အခန်း (၁၅၅) အကူအညီ
လင်းထျန်က ရှန်မုန့်ရီကို စနောက်နေတုန်း ရှန်ရိရန်လည်း သတိဝင်လာပြီး ခါးထောက် ပါးဖောင်းဖောင်းလေးလုပ်ကာ ဒေါသတကြီးနဲ့ "ရှင်... ရှင် ကျွန်မကိုပါ စနောက်ရဲတယ်ပေါ့လေ" လို့ ပြောလိုက်တယ်။
"နင့် ရင်နဲ့ တင်ကလည်း မဆိုးပါဘူး" လင်းထျန်က ရှန်ရိရန်ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး နှာဘူးမျက်နှာပေး လုပ်ပြလိုက်တယ်။
"ရှင်... သေလိုက်တော့" လင်းထျန်ရဲ့ အကြည့်တွေကို မခံနိုင်တော့ဘဲ ရှန်ရိရန် အော်ဟစ်လိုက်တယ်။
"ကဲပါ ကဲပါ ငါနောက်တာပါ အတည်မယူပါနဲ့" သူဆက်ပြောနေရင် ကောင်မလေးနှစ်ယောက် ထွက်သွားတော့မယ့်ပုံမို့ လင်းထျန် အမြန် ပြန်ချော့လိုက်ရတယ်။
"ဟွန့် နောက်တစ်ခါ ထပ်ပြောရဲ ပြောကြည့် နင့်ကို စကားမပြောဘဲ နေလိုက်မယ်" ရှန်မုန့်ရီက လင်းထျန်ကို မျက်စောင်းထိုးပြီး နှုတ်ခမ်းစူလိုက်တယ်။
"ဟဲဟဲ..." လင်းထျန်က ခြောက်ကပ်ကပ် ရယ်လိုက်ပြီး ဘာမှထပ်မပြောတော့ဘူး။ အဲဒီအချိန်မှာပဲ လင်းထျန်ခေါင်းထဲ အီလက်ထရောနစ်အသံ ထွက်ပေါ်လာတယ်။ "အဆင့်စီးရီးမစ်ရှင် - သတ္တမမြောက် မစ်ရှင်ခွဲဖြစ်တဲ့ ရှန်မုန့်ရီရဲ့ ညီမ ပျောက်ဆုံးသွားတဲ့ ပိုက်ဆံကို ရှာပေးရန်မှာ ပြီးမြောက်ပါပြီ။ မစ်ရှင်ဆုကြေး - စွမ်းရည်အမှတ် တစ်မှတ်"
အီလက်ထရောနစ်အသံကို ကြားတော့မှ လင်းထျန် သက်ပြင်းချနိုင်တော့တယ်။ မစ်ရှင်အောင်မြင်ကြောင်း ဘာလို့ အကြောင်းမကြားသေးတာလဲဆိုပြီး သူ နည်းနည်း စိတ်ပူနေခဲ့တာ။
မစ်ရှင်ပြီးသွားတော့ လင်းထျန်က သူ့ရဲ့အသိစိတ်ပင်လယ်ထဲကို အာရုံစိုက်လိုက်တယ်။ အသိစိတ်ပင်လယ်ထဲက လေထုထဲကို ဝေ့ကြည့်လိုက်တော့ ရွှေရောင် စွမ်းရည်အမှတ် သုံးမှတ် ပျံဝဲနေတာကို ချက်ချင်း တွေ့လိုက်ရတယ်။
"စွမ်းရည်အမှတ် သုံးမှတ်တောင် ပြန်ရှိလာပြီ မဆိုးဘူး မဆိုးဘူး" စွမ်းရည်အမှတ်တွေ တစ်မှတ်ပြီး တစ်မှတ် တိုးလာတာကို ကြည့်ပြီး လင်းထျန် အမြဲတမ်း ပီတိဖြစ်ရတယ်။
"ဟေး ဘာလုပ်နေတာလဲ။ ရှင်နဲ့ စကားပြောနေတယ်လေ" လင်းထျန်က သူ့အသိစိတ်ပင်လယ်ထဲ အာရုံရောက်နေတုန်း နားထဲမှာ ရှန်ရိရန်ရဲ့ မကျေမနပ်အသံ ထွက်ပေါ်လာတယ်။
"ဟင် ဘာပြောလိုက်တာလဲ" လင်းထျန် အသိပြန်ဝင်လာပြီး အံ့သြသလို ကြည့်လိုက်တယ်။
ရှန်ရိရန်က လင်းထျန်ကို မျက်စောင်းထိုးပြီး တည်တံ့တဲ့မျက်နှာထားနဲ့ "ရှင် ကျွန်မပြောတာ ဘာမှမကြားလိုက်ဘူး မလား။ ထပ်မပြောတော့ဘူး" လို့ ပြောပြီး မျက်နှာလွှဲကာ လင်းထျန်ကို ဂရုမစိုက်တော့ဘူး။
"အမ်... ငါ့မှာ ငယ်ငယ်ကတည်းက ပါလာတဲ့ ရောဂါတစ်ခုရှိတယ် ရုတ်တရက် အာရုံလွင့်သွားတတ်တာလေ။ ငါတကယ် မရည်ရွယ်ပါဘူး။ ခွင့်လွှတ်ပေးပါနော်" ပြောရင်းနဲ့ လင်းထျန်က ရှန်ရိရန်ရဲ့ ပခုံးကိုကိုင်ပြီး သူ့ဘက်လှည့်လာအောင် ညင်ညင်သာသာလေး လှည့်လိုက်တယ်။
"မွှေးလိုက်တာ..." ရှန်ရိရန်ရဲ့ပခုံးကို ကိုင်ထားတဲ့ လင်းထျန်က ရုတ်တရက် ပြောလိုက်တယ်။
"ဘာ" လင်းထျန်ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားကြောင့် ရှန်ရိရန်က မသိစိတ်နဲ့ ပြန်မေးလိုက်မိတယ်။
လင်းထျန်က အသက်ပြင်းပြင်းရှူပြီး မျက်လုံးမှိတ်ကာ မိန်းမောနေတဲ့ပုံစံနဲ့ "နင့်နားကပ်လိုက်တာနဲ့ မိန်းမပျိုလေးဆီက ရတဲ့ ရနံ့သင်းသင်းလေးကို ရလိုက်တာပဲ လန်းဆန်းပြီး ဆွဲဆောင်မှုရှိလိုက်တာ။ လူကို အနားကနေ မခွာချင်အောင် လုပ်နေသလိုပဲ..."
"ရှင်..." ရှန်ရိရန် ကြောင်သွားပြီး "အို... ရှင်က ကျွန်မအစ်မရှေ့မှာတောင် ကျွန်မကို လာကြောင်နေတယ်ပေါ့။ အစ်မကို လိုက်ဖို့ စိတ်ကူးမရှိတော့ဘူးလား" လို့ အော်ပြောလိုက်တယ်။
"သူက နှာဘူး လူယုတ်မာပဲ။ ဘယ်သူက သူ့ကို ကြည့်မှာလဲ" သူ့ရှေ့မှာတင် ညီမဖြစ်သူကို လာပိုးပန်းနေတာ ကြားတော့ ဘေးက ရှန်မုန့်ရီ မကျေမနပ်ဖြစ်ပြီး နှုတ်ခမ်းစူလိုက်တယ်။
"ဘာလို့ ချဉ်စုတ်စုတ် အနံ့ကြီး ရနေပါလိမ့်" လင်းထျန်က မျက်ခုံးပင့်ပြီး ပြုံးဖြီးဖြီးနဲ့ ပြောလိုက်တယ်။ ပြောရင်းနဲ့ လင်းထျန်က ရှန်မုန့်ရီဆီ နှစ်လှမ်းလောက် တိုးသွားပြီး ရှေ့မှာ ရပ်လိုက်တယ်။ လင်းထျန်က ရှေ့ကို အနည်းငယ် ကိုင်းလိုက်ပြီး မျက်လုံးမှိတ်ကာ အသက်ပြင်းပြင်း ရှူလိုက်တယ်။
ပြီးတော့ လင်းထျန်က မိန်းမောနေတဲ့ပုံစံနဲ့ "အင်း... မွှေးလိုက်တာ... အလှလေးဆီက ရနံ့ပဲ" လို့ ပြောလိုက်တယ်။
"သွားစမ်းပါ" လင်းထျန်ရဲ့ နှာဘူးမျက်နှာပေးကို မြင်တော့ ရှန်မုန့်ရီက လက်ကလေးနဲ့ လင်းထျန်ရဲ့ မျက်နှာကို တွန်းထုတ်လိုက်တယ်။
ခဏလောက် စနောက်ပြီးနောက် ရှန်မုန့်ရီတို့ညီအစ်မလည်း စာဆက်ဖတ်ချင်စိတ် မရှိတော့တာနဲ့ လင်းထျန်က ညစာသွားစားဖို့ အကြံပြုတော့ သူတို့ လက်ခံလိုက်ကြတယ်။
စာသင်ဆောင်ကနေ ထွက်လာပြီး မကြာခင်မှာပဲ လူလေးငါးယောက် သူတို့ဆီ လျှောက်လာကြတယ်။
ဦးဆောင်လာတဲ့သူကို မြင်တော့ လင်းထျန် ကြောင်သွားတယ်။
ဝမ်ချောင်!
လင်းထျန် ရှန်မုန့်ရီကို စတွေ့တုန်းက ပန်းစည်းပေးခဲ့တဲ့ ဝမ်ချောင်ပါပဲ။
လင်းထျန် ဝမ်ချောင်ကို မြင်လိုက်တဲ့အချိန်မှာ ဝမ်ချောင်ကလည်း လင်းထျန်ကို မြင်သွားတယ်။ ဝမ်ချောင်ရဲ့ မျက်လုံးတွေ အရောင်တောက်သွားပြီး ရှေ့တိုးကာ လင်းထျန်ဆီ လျှောက်လာတယ်။
ဝမ်ချောင် လျှောက်လာတာမြင်တော့ လင်းထျန် ခြေလှမ်းတုံ့သွားပြီး သူ့ကို ဒီအတိုင်း ရပ်စောင့်နေလိုက်တယ်။
"ဘာလို့ မသွားတာလဲ" လင်းထျန် ရုတ်တရက် ရပ်သွားတာမြင်တော့ ရှန်ရိရန်က လှည့်ကြည့်ပြီး နားမလည်နိုင်စွာ မေးလိုက်တယ်။
ပြီးမှ လင်းထျန် တစ်ခုခုကို ကြည့်နေမှန်း သတိထားမိပြီး လင်းထျန်ကြည့်နေတဲ့ဘက်ကို လှမ်းကြည့်လိုက်တယ်။ ကြည့်လိုက်တာနဲ့ ဝမ်ချောင်က လူလေးငါးယောက်နဲ့ လျှောက်လာတာကို ရှန်ရိရန် ချက်ချင်း တွေ့လိုက်ရတယ်။
ဝမ်ချောင် လျှောက်လာတာမြင်တော့ ရှန်ရိရန်က သူ့အစ်မရဲ့ အင်္ကျီလက်မောင်းကို ဆွဲပြီး "အစ်မ အစ်မကို လိုက်နေတဲ့ ဟိုလူ လာနေပြန်ပြီ" လို့ တိုးတိုးလေး ပြောလိုက်တယ်။
"စကားမများနဲ့" ရှန်မုန့်ရီ တိုးတိုးလေး ပြန်ပြောလိုက်တယ်။ ဝမ်ချောင်ရဲ့ ပစ်မှတ်က သူတို့ဖြစ်ကြောင်း သူလည်း မြင်ပါတယ်။
လင်းထျန်တို့ သိပ်အကြာကြီး စောင့်စရာမလိုပါဘူး။ ဆယ်စက္ကန့်ကျော်လောက်အကြာမှာ ဝမ်ချောင်နဲ့ သူ့အဖွဲ့ လင်းထျန်တို့ရှေ့ ရောက်လာကြတယ်။
လင်းထျန်တို့ရှေ့ ရောက်တာနဲ့ ဝမ်ချောင်က ရှန်မုန့်ရီကို အရင်ဆုံး တစ်ချက်ကြည့်လိုက်ပြီးမှ လင်းထျန်ဆီ အကြည့်ပြောင်းလိုက်တယ်။
လင်းထျန်က သူ့ကို ငြိမ်ပြီး ကြည့်နေကာ စကားစပြောမယ့်အချိန်ကို စောင့်နေတယ်။
လင်းထျန်ကို ခဏလောက် စိုက်ကြည့်ပြီးနောက် ဝမ်ချောင်က ရုတ်တရက် ပြောလိုက်တယ်။ "မင်း ရန်ဖြစ်တာ တော်တော်ကျွမ်းတယ်လို့ ကြားတယ်"
လင်းထျန် မျက်ခုံးအနည်းငယ် လှုပ်သွားပြီး "ဘာလဲ ပြဿနာရှိလို့လား" လို့ ပြုံးပြီး မေးလိုက်တယ်။
"မဟုတ်ပါဘူး မင်းကို အကူအညီတစ်ခု တောင်းချင်လို့ပါ"
"ဟင် ဘာ" ဒီစကားကြားတော့ လင်းထျန် ကြောင်သွားတယ်။
ဝမ်ချောင်ရဲ့ အဖြေက လင်းထျန် လုံးဝ ထင်မထားတဲ့ အဖြေပါပဲ။ ဝမ်ချောင်က လူလေးငါးယောက်နဲ့ လျှောက်လာတုန်းက လင်းထျန် ထင်ခဲ့တာ ပြဿနာရှာဖို့ လာတယ်လို့ပေါ့။ တဖက်လူက ဒီလိုစကားမျိုး ပြောလာမယ်လို့ ဘယ်သူထင်မှာလဲ။
သူ့ကို ဘာအကူအညီများ တောင်းစရာရှိလို့လဲ။
ခဏလောက် ကြောင်ပြီးနောက် လင်းထျန်က သူ့ကို ထူးဆန်းသလို ကြည့်ပြီး "ငါ့ကို ဘာကူညီပေးစေချင်တာလဲ" လို့ မေးလိုက်တယ်။
လင်းထျန် မေးတာကြားတော့ ဝမ်ချောင်က ခဏလောက် တွေဝေပြီးမှ "ကျောင်းရဲ့ အမှတ် ၄ ဂိတ်ပေါက်မှာ ဖြစ်ခဲ့တာကို ငါကြားတယ်။ မင်း ရန်ဖြစ်တာ တော်တော်ကျွမ်းမှန်း ငါသိတယ်။ မနက်ဖြန် ငါ့ဘက်ကနေ ကူညီပေးဖို့ လာပြောတာပါ" လို့ ပြောတယ်။
"ကူညီပေးရမယ် ဘာကိုဆိုလိုတာလဲ" လင်းထျန် စူးစမ်းသလို မေးလိုက်တယ်။
လင်းထျန် မေးတာကြားတော့ ဝမ်ချောင်က ချက်ချင်း မဖြေဘူး။ သူ အသက်ပြင်းပြင်းရှူပြီးမှ "ဒီနှစ်ပတ်အတွင်း ကျောင်းက ကိုရီးယားနဲ့ ဂျပန် ဖလှယ်ရေးကျောင်းသားတွေ တည်ထောင်ထားတဲ့ တိုက်ကွမ်ဒို ကလပ်နဲ့ ကရာတေး ကလပ်က ငါတို့ရဲ့ ဆန်ဒါ ကလပ်ကို မကြာခဏ စိန်ခေါ်နေကြတယ်။
ငါတို့က သူတို့ကို မနိုင်ဘူး ပြီးတော့ သူတို့က ငါတို့ကျောင်းသားတွေ အများကြီးကို ခေါ်သွားကြပြီ။ မနက်ဖြန် သူတို့ လာစိန်ခေါ်ကြဦးမှာ အဲဒါ မင်းကို လာကူညီပေးဖို့ လာပြောတာ"
"ဪ... ငါအားပါ့မလား မသိဘူး" လင်းထျန် ခဏလောက် စဉ်းစားပြီး တွန့်ဆုတ်စွာ ပြောလိုက်တယ်။
ကူညီပေးဖို့က ပြဿနာမရှိပေမယ့် လင်းထျန်က ဒီကိစ္စကို သိပ်အရေးမကြီးဘူးလို့ ထင်နေတာ။ သူ့ရဲ့ နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေကို အပျက်မခံချင်ဘူး။
"မင်း မကူညီချင်ရင်လည်း ထားလိုက်ပါတော့" လင်းထျန်ရဲ့ မရေမရာ အဖြေကို ကြားတော့ ဝမ်ချောင်ရဲ့ မျက်နှာ ချက်ချင်း ပျက်သွားတယ်။ လင်းထျန်ကို အကူအညီလာတောင်းရတာ သူ ရှက်နေပြီးသားလေ။ လင်းထျန်က မကူညီချင်တဲ့ပုံပြနေတော့ သူလည်း လက်လျော့လိုက်တယ်။
"ရှင် သိုင်းတတ်တယ်လား" အဲဒီအချိန်မှာ ဘေးက ရှန်ရိရန်က လင်းထျန်ကို စူးစမ်းသလို မေးလိုက်တယ်။
"နည်းနည်းပါးပါးပါ" လင်းထျန် ခေါင်းညိတ်လိုက်တယ်။
"ဒါဆို ဘာလို့ လက်မခံတာလဲ။ နိုင်ငံခြားသားတွေကို ပညာပေးတာ ကျွန်မ သိပ်ကြိုက်တာ။ လက်ခံလိုက်ပါနော်" ရှန်ရိရန်က လင်းထျန်ရဲ့ လက်မောင်းကို ကိုင်ပြီး လှုပ်ယမ်းကာ ချွဲလိုက်တယ်။
အဲဒီအချိန်မှာပဲ လင်းထျန်ခေါင်းထဲ အီလက်ထရောနစ်အသံ ထွက်ပေါ်လာတယ်။ "မစ်ရှင် - နိုင်ငံခြားသား စိန်ခေါ်သူတွေကို အနိုင်ယူချင်တဲ့ ရှန်ရိရန်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရန်။ မစ်ရှင်ဆုကြေး - စွမ်းရည်အမှတ် တစ်မှတ်"
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: