အကြာကြီးနမ်းပြီးနောက် လင်းထျန်က ရှန်မုန့်ရီကို ဖြည်းဖြည်းချင်း လွှတ်ပေးလိုက်တယ်။ အဲဒီအချိန်မှာ ရှန်မုန့်ရီရဲ့ မျက်လုံးတွေက မှေးစင်းနေပြီး ခန္ဓာကိုယ်လေးက ပျော့ခွေနေတယ်။

"ဟူး... ပင်ပန်းလိုက်တာဟာ။ နေပါဦး မုန့်ရီ ဘာလုပ်နေလဲ မသိဘူး"

အဲဒီအချိန်မှာပဲ အခန်းပြင်ကနေ အသံတစ်သံထွက်လာပြီး အသံက တဖြည်းဖြည်း နီးကပ်လာတယ်။

အသံကြားတော့ ရှန်မုန့်ရီ လန့်ဖျပ်သွားပြီး အသိပြန်ဝင်လာကာ လင်းထျန်ကို အလျင်စလို ပြောလိုက်တယ်။ "မြန်မြန်သွား မြန်မြန်သွား ငါ့အခန်းဖော် ပြန်ရောက်လာပြီ"

"ဟင်... အင်း အင်း" လင်းထျန် ခဏကြောင်သွားပြီး လှည့်ထွက်ဖို့ ပြင်လိုက်တယ်။

ဒါပေမဲ့ ခြေလှမ်းနည်းနည်းအရောက်မှာ လင်းထျန် ရုတ်တရက် ရပ်တန့်သွားပြီး ပြန်လှည့်လာကာ ရှန်မုန့်ရီရှေ့ အမြန်လျှောက်လာပြီး နဖူးလေးကို ဖွဖွလေး နမ်းလိုက်တယ်။

ပြီးမှ လင်းထျန်က အမြန်လှည့်ထွက်ပြီး လသာဆောင်ဘက် ပြေးသွားတယ်။

"ဝှစ်!" လင်းထျန်က လသာဆောင်ပေါ်ကနေ ခုန်ချလိုက်တယ်။

"ကျွီ!" အဲဒီအချိန်မှာပဲ အဆောင်တံခါး ပွင့်သွားတယ်။

ရှန်မုန့်ရီ ပျာယာခတ်နေတာကို မြင်တော့ အခန်းဖော်က အံ့သြသလို မေးလိုက်တယ်။ "မုန့်ရီ နင်ဒီမှာ မတ်တပ်ရပ်ပြီး ဘာလုပ်နေတာလဲ။ မျက်နှာလည်း ရဲနေပါလား။ မကောင်းတာ တစ်ခုခု လုပ်ထားတာလား"

"ဘာတွေ လျှောက်ပြောနေတာလဲ" ရှန်မုန့်ရီက မျက်စောင်းထိုးလိုက်ပြီး လင်းထျန် ခုနက နမ်းသွားတဲ့ နဖူးနေရာလေးကို ဖွဖွလေး စမ်းကြည့်လိုက်တယ်။ သူခေါင်းအနည်းငယ်ငုံ့ပြီး "လူယုတ်မာ နောင်တရစေရမယ်" လို့ တီးတိုးရေရွတ်လိုက်တယ်။

ဒါပေမဲ့ ပါးစပ်ကသာ ဆဲနေတာ ရှန်မုန့်ရီရဲ့ စကားသံထဲမှာ ချိုမြိန်မှုနဲ့ ရှက်သွေးဖြာမှုတွေကို ဖုံးကွယ်ထားလို့ မရပါဘူး။

ဟူး!

ဘုန်းခနဲအသံနဲ့အတူ လင်းထျန် မြေကြီးပေါ် ပြုတ်ကျသွားတယ်။ ကျကျချင်းပဲ လင်းထျန်က ထိုင်ချလိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တယ်။ ဘယ်သူမှ သူ့ကို သတိမထားမိဘူးဆိုတာ သိလိုက်ရတော့မှ သက်ပြင်းချနိုင်တော့တယ်။

ကံကောင်းလို့ တော်တော်မိုးချုပ်နေပြီမို့ မဟုတ်ရင် နေ့ခင်းကြောင်တောင်ကြီးဆို လင်းထျန် သေချာပေါက် မိမှာ။

ဘယ်သူမှ မကြည့်နေဘူးဆိုတာ သေချာဖို့ ခဏလောက် ဝေ့ကြည့်ပြီးနောက် လင်းထျန် မတ်တပ်ရပ်ကာ အင်္ကျီမှာကပ်နေတဲ့ မြက်ပင်တွေကို ခါထုတ်ပြီး ယောကျ်ားလေးအဆောင်ဘက် ထွက်လာခဲ့တယ်။

အပြန်လမ်းမှာ လင်းထျန်က နှုတ်ခမ်းသပ်ပြီး အရသာခံနေတဲ့ပုံစံနဲ့ "အင်း... အရသာ ရှိသားပဲ ချိုတယ်" လို့ ရေရွတ်လိုက်တယ်။

အဆောင်ပြန်ရောက်တော့ စားပွဲပေါ်တင်ထားတဲ့ ဖုန်းမှာ Missed Call နှစ်ခု ဝင်နေတာကို လင်းထျန် တွေ့လိုက်ရတယ်။ စစ်ကြည့်လိုက်တော့ ဘူမုန်ထင်ဆီက ဖြစ်နေတယ်။

ဒါကိုမြင်တော့ လင်းထျန် လန့်သွားပြီး ချက်ချင်း ပြန်ခေါ်လိုက်တယ်။

"ဟဲလို မုန်ထင်။ အင်း ကိုယ်အခုပဲ အိပ်တော့မလို့။ မင်း အဆောင်ပြန်ရောက်ပြီလား။ ဟင်... ဘာမှမဟုတ်ပါဘူး ရိုးရိုးသူငယ်ချင်းပါ" လင်းထျန်က အနေရခက်တဲ့ အပြုံးနဲ့ ပြောလိုက်တယ်။

ဘူမုန်ထင်က ရှန်မုန့်ရီအကြောင်း မေးလိုက်တာပါ!

"ရိုးရိုးသူငယ်ချင်း ဟုတ်လား။ ငါတော့ မထင်ဘူး" ဖုန်းတဖက်ခြမ်းကနေ ဘူမုန်ထင်ရဲ့ သံသယအသံ ထွက်ပေါ်လာတယ်။

"တကယ် ရိုးရိုးသူငယ်ချင်းပါ မင်း လျှောက်တွေးနေတာပါ" လင်းထျန်က အနေရခက်စွာ ပြောရင်း ဖုန်းကိုကိုင်ကာ အဆောင်အခန်းထဲကနေ ကော်ရစ်ဒါဘက် ထွက်လာခဲ့တယ်။

"ငါ လျှောက်တွေးတာ ဟုတ်မဟုတ် နင့်ဘာသာနင် အသိဆုံးပါ။ ငါ့ကို အရူးလုပ်ဖို့ မကြိုးစားပါနဲ့ ဟုတ်ပြီလား။ ပြီးတော့ နင်နဲ့ တီချယ်ဟယ် ကြားက ပတ်သက်မှုကိုတောင် ငါမပြောရသေးဘူးနော်" ဘူမုန်ထင်ရဲ့ မကျေမနပ်အသံ ဖုန်းထဲက ထွက်ပေါ်လာတယ်။

"တီချယ်ဟယ်" ဒါကြားတော့ လင်းထျန် ရင်တုန်သွားပြီး ရင်ထဲမှာ ရုတ်တရက် တင်းကြပ်သွားတယ်။

ခဏလောက် အံ့သြသွားပြီးနောက် လင်းထျန်က ရယ်မောပြီး "ဘာ တီချယ်ဟယ်လဲ။ မင်း ဘာတွေပြောနေမှန်း ကိုယ်မသိဘူး" လို့ ပြောလိုက်တယ်။

"ဟန်ဆောင်မနေပါနဲ့ ဟယ်ချန်ချန် တီချယ်ဟယ်လေ။ ငါ့ရှေ့မှာ တုံးချင်ယောင်ဆောင် မနေစမ်းပါနဲ့။ ငါပြောလိုက်မယ် နင့်ဖုန်းကို ငါအရင်က ကြည့်ဖူးတယ် နင်နဲ့သူ အပြန်အလှန်ပို့ထားတဲ့ မက်ဆေ့ချ်တွေ အများကြီးပဲ။ နင်တို့ကြားက ပတ်သက်မှုကို ငါသိနေတာ ကြာပြီ ထုတ်မပြောဘဲ နေခဲ့တာ" ဘူမုန်ထင်ရဲ့ တည်ငြိမ်တဲ့အသံ ဖုန်းထဲက ထွက်ပေါ်လာတယ်။

"အမ်..." လင်းထျန် မှင်သက်သွားတယ်။

ခဏလောက် မှင်သက်သွားပြီးနောက် လင်းထျန် ဘာပြောရမှန်းမသိဖြစ်ပြီး တိတ်ဆိတ်သွားတယ်။

ဘူမုန်ထင်လည်း ဘာမှမပြောတော့ဘဲ နှစ်ယောက်သား တိတ်ဆိတ်သွားကြတယ်။

အကြာကြီး တိတ်ဆိတ်နေပြီးမှ လင်းထျန်က တိုးတိုးလေး ပြောလိုက်တယ်။ "မုန်ထင် ကိုယ်..."

"နင် ဘာလုပ်လုပ် ငါဂရုမစိုက်ဘူး နင် နောက်ဆုံးကျရင် တစ်ယောက်ကို ရွေးရမှာပဲ ငါလား သူလားဆိုတာပေါ့။ အချိန်သိပ်မဆွဲဖို့ မျှော်လင့်ပါတယ်။ ပြီးတော့ ဒီကာလအတွင်း တခြားမိန်းကလေးတွေနဲ့ မပတ်သက်ပါနဲ့" ပြောပြီးတာနဲ့ ဘူမုန်ထင်က ဖုန်းချသွားတယ်။

"..." ဖုန်းထဲက ပြတ်တောက်သွားတဲ့အသံကို နားထောင်ရင်း လင်းထျန် ပြောစရာစကားမဲ့သွားတယ်။

လင်းထျန်ရဲ့ မျက်နှာက မည်းမှောင်နေပြီး မျက်မှောင်ကြုတ်ထားတယ်။ သူ တော်တော်လေး စိတ်ရှုပ်နေပုံရတယ်။

အမှန်တရားက ပေါ်လာခဲ့ပြီ!

ဖောက်ပြန်မှုတွေ စလုပ်ကတည်းက ဒီနေ့ရက် ရောက်လာနိုင်တယ်ဆိုတာ လင်းထျန် သံသယရှိခဲ့ပါတယ်။

ဒါပေမဲ့ လင်းထျန်က အမြဲ ရှောင်တိမ်းပြီး ထွက်ပြေးနေခဲ့တာ။

ဒီအကြောင်းကို မတွေးချင်ခဲ့ဘူး။

သူ ဒါကို ကြောက်နေခဲ့တယ်လို့ ပြောလို့ရတယ်။

ဒါပေမဲ့ ဒါပေမဲ့ အဲဒီနေ့ရက်က ရောက်လာခဲ့ပြီ။

"သောက်ကျိုးနည်းကွာ" လင်းထျန် ဆဲရေးလိုက်ပြီး အသက်ပြင်းပြင်းရှူကာ စိတ်ပျက်လက်ပျက် ဖြစ်နေတယ်။

မူလက လင်းထျန် အိပ်ချင်ပေမယ့် အခုတော့ အိပ်ချင်စိတ် လုံးဝမရှိတော့ပါဘူး။ ခဏလောက် စဉ်းစားပြီးနောက် သူလှည့်ထွက်ပြီး အောက်ထပ်ကို ဆင်းသွားတယ်။

အပြင်ထွက်ပြီး တစ်ယောက်တည်း စိတ်ဖြေဖျောက်ချင်တာပါ။

ညဘက်ဆိုတော့ ဝူအန်းကျောင်းဝင်းထဲမှာ နေ့ခင်းက အပူရှိန်တွေ မရှိတော့ဘဲ လေအေးအေးလေးက ရံဖန်ရံခါ တိုက်ခတ်နေတယ်။

ပုံမှန်ဆိုရင် လင်းထျန် ဒီခံစားချက်ကို သဘောကျမိမှာဖြစ်ပေမယ့် အခုချိန်မှာတော့ ခံစားချင်စိတ် လုံးဝမရှိပါဘူး။

ဘောင်းဘီအိတ်ထဲ လက်ထည့်ပြီး ခေါင်းငုံ့ကာ လင်းထျန် ကျောင်းဝင်းထဲမှာ ရည်ရွယ်ချက်မရှိ လျှောက်သွားနေပြီး ဒီအခြေအနေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ စဉ်းစားနေတယ်။

ဟယ်ချန်ချန်၊ ဘူမုန်ထင်၊ ဟယ်ချန်ချန်၊ ဘူမုန်ထင်...

နာမည်နှစ်ခုက သူ့ခေါင်းထဲမှာ ဂျာအေးသူ့အမေရိုက်သလိုလည်နေတယ်။

ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ သူစဉ်းစားနေတာပါ။ ဟယ်ချန်ချန်က သူအရမ်းကြိုက်တဲ့ မိန်းကလေး သူ့ရဲ့ အရင်က နတ်သမီးလေး။ စတွေ့တွေ့ချင်း အချိန်ကတည်းက လင်းထျန် သူ့ကို စွဲလမ်းခဲ့တာ။

ဘူမုန်ထင်...

သူက ချစ်စရာကောင်းတယ် နည်းနည်း ဆော့ကစားတတ်တယ်။ သူကလည်း လင်းထျန်ရဲ့ စိတ်ကြိုက်ပုံစံပဲ။

နှစ်ယောက်လုံးကို ကြိုက်တယ် နှစ်ယောက်လုံးကို လိုချင်တယ် ဒါပေမဲ့...

ဒါကိုတွေးပြီး လင်းထျန် စိတ်ပျက်လက်ပျက် နှုတ်ခမ်းစူလိုက်တယ်။ ရှေးခေတ်မှာသာဆိုရင် သူ မယားကြီးမယားငယ်တွေ အများကြီးထားလို့ရမှာ။

ဒါပေမဲ့ အခုတော့...

လက်ရှိအခြေအနေကို တွေးလိုက်တာနဲ့ လင်းထျန် ခေါင်းကိုက်သွားတယ်။

ကျောင်းဝင်းထဲမှာ ရည်ရွယ်ချက်မရှိ လျှောက်သွားရင်း အတွေးတွေထဲ နစ်မြောနေတယ်...

အတော်ကြာကြာနေမှ လင်းထျန် အကြံတစ်ခု ရသွားတယ်။

တွေးပြီးတာနဲ့ လင်းထျန် ခေါင်းမော့လိုက်ပြီး စိတ်ဆုံးဖြတ်လိုက်တယ်။ "ဒီအတိုင်းပဲ ထားလိုက်ကြစို့။ အလုပ်ဖြစ်မလားတောင် မသိပါဘူး"

အသက်ပြင်းပြင်းရှူပြီး လင်းထျန် အဲဒီအတွေးကို ယာယီ ဖိနှိပ်ထားလိုက်တယ်။ အခုက လုပ်ဆောင်ရမယ့်အချိန် မဟုတ်သေးဘူး။

ထပ်စဉ်းစားပြီးနောက် လင်းထျန် သူ့အတွေးတွေကို ရုပ်သိမ်းလိုက်ပြီး အဆောင်ဘက် ပြန်လှည့်လာခဲ့တယ်။

တော်တော်မိုးချုပ်နေပြီ အခန်းမပြန်ရင် အဆောင်ပိတ်တော့မယ်လေ။

နောက်တစ်နေ့ နေ့ခင်းပိုင်း အတန်းတွေပြီးလို့ ညစာစားပြီးတဲ့နောက် လင်းထျန် တစ်ယောက်တည်း ဆန်ဒါကလပ်ဘက် ထွက်လာခဲ့တယ်။

လင်းထျန် အံ့သြသွားတာက ဆန်ဒါကလပ်ရောက်တော့ ရှန်မုန့်ရီညီအစ်မကို တွေ့လိုက်ရတာပါပဲ။

မနေ့က ကိစ္စကြောင့် ညီအစ်မနှစ်ယောက် မလာလောက်ဘူးလို့ လင်းထျန် ထင်ခဲ့ပေမယ့် အံ့သြစရာကောင်းလောက်အောင် သူတို့ ရောက်နေကြတယ်။

"လင်းထျန်"

"လင်းထျန်"

လင်းထျန်ကို မြင်တာနဲ့ စကားပြောနေကြတဲ့ အသင်းသားတွေအကုန်လုံး ဝိုင်းလာပြီး နွေးနွေးထွေးထွေး နှုတ်ဆက်ကြတယ်။ ဒါတွေအားလုံးက မနေ့က လင်းထျန်ရဲ့ စွမ်းဆောင်ရည်ကို သူတို့ သဘောကျသွားလို့ပါ။

အခုချိန်မှာ အားလုံးက ယုံကြည်မှု အပြည့်ရှိနေကြပြီ။

လင်းထျန်ရှိနေမှတော့ ဒီတစ်ခါ သူတို့ သေချာပေါက် ရှုံးမှာမဟုတ်ဘူး။

ဒီလူတွေနဲ့ နာရီဝက်ကျော်လောက် စကားပြောပြီးနောက် ရုတ်တရက် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားတယ်။

မြင်ကွင်းတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားတာကြောင့် လင်းထျန် လန့်သွားပြီး လှည့်ကြည့်လိုက်တယ်။

လင်းထျန် လှည့်ကြည့်လိုက်တာနဲ့ အဖြူရောင် လေ့ကျင့်ရေးဝတ်စုံ ဝတ်ထားပြီး ဆံပင်ကို မြင်းမြီးပုံစံစည်းကာ ခါးမှာ ခါးပတ်အမည်းပတ်ထားတဲ့ လှပတဲ့ အမျိုးသမီးတစ်ယောက် ဝင်လာတာကို တွေ့လိုက်ရတယ်။ သူ့အနောက်မှာလည်း အဖြူရောင် လေ့ကျင့်ရေးဝတ်စုံ ဝတ်ထားတဲ့ လူတစ်စု ပါလာတယ်။

လာနေတဲ့လူကို မြင်တော့ ဝမ်ရှောင်ရှန်းက "ဒါက တိုက်ကွမ်ဒို ကလပ်ရဲ့ ဥက္ကဋ္ဌပဲ နာမည်က ကင်ယွဲ့ဝမ်တဲ့ ကိုရီးယားလူမျိုး" လို့ ရှင်းပြတယ်။

သူစကားဆုံးတာနဲ့ နောက်ထပ် ခြေသံတစ်သံ ထွက်ပေါ်လာတယ်။ အသံကြားတော့ လင်းထျန် တံခါးပေါက်ဘက် ထပ်လှည့်ကြည့်လိုက်တယ်။