလိုမစ်ရှင်မျိုး ဖြစ်လာလိမ့်မယ်လို့ လင်းထျန် လုံးဝ ထင်မထားခဲ့မိဘူး။
နေမင်းကြီးကို ဖျက်ဆီးရမယ် ဟုတ်လား။
ရယ်စရာကောင်းလွန်းနေပြီ။ နေမင်းကြီးကို ဖျက်ဆီးရင်တောင် ပျက်စီးချင်မှ ပျက်စီးမှာ။
"ကျွတ်... ဒီမစ်ရှင်က တကယ် ကျရှုံးတော့မှာလား" လင်းထျန် စိတ်ပျက်လက်ပျက် တွေးနေမိတယ်။
စိတ်ထဲမှာ ဒါကိုပဲ တွေးနေတာကြောင့် ညစာစားနေရင်း လင်းထျန် စိတ်နဲ့လူနဲ့ မကပ်ဘူး။ ဒီမစ်ရှင်အောင်မြင်ဖို့ နည်းလမ်းရှိမလားဆိုတာပဲ ခေါင်းထဲမှာ စဉ်းစားနေမိတယ်။
တကယ်တမ်း နေမင်းကြီးကို ဖျက်ဆီးဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။
အဲလိုလုပ်ဖို့ဆိုတာ သူရူးနေမှပဲ ဖြစ်မှာ။ ပြီးတော့ လုပ်ချင်ရင်တောင် သူ့မှာ အဲဒီလောက် စွမ်းရည်မရှိဘူး။
မစ်ရှင်ပြီးဖို့ တစ်ရက် အချိန်ကျန်သေးတာမို့ နောက်တစ်နေ့မှာ လင်းထျန် နည်းမျိုးစုံ ကြိုးစားကြည့်တယ်။
Special effects တွေသုံးတယ် Photoshop နဲ့ သူ့ပုံကို ထည့်ပြီး ကွန်ပျူတာထဲမှာ နေမင်းကြီးကို ဖျက်ဆီးကြည့်တယ်။
ဒါပေမဲ့ ဒါပေမဲ့ အလကားပါပဲ။
ဒါနဲ့ လင်းထျန်က ပိုက်ဆံအကုန်ခံပြီး နေအတုတစ်ခု လုပ်ကာ ကိုယ်တိုင် ဖျက်ဆီးပစ်လိုက်တယ်။
ဒါပေမဲ့ ဒါလည်း လုံးဝ အလကားပါပဲ။
လင်းထျန် တခြားနည်းလမ်းတွေ အမျိုးစုံ ကြိုးစားကြည့်ပေမယ့် အားလုံး မအောင်မြင်ပါဘူး။
တစ်ရက်တာ ကုန်ဆုံးသွားတယ်။
အချိန်တွေ ကုန်ဆုံးသွားတာကို ကြည့်ပြီး လင်းထျန် လုံးဝ လက်မြှောက်လိုက်ရတယ်။
သူ နည်းလမ်းပေါင်းစုံ ကြိုးစားကြည့်ပြီးပြီ ဘာမှ အလုပ်မဖြစ်ဘူး။
တီ!
အချိန်ပြည့်သွားပြီး လင်းထျန်ခေါင်းထဲ အီလက်ထရောနစ်အသံ ထွက်ပေါ်လာတယ်။ "စူပါ..."
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: