အခန်း (၁၅၄) လူရမ်းကား
ရထားပေါ်ကဆင်းပြီးနောက် လင်းထျန်က ဘူတာရုံအပြင်ထွက်ကာ ဝူအန်းမြို့ကို တက္ကစီငှားပြီး တန်းမောင်းခိုင်းလိုက်တယ်။
ဘူတာတိုင်းရပ်တဲ့ ရထားအစိမ်းလေးကို စီးခဲ့တာမို့ လင်းထျန် ဝူအန်းမြို့နဲ့ သိပ်မဝေးပါဘူး။ တက္ကစီနှစ်နာရီလောက်စီးရင် ရောက်ပါပြီ။
ကားပေါ်ရောက်တာနဲ့ လင်းထျန် ကော့ရုံဆီ ဖုန်းဆက်လိုက်တယ်။ "ဟေး အိပ်မက်နတ်ဆိုး ငါ့အတွက် အတန်းချိန်စာရင်းသွင်းပေးလား"
"အေး"
"ဘယ်သူမှ မသိဘူး မဟုတ်လား"
"မသိပါဘူးကွ ငါတို့ကို မယုံလို့လား"
"ဒါဆို ပြီးတာပဲ" စကားနည်းနည်းပြောပြီးနောက် လင်းထျန် ဖုန်းချလိုက်တယ်။
ရှန်ရိရန်ရဲ့ အခိုးခံရတဲ့ပိုက်ဆံတွေကို ပြန်ယူပေးဖို့ အလျင်လိုနေတာကြောင့် လင်းထျန် ညနေပိုင်းအတန်းတွေ မတက်နိုင်တော့ဘဲ အခန်းဖော်တွေကို အကူအညီတောင်းခဲ့ရတာပါ။
ဒါက တက္ကသိုလ်တက်ပြီးကတည်းက လင်းထျန် ပထမဆုံး အတန်းလစ်ဖူးခြင်းဖြစ်ပြီး ကံကောင်းလို့ ဆရာမ သတိမထားမိလိုက်ပါဘူး။
လင်းထျန် ကျောင်းပြန်ရောက်တော့ ညနေတောင် စောင်းနေပြီ။
ကျောင်းရောက်တာနဲ့ လင်းထျန် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တော့ စာသင်ဆောင်ဘက်မှာ အနီရောင်ပုံရိပ်တစ်ခုကို ချက်ချင်း တွေ့လိုက်ရတယ်။
အဲဒါက ရှန်မုန့်ရီဆီမှာ တောက်ပနေတဲ့ မစ်ရှင်အချက်ပြ အလင်းရောင်ပါ။
"စာသင်ခန်းထဲမှာ စာဖတ်နေတာ နေမှာပေါ့" လင်းထျန် တွေးရင်းနဲ့ ရှန်မုန့်ရီရှိတဲ့ဘက်ကို လှမ်းကြည့်လိုက်တယ်။
အိတ်ကပ်ထဲက ပိုက်ဆံတွေကို စမ်းကြည့်ရင်း လင်းထျန် စာသင်ဆောင်ဘက်ကို လျှောက်သွားလိုက်တယ်။
ပိုက်ဆံနှစ်ထောင် ပြန်ရပြီဆိုပေမယ့် မစ်ရှင်အောင်မြင်ကြောင်း အကြောင်းကြားစာ မရောက်သေးဘူး။ ကြည့်ရတာ ဒီမစ်ရှင်က ပိုက်ဆံတွေကို ရှန်မုန့်ရီရဲ့ ညီမဆီ ပြန်ပေးမှ ပြီးမြောက်မယ့်ပုံပဲ။
လင်းထျန်က ရှန်ရိရန်ကို လိုက်ရှာဖို့ ပျင်းတာကြောင့် ရှန်မုန့်ရီကိုပဲ သွားရှာဖို့ ဆုံးဖြတ်လိုက်တယ်။
ဆယ်မိနစ်ကြာတော့ လင်းထျန် ရှန်မုန့်ရီရှိတဲ့ စာသင်ခန်းထဲ ရောက်သွားတယ်။
အဲဒီအချိန်မှာ စာသင်ခန်းထဲ ကျောင်းသားနှစ်ဆယ်လောက် စာလုပ်နေကြတယ်။ လင်းထျန် အခန်းထဲဝေ့ကြည့်လိုက်တော့ အနောက်ဘက်မှာထိုင်နေတဲ့ ရှန်မုန့်ရီနဲ့ သူ့ဘေးနားက ညီမဖြစ်သူ ရှန်ရိရန်ကိုပါ တွေ့လိုက်ရတယ်။
"နှစ်ယောက်လုံး ရှိနေတာပဲ ကွက်တိပဲ" သူတို့နှစ်ယောက်ကို မြင်တော့ လင်းထျန် ဝမ်းသာသွားပြီး လျှောက်သွားလိုက်တယ်။
ရှန်မုန့်ရီတို့ညီအစ်မရှေ့က ခုံတွေ လွတ်နေတာမို့ လင်းထျန် ဝင်ထိုင်လိုက်တယ်။ ပြီးတော့ အိတ်ကပ်ထဲက ယွမ်လေးထောင်လောက်ကို ဆွဲထုတ်ပြီး သူတို့ရှေ့က စားပွဲပေါ် ဘုန်းခနဲ ပစ်တင်လိုက်တယ်။
ဘုန်း!
အနီရောင် ငွေစက္ကူအထပ်လိုက်ကြီး စားပွဲပေါ် ရောက်လာတာကြောင့် စာဖတ်နေတဲ့ ရှန်မုန့်ရီနဲ့ ရှန်ရိရန် လန့်သွားကြတယ်။
ခဏလောက်ကြောင်ပြီးမှ မော့ကြည့်လိုက်တော့ လင်းထျန်ဖြစ်နေတာမြင်ပြီး အံ့သြသွားကြပြန်တယ်။
လင်းထျန် ဖြစ်နေလိမ့်မယ်လို့ သူတို့ ထင်မထားဘူးလေ။
ကြောင်နေရာကနေ ရှန်မုန့်ရီက လင်းထျန်ကို အံ့သြတကြီးကြည့်ပြီး စားပွဲပေါ်က ပိုက်ဆံတွေကို ကြည့်ကာ "ဒါက..." လို့ မေးလိုက်တယ်။
"ရော့ ဒီထဲက နှစ်ထောင်က နင့်ညီမပိုက်ဆံ" လင်းထျန်က မေးငေါ့ပြပြီး စားပွဲပေါ်က ပိုက်ဆံပုံကို ညွှန်ပြလိုက်တယ်။
"ဟာ... ရှင်... ရှင်..." ဒါကြားတော့ ဘေးနားက ရှန်ရိရန် တစ်ခုခုကို ရိပ်မိသွားပြီး အာမေဋိတ်သံ ထွက်လာကာ အသံပါကျယ်သွားတယ်။
ရှန်ရိရန် အသံကျယ်သွားတာကြောင့် ဘေးနားက စာလုပ်နေတဲ့ ကျောင်းသားတွေ လှည့်ကြည့်လာကြပြီး မျက်နှာထားတွေက မလိုလားတဲ့ပုံ ပေါက်နေတယ်။
ဘေးကကျောင်းသားတွေရဲ့ အကြည့်ကို သတိထားမိတော့ ရှန်မုန့်ရီက စားပွဲပေါ်က ပိုက်ဆံတွေကို အမြန်သိမ်းဆည်းလိုက်ပြီး မတ်တပ်ရပ်ကာ "အပြင်ထွက် ပြောရအောင်" လို့ တိုးတိုးလေး ပြောတယ်။
ချက်ချင်းပဲ သုံးယောက်သား မတ်တပ်ရပ်ပြီး အခန်းပြင် ထွက်လာကြတယ်။
အခန်းပြင်ရောက်တာနဲ့ ရှန်ရိရန်က အံ့သြမှုကို မထိန်းနိုင်တော့ဘဲ လင်းထျန်ကို ကြည့်ပြီး "ရှင် တကယ် အဲဒီပိုက်ဆံနှစ်ထောင်ကို ပြန်ရှာတွေ့ခဲ့တာလား" လို့ မေးလိုက်တယ်။
"ဒါပေါ့ ငါလက်ပါမှတော့ မဖြစ်နိုင်တာ ဘာမှမရှိဘူး" လင်းထျန်က မျက်ခုံးပင့်ပြီး ရယ်မောပြောဆိုလိုက်တယ်။
"တကယ်လား။ ဒါမှမဟုတ် နင့်ပိုက်ဆံ နင်ထုတ်ပေးတာလား" ရှန်မုန့်ရီက လက်ထဲက ပိုက်ဆံတွေကို ကိုင်ထားရင်း သံသယနဲ့ မေးလိုက်တယ်။
လင်းထျန် ဒီလိုလုပ်မယ်လို့ သူ တကယ်ထင်နေတာပါ။ အရင်တုန်းက သူ့ကို လိုက်ပိုးတဲ့ကောင်လေးတွေက သောင်းချီသုံးတာ ပုံမှန်လို ဖြစ်နေတော့ သူ့မျက်နှာရဖို့ လင်းထျန် ကိုယ့်ပိုက်ဆံကိုယ် စိုက်ထုတ်တာများလားလို့ သံသယဝင်မိတာပါ။
ဒါက သူ့ရုပ်ရည်အပေါ် ထားရှိတဲ့ ယုံကြည်မှုပါပဲ။
လင်းထျန်က ရှန်မုန့်ရီကို ပြောစရာစကားမဲ့တဲ့ပုံစံနဲ့ ကြည့်လိုက်ပြီး ဖုန်းထုတ်ကာ ဓာတ်ပုံအယ်လ်ဘမ် ဖွင့်ပြလိုက်တယ်။ "ရော့ ကြည့်လိုက်။ ဒီလူတွေ မဟုတ်ဘူးလား"
