အခန်း (၁၅၂) တွက်ပေးရမလား
သစ်သားတုတ်က သူ့ခေါင်းဆီကို ဝင်လာတာမြင်တော့ လင်းထျန် မျက်လုံးမှေးလိုက်ပြီး ရုတ်တရက် လက်ကိုဆန့်ထုတ်လိုက်တယ်။
ဖျောင်း!
ကလေးလက်မောင်းလောက်ရှိတဲ့ သစ်သားတုတ်ကြီးက လင်းထျန်ရဲ့ လက်တစ်ဖက်တည်းနဲ့ ဖမ်းဆွဲခြင်းကို ခံလိုက်ရတယ်။
လင်းထျန်ရဲ့ မျက်နှာက အေးစက်နေပြီး သစ်သားတုတ်ကို ဆုပ်ကိုင်ထားကာ အားကုန် ဆွဲယူလိုက်တယ်။
ဝှစ်!
ချက်ချင်းဆိုသလိုပဲ ယာဉ်မောင်းခမျာ လက်နှစ်ဖက်လုံး ပူလောင်သွားသလို ခံစားလိုက်ရပြီး သူအတင်းဆုပ်ကိုင်ထားတဲ့ သစ်သားတုတ်က လင်းထျန်ဆီကို ပါသွားတော့တယ်။
"ငါ့ကို ရိုက်တာလား။ သေချင်နေတာပဲ" လင်းထျန်က ယာဉ်မောင်းကို အေးစက်စွာ ကြည့်လိုက်ပြီး လက်တစ်ဖက်တည်း ကိုင်ထားတဲ့ သစ်သားတုတ်နဲ့ ယာဉ်မောင်းရဲ့ ပေါင်ကို ရိုက်ချလိုက်တယ်။
ဖျောင်း!
ကျိုးပဲ့သံနဲ့အတူ ယာဉ်မောင်းက ချက်ချင်း အော်ဟစ်ပြီး ကြမ်းပြင်ပေါ် လဲကျသွားတယ်။
နာလိုက်တာ!
နာလိုက်တာ!
ပေါင်က စူးခနဲ နာကျင်သွားပြီး သူ့ခြေထောက် ကျိုးသွားပြီလို့တောင် ထင်လိုက်မိတယ်။
ခဏလောက် ကြောင်သွားပြီးနောက် တခြားယာဉ်မောင်းတွေ သတိပြန်ဝင်လာကြပြီး အော်ဟစ်ကာ လင်းထျန်ဆီ အကုန်ပြေးဝင်လာကြတယ်။
ရုတ်တရက်ဖြစ်သွားတဲ့ မြင်ကွင်းကြောင့် ကျောင်းသားတွေအားလုံး ကြောင်အသွားကြပြီးနောက် အမြန် ရှောင်တိမ်းကြတယ်။
ကျောင်းသားအများစုက လင်းထျန်ကို ကြည့်နေကြပြီး သူတို့မျက်လုံးထဲမှာ စိုးရိမ်မှုတွေ ထိတ်လန့်မှုတွေ အပြည့်ပါပဲ။
စိတ်ထဲမှာတော့ ကျောင်းသားတွေအားလုံး လင်းထျန်ဘက်ကပါပဲ။ ဒါပေမဲ့ အခုချိန်မှာ လင်းထျန်က တစ်ယောက်တည်းဖြစ်ပြီး ဟိုဘက်က ဆယ်ယောက်ကျော်လောက် ရှိနေတော့ လင်းထျန် သေချာပေါက် ခံရတော့မယ်လို့ ထင်နေကြတယ်။ သူ သေချာပေါက် အရိုက်ခံရတော့မယ်။
အရိုက်ခံရမှာ သေချာသလောက်ပဲ။
ဒါပေမဲ့ နောက်ဆက်တွဲမြင်ကွင်းကတော့ လူတိုင်းကို မျက်လုံးပြူးသွားစေတယ်။
ဒါက... ဘုန်း ဘုန်း!
ခွမ်း ခွမ်း!
အသံတစ်ချက်ထွက်လာတိုင်း လူတစ်ယောက် လဲကျသွားတယ်။
လင်းထျန်က မျက်နှာထား အေးစက်စက်နဲ့ လက်ထဲက သစ်သားတုတ်ကို လျင်မြန်စွာ ဝှေ့ယမ်းနေတယ်။
အလွန်မြန်လွန်းတာကြောင့် တုတ်ရဲ့ အရိပ်တွေတောင် ထွက်ပေါ်နေတယ်။
အော်ဟစ်သံတွေ ထွက်ပေါ်လာတိုင်း လင်းထျန်ကတော့ ဘာမှမဖြစ်ဘဲ သူ့ဆီပြေးဝင်လာတဲ့ ဗင်ကားယာဉ်မောင်းတွေသာ တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်ကြတယ်။
ဆယ်စက္ကန့်ကျော်လေးအတွင်းမှာပဲ လင်းထျန်ဆီ ရန်လိုစွာ ပြေးဝင်လာတဲ့ လူဆယ်ယောက်ကျော်လုံး ကြမ်းပြင်ပေါ်မှာ လဲလျောင်းပြီး ညည်းညူနေကြရပြီ။
လင်းထျန်က ပတ်ဝန်းကျင်ကို အေးစက်စက် ဝေ့ကြည့်လိုက်ပြီး လက်ထဲက ကျိုးနေတဲ့ သစ်သားတုတ်ကို လွှင့်ပစ်ကာ တံတွေးထွေးပြီး "သောက်ကျိုးနည်း အနေအထိုင်ကို မတတ်ဘူး" လို့ ဆဲလိုက်တယ်။
တိတ်ဆိတ်ခြင်း!
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး အားလုံးက လင်းထျန်ကို ကြောင်ငေးကြည့်နေကြတယ်။
"ဟူး..." လင်းထျန် အသက်ပြင်းပြင်းရှူလိုက်ပြီး ခုနက ပေါက်ကွဲလိုက်ရလို့ စိတ်ထဲ နည်းနည်းပေါ့ပါးသွားတယ်။
"လင်း... လင်းထျန်..." ရှန်မုန့်ရီက လင်းထျန်ကို ကြောင်ကြည့်နေပြီး ဘာပြောရမှန်းမသိ ဖြစ်နေတယ်။
ရှန်မုန့်ရီ စကားပြောလိုက်တာနဲ့ လင်းထျန်ခေါင်းထဲ အီလက်ထရောနစ်အသံ ထွက်ပေါ်လာတယ်။ "စူပါစီးရီး မစ်ရှင် - ဆဋ္ဌမမြောက် မစ်ရှင်ခွဲဖြစ်တဲ့ ရှန်မုန့်ရီ ရင်ဆိုင်နေရတဲ့ ယာဉ်မောင်းနဲ့ ပြဿနာကို ကူညီဖြေရှင်းပေးရန် ပြီးမြောက်ပါပြီ။ မစ်ရှင်ဆုကြေး - စွမ်းရည်အမှတ် တစ်မှတ်"
အီလက်ထရောနစ်အသံ ထွက်ပေါ်လာတာနဲ့ သူ့အသိစိတ်ပင်လယ်ထဲမှာ ပျံဝဲနေတဲ့ စွမ်းရည်အမှတ်တွေကြား နောက်ထပ် တစ်မှတ် တိုးလာတာကို လင်းထျန် ခံစားလိုက်ရတယ်။
အသိစိတ်ပင်လယ်ထဲက စွမ်းရည်အမှတ်တွေကို ကြည့်လိုက်တော့ လင်းထျန် စိတ်သက်သာရာရသွားတယ်။ စွမ်းရည်အမှတ် နှစ်မှတ် အနှုတ်ခံလိုက်ရပေမယ့် အခု တစ်မှတ်ပြန်ရပြီလေ။
လင်းထျန်မှာ အခု စွမ်းရည်အမှတ် စုစုပေါင်း နှစ်မှတ် ရှိသွားပြီ။
"လင်းထျန်..." လင်းထျန် တွေးနေတုန်း ရှန်မုန့်ရီရဲ့အသံ နားထဲရောက်လာပြန်တယ်။
"ဟင်" လင်းထျန် လန့်သွားပြီး အသိပြန်ဝင်လာကာ ရှန်မုန့်ရီဘက် လှည့်ကြည့်လိုက်တယ်။
ရှန်မုန့်ရီရဲ့ လှပတဲ့မျက်နှာလေးပေါ်မှာ စိုးရိမ်တဲ့ အရိပ်အယောင်တွေကို လင်းထျန် တွေ့လိုက်ရတယ်။
"ဘာဖြစ်လို့လဲ" ရှန်မုန့်ရီရဲ့ ပုံစံက တစ်မျိုးဖြစ်နေလို့ လင်းထျန် မေးလိုက်တယ်။
ရှန်မုန့်ရီက လင်းထျန်ကို စိုးရိမ်တကြီးကြည့်ပြီး ဘေးကိုဆွဲခေါ်ကာ တိုးတိုးလေး ပြောတယ်။ "နင် ပြဿနာတက်တော့မယ်။ သူတို့က ဒီလောက်ပဲရှိတာ မဟုတ်ဘူး သေချာပေါက် လက်တုံ့ပြန်ကြမှာ"
ရှန်မုန့်ရီက လင်းထျန်အတွက် အရမ်းစိုးရိမ်နေတာပါ။ ဒီလူတွေက လက်စားချေဖို့ ပြန်လာကြမှာ သေချာတယ်။
လင်းထျန် သူမကို အံ့သြသလို ကြည့်လိုက်ပြီး ဂရုမစိုက်တဲ့ပုံစံနဲ့ ပြုံးကာ "ရပါတယ် ငါသိပါတယ်" လို့ ပြောလိုက်တယ်။ ပြောရင်းနဲ့ လင်းထျန်က ရှန်မုန့်ရီရဲ့ပခုံးကို ပုတ်ကာ ပေါ့ပါးတဲ့ပုံစံနဲ့ "ငါဘာမှမဖြစ်ပါဘူး ဒါတွေအကုန်လုံး ငါရှင်းလိုက်ပါ့မယ်" လို့ ပြောတယ်။
"မဖြစ်ဘူး..." ရှန်မုန့်ရီ နည်းနည်းစိတ်လောလာတယ်။ လင်းထျန်က အခြေအနေရဲ့ အတိမ်အနက်ကို နားမလည်ဘူးလို့ သူထင်နေတာ။
"ရပါတယ်ဆို ငါဘာမှမဖြစ်ပါဘူး ငါအရင်သွားနှင့်တော့မယ်" လင်းထျန်က ရှန်မုန့်ရီစကားကို ဖြတ်ပြောပြီး လက်ပြကာ ကျောင်းထဲကို ပြန်ဝင်သွားတယ်။
လင်းထျန် လှည့်မကြည့်ဘဲ ထွက်သွားတာကို မြင်တော့ ရှန်မုန့်ရီ ခြေဆောင့်ပြီး "စေတနာနဲ့ ပြောတာကိုကွာ" လို့ စိတ်ဆိုးမာန်ဆိုး ပြောလိုက်တယ်။
လင်းထျန်က သူ့နောက်ကျောက ရှန်မုန့်ရီရဲ့ ညည်းတွားသံကို ကြားပေမယ့် လှည့်မကြည့်ဘဲ ရှေ့ဆက်လျှောက်သွားတယ်။
ရှန်မုန့်ရီပြောတာ မှန်တယ်ဆိုတာ လင်းထျန် သိပါတယ်။ ဒီအတိုင်းထားလိုက်ရင် အဲဒီလူတွေက သေချာပေါက် လက်စားချေဖို့ ပြန်လာမှာဖြစ်ပြီး အဲဒီကျရင် သူ ဒုက္ခရောက်မှာ သေချာတယ်။
လင်းထျန်က သူတို့ လက်စားချေမှာကို မကြောက်ပေမယ့် ပြဿနာတက်မှာကိုတော့ ကြောက်တယ်။ ပြဿနာတက်ရင် သူ့ရဲ့ ပုံမှန်စာသင်ကြားရေးကို အနှောင့်အယှက်ဖြစ်စေမှာလေ။
အဆောင်ကို ပြန်လျှောက်သွားရင်း ဖြေရှင်းနည်းရှိမလားဆိုတာ လင်းထျန် စဉ်းစားနေတယ်။
ခဏလောက် စဉ်းစားပြီးနောက် လင်းထျန် လူတစ်ယောက်ကို သတိရသွားတယ်။
လေကျွင်း!
ပြီးခဲ့တဲ့ ကျောင်းသားတွေ့ဆုံပွဲတုန်းက တွေ့ခဲ့တဲ့ လေကျွင်းကို လင်းထျန် သတိရလိုက်တယ်။
လေကျွင်းက ဝူအန်းမြို့ရဲ့ မြေအောက်လောက ခေါင်းဆောင်တွေထဲက တစ်ယောက်လေ။ ပြီးတော့ ဟိုယာဉ်မောင်းတွေကလည်း လူမိုက်ဆန်ဆန်တွေပဲ။
ဒီလူတွေကို ရှင်းဖို့ဆိုရင် လေကျွင်းက အသင့်တော်ဆုံးပဲ။
ဒါကို တွေးမိတာနဲ့ လင်းထျန် ဖုန်းထုတ်ပြီး လေကျွင်းဆီ ဖုန်းဆက်လိုက်တယ်။
"ဟဲလို အကိုလေ ဆောရီးဗျာ အကိုကို ဖုန်းမဆက်ဖြစ်တာ ကြာသွားတယ်။ ကျနော့်အမှားပါ။ မဟုတ်ပါဘူး မဟုတ်ပါဘူး။ အမ်... ဒီနေ့ အကိုကို အကူအညီတောင်းစရာလေး ရှိလို့ပါ။ အမ်... ဒီလိုဗျ..."
ပြီးတော့ လင်းထျန်က ခုနကဖြစ်ပျက်ခဲ့တာတွေကို ပြောပြလိုက်တယ်။ ကြားတာနဲ့ လေကျွင်းက ချက်ချင်း သဘောတူပြီး ဒါက ပြဿနာမရှိကြောင်း ကျန်တာ သူစီစဉ်လိုက်မယ့်အကြောင်း ပြောတယ်။
ခဏလောက် စကားပြောပြီးနောက် လင်းထျန် ဖုန်းချလိုက်တယ်။
"ပရော်ဖက်ရှင်နယ်ကိစ္စတွေကို ပရော်ဖက်ရှင်နယ်တွေပဲ ကိုင်တွယ်သင့်တာပေါ့" လင်းထျန် ဖုန်းကို လှည့်ကစားရင်း ခေါင်းညိတ်လိုက်တယ်။
နောက်နှစ်ရက်လောက် လင်းထျန်ရဲ့ ဘဝက အရမ်းအေးချမ်းနေတယ်။ လူတော်တော်များများက ဟိုယာဉ်မောင်းတွေ လင်းထျန်ကို လာပြဿနာရှာလိမ့်မယ်လို့ ထင်ကြေးပေးခဲ့ကြပေမယ့် သူတို့ဆီက ဘာလှုပ်ရှားမှုမှ မရှိဘူး။
ဒါကြောင့် လူတော်တော်များများ နားမလည်နိုင် ဖြစ်နေကြတယ်။ ဒီလူတွေ ဘယ်တုန်းက ဒီလောက် သဘောကောင်းသွားကြတာလဲ။
တတိယမြောက်နေ့မှာ လင်းထျန် အတန်းပြီးလို့ အဆောင်ပြန်လာတုန်း ကျောင်းအပြင်ဘက်ကို စိုးရိမ်တကြီး ထွက်သွားတဲ့ ရှန်မုန့်ရီကို ရုတ်တရက် တွေ့လိုက်ရတယ်။
သူမကို တစ်ချက်ကြည့်ပြီး လင်းထျန် နည်းနည်း စဉ်းစားသွားတယ်။ ရှန်မုန့်ရီမှာ အရေးပေါ်ကိစ္စ ရှိနေတာလား။
စူးစမ်းချင်စိတ်နဲ့ ကြည့်လိုက်ပေမယ့် သိပ်အာရုံမစိုက်မိပါဘူး။ သူထွက်သွားဖို့ လုပ်တုန်းမှာပဲ ရုတ်တရက် လင်းထျန် ခြေလှမ်းရပ်တန့်သွားတယ်။ သူ့ခေါင်းထဲ အီလက်ထရောနစ်အသံ ထွက်ပေါ်လာလို့ပါ။ "စူပါစီးရီး မစ်ရှင် - သတ္တမမြောက် မစ်ရှင်ခွဲ - ရှန်မုန့်ရီရဲ့ ညီမ ပျောက်သွားတဲ့ ပိုက်ဆံကို ရှာပေးရန်"
မစ်ရှင် မစ်ရှင်က တကယ်ကြီး ရောက်လာပြန်ပြီ။
"မစ်ရှင်တွေက တကယ်ကို ပုံသေမရှိပါလား" လင်းထျန် ခေါင်းယမ်းလိုက်ပြီး ရှန်မုန့်ရီဆီ လှမ်းအော်လိုက်တယ်။ "ရှန်မုန့်ရီ"
လင်းထျန်အသံကြားတော့ အပြေးအလွှားသွားနေတဲ့ ရှန်မုန့်ရီ ရပ်တန့်သွားပြီး လှည့်ကြည့်လိုက်တော့ လင်းထျန်ဖြစ်နေတာ တွေ့လိုက်ရတယ်။
ရှန်မုန့်ရီ ရပ်သွားတာမြင်တော့ လင်းထျန် ခြေလှမ်းသွက်သွက်နဲ့ လိုက်သွားပြီး "ဘာဖြစ်တာလဲ။ နင် ကြည့်ရတာ ပျာယာခတ်နေသလိုပဲ" လို့ စူးစမ်းသလို မေးလိုက်တယ်။
"ငါ့ညီမ ခုနက ဖုန်းဆက်တယ် သူ့ပိုက်ဆံ အခိုးခံရလို့တဲ့ ငိုနေတယ်" ရှန်မုန့်ရီက လင်းထျန်ကိုကြည့်ပြီး ရှင်းပြတယ်။
"သူ ဘယ်မှာလဲ" လင်းထျန်က မေးလိုက်တယ်။
"ကျောင်းရဲ့ အမှတ် ၄ ဂိတ်ပေါက်မှာ ငါအခု သွားရှာမလို့" ရှန်မုန့်ရီက စိုးရိမ်တကြီး ပြောတယ်။ ဖုန်းထဲမှာ သူ့ညီမက အရမ်းဝမ်းနည်းပက်လက် ငိုနေတာမို့ တခြားထိခိုက်မှု တစ်ခုခုများ ဖြစ်ခဲ့သလားဆိုပြီး သူကြောက်နေတာ။
"ငါလည်း လိုက်ခဲ့မယ်" လင်းထျန်က ပြုံးပြီး ပြောလိုက်တယ်။
"နင်လိုက်မယ် ဟုတ်လား။ ဒါဆို..." ရှန်မုန့်ရီ တွေဝေသွားတယ်။ အမှတ် ၄ ဂိတ်ပေါက်ဆိုတာ ဟိုယာဉ်မောင်းတွေ စုတဲ့နေရာလေ။ လင်းထျန်က လွန်ခဲ့တဲ့ရက်ပိုင်းကမှ သူတို့နဲ့ ရန်ဖြစ်ထားတာ အခု အဲဒီကို သွားမယ်ဆိုတော့... ရှန်မုန့်ရီက အဲဒီလူတွေ လက်စားချေဖို့ ဘာလို့မလာသေးတာလဲဆိုတာ သိချင်နေပေမယ့် အခု လင်းထျန်က ကျားအိုကို တုတ်နဲ့သွားထိုးသလို ဖြစ်မနေဘူးလား။
"ရပါတယ် သွားကြမယ်" ရှန်မုန့်ရီ တွေဝေနေတာမြင်တော့ လင်းထျန်က သူမလက်ကိုဆွဲပြီး အမှတ် ၄ ဂိတ်ပေါက်ဘက် ထွက်လာခဲ့တယ်။
အမှတ် ၄ ဂိတ်ပေါက်ရောက်တော့ ဂျင်းဘောင်းဘီအပြာဝတ်ထားတဲ့ ကောင်မလေးတစ်ယောက် လမ်းဘေးမှာ ထိုင်ငိုနေတာကို လင်းထျန် တွေ့လိုက်ရတယ်။ ဘေးပတ်ဝန်းကျင်ကလူတွေကလည်း ကောင်မလေးကို ခိုးခိုးကြည့်နေကြတယ်။
ကောင်မလေးကို မြင်တာနဲ့ ရှန်မုန့်ရီ အပြေးသွားပြီး ဘေးမှာထိုင်ချကာ "ရိရန် ဘာဖြစ်တာလဲ" လို့ စိုးရိမ်တကြီး မေးလိုက်တယ်။
ရှန်မုန့်ရီရဲ့ ရင်းနှီးနေတဲ့အသံကို ကြားတော့ ရှန်ရိရန် မော့ကြည့်လိုက်ပြီး ရှန်မုန့်ရီရဲ့ ရင်ခွင်ထဲ တိုးဝင်ကာ ငိုတော့တယ်။ "မမ ညီမရဲ့ ညီမရဲ့ ပိုက်ဆံတွေ အခိုးခံလိုက်ရတယ် နှစ်ထောင်လုံး ပါသွားပြီ"
"ကဲပါ ကဲပါ မငိုနဲ့တော့နော်။ ပါသွားလည်း ပါသွားပါစေတော့" ရှန်မုန့်ရီက ညီမဖြစ်သူရဲ့ ကျောကို ဖွဖွလေးပုတ်ပြီး နှစ်သိမ့်ပေးတယ်။
အဲဒီအချိန်မှာ လူတော်တော်များများက ဝိုင်းကြည့်နေကြပြီး ဗင်ကားယာဉ်မောင်းအများစုကလည်း ကောင်မလေးနှစ်ယောက်ကို တမေ့တမော ကြည့်နေကြတယ်။
ဒါကိုမြင်တော့ လင်းထျန် ဟိန်းဟောက်လိုက်တယ်။ "ဘာကြည့်နေကြတာလဲ။ ထွက်သွားကြစမ်း"
လင်းထျန်ရဲ့ ဒေါသတကြီး အော်သံကြောင့် လူတော်တော်များများရဲ့ အာရုံက သူ့ဆီရောက်လာတယ်။ ယာဉ်မောင်းတွေ လင်းထျန်ကို မြင်တာနဲ့ ချက်ချင်း မျက်နှာပျက်သွားကြပြီး ကြောက်လန့်တကြား ခေါင်းလွှဲကာ ထပ်မကြည့်ရဲကြတော့ဘူး။
ဒါကိုမြင်တော့ မလှမ်းမကမ်းက ကျောင်းလုံခြုံရေးဝန်ထမ်းနှစ်ယောက် အရမ်းအံ့သြသွားကြတယ်။ ဒီလူတွေ ဘယ်တုန်းက ဒီလောက် လိမ္မာသွားကြတာလဲ။ လင်းထျန် ရိုက်တာ တစ်ခါလောက်ခံရရုံနဲ့ ငြိမ်သွားကြတာလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
သူတို့က အဲဒီလောက် အလွယ်တကူ ငြိမ်မယ့်လူတွေ မဟုတ်ဘူး။ ငြိမ်မယ့်လူတွေသာဆို ကျောင်းကိုတောင် ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး။
ဒါဆို ဘာအကြောင်းရင်းလဲ။
ဒါမှမဟုတ် ဒီကောင်လေးမှာ အရမ်းတောင့်တင်းတဲ့ နောက်ခံရှိနေတာလား။
ဒါကိုမြင်တော့ လုံခြုံရေးဝန်ထမ်းနှစ်ယောက်ရဲ့ ခေါင်းထဲမှာ ထင်ကြေးအမျိုးမျိုး ဖြစ်ပေါ်လာတယ်။
ညီမဖြစ်သူကို ခဏလောက် နှစ်သိမ့်ပြီးနောက် ရှန်မုန့်ရီက ညီမလက်ကိုဆွဲပြီး ကျောင်းဘက်ကို ထွက်လာတယ်။
ဝင်ပြောလို့မရတာနဲ့ လင်းထျန်လည်း သူတို့နှစ်ယောက်နောက်ကနေ လိုက်လာခဲ့ရတယ်။
ခဏလောက် လျှောက်လာပြီးနောက် ရှန်ရိရန် ငိုနေတုန်းပဲဆိုတာ လင်းထျန် သတိထားမိလို့ အနေရခက်စွာနဲ့ ဝင်ပြောလိုက်တယ်။ "ကဲပါ မငိုပါနဲ့တော့ အဲဒီပိုက်ဆံ ပြန်ရအောင် ငါကူညီပေးနိုင်ပါတယ်"
လင်းထျန်စကားကြားတော့ ရှန်ရိရန် ချက်ချင်း အငိုရပ်သွားပြီး လင်းထျန်ကို လှည့်ကြည့်ကာ အကဲခတ်ပြီးနောက် "ရှင်က မမရဲ့ သူငယ်ချင်းလား။ လာမချော့ပါနဲ့ ကျမ ဝမ်းနည်းနေပါတယ်ဆိုမှ" လို့ ပြောတယ်။
လင်းထျန် နှုတ်ခမ်းဆူပြီး ပခုံးတွန့်ပြလိုက်တယ်။ "တခြားသူတွေအတွက် မဖြစ်နိုင်ပေမယ့် ငါ့အတွက် မဖြစ်နိုင်ဘူးလို့ မဆိုလိုပါဘူး"
"ငါ့ပိုက်ဆံခိုးသွားတဲ့လူက ဝေးဝေးရောက်သွားလောက်ပြီ ရှင်က ဘယ်လိုရှာမှာလဲ" ရှန်ရိရန်က သံသယနဲ့ ကြည့်တယ်။
"တခြားသူတွေအတွက် မဖြစ်နိုင်ပေမယ့် ငါ့အတွက် မဖြစ်နိုင်ဘူးလို့ ငါပြောပြီးပြီလေ။ ငါက ဗေဒင်ဟောတတ်တယ် နင့်ကို ဟောပေးရမလား"
"တော်ပါတော့ဟာ မနောက်ပါနဲ့တော့" လင်းထျန် နောက်နေတယ်ထင်ပြီး ဘေးက ရှန်မုန့်ရီ ဝင်ပြောတယ်။
"နင်တို့ မယုံဘူးပေါ့လေ။ ငါ ဟောပြမယ်" ပြောရင်းနဲ့ လင်းထျန်က အိတ်ကပ်ထဲက ဒင်္ဂါးပြားသုံးပြား ထုတ်လိုက်တယ်။ ဒင်္ဂါးပြားတွေကို ကိုင်ပြီး လင်းထျန် ခဏလောက် စဉ်းစားဟန်ပြုကာ ကောင်မလေးနှစ်ယောက်ကို ပြုံးစိစိနဲ့ မော့ကြည့်လိုက်တယ်။ "ဒီနေ့ နင်တို့ ဘာအရောင် အတွင်းခံ ဝတ်ထားလဲဆိုတာ ငါဟောပြမယ်"
ပြောပြီးတာနဲ့ လင်းထျန်က တခစ်ခစ်ရယ်ပြီး ဒင်္ဂါးပြားတွေကို ပစ်ချလိုက်တယ်။
ဝှစ်!
လင်းထျန် လှုပ်ရှားလိုက်တာနဲ့ ငွေရောင်ဒင်္ဂါးပြားတွေက ကွန်ကရစ်လမ်းပေါ်မှာ အရှိန်ပြင်းပြင်း လည်သွားတယ်။
ဂျီ ဂျီ!
စက္ကန့်အနည်းငယ်ကြာတော့ ဒင်္ဂါးပြားတွေ ရပ်သွားတယ်။
ရပ်သွားတဲ့ ဒင်္ဂါးပြားတွေကို ကြည့်ပြီး လင်းထျန်က ကောင်မလေးနှစ်ယောက်ကို မော့ကြည့်ကာ သူ့အကြည့်က သူတို့ရဲ့ ပေါင်ကြားဆီ ရောက်သွားပြီး ပြုံးဖြီးဖြီးနဲ့ ပြောလိုက်တယ်။ "ပန်းရောင်နဲ့ အနက်ရောင် ဇာနားကွပ်လေး နှစ်ခုလုံး ငါကြိုက်တဲ့ ဒီဇိုင်းတွေကြီးပဲ"
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: