အခန်း (၁၅၈) ဆုံစည်းခြင်း
"အားလုံး တစ်ပြိုင်တည်း ဝင်ချကြစမ်း"
လင်းထျန်ရဲ့ အော်သံကြောင့် အားလုံး လန့်သွားကြတယ်။
ကြောင်နေကြတာမြင်တော့ လင်းထျန်က ထပ်အော်လိုက်တယ်။ "ဘာရပ်လုပ်နေကြတာလဲ တက်လာကြလေ"
ခဏလောက် တိတ်ဆိတ်သွားပြီးနောက် တစ်ယောက်က ဒေါသတကြီး အော်ပြောလိုက်တယ်။ "အားလုံး ဝိုင်းချကြကွာ။ ဒီလောက်လူအများကြီးနဲ့ သူ့တစ်ယောက်တည်းကို မနိုင်ဘူးဆိုတာ ငါမယုံဘူး"
"ဟုတ်တယ် ချမယ်"
"တက်ကွာ"
အော်ဟစ်သံတွေနဲ့အတူ အဖြူရောင် လေ့ကျင့်ရေးဝတ်စုံ ဝတ်ထားတဲ့ ဆန်ဒါကလပ် အဖွဲ့ဝင်တွေအားလုံး ဒီရေလှိုင်းလုံးကြီးလို လင်းထျန်ဆီ တိုးဝင်လာကြတယ်။
ဒါကိုမြင်တော့ ရှန်ညီအစ်မနှစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားကြတယ်။ ဒါက...
လူလေးငါးဆယ်လောက် သူ့ဆီပြေးဝင်လာတာကို မြင်တော့ လင်းထျန်ရဲ့ မျက်လုံးထဲမှာ စိတ်လှုပ်ရှားတဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားတယ်။
"ဟေး" ရုတ်တရက် လင်းထျန်က အော်ဟစ်ပြီး ချက်ချင်း ကန်ထည့်လိုက်တယ်။
ဘုန်း!
လင်းထျန်က လူတစ်ယောက်ရဲ့ ဗိုက်ကို တည့်တည့်ကန်လိုက်တာကြောင့် အဲဒီလူ အနောက်ကို လွင့်ထွက်သွားပြီး အနောက်က လေးငါးယောက်နဲ့ ဝင်တိုက်မိသွားတယ်။
ဒါပေမဲ့ လေးငါးယောက် လဲကျသွားတာတောင် နောက်ထပ်လူတွေက လင်းထျန်ဆီ တိုးဝင်လာတုန်းပဲ။
"အား..." လင်းထျန်က ဟိန်းဟောက်ပြီး လက်တွေခြေထောက်တွေ အမြန်ကစားလိုက်တိုင်း လူနှစ်ယောက် သုံးယောက်လောက် ကြမ်းပြင်ပေါ် လဲကျသွားရတယ်။
လင်းထျန်က မြန်ပေမယ့် လူတွေက များလွန်းပြီး ကြပ်သိပ်နေတာကိုး။ နောက်ဆုံးတော့ လင်းထျန်ကို လူဆယ်ယောက်ကျော်လောက်က ဝိုင်းဖက်ထားလိုက်ကြတယ်။ အဝေးကကြည့်ရင် လူအများကြီး လင်းထျန်ကို ကပ်နေသလိုပဲ။
"သူ့ကို တွန်းလှဲလိုက်" ဝမ်ရန်က လင်းထျန်ရဲ့ လက်မောင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရင်း ဒေါသတကြီး အော်ပြောတယ်။
"တွန်းကွ" အားလုံးက လင်းထျန်ကို ကြမ်းပြင်ပေါ် လဲကျသွားအောင် ဝိုင်းကြိုးစားကြတယ်။
လင်းထျန် အသက်ပြင်းပြင်းရှူလိုက်ပြီး ကြွက်သားတွေကို ကျုံ့လိုက် ဆန့်လိုက်လုပ်ကာ ရုတ်တရက် ဟိန်းဟောက်လိုက်တယ်။
"အား..." ဒေါသတကြီး အော်ဟစ်လိုက်တာနဲ့အတူ လင်းထျန်ရဲ့ ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ခါသွားတယ်။
ဝှစ်!
ခဏအတွင်းမှာပဲ လင်းထျန်ကို ဖက်တွယ်ထားတဲ့လူတွေအားလုံး ခန္ဓာကိုယ်ပေါ်က ပုရွက်ဆိတ်တွေကို ခါချလိုက်သလိုမျိုး လွင့်ထွက်ကုန်ကြတယ်။
"ဟူး..." လင်းထျန် သက်ပြင်းရှည်ကြီးချလိုက်ပြီး မျက်လုံးမှေးကာ ရှေ့ကို အမြန်တိုးပြီး ကန်ထည့်လိုက်တယ်။
ဘုန်း! လင်းထျန်က မတ်တပ်ရပ်ကျန်နေတဲ့ လူတစ်ယောက်ကို ကန်ချလိုက်တယ်။
ဖြောင်း! ဖြောင်း!
လင်းထျန်က လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ မတ်တပ်ရပ်ကျန်နေတဲ့ လူနည်းစုလေးကို ကြမ်းပြင်ပေါ် အကုန်မှောက်သွားအောင် လုပ်လိုက်တယ်။
လင်းထျန် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တော့ ဘယ်သူမှ မထနိုင်ကြတော့တာကို တွေ့လိုက်ရတယ်။
"ရှယ်မိုက်တယ်ဟေ့" ဒါကိုမြင်တော့ လင်းထျန် ဝမ်းသာအားရ အော်လိုက်တယ်။
ပျော်စရာကြီး!
ဒီတစ်ခါ တိုက်ခိုက်ရတာ လင်းထျန်အတွက် တော်တော် ကျေနပ်စရာကောင်းတယ်။
"နွားသိုးခွန်အား" ရပြီးကတည်းက ဒီလောက် ကျေနပ်စရာကောင်းတဲ့ ခွန်အားထုတ်ဖော်မှုကို လင်းထျန် မကြုံဖူးသေးဘူး။
မိုက်တယ်!
ချွေးတွေ ရွှဲနစ်သွားတာ ခံစားလို့ ကောင်းလိုက်တာ။
ဒါပေမဲ့ ဒီတစ်ခါ လင်းထျန်က အားလျှော့ထားခဲ့တာပါ။ တကယ်လို့သာ အကုန်ထုတ်သုံးလိုက်ရင် ကန်ချက်တစ်ချက်တည်းနဲ့ လူသေသွားနိုင်တယ်။ ဒါက သူလုပ်လို့မဖြစ်ဘူးလေ။
လင်းထျန်က သူ့ခွန်အားကို ထိန်းထားခဲ့တာကြောင့် အခု သူ့တစ်ကိုယ်လုံးမှာ ပွန်းပဲ့ဒဏ်ရာတွေ အညိုအမဲစွဲတာတွေ ရှိနေပေမယ့် လင်းထျန် ဂရုမစိုက်ပါဘူး။
ဒီလို အားကုန်ထုတ်လိုက်ရတာက လင်းထျန်ကို စိတ်ကျေနပ်မှု ရစေတယ်။
လင်းထျန်က အားရပါးရ ရယ်မောနေတာကို ကြည့်ပြီးတော့ ခြေရင်းမှာ လဲကျနေတဲ့ လူပုံကြီးကို ကြည့်ကာ ရှန်ရိရန် တံတွေးမြိုချလိုက်မိပြီး မယုံကြည်နိုင်စွာ ရေရွတ်လိုက်တယ်။ "လူထူးဆန်း... လူထူးဆန်းကြီး"
ပုံမှန် မဟုတ်ဘူး!
ဒါက လုံးဝ ရူးသွပ်စရာပဲ။
လူလေးငါးဆယ်လောက်က သူ့တစ်ယောက်တည်းကို ဝိုင်းတိုက်တာတောင် အဲဒီလူတွေကပဲ လဲကျသွားပြီး လင်းထျန်ကတော့ နောက်ဆုံးအချိန်ထိ မတ်တပ်ရပ်ကျန်နေခဲ့တယ်။
လင်းထျန်က သူ့ခွန်အားကို ကောင်းကောင်း ထိန်းထားခဲ့တာပါ။ ခဏလောက် နားပြီးတော့ ကြမ်းပြင်ပေါ်လဲကျနေတဲ့ ဆန်ဒါကလပ် အဖွဲ့ဝင်တွေအားလုံး ပြန်ထလာကြတယ်။ အားလုံးက ဒဏ်ရာအနည်းအကျဉ်းလောက်ပဲ ရကြတာပါ။
အဲဒီအချိန်မှာ အားလုံးက လင်းထျန်ကို အထင်သေးတဲ့အကြည့်နဲ့ မကြည့်ကြတော့ဘဲ သူတို့မျက်လုံးထဲမှာ အံ့သြမှုတွေ လေးစားမှုတွေနဲ့ ပြည့်နှက်နေကြတယ်။
သောက်ကျိုးနည်း! ဘာမှမဖြစ်သွားဘူးလား။ ရယ်စရာကောင်းလိုက်တာကွာ။
လူတော်တော်များများက သံသယတွေ မရေရာမှုတွေ ဖြစ်နေကြတယ်။
ဒီနေ့ လင်းထျန်ရဲ့ စွမ်းဆောင်ရည်က သူတို့ကို တကယ် အံ့သြသွားစေခဲ့တယ်။ ဒါက လွန်လွန်းတယ်ကွာ။
ဝမ်ချောင်က လင်းထျန်ကို ကြောင်ကြည့်နေပြီး လျှောက်သွားကာ လင်းထျန်ရဲ့ ပခုံးကို ပုတ်ပြီး လေးလေးနက်နက် ပြောလိုက်တယ်။ "မနက်ဖြန်ကျရင် တိုက်ကွမ်ဒိုနဲ့ ကရာတေး ကောင်တွေ အရှက်ကွဲပြီး ပြန်ပြေးရတော့မယ်ဆိုတာ ငါသေချာတယ်"
"ဒါပေါ့ ဟားဟား" လင်းထျန်က အားရပါးရ ရယ်မောလိုက်ပြီး သူ့ရဲ့ စိတ်ဖိစီးမှုတွေကို ဖွင့်ထုတ်လိုက်တယ်။ ပြီးတော့ သူတော်တော်လေး နေလို့ကောင်းသွားပြီး လှည့်ထွက်ကာ ကြမ်းပြင်ပေါ်က အင်္ကျီကို ကောက်ပြီး ပြန်ဝတ်လိုက်တယ်။
ဆန်ဒါကလပ်က လူတွေနဲ့ စကားခဏပြောပြီးနောက် သူတို့ရဲ့ နှမြောတသဖြစ်နေတဲ့ကြားကပဲ လင်းထျန်နဲ့ ရှန်မုန့်ရီတို့ ကလပ်ကနေ ထွက်လာပြီး အသားကင်စားဖို့ ကန်တင်းဘက် ထွက်လာကြတယ်။
နာရီဝက်လောက်ကြာတော့ သိုးသားကင် ဝါးနေတဲ့ ရှန်ရိရန်က လင်းထျန်ကို မော့ကြည့်ပြီး စိတ်လှုပ်ရှားစွာ ခေါ်လိုက်တယ်။ "လင်းထျန်"
"ခုနက ရှင်ဘယ်လောက်တောင် ခန့်ညားလဲဆိုတာ ရှင်သိမှာ မဟုတ်ဘူး။ အဲဒီပုံစံက ကျွန်မကိုတောင် ကြွေသွားစေတယ်။"
"ဘာလဲ နင်လည်း ငါ့ကို ကြိုက်သွားပြီလား" ဒါကြားတော့ လင်းထျန်က လက်ထဲက တို့ဟူးချောင်းကို ချလိုက်ပြီး ရှန်ရိရန်ကို လေးလေးနက်နက် ကြည့်ကာ ပြောလိုက်တယ်။ "ဒါပေမဲ့ နင်ငါ့ကို ကြိုက်တာ ပုံမှန်ပါပဲ။ ငါဆိုရင် ငါ့ရဲ့ ခန့်ညားမှုကြောင့် အိပ်ရာကနေတောင် လန့်နိုးလာတတ်တာ သိလား။ မှန်ကြည့်ရမှာတောင် ကြောက်တယ်။ ငါ့ရုပ်ငါပြန်ကြည့်ပြီး ကြွေသွားမှာစိုးလို့လေ။ ဟူး... ဘာတတ်နိုင်မှာလဲ။ အရမ်းချောတာလည်း အပြစ်တစ်ခုပါပဲ"
ပြောရင်းနဲ့ လင်းထျန်က ခေါင်းငုံ့ကာ နဖူးပေါ်လက်တင်ပြီး စိတ်ညစ်နေတဲ့ပုံ ဖမ်းလိုက်တယ်။
လင်းထျန်ရဲ့ မျက်နှာထားကို မြင်တော့ ရှန်ရိရန် ပြောစရာစကားမဲ့သွားတယ်။ သူက လက်လှမ်းပြီး လင်းထျန်ပခုံးကို ပုတ်ကာ တခစ်ခစ်ရယ်ရင်း "ရှင် ဒီလောက် ရယ်ရမှန်း မသိခဲ့ဘူး" လို့ ပြောလိုက်တယ်။
"ရယ်ရတယ် ဟုတ်လား" လင်းထျန်က သူ့ကို လေးလေးနက်နက် မော့ကြည့်လိုက်တယ်။ "ငါ နောက်နေတာ မဟုတ်ဘူး။ ဒီလောက်ချောတဲ့ ယောကျ်ားတစ်ယောက်ကို နင် မကြွေဘူးလား" ပြောပြီးတာနဲ့ လင်းထျန်က ခေါင်းကို ပေါ့ပေါ့ပါးပါး ခါလိုက်တယ်။
"အော့... အန်ချင်လိုက်တာ" ရှန်ရိရန်က လျှာထုတ်ပြီး အန်ချင်တဲ့ပုံ လုပ်ပြတယ်။
"တော်ပါပြီဟာ နင့်ကို မပြောတော့ဘူး အလကားပဲ" လင်းထျန် နှုတ်ခမ်းစူလိုက်ပြီး ပန်းကန်ထဲက တို့ဟူးကို ကောက်ကိုင်ကာ တစ်ကိုက် ကိုက်လိုက်တယ်။
လင်းထျန်ကို ကြည့်ရင်း ရှန်ရိရန်က မေးထောက်ကာ ပြုံးပြီး ပြောလိုက်တယ်။ "ပြောရရင်တော့ ရှင့်ဘေးတိုက်မျက်နှာက တော်တော်ကြည့်ကောင်းတယ်နော်။ ကျွန်မ တကယ် နည်းနည်း ရင်ခုန်သွားပြီ"
"ရင်ခုန်သွားပြီလား" လင်းထျန်က တို့ဟူးကို အများကြီး ကိုက်ဝါးလိုက်ပြီး ခေါင်းလှည့်ကာ ပလုံးပထွေးနဲ့ ပြောလိုက်တယ်။ "ရင်ခုန်ရင် လှုပ်ရှားလေ။ ငါက နင့်ကို ငါ့မောင်းမဆောင်ထဲ ထည့်ထားဖို့ ဝန်မလေးပါဘူး"
"သွားစမ်း ထွက်သွား။ ငါ့အစ်မကျတော့ရော" ရှန်ရိရန်က လင်းထျန်ကို တန်းကန်လိုက်တယ်။
"နင့်အစ်မ ဟုတ်လား" လင်းထျန်က တိတ်တိတ်လေး စားနေတဲ့ ရှန်မုန့်ရီဘက် လှည့်ကြည့်ပြီး တခစ်ခစ်ရယ်ကာ "နင့်အစ်မလည်း ပါတာပေါ့။ ညီအစ်မနှစ်ယောက်လုံးဆိုတော့ သိပ်ကောင်းတာပေါ့" လို့ ပြောလိုက်တယ်။
"သွားစမ်း" ဒါကြားတော့ ဘေးမှာရှိနေတဲ့ ရှန်မုန့်ရီလည်း သည်းမခံနိုင်တော့ဘဲ စားပွဲပေါ်က တစ်ရှူးကို လှမ်းယူပြီး လင်းထျန်ကို ပစ်ပေါက်လိုက်တယ်။
သူ့ဆီ လွင့်လာတဲ့ တစ်ရှူးတွေကို မြင်တော့ လင်းထျန် တစ်ရွက်လှမ်းဖမ်းပြီး စားပွဲပေါ်တင်ကာ ရယ်မောလိုက်တယ်။ "ကဲပါ နောက်တာ တော်ပြီ။ မြန်မြန်စားကြ အေးကုန်တော့မယ်"
ပြောရင်းနဲ့ လင်းထျန်က ကြက်သွန်မြိတ်ကင် တစ်ချောင်း ယူလိုက်တယ်။
"လင်းထျန်..." သူ တစ်ကိုက် ကိုက်လိုက်တုန်းမှာပဲ ရင်းနှီးနေတဲ့ အသံတစ်သံ လင်းထျန်နားထဲ ရောက်လာတယ်။
ဒီအသံကို ကြားတော့ လင်းထျန် လန့်သွားပြီး မော့ကြည့်လိုက်တော့ ကြောင်အသွားတယ်။
ဘူမုန့်ထင်!
မထင်မှတ်ထားတာက ဘူမုန့်ထင်နဲ့ သူ့အခန်းဖော်တွေလည်း ညစာလာစားကြတာပါ။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: