အခန်း (၁၅၇) အားလုံး တစ်ပြိုင်တည်း လာခဲ့ကြ
တိုက်ခိုက်ဖို့အသင့်ဖြစ်နေပြီဆိုတာ လင်းထျန် သိလိုက်တယ်။ ဒါကိုတွေးပြီး လင်းထျန်က ရှေ့တက်လာကာ သူတို့ကို ဝေ့ကြည့်ပြီး အေးစက်စက်နဲ့ ပြောလိုက်တယ်။ "မကျေနပ်တာတွေ ရပ်လိုက်တော့။ လက်မခံချင်တဲ့ကောင်တွေ ထွက်ခဲ့"
"ကောင်းပြီလေ ဒါဆို ငါကပဲ မင်းရဲ့ပညာကို တောင်းခံပါရစေ" လူအုပ်ထဲက လူတစ်ယောက်က မထီမဲ့မြင်ပြုရင်း ရှေ့ထွက်လာတယ်။
"ဟိုဘက်က ပြိုင်ပွဲကွင်းကို သွားကြတာပေါ့" ဝမ်ရန်က လင်းထျန်ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး ပြောလိုက်တယ်။
ဟိုဘက်ခြမ်းမှာ ၁၀ ပေ ပတ်လည် ဖျာခင်းထားတဲ့ နေရာတစ်ခုရှိတယ်။
"သွားမယ်လေ" လင်းထျန် စကားအများကြီး ပြောမနေတော့ဘဲ တန်းလျှောက်သွားလိုက်တယ်။
"ဟေး" လင်းထျန် ခြေလှမ်းနည်းနည်းပဲ လှမ်းရသေးတဲ့အချိန် အနောက်ကနေ ရှန်ရိရန်ရဲ့အသံ ထွက်ပေါ်လာတယ်။
"ဟင်" လင်းထျန် ဇဝေဇဝါနဲ့ လှည့်ကြည့်လိုက်တယ်။
ရှန်ရိရန်က ဝမ်ရန်ကို တစ်ချက်ကြည့်ပြီး လင်းထျန်ကို စိုးရိမ်တကြီး မေးလိုက်တယ်။ "ရှင် အဆင်ပြေပါ့မလား"
ရှန်ရိရန်က ဒီလိုပြိုင်ပွဲမျိုး ကြည့်ရတာ ကြိုက်ပေမယ့် အခုတော့ သူ တကယ် စိတ်ပူနေတာပါ။
မတတ်နိုင်ဘူးလေ သူတို့နှစ်ယောက်ရဲ့ ခန္ဓာကိုယ် အရွယ်အစားက သိပ်ကွာခြားလွန်းနေတယ်။
ဝမ်ရန်က အရပ် ၁.၉ မီတာလောက်ရှိပြီး ကြွက်သားတွေက ကျောက်တုံးတွေလို မာကျောနေတဲ့ပုံပဲ။ လင်းထျန်ကတော့ ပိန်ပိန်ပါးပါးလေးဆိုတော့ နှစ်ယောက်ယှဉ်ရပ်လိုက်ရင် လူကြီးနဲ့ ကလေးလို ဖြစ်နေတယ်။ ဝမ်ရန်ရဲ့ လက်မောင်းက လင်းထျန်ရဲ့ ပေါင်လုံးလောက်ရှိတယ်လို့တောင် ရှန်ရိရန် ထင်မိတယ်။
အရွယ်အစားချင်း သိပ်ကွာလွန်းလို့ လင်းထျန် ထိခိုက်သွားမှာကို ရှန်ရိရန် တကယ် စိုးရိမ်နေတာပါ။
ရှန်ရိရန်ရဲ့ မျက်နှာပေါ်က စိုးရိမ်မှုကို သတိထားမိတော့ လင်းထျန် ခဏကြောင်သွားပြီးမှ စိတ်သက်သာရာရတဲ့ အပြုံးလေးနဲ့ ပေါ့ပေါ့ပါးပါး ပြောလိုက်တယ်။ "စိတ်မပူပါနဲ့ သူ့ကို ကိုင်တွယ်ဖို့ ဆယ်စက္ကန့်တောင် ကြာမှာ မဟုတ်ပါဘူး"
"ဟွန့်" လင်းထျန် ပြောတာကို ဝမ်ရန် ကြားတာပေါ့။ သူ ဒေါသတကြီး နှာမှုတ်လိုက်တယ်။ သူ ဘာမှမပြောပေမယ့် ခဏနေရင် လင်းထျန် ဒီလောက် မမောက်မာနိုင်အောင် ကောင်းကောင်း ပညာပေးလိုက်မယ်လို့ ဆုံးဖြတ်ထားတယ်။
ရှန်ရိရန်ကို နှုတ်ဆက်ပြီးနောက် လင်းထျန် လှည့်ထွက်သွားပြီး ပြိုင်ပွဲကျင်းပမယ့် ဖျာခင်းထားတဲ့နေရာကို သွားလိုက်တယ်။
နှစ်ယောက်သား နေရာယူပြီးတော့ လင်းထျန်က လူကောင်ကြီးကို မော့ကြည့်ပြီး ပေါ့ပေါ့ပါးပါး ပြုံးကာ "မင်း အရင်စလိုက်" လို့ ပြောလိုက်တယ်။
"ကောင်းပြီလေ ဒါဆို ငါ အားမနာတော့ဘူး" ဝမ်ရန်က မငြင်းပါဘူး။ သူ မျက်လုံးကိုမှေး ခြေတစ်လှမ်းကျယ်ကျယ်လှမ်းပြီး လင်းထျန်ရဲ့ ဗိုက်ကို လက်သီးနဲ့ ထိုးချလိုက်တယ်။
လင်းထျန်ကို ပညာပေးချင်နေတာ ကြာပြီလေ။
ဝှစ်!
ဝမ်ရန်ရဲ့ လက်သီးတွေက ကြီးမားတယ်။
မြေအိုးကြီးလောက်တောင် ရှိမလားပဲ။
ကြီးမားတဲ့ လက်သီးကြီးက လင်းထျန်ရဲ့ ဗိုက်ဆီ ဝင်ရောက်လာတယ်။
ဒါကိုမြင်တော့ ဘေးကကြည့်နေတဲ့ ရှန်ရိရန် အသက်အောင့်ထားလိုက်မိပြီး မျက်နှာမှာ စိုးရိမ်စိတ်တွေ အပြည့်ဖြစ်နေတယ်။
လက်သီးကြီး သူ့ဆီ ဝင်လာတာမြင်တော့ လင်းထျန် မျက်လုံးအနည်းငယ် မှေးလိုက်တယ်။ သူ့ခန္ဓာကိုယ်က မလှုပ်ဘူး ဒါပေမဲ့ ရုတ်တရက် လျှပ်စီးလို လျင်မြန်စွာ ညာလက်ကို ဆန့်ထုတ်ပြီး ဝမ်ရန်ရဲ့ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်တယ်။
တစ်လက်မတောင် မရွေ့တော့ဘူး!
ဝမ်ရန်ရဲ့ ထိုးနှက်ချက်က လင်းထျန် ဖမ်းဆွဲလိုက်တာနဲ့ ရုတ်တရက် ရပ်တန့်သွားတယ်။
"ဟင်" ဝမ်ရန် အံ့သြသွားပြီး လက်ကို ပြန်ရုန်းဖို့ ကြိုးစားပေမယ့် လုံးဝ မလှုပ်ဘူး။ လင်းထျန်ရဲ့ ဆုပ်ကိုင်ထားမှုက သံညှပ်ကြီးနဲ့ ညှပ်ထားသလိုပဲ မြဲမြံနေတယ်။
ပြုံးဖြီးဖြီးနဲ့ ကြည့်ရင်း လင်းထျန်က "မင်းအားက ဒီလောက်ပဲလား။ ငါတော့ စိတ်ပျက်သွားပြီ" ပြောရင်းနဲ့ လင်းထျန်က လက်ကို ဖြည်းဖြည်းချင်း လွှတ်ပေးလိုက်တယ်။
လင်းထျန် လက်လွှတ်လိုက်တာနဲ့ ဝမ်ရန်ရဲ့ လက်ကောက်ဝတ်မှာ လက်ချောင်းရာ အနီရောင် ငါးခု ထင်ကျန်ရစ်ခဲ့တယ်။
လင်းထျန်စကားကြားတော့ ဝမ်ရန် ဒေါသထွက်သွားတယ်။
လင်းထျန် ထိခိုက်မှာစိုးလို့ ဝမ်ရန်က သူ့အားရဲ့ သုံးပုံတစ်ပုံလောက်ပဲ သုံးခဲ့တာပါ။ ဒါပေမဲ့ လင်းထျန်က သူ့ကို လွယ်လွယ်ကူကူ ထိန်းချုပ်လိုက်နိုင်တယ်။ ဒါက သူ့ကို တော်တော်လေး မကျေမနပ် ဖြစ်စေတယ်။
လင်းထျန်ရဲ့ ခွန်အားက သူ့ကို အံ့သြစေခဲ့ပေမယ့် လင်းထျန်အနေနဲ့ သူ့ရဲ့ အစွမ်းကုန်ထုတ်သုံးတဲ့ ခွန်အားကို ယှဉ်နိုင်မယ်လို့ ဝမ်ရန် မယုံကြည်ပါဘူး။
အထင်သေးတဲ့စိတ်ကို ဘေးဖယ်လိုက်ပြီး ဝမ်ရန်က လက်ကိုပြန်ရုပ်ကာ ကျယ်လောင်စွာ အော်ဟစ်ပြီး လင်းထျန်ရဲ့ ရင်ဘတ်ကို အားကုန် ထိုးလိုက်တယ်။
ဒီလက်သီးချက်ကတော့ အားကုန်ပါပဲ။
ဝှစ်!
ကြီးမားတဲ့ လက်သီးကြီးက သူတို့ဆီ ဝင်ရောက်လာတယ်။
ဖြောင်း!
လင်းထျန် ထပ်ပိတ်လိုက်ပြန်ပြီ။ သူက လက်သီးချက်ကို တန်းပြီး လမ်းကြောင်းလွှဲလိုက်တာပါ။
ဝှစ်!
ဒါပေမဲ့ မပြီးသေးပါဘူး။ လင်းထျန် အဲဒီလက်သီးချက်ကို ပိတ်လိုက်တာနဲ့ နောက်ထပ် လက်သီးတစ်ချက်က သူ့ခေါင်းဆီ လေတိုးသံမြည်ပြီး ရောက်လာပြန်တယ်။
ဖြောင်း!
လင်းထျန် ထပ်ပိတ်လိုက်ပြန်တယ်။
ဝှစ်!
ခြေထောက်တစ်ဖက်က လေတိုးသံပြင်းပြင်းနဲ့အတူ လင်းထျန်ရဲ့ ခါးဆီ ဝင်ရောက်လာတယ်။
လင်းထျန် ခြေထောက်ကို အသာအယာ မလိုက်ပြီး ဘုန်းခနဲအသံနဲ့အတူ သူတို့ခြေထောက်ချင်း ရိုက်ခတ်သွားကြတယ်။ လင်းထျန် ထပ်ကာကွယ်လိုက်နိုင်ပြန်တယ်။
ဝှစ်!
ဝမ်ရန်ရဲ့ တိုက်ခိုက်မှုတွေက ပြင်းထန်ပြီး လျင်မြန်တယ်။ ဒါပေမဲ့ လင်းထျန်ရဲ့ လှုပ်ရှားမှုတွေကလည်း မနှေးပါဘူး။ အခုထိ လင်းထျန်က လက်တစ်ဖက်တည်းပဲ သုံးနေပေမယ့် အရမ်းကို လွယ်လွယ်ကူကူ ကာကွယ်နေပုံရတယ်။
တိုက်ခိုက်မှုတွေ ဆက်တိုက် မအောင်မြင်ဖြစ်ပြီးနောက် ဝမ်ရန် မျက်နှာရဲလာပြီး မျက်လုံးတွေ ပြူးလာပေမယ့် လင်းထျန်ကတော့ တည်ငြိမ်နေပြီး ခြေထောက်တောင် သိပ်မရွှေ့ရသေးဘူး။
ဖြောင်းခနဲအသံနဲ့အတူ လင်းထျန်က ဝမ်ရန်ရဲ့ လက်သီးကို ထပ်ပိတ်လိုက်တယ်။ မျက်နှာရဲနေတဲ့ ဝမ်ရန်ကို မော့ကြည့်ပြီး လင်းထျန်က "ဒါ မင်းရဲ့ အကုန်ပဲဆိုရင်တော့ စိတ်မကောင်းပါဘူးကွာ" လို့ ပေါ့ပေါ့ပါးပါး ပြုံးပြီး ပြောလိုက်တယ်။ စကားဆုံးတာနဲ့ လင်းထျန် မျက်လုံးမှေးလိုက်ပြီး ရှေ့ကို အမြန်တိုးကာ ငုံ့လိုက်တာကြောင့် ချက်ချင်းဆိုသလို ဝမ်ရန်ရဲ့ ရင်ခွင်ထဲ ရောက်သွားတယ်။
လင်းထျန် ဝမ်ရန်နဲ့ ကပ်သွားတာနဲ့ ပခုံးကို အနည်းငယ် လှုပ်လိုက်တယ်။
ဘုန်း!
ဝမ်ရန် သူ့ရင်ဘတ်ထဲက ကြီးမားတဲ့ တွန်းကန်အားကို ခံစားလိုက်ရတယ်။ ရုတ်တရက် သူ့ခန္ဓာကိုယ် လေပေါ်မြောက်တက်သွားပြီး သုံးမီတာလောက် လွင့်ထွက်ကာ ဖျာအိအိပေါ် ဘုန်းခနဲ ပြုတ်ကျသွားတယ်။
တိတ်ဆိတ်ခြင်း!
မြင်ကွင်းတစ်ခုလုံး လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားတယ်။
ကြမ်းပြင်ပေါ် လဲကျနေတဲ့ ဝမ်ရန်ကို ကြည့်ပြီး လင်းထျန်က ရှန်ရိရန်ဘက်လှည့်ကာ ပြုံးပြလိုက်တယ်။ "ဆယ်စက္ကန့်တောင် မကြာလောက်ဘူး ထင်တယ်"
အဲဒီအချိန်မှာ ရှန်ရိရန် မျက်လုံးတွေ ပြူးကျယ်နေပြီး မယုံကြည်နိုင်တဲ့ အမူအရာတွေ ဖြစ်ပေါ်နေတယ်။
ရှန်ရိရန်တင် မကပါဘူး ဘေးကကြည့်နေတဲ့ တခြားလူတွေလည်း မျက်လုံးပြူးနေကြတယ်။
မထင်မှတ်ထားဘူး!
ဒီရလဒ်က လုံးဝ မထင်မှတ်ထားတဲ့ ရလဒ်ပဲ။
မူလက ဝမ်ရန်အနေနဲ့ လင်းထျန်ကို ယှဉ်နိုင်လောက်တယ် မနိုင်ရင်တောင် ဒီလောက် မြန်မြန်ဆန်ဆန်တော့ မရှုံးသင့်ဘူးလို့ ထင်ခဲ့ကြတာ။ ဝမ်ရန် ရှုံးတာ အရမ်းမြန်ပြီး အရမ်းလွယ်ကူလွန်းတယ်။ ဒီရလဒ်ကို လုံးဝ မျှော်လင့်မထားခဲ့ကြဘူး။
ချက်ချင်းဆိုသလို လင်းထျန်အပေါ်ထားတဲ့ လူတိုင်းရဲ့ အထင်သေးတဲ့အကြည့်တွေ ပျောက်ကွယ်သွားတယ်။
ဝမ်ချောင်လည်း အံ့သြသွားတယ်။ လင်းထျန်မှာ ဝှက်ဖဲတွေ ရှိလိမ့်မယ်လို့ သူမှန်းဆထားပေမယ့် ဝမ်ရန်ကို ဒီလောက် လွယ်လွယ်ကူကူ အနိုင်ယူလိမ့်မယ်လို့တော့ လုံးဝ မထင်ထားခဲ့ဘူး။ သူကိုယ်တိုင်တောင် ဒီလောက် မလွယ်ကူဘူးလေ။
ခဏလောက် တွေဝေပြီးနောက် စမ်းသပ်ချင်စိတ်ဖြစ်လာတဲ့ ဝမ်ချောင်က "ငါတစ်ချက်လောက် စမ်းကြည့်ပါရစေ" လို့ အော်ပြောလိုက်တယ်။ ပြောပြီးတာနဲ့ ဝမ်ချောင်က ခြေလှမ်းကျဲကြီးတွေနဲ့ ရှေ့ထွက်လာပြီး ဖျာပေါ် တက်လိုက်တယ်။ အဲဒီအချိန်မှာ ဝမ်ရန်လည်း သက်သာလာပြီး ဖျာပေါ်က ထလိုက်တယ်။
လင်းထျန်က ဝမ်ချောင်ကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်ပြကာ "ကောင်းပြီလေ စလိုက်တော့" လို့ ပြောလိုက်တယ်။
"ဟူး..." အသက်ပြင်းပြင်းရှူပြီး ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ကာ ဝမ်ချောင်က လင်းထျန်ကို လေးနက်တဲ့ မျက်နှာထားနဲ့ စိုက်ကြည့်လိုက်တယ်။ ခဏလောက် ကြည့်ပြီးနောက် ဝမ်ချောင် ရုတ်တရက် အော်ဟစ်ပြီး ခုန်ကန်လိုက်တယ်။
ဝှစ်!
ဝမ်ချောင်ရဲ့ ကန်ချက်က ယုံနိုင်စရာမရှိအောင် မြန်ဆန်ပြီး ဝမ်ရန်ထက်တောင် ပိုမြန်နေပါသေးတယ်။
ဒါပေမဲ့ လင်းထျန်က ဒီအမြန်နှုန်းကို အရေးမစိုက်ဘဲ ဒီအတိုင်း ကာကွယ်လိုက်တယ်။
ဖြောင်း!
ပြီးတော့ နောက်ထပ် ကန်ချက်တစ်ချက် ရင်ဘတ်ဆီ တည့်တည့်ဝင်လာတယ်။
မြန်တယ်!
မြန်တယ်!
ဝမ်ချောင်ရဲ့ အမြန်နှုန်းက ဝမ်ရန်ထက် တစ်ဆင့်ပိုမြင့်တယ်ဆိုတာ သိသာတယ်။
ဖြောင်း! ဖြောင်း!
လင်းထျန်က ဝမ်ချောင်ရဲ့ တိုက်ခိုက်မှုတွေကို ဆက်တိုက် ကာကွယ်ပြီးနောက် "ငါ့ကို အမြန်နှုန်းနဲ့ လာမယှဉ်နဲ့" လို့ တည်ငြိမ်စွာ ပြောလိုက်တယ်။
ပြောပြီးတာနဲ့ လင်းထျန် မျက်လုံးမှေးလိုက်ပြီး ဝမ်ချောင်ရဲ့ ရင်ဘတ်ကို အမြန် ရိုက်ချလိုက်တယ်။
ဘုန်း! ဘုန်း!
လင်းထျန်ရဲ့ လက်အမြန်နှုန်းက အရမ်းမြန်လွန်းတယ်။ ဝမ်ချောင် အစပိုင်းမှာ ခုခံနိုင်ပေမယ့် စက္ကန့်ပိုင်းလောက်ပဲ ခံနိုင်တယ်။ လင်းထျန်ရဲ့ လက်သီးတွေ လက်ဝါးတွေက ဝမ်ချောင်ရဲ့ ရင်ဘတ်ကို ဆက်တိုက် ရိုက်ခတ်နေတယ်။
ဝင်ချွန်း သိုင်းကွက်နဲ့ တူနေတယ်။
ဘုန်း! ဘုန်း!
ဝမ်ချောင် ပြင်းပြင်းထန်ထန် အရိုက်ခံရတာကြောင့် အနောက်ကို ယိုင်နဲ့နဲ့ ဆုတ်သွားရတယ်။ ဖြောင်း!
နောက်ဆုံးတော့ ဝမ်ချောင် ကြမ်းပြင်ပေါ် လဲကျသွားတယ်။
ဟူး!
ဝမ်ချောင် ကြမ်းပြင်ပေါ် လဲကျသွားပြီး အသက်လုရှူနေရတယ်။ သူ အရမ်းစိတ်လှုပ်ရှားနေလို့ အသက်ရှူရခက်နေပေမယ့် ဘာမှမတတ်နိုင်ဘူး။
လင်းထျန်က ဝမ်ချောင်ကို တစ်ချက်ကြည့်လိုက်ပြီး သူလည်း အရှိန်ရနေမှန်း သတိထားမိလိုက်တယ်။ သူချက်ချင်းပဲ အင်္ကျီကို ချွတ်လိုက်တော့ ပုံကျနေတဲ့ ကြွက်သားတွေ ပေါ်လာတယ်။
လင်းထျန်က အင်္ကျီအဖြူကို ဘေးလွှင့်ပစ်လိုက်ပြီး လက်ကိုဆန့်ကာ လူအုပ်ကြီးကို ဖြည်းဖြည်းချင်း ဝေ့ထိုးပြလိုက်တယ်။
"မင်းတို့အကုန်လုံး တစ်ပြိုင်တည်း လာခဲ့ကြ"
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: