အချိန်ပြည့်သွားတာနဲ့ လင်းထျန်ခေါင်းထဲ အီလက်ထရောနစ်အသံ ထွက်ပေါ်လာတယ်။ "စူပါစီးရီး မစ်ရှင် - ပဉ္စမမြောက် မစ်ရှင်ခွဲဖြစ်တဲ့ ရှန်မုန့်ရီရဲ့ ဆန္ဒဖြစ်တဲ့ နေမင်းကြီးကို ဖျက်ဆီးပေးရန်မှာ ကျရှုံးသွားပါပြီ။ စွမ်းရည်အမှတ် နှစ်မှတ် အနှုတ်ခံရမည်"

ဒီအသံထွက်လာပြီးနောက် သူ့အသိစိတ်ပင်လယ်ထဲက ရွှေရောင် စွမ်းရည်အမှတ် သုံးမှတ်ထဲက နှစ်မှတ် ပျောက်ကွယ်သွားတာကို လင်းထျန် ကိုယ်တိုင် မြင်လိုက်ရတယ်။

မူလက လင်းထျန်ဆီမှာ စွမ်းရည်အမှတ် သုံးမှတ်ရှိပေမယ့် အခုတော့ တစ်မှတ်ပဲ ကျန်တော့တယ်။

"သောက်ကျိုးနည်းကွာ" လင်းထျန် ဒေါသထွက်လွန်းလို့ နှာခေါင်းတောင် ရှုံ့မဲ့သွားတယ်။

ကျရှုံးတယ်တဲ့!

ဒါက လင်းထျန်အတွက် ပထမဆုံး မစ်ရှင်ကျရှုံးဖူးခြင်းဖြစ်ပြီး သူ့ရဲ့ ပထမဆုံး ရှုံးနိမ့်မှုပါပဲ။

"လိမ်လိုက်တာကွာ" လင်းထျန် သူ့မျက်နှာကို လက်နဲ့ပွတ်လိုက်ပြီး စိတ်ပျက်လက်ပျက် ဖြစ်နေတယ်။

စိတ်တိုလိုက်တာ!

လင်းထျန် တော်တော်လေး စိတ်တိုနေတယ်။

ရုတ်တရက် လင်းထျန်ရဲ့ လက်ရပ်တန့်သွားပြီး သူကြောင်သွားတယ်။

တီ!

လင်းထျန်ခေါင်းထဲ အီလက်ထရောနစ်အသံ ထွက်ပေါ်လာပြန်တယ်။ "စူပါစီးရီး မစ်ရှင် - ဆဋ္ဌမမြောက် မစ်ရှင်ခွဲမှာ ရှန်မုန့်ရီ ရင်ဆိုင်နေရတဲ့ ယာဉ်မောင်းနဲ့ ပြဿနာကို ကူညီဖြေရှင်းပေးရန် ဖြစ်သည်။ မစ်ရှင်ဆုကြေး - စွမ်းရည်အမှတ် တစ်မှတ်။ မစ်ရှင်ကျရှုံးပါက - စွမ်းရည်အမှတ် နှစ်မှတ် အနှုတ်ခံရမည်။ မှတ်ချက် - ဤမစ်ရှင်ကို ဆယ်မိနစ်အတွင်း ပြီးမြောက်အောင် လုပ်ဆောင်ရမည်။ သတ်မှတ်အချိန်အတွင်း မပြီးပြတ်ပါက ကျရှုံးသည်ဟု သတ်မှတ်မည်"

ဒီအသံကို ကြားလိုက်တော့ လင်းထျန် ခဏကြောင်သွားပြီး "တောက်" လို့ ဆဲရေးလိုက်တယ်။

ဆဲပြီးတာနဲ့ လင်းထျန် ချက်ချင်းထပြီး အပြင်ကို ပြေးထွက်သွားတယ်။

လင်းထျန် အလျင်စလို ပြေးထွက်သွားတာကို မြင်တော့ လင်းထောင်နဲ့ ကျန်တဲ့သူတွေ ကြောင်သွားပြီး ဘာဖြစ်မှန်း နားမလည်နိုင်ကြဘူး။

အဆောင်ကနေ ပြေးထွက်လာတာနဲ့ လင်းထျန်က ဘယ်ညာ ဝေ့ကြည့်လိုက်တယ်။

ပြီးတော့ လင်းထျန်ရဲ့ အကြည့်က အနောက်မြောက်ဘက်ကို ရောက်သွားတယ်။

အဲဒီဘက်မှာ အနီရောင်အလင်းတန်း လက်နေတဲ့ ပုံရိပ်တစ်ခုကို လင်းထျန် တွေ့လိုက်ရတယ်။

အဲဒါက ရှန်မုန့်ရီရဲ့ ပုံရိပ်ပါပဲ။

အနီရောင်အလင်းတန်းကို မြင်တာနဲ့ လင်းထျန် အဲဒီဘက်ကို အမြန်ပြေးသွားတယ်။ ရှန်မုန့်ရီရဲ့ လက်ရှိနေရာက ကျောင်းရဲ့ အမှတ် ၄ ဂိတ်ပေါက် ဖြစ်နိုင်တယ်။

လင်းထျန် အပြေးအလွှား လာနေတဲ့အချိန်မှာ ရှန်မုန့်ရီကတော့ ဒေါသထွက်လွန်းလို့ ပေါက်ကွဲလုနီးပါး ဖြစ်နေတယ်။

သူမက ရှေ့က ယာဉ်မောင်းကို ဒေါသတကြီး စိုက်ကြည့်ပြီး အော်ပြောလိုက်တယ်။ "တစ်ရာလို့ ပြောထားတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် တစ်ရာ့နှစ်ဆယ် ဖြစ်သွားရတာလဲ"

"အစတုန်းက လမ်းက အရမ်းဝေးတယ်လေ၊ ငါ့ဆီဖိုးတောင် မကာမိဘူး" ဆံပင်ကေအပြားနဲ့ ယာဉ်မောင်းက ရှန်မုန့်ရီကို ဂရုမစိုက်တဲ့ပုံစံနဲ့ ပြောတယ်။

"အစတုန်းက ရှင်က လမ်းသိတယ်လို့ ပြောပြီးတော့ ရှင်ကိုယ်တိုင် လမ်းမှားခဲ့တာလေ။ ဘယ်လိုလူလဲရှင်က" ရှန်မုန့်ရီက ယာဉ်မောင်းကို ဒေါသတကြီး ကြည့်ပြီး ပြောတယ်။

"ဟုတ်တယ်၊ ဟုတ်တယ်။ ဒါက ခင်ဗျားပြဿနာလေ။ လမ်းပိုဝေးသွားတာက ခင်ဗျား လမ်းမကျွမ်းလို့ ဖြစ်တာ၊ ကျနော်တို့နဲ့ ဘာဆိုင်လို့လဲ" ရှန်မုန့်ရီဘေးက ကျောင်းသားတစ်ယောက်ကလည်း ယာဉ်မောင်းကို စိတ်ပျက်တဲ့ပုံစံနဲ့ ဝင်ပြောတယ်။

"ငါတို့ အများဆုံး တစ်ရာပဲ ပေးနိုင်မယ်၊ ပိုမပေးနိုင်ဘူး" တခြားကျောင်းသားတွေကလည်း ထောက်ခံပြောဆိုကြတယ်။

ဒီနေ့ ရှန်မုန့်ရီနဲ့ သူ့ကလပ်အဖွဲ့သားတွေ အပြင်ထွက်လည်ကြတာပါ။ ကျောင်းရှေ့က ဗင်ကားနှစ်စီးကို ငှားခဲ့ပြီး တစ်စီးကို အသွားအပြန် တစ်ရာဈေးတည့်ထားတာပါ။

ဒါပေမဲ့ ယာဉ်မောင်းက လမ်းမသိဘဲ လမ်းလွဲမောင်းမိပြီးမှ လမ်းဝေးတယ်ဆိုပြီး အပြန်ကျတော့ စကားပြောင်းကာ ပိုက်ဆံပိုတောင်းနေတာပါ။

ဒါကို ရှန်မုန့်ရီတို့အဖွဲ့က လက်မခံနိုင်ကြဘူး။ ဒီပြဿနာက ယာဉ်မောင်းတွေရဲ့ အမှားသက်သက်ပါ။ အစတုန်းကတော့ လမ်းသိတယ်ပြောပြီး ကိုယ်တိုင် လမ်းမှားမောင်းခဲ့တာလေ။ ခရီးပိုဝေးသွားတာ သူတို့နဲ့ မဆိုင်ဘူး။

"ဟုတ်တယ်၊ အများဆုံး တစ်ရာပဲ၊ ပိုမပေးနိုင်ဘူး"

"ဟုတ်တယ်၊ ဟုတ်တယ်"

အားလုံး ဝိုင်းအော်ပြောလိုက်ကြတယ်။

ဒီခရီးစဉ်မှာ လူဆယ်ယောက်ကျော် ပါပေမယ့် အများစုက မိန်းကလေးတွေဖြစ်ပြီး ယောကျ်ားလေးဆိုလို့ လေးငါးယောက်လောက်ပဲ ပါတယ်။

ဝိုင်းပြောတာကို ကြားတော့ ဆံပင်ကေအပြားနဲ့ ယာဉ်မောင်းရဲ့ မျက်နှာထား ချက်ချင်း ပြောင်းသွားတယ်။ သူက ကားခေါင်းဖုံးကို လက်နဲ့ထုပြီး "သောက်ကျိုးနည်းကွာ၊ မပေးရင် မင်းတို့ ပြန်မရဘူးမှတ်" လို့ အော်ပြောလိုက်တယ်။

"ခင်ဗျားက ပြန်မရဘူးဆိုတာနဲ့ ကျနော်တို့က ပြန်မရတော့ဘူးလား" တဖက်လူရဲ့ မောက်မာတဲ့စကားကြောင့် ကျောင်းသားတချို့က မနေနိုင်ဘဲ ပြန်လှောင်ပြောင်လိုက်တယ်။

"သောက်ကျိုးနည်း၊ မင်း ဘာပြောလိုက်တာလဲ" ဒါကို ကြားတော့ ဆံပင်ကေအပြားနဲ့လူက ရှေ့တက်လာပြီး ကျောင်းသားရဲ့ နှာခေါင်းကို လက်ညှိုးထိုးကာ အော်ဟစ်တော့တယ်။

ဒီမြင်ကွင်းကို မြင်တော့ ဘေးပတ်ဝန်းကျင်က ကျောင်းသားတွေ ဝိုင်းကြည့်လာကြတယ်။ တစ်ချိန်တည်းမှာပဲ တခြား ဗင်ကားယာဉ်မောင်းတွေလည်း ရောက်လာကြတယ်။

ဗင်ကားယာဉ်မောင်း ဆယ်ယောက်ကျော်လောက်က စကားပြောလိုက်တဲ့ ကျောင်းသားကို ဝိုင်းထားလိုက်ကြတယ်။

"ငါ့ကောင်၊ မင်းက ဘာသဘောလဲ။ ငါနဲ့ ချချင်တာလား" ထိပ်ပြောင်ပြောင်နဲ့ ယာဉ်မောင်းတစ်ယောက်က ကျောင်းသားကို မျက်နှာထားတင်းတင်းနဲ့ ကြည့်ပြီး မေးတယ်။

ကျောင်းသားကို လူဆယ်ယောက်ကျော် ဝိုင်းထားတာမြင်တော့ ရှန်မုန့်ရီ လန့်သွားပြီး လူအုပ်ကြား တိုးဝင်ကာ "ဘာလုပ်ကြတာလဲ၊ ဘာလုပ်ကြတာလဲ။ လူကို အနိုင်ကျင့်ချင်နေတာလား" လို့ အော်ပြောလိုက်တယ်။

"ဘာဖြစ်ကြတာလဲ"

အဲဒီအချိန်မှာ ကျောင်းပေါက်ဝက လုံခြုံရေးဝန်ထမ်းတွေလည်း အခြေအနေကို သတိထားမိပြီး အပြေးရောက်လာကြတယ်။

လုံခြုံရေးဝန်ထမ်းအချို့ ရောက်လာတာမြင်တော့ ရှန်မုန့်ရီက အကျိုးအကြောင်း အမြန်ရှင်းပြတယ်။

အခြေအနေကို အကဲခတ်ပြီးနောက် အသက်ကြီးကြီး လုံခြုံရေးဝန်ထမ်းက ရှန်မုန့်ရီနဲ့ တခြားကျောင်းသားအချို့ကို ဘေးခေါ်ထုတ်ပြီး တိုးတိုးလေး ပြောတယ်။

"ငါပြောမယ်၊ ဒီကိစ္စကို ဒီလောက်နဲ့ပဲ ထားလိုက်ပါတော့၊ ယွမ်နှစ်ဆယ် ပိုပေးရတာပဲရှိတာ" အသက်ကြီးကြီး လုံခြုံရေးဝန်ထမ်းက ရှန်မုန့်ရီတို့ကို နားချတယ်။

"ဘယ်လိုလုပ် ဖြစ်မှာလဲ။ ဒါ သူတို့အမှားလေ" ရှန်မုန့်ရီက လက်မခံနိုင်တဲ့ပုံစံနဲ့ ပြောတယ်။

"ဟူး... ပြဿနာမဖြစ်အောင် နေပါကွာ၊ ဖြစ်လာရင် မင်းတို့ပဲ ခံရမှာ။ သူတို့က လူအုပ်နဲ့ကွ၊ မင်းတို့မသိလို့ပါ၊ လွန်ခဲ့တဲ့ နှစ်နှစ် နွေရာသီကျောင်းပိတ်ရက်တုန်းက ကျောင်းက ကျောင်းကားတွေသုံးပြီး ကျောင်းသားတွေကို ဘူတာရုံအထိ လိုက်ပို့ပေးဖို့စီစဉ်တုန်းက သူတို့စီးပွားရေး ထိခိုက်တယ်ဆိုပြီး ကျောင်းကားတွေကို တားဆီးပြီး ရိုက်ခွဲပစ်ကြတာ။

နောက်ဆုံး ဘာဖြစ်သွားလဲ။

ကျောင်းဘက်ကပဲ လိုက်လျောပြီး အဲဒီအစီအစဉ်ကို ဖျက်သိမ်းပေးလိုက်ရတယ်လေ။

ကျောင်းတောင် သူတို့ကို မထိရဲတာ၊ မင်းတို့လည်း ဒီလောက်နဲ့ပဲ ထားလိုက်ကြပါ။ တကယ် ရန်ဖြစ်လာရင် မင်းတို့ပဲ ခံရမှာ။ သူတို့က ရန်ဖြစ်ရင် အသေအကြေ လုပ်ကြတာကွ"

ဒါကို ကြားတော့ ရှန်မုန့်ရီနဲ့ တခြားသူတွေ မှင်သက်သွားကြတယ်။

အဲဒီလောက်တောင် မိုက်ရိုင်းတာလား။

မူလက ရှန်မုန့်ရီတို့ လက်မလျော့ချင်ကြပေမယ့် လုံခြုံရေးဝန်ထမ်းပြောတာ ကြားပြီးနောက် သူတို့မှာ ရွေးချယ်စရာ မရှိတော့သလို ဖြစ်သွားတယ်။

ယွမ်နှစ်ဆယ်လောက်နဲ့တော့ အထိခိုက်မခံနိုင်သလို အသက်အန္တရာယ်လည်း အဖြစ်မခံနိုင်ဘူးလေ။

မကျေနပ်ပေမယ့်လည်း ရှန်မုန့်ရီတို့အဖွဲ့ နောက်ဆုံးတော့ အလျော့ပေးဖို့ ရွေးချယ်လိုက်ရတယ်။

ရှန်မုန့်ရီတို့အဖွဲ့ ပိုက်ဆံပေးဖို့ လုပ်နေတုန်း လင်းထျန် အပြေးရောက်လာတယ်။

သူ့အကြည့်က အခြေအနေတစ်ခုလုံးကို ဖြတ်ကြည့်လိုက်ပြီး ပိုက်ဆံရှင်းတော့မယ့် ရှန်မုန့်ရီဆီမှာ ရပ်တန့်သွားတယ်။

လင်းထျန် အမြန်ပြေးသွားပြီး "ဘာဖြစ်တာလဲ" လို့ လှမ်းမေးလိုက်တယ်။

လင်းထျန်ကို မြင်တော့ ရှန်မုန့်ရီ နည်းနည်းအံ့သြသွားပြီး ဖြစ်ကြောင်းကုန်စင် တိုးတိုးလေး ရှင်းပြတယ်။

ကောင်မလေးက ပိုက်ဆံပေးခါနီးမှ လူတစ်ယောက်နဲ့ စကားပြောနေတာမြင်တော့ ပိုက်ဆံယူဖို့ စောင့်နေတဲ့ ယာဉ်မောင်းတွေ စိတ်မရှည်တော့ဘဲ "မြန်မြန်လုပ်၊ မြန်မြန်လုပ်၊ ဘာလုပ်နေတာလဲ" လို့ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုလာတယ်။

ဒီအချိန်မှာ လင်းထျန် ဘာဖြစ်နေလဲဆိုတာ သဘောပေါက်သွားပြီ။

သူ မော့ကြည့်လိုက်ပြီး ပိုက်ဆံအိတ်ထဲက ယွမ်တစ်ရာတန် နှစ်ရွက်ထုတ်ကာ ပစ်ပေးလိုက်တယ်။ "နှစ်ရာ၊ ယူချင်ယူ မယူချင်ရင် ထွက်သွား"

လင်းထျန်ရဲ့ လေသံက လုံးဝ ယဉ်ကျေးမနေဘူး။ မစ်ရှင်ကျရှုံးလို့ စိတ်တိုနေတဲ့အရှိန်နဲ့ ဒီအချိန်မှာ သဘောကောင်း မနေနိုင်တော့ဘူး။

ခဏလောက် ကြောင်အသွားပြီးနောက် ယာဉ်မောင်းက လင်းထျန်ကို ဒေါသတကြီး စိုက်ကြည့်ပြီး "ဟေ့ကောင်၊ စကားကို ဆင်ခြင်ပြောနော်" လို့ ပြောတယ်။

"ငါပြောနေတယ်လေ၊ ဒီနှစ်ရာယူပြီး သွားမလား၊ ဒါမှမဟုတ် ထွက်သွားမလားလို့" လင်းထျန် စိတ်မရှည်တဲ့ပုံစံနဲ့ ပြောလိုက်တယ်။

ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခကြောင့် ရှိနေတဲ့လူတိုင်း ကြောင်သွားကြတယ်။

လင်းထျန် ဒီလောက် စိတ်မြန်လက်မြန်ရှိမယ်လို့ ဘယ်သူမှ ထင်မထားကြဘူး။

ယာဉ်မောင်းတွေလည်း ကြောင်သွားကြတယ်။ လင်းထျန် ဒီလောက် မောက်မာမယ်လို့ မထင်ထားဘူးလေ။

ခဏလောက် ကြောင်ပြီးနောက် ယာဉ်မောင်းတစ်ယောက်က ကားတံခါးဖွင့်ပြီး သစ်သားတုတ်တစ်ချောင်း ဆွဲထုတ်ကာ "သောက်ကျိုးနည်းကွာ၊ မင်းကို အချိုးပြေအောင် သင်ပေးရမယ်" လို့ အော်ဟစ်ပြီး လင်းထျန်ခေါင်းကို ရိုက်ချလိုက်တယ်။

"အာ..." ဒီမြင်ကွင်းကို မြင်တော့ ရှန်မုန့်ရီ အော်ဟစ်လိုက်မိတယ်။