ဒီလိုအချိန်ရောက်လာမယ်ဆိုတာ လင်းထျန် ကြိုသိနေလို့ ဟိုလေးယောက်ကို ဖုန်းနဲ့ ဓာတ်ပုံရိုက်ထားခဲ့တာပါ။
"ကြည့်မယ် ကြည့်မယ်" လင်းထျန်ဖုန်းထဲမှာ ဟိုလူတွေရဲ့ ဓာတ်ပုံရှိတယ်ဆိုတာ ကြားတော့ ဘေးနားက ရှန်ရိရန် အမြန် တိုးကြည့်တယ်။
ရှန်ရိရန်ပြောတာကြားတော့ ရှန်မုန့်ရီက ဖုန်းကို သူ့ညီမဘက် နည်းနည်းရွှေ့ပေးလိုက်တယ်။
ဖုန်းထဲက ဓာတ်ပုံတွေကို မြင်တော့ ရှန်ရိရန် မျက်လုံးပြူးသွားတယ်။ မယုံကြည်နိုင်စွာနဲ့ နောက်ထပ်ပုံတွေကို ဆက်ကြည့်လိုက်တော့ သူ့ပိုက်ဆံခိုးသွားတဲ့ လေးယောက်လုံး ပါနေတာ တွေ့လိုက်ရတယ်။
"တကယ်ပဲ ရှင် သူတို့ကို တကယ် ရှာတွေ့ခဲ့တာလား" ရှန်ရိရန်က ဖုန်းကနေ အကြည့်ခွာပြီး လင်းထျန်ကို မျက်လုံးပြူးကြီးနဲ့ ကြည့်နေတယ်။
လင်းထျန်ရဲ့ ဗေဒင်ဟောတာကို လက်တွေ့မြင်ဖူးပေမယ့် တကယ်ကြီး လိုက်ရှာတွေ့သွားတော့ မယုံနိုင်သလို ဖြစ်နေတုန်းပဲ။
"ဒါပေါ့ နင့်ကို လိမ်စရာလား" လင်းထျန်က ခြေထောက်ကို လှုပ်ရင်း လေချွန်လိုက်တယ်။
"ဟင် ဒါ ရထားပေါ်မှာ မဟုတ်ဘူးလား" အဲဒီအချိန်မှာ ရှန်မုန့်ရီ တစ်ခုခုကို သတိထားမိသွားတယ်။ ဓာတ်ပုံထဲကလူတွေက ရထားပေါ် ရောက်နေတာကို သူ သတိထားမိလိုက်တာပါ။
"ဪ... ငါတွေ့တော့ သူတို့က ရထားပေါ်ရောက်နေပြီလေ ဒါနဲ့ ငါလိုက်သွားလိုက်တာ" လင်းထျန်က ပေါ့ပေါ့ပါးပါး ရှင်းပြတယ်။
"..." ဒါကြားတော့ ရှန်မုန့်ရီရော ရှန်ရိရန်ပါ တိတ်ဆိတ်သွားကြတယ်။
ရှန်မုန့်ရီ ရင်ထဲထိသွားတယ်။ ဒီကိစ္စလေးအတွက်နဲ့ လင်းထျန်က ရထားပေါ်အထိ လိုက်သွားပေးတယ်တဲ့။ ဒါက... ဘေးနားက ရှန်ရိရန်လည်း အရမ်းအံ့သြသွားတယ် လင်းထျန် ဒီလောက်ထိ အပင်ပန်းခံပြီး ရထားပေါ်ထိ လိုက်သွားလိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့ဘူး။
သူတို့ရဲ့ မျက်နှာထားတွေကို ကြည့်ပြီး တစ်ခုခု အထင်လွဲနေမှန်း သိလိုက်တော့ လင်းထျန် ရယ်လိုက်တယ်။ "အထင်မလွဲကြနဲ့နော် ငါက လူကောင်းမို့လို့ပါ ဟုတ်တယ် ငါက လူကောင်းမို့လို့"
မစ်ရှင်သာ မရှိရင် လင်းထျန် ဒီလောက်ထိ လုပ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါတွေကိုတော့ လင်းထျန် ထုတ်ပြောမှာ မဟုတ်ပါဘူး။
ဒါပေမဲ့ လင်းထျန်ရဲ့ ရှင်းပြချက်ကို သူတို့နှစ်ယောက်လုံး လက်မခံကြပါဘူး။ ရှန်ရိရန်ဆိုရင် လင်းထျန်ကို ကြည့်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်တယ်။ "ရှင်းမပြပါနဲ့တော့ ရှင်းပြတာက ဖုံးကွယ်တာပါပဲ။ ရှင် ကျမအစ်မကို စိတ်ဝင်စားနေတာမလား။ ဒီတစ်ခါ ရှင်ကူညီပေးထားတာဆိုတော့ ရှင့်ကို ကျမ ကူညီပေးမယ်လေ"
"နင့်အစ်မကို ဟုတ်လား" လင်းထျန် ရှန်မုန့်ရီကို လှမ်းကြည့်လိုက်တော့ ရှန်မုန့်ရီရဲ့ မျက်နှာလေးက ရှက်နေသလို ဖြစ်နေတာကို အံ့သြစွာ တွေ့လိုက်ရတယ်။
သောက်ကျိုးနည်း သူ ငါ့ကို ကြိုက်သွားတာတော့ မဟုတ်ပါဘူးနော်။ ငါ့ဆွဲဆောင်မှုက အဲဒီလောက်တောင် ကောင်းနေတာလား။
ရှန်မုန့်ရီ ရှက်နေတာကို မြင်တော့ လင်းထျန် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးစိတ်တွေ ဝင်လာတယ်။
လင်းထျန် တွေးနေတာမြင်တော့ ဘေးက ရှန်ရိရန်က ရယ်မောလိုက်တယ်။ "ကျမအကူအညီ လိုချင်လား။ ကျမ ကူညီရင် ရှင့်ရဲ့ အောင်မြင်နိုင်ချေ ပိုများသွားမှာနော်။ ကျမအစ်မကို လိုက်နေတဲ့လူတွေ အများကြီးဆိုတာ ရှင်သိတယ်မလား"
ရှန်ရိရန်စကားကြောင့် လင်းထျန် အသိပြန်ဝင်လာပြီး သူ့ကို တစ်ချက်ကြည့်ကာ ရှန်မုန့်ရီဘက် လှည့်ကြည့်လိုက်တယ်။ ပြီးတော့ လင်းထျန် စဉ်းစားဟန်ပြုပြီး မေးစေ့ကို ပွတ်သပ်ကာ "တစ်ယောက်တည်းလား။ ဘယ်လောက်လောက်မလဲ။ ငါက ညီအစ်မနှစ်ယောက်လုံး လိုချင်တဲ့ ကောင်စားမျိုးကွ။ နင်တို့နှစ်ယောက်လုံး စဉ်းစားပေးလို့ မရဘူးလား" လို့ ပြောလိုက်တယ်။
လင်းထျန်စကားကြားတော့ ရှန်ရိရန်ရဲ့ မျက်နှာလေး ချက်ချင်း ရဲခနဲ ဖြစ်သွားတယ်။
ဘေးနားက ရှန်မုန့်ရီလည်း ကြောင်သွားပြီးမှ လင်းထျန်ကို လက်သီးနဲ့ လှမ်းထိုးကာ "သွားစမ်း နှာဘူးကောင်" လို့ ဆဲလိုက်တယ်။
လင်းထျန်က ပြုံးဖြီးဖြီးနဲ့ ရှောင်လိုက်ပြီး "နင်တို့ မကြိုက်ဘူးလား။ ငါက တော်တော်စွမ်းတာနော် နှစ်ယောက်ဆိုတာ လုံးဝ ပြဿနာမရှိဘူး" လို့ စနောက်လိုက်တယ်။
"ရှင်... လူယုတ်မာ" ရှန်မုန့်ရီက လင်းထျန်ကို စိတ်ဆိုးမာန်ဆိုး ကြည့်ပြီး ခြေဆောင့်ကာ မျက်နှာလွှဲသွားပြီး လင်းထျန်ကို ဂရုမစိုက်တော့ဘူး။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: