ဘူမုန်ထင်ကို တွေ့လိုက်တော့ လင်းထျန် ကြောင်သွားပြီး စိတ်ထဲမှာလည်း နည်းနည်းလိပ်ပြာမလုံ ဖြစ်သွားတယ်။

ကောင်မလေးတစ်ယောက်နဲ့ ပရောပရည်လုပ်နေတုန်း ချစ်သူက မိသွားတာဆိုတော့ ဘယ်လိုလုပ် လိပ်ပြာလုံနိုင်ပါ့မလဲ။

"မုန့်ထင် ခုနက တစ်ခုခုများ မြင်သွားမလား" လင်းထျန် စိတ်ထဲမှာ စိုးရိမ်တကြီး တွေးလိုက်မိတယ်။

ဒါပေမဲ့ ဘူမုန်ထင်ရဲ့ မျက်နှာပေါ်က အံ့သြနေတဲ့ အမူအရာကို မြင်လိုက်တော့ သူလည်း ဒီမှာတွေ့ရလိမ့်မယ်လို့ ထင်မထားခဲ့မှန်း သိသာပါတယ်။

ဘူမုန်ထင်ရဲ့ မျက်နှာထားကို မြင်တော့မှ လင်းထျန် သက်ပြင်းချနိုင်ပြီး ပြုံးကာ "မုန့်ထင် နင်လည်း ညစာ လာစားတာလား" လို့ မေးလိုက်တယ်။

"ဟုတ်တယ် အခန်းဖော်တွေနဲ့လေ။ ဒါက..." ဘူမုန်ထင် ခေါင်းညိတ်ပြပြီး လင်းထျန်ဘေးနားက ရှန်မုန့်ရီညီအစ်မကို သံသယမျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။

ဘူမုန်ထင်ရဲ့ အကြည့်ကို သတိထားမိတော့ လင်းထျန် အနေရခက်စွာ ပြုံးပြီး "ဪ... ဒါက ရှန်မုန့်ရီလေ အသံလွှင့်ကလပ်ရဲ့ ဥက္ကဋ္ဌပေါ့။ ပြီးခဲ့တဲ့ လူငယ်စွမ်းရည်ပြိုင်ပွဲတုန်းက ဒိုင်လူကြီး လုပ်ခဲ့သေးတယ်။ ဒါကတော့ သူ့ညီမပါ" လို့ ပြောပြီး ရှန်ရိရန်ကိုပါ မိတ်ဆက်ပေးလိုက်တယ်။

သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးပြီးနောက် လင်းထျန် ခဏလောက် တွေဝေပြီးမှ ရှန်မုန့်ရီတို့ကို "ဒါကတော့ ကျနော့်ကောင်မလေး ဘူမုန်ထင်ပါ" လို့ မိတ်ဆက်ပေးလိုက်တယ်။

"ဟင်" ဒါကြားတော့ ရှန်မုန့်ရီညီအစ်မနှစ်ယောက်လုံး သိသိသာသာ အံ့သြသွားကြတယ်။

ခဏလောက် အံ့သြပြီးနောက် ရှန်မုန့်ရီ အသိပြန်ဝင်လာပြီး ယဉ်ယဉ်ကျေးကျေး ခေါင်းညိတ်ပြလိုက်တယ်။ "ဟဲလို"

"ဟဲလိုပါ" ဘူမုန်ထင်က ပြုံးပြီး ခေါင်းညိတ်ပြတယ်။ ပြီးတော့ မလှမ်းမကမ်းမှာ ရှိနေတဲ့ သူ့အခန်းဖော်တွေဘက် လှည့်ကြည့်ပြီး "နင်တို့ အရင်ပြောနှင့်ကြနော် ငါ ဟိုဘက်သွားလိုက်ဦးမယ်။ လင်းထျန် ဒီည ငါ့ဆီဖုန်းဆက်ဖို့ မမေ့နဲ့နော်" လို့ ပြောပြီး ထွက်သွားတယ်။

"ဟင်... အင်း အင်း" လင်းထျန် ကြောင်သွားပြီးမှ အမြန်ခေါင်းညိတ်လိုက်တယ်။ တချိန်တည်းမှာပဲ "သူတို့ တစ်ခုခုများ ရိပ်မိသွားတာလား။ မဟုတ်ရင် ဘာလို့ ဒီည ဖုန်းဆက်ဖို့ သေချာမှာနေရတာလဲ" လို့ တွေးလိုက်မိတယ်။

ဘူမုန်ထင်က ဒီည ဖုန်းဆက်ခိုင်းလိုက်တော့ လင်းထျန် နည်းနည်း လိပ်ပြာမလုံ ဖြစ်သွားတယ်။

"သွားတော့မယ်နော် တာ့တာ" ချိုသာတဲ့အပြုံးလေးနဲ့ ဘူမုန်ထင် လှည့်ထွက်သွားတယ်။

ဘူမုန်ထင် ထွက်သွားတာနဲ့ ရှန်ရိရန်က ပါးဖောင်းဖောင်းလုပ် ခါးထောက်ပြီး လင်းထျန်ကို စူးစူးဝါးဝါး ကြည့်ကာ "ရှင်... ရှင့်မှာ ကောင်မလေးရှိနေတာပဲ" လို့ အော်ပြောလိုက်တယ်။

"ငါ့မှာ ကောင်မလေးမရှိဘူးလို့ မပြောဖူးပါဘူး" လင်းထျန်က ရှက်ကိုးရှက်ကန်း အပြုံးနဲ့ ပြောလိုက်တယ်။

"ဒါဆို ဘာလို့ ငါ့အစ်မကို လိုက်နေသေးတာလဲ" ရှန်ရိရန်က ဒေါသတကြီး ပြောတယ်။

"ငါ မလိုက်..." လင်းထျန် ငြင်းဖို့ကြိုးစားတယ်။

"မလိုက်ဘူး ဟုတ်လား ရှင်..."

"တော်ပါတော့ ရိရန် စကားဆက်မနေနဲ့တော့ သွားမယ်" ရှန်မုန့်ရီက ညီမဖြစ်သူရဲ့ စကားကိုဖြတ်ပြီး မျက်နှာထားတင်းတင်းနဲ့ ထထွက်သွားတယ်။

"ဟွန့်" မသွားခင် ရှန်ရိရန်က လင်းထျန်ကို မျက်စောင်းထိုးပြီး သူ့အစ်မနောက် လိုက်သွားတယ်။

"အမ်..." စားပွဲပေါ်က အသားကင်တွေကို ကြည့်ပြီး လင်းထျန် ပြောစရာစကားမဲ့သွားတယ်။

"ငါလွန်သွားတာများလား" လင်းထျန် နှုတ်ခမ်းစူလိုက်တယ်။ ပြီးတော့ ပခုံးတွန့်ပြီး "ထားလိုက်ပါတော့ မစားကြရင်လည်း ငါ့ဟာငါပဲ စားတော့မယ်" လို့ ရေရွတ်လိုက်တယ်။

ငါးမိနစ်ကြာတော့ လင်းထျန် လက်ထဲက သိုးသားကင်ကို ပြန်ချလိုက်တယ်။ စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ပုံပါပဲ။

တစ်ယောက်တည်း စားရတာ စားမဝင်ပါဘူး။ အရသာ မရှိသလို ခံစားရတယ်။

စဉ်းစားပြီးနောက် လင်းထျန် မတတ်သာတဲ့အဆုံး အကုန် ပါဆယ်ထုပ်လိုက်ရတယ်။

ပါဆယ်ထုပ်ထားတဲ့ အသားကင်တွေကို ကိုင်ပြီး လင်းထျန် အဆောင်ပြန်လာကာ သူ့အခန်းဖော်တွေနဲ့ မျှစားလိုက်တယ်။

လင်းထျန် ယူလာတဲ့ အသားကင်တွေကို မြင်တာနဲ့ ကော့ရုံတို့တစ်သိုက် အငမ်းမရ စားကြပြီး အရမ်းစားကောင်းကြောင်း တဖွဖွ ပြောနေကြတယ်။

လင်းထျန်က မေးထောက်ပြီး သူတို့ကို စကားမပြောနိုင်စွာ ကြည့်နေတယ်။ ရေချိုးမလားလို့ စဉ်းစားနေတုန်း တီ ဆိုတဲ့အသံ ထွက်ပေါ်လာတယ်။

လင်းထျန်ခေါင်းထဲ အီလက်ထရောနစ်အသံ ထွက်ပေါ်လာတယ်။

"စူပါစီးရီး မစ်ရှင် - အဋ္ဌမမြောက် မစ်ရှင်ခွဲ - စက္ကန့် ၁၀၀ အတွင်း ရှန်မုန့်ရီ အနားကို ရောက်ရှိရန်။ မစ်ရှင်ဆုကြေး - စွမ်းရည်အမှတ် တစ်မှတ်။ မစ်ရှင်ကျရှုံးပါက - စွမ်းရည်အမှတ် နှစ်မှတ် အနှုတ်ခံရမည်။ မှတ်ချက် - ဤမစ်ရှင်ကို စက္ကန့် ၁၀၀ အတွင်း ပြီးမြောက်အောင် လုပ်ဆောင်ရမည်။ သတ်မှတ်အချိန်အတွင်း မပြီးပြတ်ပါက ကျရှုံးသည်ဟု သတ်မှတ်မည်"

အသံကြားတာနဲ့ လင်းထျန် ခဏကြောင်သွားပြီး ဘာမှမပြောဘဲ အောက်ထပ်ကို အမြန်ပြေးဆင်းသွားတယ်။

သွားတိုက်ဖို့ ဘယ်သူဂရုစိုက်နေမှာလဲ။ မစ်ရှင်ပြီးဖို့က အရေးကြီးဆုံးပဲ။

မိန်းကလေးအဆောင်ရောက်တာနဲ့ လင်းထျန် မော့ကြည့်လိုက်တော့ အခန်းထဲမှာ အနီရောင်အလင်းတန်း လက်နေတာကို တွေ့လိုက်ရတယ်။ အဲဒါက ရှန်မုန့်ရီဆီက ထွက်ပေါ်နေတဲ့ မစ်ရှင်အချက်ပြမီးပါပဲ။

ရှန်မုန့်ရီ အဆောင်ပြန်ရောက်နေပြီဆိုတာ ထင်ရှားပါတယ်။

ရှန်မုန့်ရီ နေရာကို သိလိုက်တာနဲ့ လင်းထျန် ပြေးတက်မလို့ လုပ်ပြီးမှ ခြေလှမ်းနည်းနည်းအရောက်မှာ တစ်ခုခုကို သတိရသွားသလို ရပ်တန့်လိုက်တယ်။

ဒီအတိုင်း တက်သွားလို့ မဖြစ်ဘူး မိသွားမှာပေါ့။

လင်းထျန် လူသူကင်းမဲ့တဲ့ ထောင့်တစ်နေရာမှာ ပုန်းလိုက်ပြီး အဆောင်ဘက်ကို အမြန်ပြေးသွားကာ ရုတ်တရက် ခုန်တက်လိုက်တယ်။

မိန်းကလေးအဆောင်မှာတော့ ရှန်မုန့်ရီ တစ်ယောက်တည်း ရှိနေပါတယ်။ သူ့အခန်းဖော်သုံးယောက် မပြန်လာသေးပါဘူး။

အဲဒီအချိန်မှာ ရှန်မုန့်ရီက ခုံမှာထိုင်ရင်း ခေါင်းငုံ့ကာ စာအုပ်ထဲမှာ တစ်ခုခု ရေးမှတ်နေပြီး တီးတိုးရေရွတ်နေတယ်။

"နင့်အမှားတွေချည်းပဲ အကုန်လုံး နင့်အမှားတွေချည်းပဲ။ လူယုတ်မာ" ရှန်မုန့်ရီက ဘောပင်ကို ကိုင်ပြီး စာအုပ်ထဲက လူပုံလေးကို အားကုန် ထိုးစိုက်နေတယ်။

ရှန်မုန့်ရီရဲ့ စားပွဲပေါ်မှာ ခေါင်းကြီးကြီး လူပုံဆွဲထားတဲ့ ပုံဆွဲစာအုပ်တစ်အုပ် ရှိပြီး အဲဒီလူပုံပေါ်မှာ "လင်းထျန်" ဆိုတဲ့ စာလုံး ရေးထားတယ်။

"နင်ပဲ နင်ပဲ လူယုတ်မာ" ရှန်မုန့်ရီက မျက်နှာမှာ ဒေါသတွေအပြည့်နဲ့ လူပုံလေးရဲ့ ခန္ဓာကိုယ်ကို ဘောပင်နဲ့ အားကုန် ထိုးနေတာပါ။

"ဟွန့် အခုမှ နာမှန်းသိလား။ မှတ်ပြီလား။ ထိုးပစ်မယ် ထိုးပစ်မယ်။ နင် ငါ့ကို လိမ်ရဲတယ်ပေါ့။ သေအောင် ထိုးပစ်မယ် သေအောင် ထိုးပစ်မယ်" ရှန်မုန့်ရီက စာရွက်ပေါ်က လူပုံလေးကို လက်ညှိုးနဲ့ အားကုန် ထိုးစိုက်နေတယ်။

"ဘာ နင်က တောင်းပန်တတ်သေးတာလား။ အလကားပဲ။ ဟွန့် ငါစိတ်ဆိုးနေပြီ။ တောင်းပန်လည်း အလကားပဲ" တီးတိုးရေရွတ်ရင်း ရှန်မုန့်ရီက လူပုံလေးကို ဘောပင်နဲ့ ထပ်ထိုးလိုက်ပြန်တယ်။

"ဟွန့် အလကားပဲ နင်ဘာပြောပြော ဘာမှပြောင်းလဲမှာ မဟုတ်ဘူး။ ထားပါတော့ နင် တော်တော်လေး ရိုးသားတယ်ဆိုတော့ အခွင့်အရေးတစ်ခု ပေးလိုက်မယ်။ စက္ကန့် ၁၀၀ အတွင်း ငါ့ရှေ့ရောက်လာရင် နင့်ကို ခွင့်လွှတ်ပေးမယ်"

"ရေတွက်တော့မယ်နော်... ၁ ၂ ၃... ၆၀" ရှန်မုန့်ရီ ၆၀ အထိ ရေတွက်လိုက်တဲ့အချိန်မှာ ကိုယ်ပျောက်နေတဲ့ လင်းထျန်က ပြတင်းပေါက်ကနေ ဝင်လာပြီးပြီ။ ဒါပေမဲ့ လင်းထျန်က အရမ်းသတိထားပြီး အသံမထွက်အောင် နေလိုက်တယ်။

ပြီးတော့ လင်းထျန်က ခြေဖျားထောက်ပြီး ရှန်မုန့်ရီရဲ့ အနောက်ကို သွားလိုက်တယ်။

လင်းထျန် ရှန်မုန့်ရီအနောက်ကို ရောက်ရောက်ချင်းပဲ သူ့ခြေလှမ်း ရပ်တန့်သွားတယ်။ သူ့ခေါင်းထဲ အီလက်ထရောနစ်အသံ ထွက်ပေါ်လာတယ်။ "စူပါစီးရီး မစ်ရှင် - အဋ္ဌမမြောက် မစ်ရှင်ခွဲ - စက္ကန့် ၁၀၀ အတွင်း ရှန်မုန့်ရီ အနားကို ရောက်ရှိရန်မှာ ပြီးမြောက်ပါပြီ။ မစ်ရှင်ဆုကြေး - စွမ်းရည်အမှတ် တစ်မှတ်"

ဒါကြားတော့ လင်းထျန် သက်ပြင်းချလိုက်တယ်။ ကြည့်ရတာ ကိုယ်ပျောက်စွမ်းရည်ကို မဖျက်ဘဲ မစ်ရှင်အောင်မြင်အောင် လုပ်လို့ရပုံပဲ။

မစ်ရှင်ပြီးသွားတော့ လင်းထျန် စိတ်သက်သာရာရသွားပြီး ရှန်မုန့်ရီရဲ့ စားပွဲပေါ်က စာအုပ်ကို အနောက်ကနေ သတိထားပြီး ချောင်းကြည့်လိုက်တယ်။

စာအုပ်ထဲမှာ လူပုံလေးတစ်ပုံ ဆွဲထားပြီး အဲဒီပေါ်မှာ "လင်းထျန်" ဆိုတဲ့ စာလုံးကြီးနှစ်လုံးနဲ့ လူပုံလေးပေါ်မှာ အပေါက်ရာလေးတွေ ဖြစ်နေတာကို လင်းထျန် တွေ့လိုက်ရတယ်။

"လင်းထျန် ၈၉... ၉၀" ရှန်မုန့်ရီ ဆက်ရေတွက်နေတုန်းပဲ။ ၉၀ ရောက်တော့ သူခဏရပ်လိုက်ပြီး တိတ်ဆိတ်သွားကာ စိတ်ပျက်တဲ့လေသံနဲ့ "ထားလိုက်တော့ နင်မပေါ်လာမှတော့ နင်အခွင့်အရေးဆုံးရှုံးသွားပြီ။ ငါနင့်ကို ခွင့်မလွှတ်ဘူး။ ဟွန့် မူလက ငါနင့်ကို အခွင့်အရေးထပ်ပေးမလို့ဟာကို" လို့ ပြောလိုက်တယ်။

ဒီလိုပြောပေမယ့် ရှန်မုန့်ရီရဲ့ စိတ်ပျက်မှုကိုတော့ ဖုံးကွယ်မထားနိုင်ပါဘူး။

ဒါကိုမြင်တော့ လင်းထျန် မျက်လုံးအရောင်တောက်သွားပြီး တခစ်ခစ်ရယ်ကာ ကိုယ်ပျောက်စွမ်းရည်ကို ချက်ချင်းဖျက်သိမ်းပြီး ရှန်မုန့်ရီရဲ့ ပခုံးကို ပုတ်လိုက်တယ်။ "အလှလေး ကိုယ့်ကို ရှာနေတာလား"

အနောက်ကနေ ရုတ်တရက် အသံထွက်လာလို့ ရှန်မုန့်ရီ လန့်သွားပြီး အော်ဟစ်ကာ အမြန် လှည့်ကြည့်လိုက်တယ်။

လှည့်ကြည့်လိုက်တာနဲ့ ရှန်မုန့်ရီက လင်းထျန်ကို ချက်ချင်း တွေ့လိုက်ရတယ်။ သူကြောင်သွားပြီး လင်းထျန်ကို လက်ညှိုးထိုးကာ "နင်... နင် ဒီကို ဘယ်လိုရောက်နေတာလဲ" လို့ အာမေဋိတ်သံနဲ့ မေးလိုက်တယ်။

"ကိုယ်လား။ မင်းပဲ ခေါ်လိုက်တယ် မဟုတ်ဘူးလား" လင်းထျန်က ရယ်မောပြီး ပြောတယ်။

"မဟုတ်ဘူး နင်... နင်က ဘယ်လိုလုပ် ရုတ်တရက် ပေါ်လာရတာလဲ" ရှန်မုန့်ရီက လင်းထျန်ကို အံ့သြတကြီး ကြည့်နေတယ်။

"မင်းပဲ ကိုယ့်ကို ခေါ်လိုက်တာလို့ ပြောနေတယ်လေ" လင်းထျန် ပခုံးတွန့်ပြလိုက်တယ်။

"ငါမေးနေတာက နင်ဘယ်လိုဝင်လာတာလဲလို့ ပြီးတော့ အသံတောင် မကြားလိုက်ရဘူး" အသက်ပြင်းပြင်းရှူပြီး ရှန်မုန့်ရီက လင်းထျန်ကို စိုက်ကြည့်လိုက်တယ်။ အခုချိန်မှာ သူ တကယ်ကို စိတ်လှုပ်ရှားပြီး ကြောက်ရွံ့နေတာပါ။

ထူးဆန်းတယ် အရမ်းထူးဆန်းတယ်။

အခန်းထဲမှာ ဘယ်သူမှ မရှိတာ သူသေချာမှတ်မိနေပါလျက်နဲ့ လင်းထျန်က ဘယ်လိုလုပ် လေထဲကနေ ပေါ်လာသလို ရုတ်တရက် ရောက်လာရတာလဲ။

ဒါမှမဟုတ်... ချက်ချင်းဆိုသလိုပဲ ရှန်မုန့်ရီ ဟိုတစ်နေ့က အိမ်သာထဲမှာ ကြုံခဲ့ရတဲ့ ထူးဆန်းတဲ့ကိစ္စကို သတိရသွားတယ်။

"ဘယ်လိုဝင်လာလဲ ဟုတ်လား" လင်းထျန် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီး လသာဆောင်ဘက်ကို လက်ညှိုးထိုးပြလိုက်တယ်။ "ဟိုကနေ တက်လာတာပေါ့"

"လသာဆောင်ကနေ ဟုတ်လား" လင်းထျန် ညွှန်ပြတဲ့နေရာကို ကြည့်ပြီး ရှန်မုန့်ရီ အံ့သြသွားတယ်။ လသာဆောင်ကနေ တက်လာတာတဲ့လား။

ခဏလောက် ကြောင်ပြီးမှ ရှန်မုန့်ရီက သံသယမျက်လုံးတွေနဲ့ မေးလိုက်တယ်။ "ဒါက သုံးထပ်နော် နင်ဘယ်လိုလုပ် တက်လာလို့ရမှာလဲ"

"တခြားလူတွေအတွက် မဖြစ်နိုင်ပေမယ့် ကိုယ့်အတွက် မဖြစ်နိုင်ဘူးလို့ မဆိုလိုပါဘူး" လင်းထျန် တခစ်ခစ်ရယ်လိုက်တယ်။

"အမ်..." လင်းထျန်စကားကြားတော့ ရှန်မုန့်ရီ မှင်သက်သွားတယ်။ သေချာစဉ်းစားကြည့်တော့ ဟုတ်သားပဲလို့ တွေးလိုက်မိတယ်။

ဆန်ဒါကလပ်မှာ လင်းထျန်ရဲ့ စွမ်းဆောင်ရည်ကို ကြည့်ရင် လသာဆောင်ကနေ တက်လာတယ်ဆိုတာ ဖြစ်နိုင်ချေရှိပါတယ်။

ခဏလောက် ကြောင်ပြီးနောက် ရှန်မုန့်ရီ အသိပြန်ဝင်လာပြီး "နင် ဒီမှာ ဘာလာလုပ်တာလဲ။ ထွက်သွား" လို့ အော်ပြောလိုက်တယ်။

"သွားရမယ် ဟုတ်လား။ ခုနက ဘယ်သူကများ ကိုယ့်ကို ခေါ်နေပါလိမ့်" လင်းထျန် ရယ်မောလိုက်တယ်။

"မခေါ်ပါဘူး မခေါ်ပါဘူး" ရှန်မုန့်ရီ မျက်နှာရဲသွားတယ်။

"မခေါ်ဘူး ဟုတ်လား" လင်းထျန် ရယ်မောရင်း ခြေတစ်လှမ်းတိုးကာ စားပွဲပေါ်က စာအုပ်ကို လှမ်းယူလိုက်တယ်။

"ဟေး ဘာလုပ်တာလဲ" လင်းထျန်ရဲ့ လုပ်ရပ်ကြောင့် ရှန်မုန့်ရီ လန့်သွားပြီး စာအုပ်ကို အမြန် ပြန်လုဖို့ ကြိုးစားတယ်။ ဒါပေမဲ့ သူက ဘယ်လိုလုပ် လင်းထျန်ကို မီပါ့မလဲ။ လင်းထျန်က စာအုပ်ကို ချက်ချင်း ယူလိုက်နိုင်တယ်။

လင်းထျန်က စာအုပ်ကို တစ်ချက်ကြည့်ပြီး လှန်လိုက်ကာ အဲဒီပေါ်က လူပုံလေးကို လက်ညှိုးထိုးပြပြီး "ဒါ ဘယ်သူလဲ" လို့ ပြုံးဖြီးဖြီးနဲ့ မေးလိုက်တယ်။

"ဟွန့်" ရှန်မုန့်ရီ နှာမှုတ်ပြီး မျက်နှာလွှဲကာ လင်းထျန်ကို ဂရုမစိုက်ဘဲ နေလိုက်တယ်။

"မင်း ကိုယ့်ကို ကြိုက်နေတယ် မလား" လင်းထျန် ရယ်မောလိုက်တယ်။

"တောက်... ဘယ်သူက နင့်ကို ကြိုက်မှာလဲ။ စိတ်ကူးမယဉ်စမ်းပါနဲ့။ နင့်လို နှာဘူးကောင်ကို ကြိုက်မယ့်အစား လမ်းဘေးကကောင်ကို ကြိုက်လိုက်မယ်။ လူလိမ်ကောင်" ရှန်မုန့်ရီက လင်းထျန်ကို မျက်စောင်းထိုးတယ်။

"ဟုတ်လို့လား" လင်းထျန် အနည်းငယ်ပြုံးပြီး ရှန်မုန့်ရီဆီ ဖြည်းဖြည်းချင်း တိုးသွားလိုက်တယ်။

လင်းထျန်ရဲ့ လှုပ်ရှားမှုကို သတိထားမိတော့ ရှန်မုန့်ရီ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး သတိထားတဲ့ပုံစံနဲ့ "နင် ဘာလုပ်မလို့လဲ" လို့ မေးလိုက်တယ်။

လင်းထျန်က ဘာမှမပြောဘဲ ပြုံးပြီး တစ်လှမ်းချင်း တိုးလာတယ်။

"ရှေ့မတိုးလာနဲ့နော် တိုးလာရင် လူခေါ်လိုက်မှာ" လင်းထျန် ရပ်မသွားတာမြင်တော့ ရှန်မုန့်ရီ ခြိမ်းခြောက်လိုက်တယ်။

"ဟင် အဲဒါ ဘာကြီးလဲ" ရုတ်တရက် လင်းထျန်က ရှန်မုန့်ရီရဲ့ အနောက်ကို လက်ညှိုးထိုးပြီး အံ့သြသလို ပြောလိုက်တယ်။

လင်းထျန်ရဲ့ မျက်နှာထားက အရမ်းသဘာဝကျလွန်းလို့ ရှန်မုန့်ရီ မသိစိတ်နဲ့ လှည့်ကြည့်လိုက်မိတယ်။

ဟင့်အင်း!

ဘာမှမရှိပါဘူး။

အလိမ်ခံလိုက်ရမှန်း သိတော့ ရှန်မုန့်ရီ အမြန် ပြန်လှည့်လိုက်တယ်။

"အွမ်..." ဒါပေမဲ့ သူပြန်လှည့်လိုက်တဲ့အချိန်မှာ ရှန်မုန့်ရီ မျက်လုံးပြူးသွားတယ်။

သူ့ရဲ့ နှုတ်ခမ်းပါးလေးကို လင်းထျန်ရဲ့ နှုတ်ခမ်းက ပိတ်ဆို့ထားလိုက်ပြီလေ။

"ဝူး..." ရှန်မုန့်ရီ အတင်းရုန်းကန်ပြီး လင်းထျန်ကို တွန်းထုတ်ဖို့ ကြိုးစားပေမယ့် လင်းထျန်ရဲ့ ခွန်အားကို ဘယ်လိုယှဉ်နိုင်ပါ့မလဲ။

လင်းထျန်က သူ့ကို တင်းတင်းကျပ်ကျပ် ဖက်ထားပြီး ပြင်းပြင်းထန်ထန် နမ်းရှိုက်နေတယ်။

အစပိုင်းမှာ ရှန်မုန့်ရီ အပြင်းအထန် ခုခံပေမယ့် နောက်ပိုင်းကျတော့ သူ့ရဲ့ ခုခံမှုတွေ လျော့ကျသွားပြီး နောက်ဆုံးမှာတော့ သူကိုယ်တိုင် ပြန်တုံ့ပြန်လာတယ်။

လင်းထျန်က နှစ်မိနစ်လောက်ကြာအောင် နမ်းပြီးမှ လွှတ်ပေးလိုက်တယ်။

"ဟူး... ဟူး..." လင်းထျန် လွှတ်ပေးလိုက်တာနဲ့ ရှန်မုန့်ရီ အသက်လုရှူနေရတယ်။ အောက်ဆီဂျင်ပြတ်သွားလို့ သူ့ရဲ့ ဖြူဝင်းတဲ့ မျက်နှာလေးတောင် နည်းနည်း ရဲနေတယ်။

"ဟူး... ဟူး..." အသက်ပြင်းပြင်းရှူပြီး မောပန်းနေတဲ့ ရှန်မုန့်ရီက အသက်ဝဝရှူနိုင်သွားတော့ လက်သီးဆုပ်လေးနဲ့ လင်းထျန်ရဲ့ ရင်ဘတ်ကို ထုကာ "လူယုတ်မာ လူယုတ်မာ" လို့ အော်ပြောလိုက်တယ်။

လင်းထျန်က သူ့ကို ညင်ညင်သာသာ ဖက်လိုက်ပြီး ခေါင်းငုံ့ကာ ဖွဖွလေး ထပ်နမ်းလိုက်ပြန်တယ်။

"အင်း..." ရှန်မုန့်ရီရဲ့ လှုပ်ရှားမှုတွေက တဖြည်းဖြည်း ပေါ့ပါးလာပြီး မသိစိတ်ကနေ တုံ့ပြန်လာတယ်။

လင်းထျန်က ညင်ညင်သာသာ နမ်းရှိုက်နေပြီး သူ့ရဲ့ လှုပ်ရှားမှုတွေက အရမ်း နူးညံ့သိမ်မွေ့တယ်။ ခုနက အနမ်းက မုန်တိုင်းထန်သလိုဆိုရင် ဒီတစ်ခါတော့ လေပြည်ညှင်းလေးလိုပါပဲ။

တဖြည်းဖြည်းနဲ့ ရှန်မုန့်ရီ အရည်ပျော်ကျသွားတော့တယ်...