အခန်း (၁၅၆) ငါ့မှာ လက်တစ်ဖက်ရှိတယ်
"အမ်..." မစ်ရှင်အကြောင်းကြားချက်ကို ကြားလိုက်ရတော့ ဒီတစ်ခါတော့ သူသေချာပေါက် ကူညီမှဖြစ်မယ်ဆိုတာ လင်းထျန် သိလိုက်ပြီ။ သူ ဝမ်ချောင်ကို မော့ကြည့်ပြီး "ရပါတယ် ငါလိုက်ခဲ့ပါ့မယ်" လို့ ပြောလိုက်တယ်။
"ကောင်းပြီလေ မင်းမလိုက်ချင်ရင်လည်း ထားလိုက်..." ဝမ်ချောင်က နည်းနည်း စိတ်ပျက်လက်ပျက်နဲ့ ပြောတယ်။
"လိုက်ချင်တာပေါ့ လိုက်ချင်တာပေါ့" လင်းထျန်က ရယ်မောပြီး ပြန်ပြောလိုက်တယ်။ စွမ်းရည်အမှတ်ရမယ့် ကိစ္စကို လက်လွှတ်ခံတဲ့လူက အရူးပဲ ဖြစ်မှာပေါ့။
"မင်း သေချာလို့လား" ဝမ်ချောင်က လင်းထျန်ကို သံသယနဲ့ ကြည့်လိုက်တယ်။
"သေချာတာပေါ့" လင်းထျန်က ခေါင်းညိတ်ပြတယ်။
"နေပါဦး မင်း ဘယ်သိုင်းကစားနည်း လေ့ကျင့်တာလဲ" လင်းထျန် သဘောတူပြီးပြီးချင်း ဝမ်ချောင်က မေးလိုက်တယ်။
"ငါ ဘယ်သိုင်းကစားနည်း လေ့ကျင့်ရမလဲဆိုတော့..." ဒါကြားတော့ လင်းထျန် စဉ်းစားသွားတယ်။
ငါ ဘာသိုင်း လေ့ကျင့်ခဲ့လဲ ဟုတ်လား။ ငါ ဘာသိုင်းမှ မလေ့ကျင့်ခဲ့ပါဘူး။ ငါ့မှာက ခွန်အားကြီးတာနဲ့ တုံ့ပြန်မှုမြန်တာပဲ ရှိတာလေ...
ခဏလောက် စဉ်းစားပြီးနောက် လင်းထျန်က "ငါ ဘာသိုင်းလေ့ကျင့်လဲဆိုတာ မင်းသိစရာ မလိုပါဘူး။ ငါကူညီနိုင်တယ်ဆိုတာ သိရင် ပြီးတာပါပဲ" လို့ ပြောလိုက်တယ်။
"ဟင်" ဝမ်ချောင်က လင်းထျန်ကို သံသယနဲ့ ကြည့်တယ်။ လင်းထျန် မပြောချင်မှန်းသိတော့ သူ ဆက်မမေးတော့ဘဲ "မင်း ဆန်ဒါကလပ်ကို ဘယ်အချိန်လာနိုင်မလဲ။ လက်ရည်စမ်းကြည့်လို့ရအောင်လေ။ ဘာပဲဖြစ်ဖြစ် ငါက မင်းလက်ရည် ဘယ်လောက်ရှိလဲဆိုတာ မသိဘူးကွ" လို့ ပြောတယ်။
ဝမ်ချောင်က မတတ်သာတဲ့အဆုံး လင်းထျန်ကို ဖိတ်ခေါ်ရတာပါ။ သူသာ အဖြေမရှာနိုင်ရင် ဆန်ဒါ ကလပ်က ကျောင်းသားတွေအကုန် ထွက်သွားကြလိမ့်မယ်။
စမ်းသပ်ကြည့်တဲ့သဘောနဲ့သာ ဝမ်ချောင်က လင်းထျန်ကို ဖိတ်ခေါ်တာပါ။ လင်းထျန်ရဲ့ လက်ရည်က ဘယ်လောက်ကောင်းလဲဆိုတာ သူ လုံးဝ မသေချာပါဘူး။
ဝမ်ချောင် သိတာတစ်ခုက သူတို့ စတွေ့တုန်းက လင်းထျန် သစ်သားတုံးကို ဖမ်းဆွဲလိုက်တဲ့ မြင်ကွင်းပါပဲ။
လင်းထျန်ရဲ့ စွမ်းဆောင်ရည်က ကြောက်စရာကောင်းပေမယ့် သူဘယ်လောက်ကျွမ်းကျင်လဲဆိုတာ သိရအောင် ဝမ်ချောင်ကိုယ်တိုင် စမ်းသပ်ကြည့်မှ ဖြစ်မယ်။ ဒါမှ သူ ရှင်းရှင်းလင်းလင်း သိရမှာ။
ဝမ်ချောင် သူ့ကို မယုံမှန်းသိတော့ လင်းထျန် မအံ့သြပါဘူး။ ခဏလောက် စဉ်းစားပြီးနောက် "မနက်ဖြန် မနက်ဖြန် ငါအချိန်ပေးပြီး လာခဲ့မယ်။ ဒီညတော့ ငါမအားတာ သေချာတယ်" လို့ ပြောလိုက်တယ်။
"ဘာလို့ ဒီည မအားရမှာလဲ။ ဒီည သွားလို့ရတာပဲဟာ" လင်းထျန် စကားဆုံးတာနဲ့ ရှန်မုန့်ရီက ဝင်ပြောတယ်။
လင်းထျန်က သူ့ကို လှည့်ကြည့်ပြီး အံ့သြစွာနဲ့ "ငါတို့ ညစာစားမလို့ မဟုတ်ဘူးလား" လို့ မေးလိုက်တယ်။
"ညစာက ဘာလုပ်ဖို့လဲ။ ဘာပဲဖြစ်ဖြစ် ငါ ဗိုက်မဆာသေးပါဘူး။ ဆန်ဒါ ကလပ်ကို အရင်သွားကြည့်ပြီးမှ ပြန်လာစားကြတာပေါ့" ရှန်ရိရန်ရဲ့ မျက်လုံးတွေက စိတ်လှုပ်ရှားမှု အရိပ်အယောင်တွေနဲ့ တောက်ပနေတယ်။
ရှန်ရိရန်ရဲ့ စိတ်အားထက်သန်နေတဲ့ အကြည့်ကို မြင်တော့ လင်းထျန် ခဏလောက် ပြောစရာစကားမဲ့သွားပြီး ရှန်မုန့်ရီကို လှမ်းကြည့်လိုက်တယ်။
လင်းထျန်ရဲ့ အမေးသဘောပါတဲ့ အကြည့်ကို သတိထားမိတော့ ရှန်မုန့်ရီက ခဏလောက် တွေဝေပြီးမှ "ရိရန်က အရမ်းကြည့်ချင်နေမှတော့ ဒီနေ့ပဲ သွားကြတာပေါ့" လို့ ပြောလိုက်တယ်။
"ဒါဆိုလည်း ပြီးတာပဲ" ကောင်မလေးနှစ်ယောက်လုံးက ဒီလိုပြောလာမှတော့ လင်းထျန် ငြင်းစရာမရှိတော့ဘူးပေါ့။ ဒါနဲ့ လင်းထျန်က ဝမ်ချောင်ဘက်လှည့်ပြီး "ဒီညဆိုရင်ရော ဘယ်လိုလဲ။ ငါ အခု အားနေတယ်" လို့ ပြောလိုက်တယ်။
"ကောင်းပြီလေ ပြဿနာမရှိဘူး။ ဒီည ကလပ်ကလူတွေအကုန် ရှိနေကြတယ်" ဝမ်ချောင် ခေါင်းညိတ်လိုက်တယ်။
အဲဒီနောက် သူတို့အဖွဲ့ ဆန်ဒါ ကလပ်ဆီ ထွက်လာခဲ့ကြတယ်။
လင်းထျန်တို့အဖွဲ့ ဆန်ဒါ ကလပ်ဆီ လျှောက်လာတဲ့အချိန်မှာ ကလပ်က တော်တော်လေး စည်ကားနေပြီ။
လေ့ကျင့်ရေးကွင်းထဲမှာ အနည်းဆုံး လူလေးငါးဆယ်လောက် စကားပြောနေကြတယ်။ ကြည့်ရတာ သက်ဝင်လှုပ်ရှားနေတဲ့ ပုံစံပါပဲ။
"ဥက္ကဋ္ဌဝမ်က ဘာလို့ မရောက်သေးတာလဲ။ ခုနစ်နာရီဆို"
"ဟုတ်တယ် ဟုတ်တယ်။ အချိန်တန်ပြီ မလာသေးဘူး"
"သူက အရင်တုန်းက နောက်ကျလေ့မရှိပါဘူး ဒီနေ့ ဘာဖြစ်သွားလဲ မသိဘူး"
"မနက်ဖြန် တိုက်ကွမ်ဒို ကလပ်က လာစိန်ခေါ်မှာဆိုတော့ စိတ်ညစ်နေတာ နေမှာပေါ့"
တိုက်ကွမ်ဒို ကလပ်အကြောင်း ပြောလိုက်တာနဲ့ လေထုက ပိုပြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်။
"အဲဒီလူတွေက တော်တော်စွမ်းတယ်။ ကလပ်ဥက္ကဋ္ဌတောင် သူတို့ကို မယှဉ်နိုင်ဘူး"
"အဲဒါ တော်တော်လေး အထင်ကြီးစရာပဲ ပြီးတော့ သူတို့ရဲ့ လှုပ်ရှားမှုတွေကလည်း မိုက်တယ်။ တိုက်ကွမ်ဒို ကလပ်မှာ လှလှပပ ကောင်မလေးတွေလည်း အများကြီးပဲ ငါတို့ ဟိုဘက် ပြောင်းကြမလား"
"ငါတော့ မသွားဘူး။ ဒီမှာပဲ နေမယ်။ ငါ အဲဒီ ကိုရီးယားတွေကို မြင်ရတာ မုန်းတယ်"
"ဒီမှာ လူသိပ်မကျန်တော့ဘူး။ ဒီရက်ပိုင်း လူတွေ ထွက်ကုန်ကြတာ ပိုပိုများလာတယ်။ နောက်ထပ် လူထပ်ထွက်ရင် ငါလည်း ထွက်တော့မယ်။ ဒီမှာ မစည်ကားတော့ဘူးကွ"
"ဟူး... အရင်တုန်းက ငါတို့ဆီမှာ လူရာချီရှိခဲ့တာ တော်တော် အင်အားကြီးခဲ့တာ အခုတော့..."
"ဘာမှမတတ်နိုင်ဘူးလေ ငါတို့က သူတို့ကိုမှ မနိုင်တာ။ သူတို့က သိပ်သန်မာလွန်းတယ်"
"ဝမ်ချောင်က အရင်တုန်းက သူဘယ်လောက်တော်ကြောင်း ကြွားခဲ့ပေမယ့် အခုကျတော့ ဒီလို နောက်ဆုတ်သွားလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ အသုံးမကျဘူး" လူတစ်ယောက်က မကျေမနပ် ပြောလိုက်တယ်။
"ရပါတယ်ကွာ တဖက်လူက သိပ်သန်မာလွန်းနေတာပါ" နောက်တစ်ယောက်က ပြန်ပြောတယ်။
အဲဒီအချိန်မှာ လင်းထျန်တို့အဖွဲ့က တံခါးဝမှာ ရောက်နေတာ ခဏကြာပြီဖြစ်ပြီး ဒီလူတွေ ပြောနေတာတွေကို ကြားနေရတယ်။
ဒီလူတွေရဲ့ မှတ်ချက်တွေ အထူးသဖြင့် နောက်ပိုင်းပြောတဲ့ စကားတွေကို ကြားတော့ ဝမ်ချောင် မျက်နှာ ပျက်သွားတယ်။
ဝမ်ချောင် အသက်ပြင်းပြင်းရှူပြီး ကျယ်လောင်စွာ ချောင်းဟန့်လိုက်ကာ အထဲကို ဝင်သွားတယ်။
ဝမ်ချောင်ရဲ့ ချောင်းဟန့်သံကြောင့် အခန်းထဲက လူတွေအကုန် တိတ်ဆိတ်သွားပြီး တံခါးပေါက်ဘက် လှည့်ကြည့်လိုက်တော့ ဝမ်ချောင်ကို ချက်ချင်း တွေ့လိုက်ရတယ်။
"ဥက္ကဋ္ဌဝမ် ရောက်လာပြီဟေ့"
"ဥက္ကဋ္ဌဝမ်..." ပရိသတ်တွေဆီက နှုတ်ဆက်သံတွေ တပြိုင်နက် ထွက်ပေါ်လာတယ်။
လူအချို့ကို နှုတ်ဆက်ပြီးနောက် ဝမ်ချောင်က လျှောက်သွားပြီး သူတို့ကို ဝေ့ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်တယ်။ "ဒီရက်ပိုင်း အားလုံး စိတ်မပျော်မရွှင် ဖြစ်နေကြတယ်ဆိုတာ ငါသိပါတယ်။ ငါလည်း မပျော်ပါဘူး။ ဘာပဲဖြစ်ဖြစ် ငါတို့က ပြန်မတိုက်နိုင်လောက်အောင် အပြတ်အသတ် ရှုံးနိမ့်ခဲ့တာကိုး။ မင်းတို့ မပျော်သလို ငါလည်း မပျော်ဘူး"
ဒီနေရာမှာ ဝမ်ချောင် စကားခဏရပ်လိုက်တယ်။ အားလုံးရဲ့ အကြည့်က သူ့ဆီရောက်နေတာကို သတိထားမိပြီးမှ ဆက်ပြောတယ်။ "ဒါပေမဲ့ မပူကြပါနဲ့ ဒီနေ့ ငါ ဆရာတစ်ဆူကို ဖိတ်ခေါ်ထားတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းက ကျောင်းရဲ့ အမှတ် ၄ ဂိတ်ပေါက်မှာ ဖြစ်ခဲ့တာကို မင်းတို့အားလုံး ကြားပြီးကြလောက်ပါပြီ။ အခု ငါအဲဒီကျောင်းသားကို ခေါ်လာခဲ့တယ်။ သူက ငါတို့ကို ကူညီပေးမယ်လို့ ကတိပေးထားတယ်"
"တကယ်လား။ တစ်ယောက်တည်းနဲ့ လူဆယ်ယောက်လောက်ကို မှောက်ခဲ့တဲ့လူလား။ သူ တကယ်ရောက်လာတာလား"
"တကယ်သာ သူဆိုရင် မနက်ဖြန် တိုက်ကွမ်ဒို ကလပ်က ကောင်တွေကို နိုင်လောက်တယ်နော်။ သူ ဘယ်မှာလဲ"
ဝမ်ချောင်ပြောတာ ကြားတော့ ရှိနေတဲ့လူတွေအကုန်လုံး သူ့အနောက်ကို လှမ်းကြည့်ကြတယ်။ ဝမ်ချောင်အနောက်က လူငါးယောက်ကို သူတို့မှတ်မိတာမို့ အရင်ဆုံး ဖယ်ထုတ်လိုက်တယ်။ ပြီးတော့ ကောင်မလေးနှစ်ယောက် ကျန်တယ် ဒါပေမဲ့ မဖြစ်နိုင်တာမို့ သူတို့ကိုလည်း ဖယ်ထုတ်လိုက်တယ်။ ပြီးတော့ အားလုံးရဲ့ အကြည့်က လင်းထျန်ဆီ ရောက်သွားကြတယ်။
"သူလား"
"တကယ်ကြီးလား" လင်းထျန်ကို မြင်လိုက်တော့ စိတ်ပျက်သံတချို့ ထွက်ပေါ်လာတယ်။
ဘာလို့လဲဆိုတော့ လင်းထျန်ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက သူတို့ စိတ်ကူးထားတာနဲ့ လုံးဝ ကွဲပြားနေလို့ပါပဲ။ လင်းထျန်က မျက်နှာနုနုလေးနဲ့ ကလေးမျက်နှာလေးတောင် ပေါက်နေသေးတယ်။ အရပ်လည်း မရှည်ဘူး ၁.၈ မီတာတောင် မပြည့်ချင်ဘူး။
ဒါ့အပြင် လင်းထျန် ဝတ်ထားတဲ့ပုံစံအရ ကြည့်ရင် ကြွက်သားအဖုအထစ် ဘာမှမရှိဘဲ ပိန်ပိန်ပါးပါးလေး ဖြစ်နေတယ်။
လင်းထျန်ရဲ့ ရုပ်သွင်က သူတို့ စိတ်ကူးထားတဲ့ သိုင်းဆရာတစ်ယောက်ရဲ့ ပုံစံနဲ့ တော်တော်လေး ကွာခြားနေတယ်။
"သူက တကယ် တော်လို့လား။ ငါ သူ့ကို လက်တစ်ဖက်တည်းနဲ့ မနိုင်မယ်လို့ ထင်တယ်" အဲဒီအချိန်မှာ ၁.၉ မီတာလောက်ရှိတဲ့ ကြွက်သားအဖုအထစ်တွေနဲ့ လူကောင်ကြီးတစ်ယောက်က လင်းထျန်ကို သံသယမျက်လုံးတွေနဲ့ ကြည့်ပြီး ပြောလိုက်တယ်။
"တင့်ကားကြီး သူတို့ကို မခြောက်ပါနဲ့ကွာ တော်ကြာ မင်းကို ဆွဲဖြဲပစ်လိုက်ဦးမယ်"
"ဟုတ်တယ် ဟုတ်တယ် အဲကျမှ ဘောင်းဘီထဲ သေးမပါစေနဲ့နော်" သူ့ဘေးက လူတွေက အဲဒီလူကောင်ကြီးကို ဝိုင်းစကြတယ်။ စကားအရတော့ ဟိုလူကို စနေတာဆိုပေမယ့် လင်းထျန်ကို လှောင်ပြောင်တဲ့လေသံ ပါနေတာကို လင်းထျန် သေချာပေါက် ကြားလိုက်ရတယ်။
လှောင်ပြောင်နေကြတာပါ။
နည်းနည်း စိတ်တိုသွားတာနဲ့ လင်းထျန်က ရှေ့တစ်လှမ်းတိုးပြီး လူအုပ်ကြီးကို ဝေ့ကြည့်ကာ "မင်းတို့အကုန်လုံး တစ်ပြိုင်တည်း လာခဲ့ ငါ လက်တစ်ဖက်တည်းနဲ့ ရှင်းပေးမယ်" လို့ ပြောလိုက်တယ်။
"ဟင်" ဒါကိုကြားတော့ ရှိနေတဲ့လူတွေအကုန်လုံး ကြောင်အသွားကြတယ်။
ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ပွဲက ရုတ်တရက် ဆူညံပွက်လောရိုက်သွားတယ်။
"ဟေ့ကောင် မင်း တော်တော် မောက်မာပါလား"
"မင်းကို ငါ ပညာပေးရမလား"
သိုင်းကစားတဲ့လူတွေက ဒေါသကြီးတတ်ကြတာမို့ လင်းထျန်ရဲ့ ရန်လိုတဲ့လေသံကို ကြားတာနဲ့ ချက်ချင်း ဒေါသထွက်ကုန်ကြတယ်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: