အပိုင်း (၇) - ဒီလူက အရူးလား
ယဲ့ထျန်း အလွန် အံ့သြသွားရသည်။ အကြောင်းမှာ ဤမိန်းကလေးသည် မနေ့က ထူးဆန်းသော လေးယောက်အဖွဲ့ထဲတွင် ပါဝင်သည့် အနက်ရောင် ဝတ်စုံနှင့် မိန်းကလေး ဖြစ်နေသောကြောင့်ပင်။
ယခုအချိန်တွင် ထိုမိန်းကလေး၏ မျက်နှာသည် ရေခဲရိုက်ထားသလို အေးစက်နေပြီး သူမကို ဝိုင်းထားသော သိုင်းပညာရှင်များကို ကြည့်ကာ ပြောလိုက်သည်။ "ငါ ပြန်ရောက်တာမှ မကြာသေးဘူး၊ သတင်းက ရောက်သွားပြီပေါ့။ မြန်လိုက်တာ"
"မိန်းကလေး နင်အောက်ရွှဲ... ငါတို့ ဘာကိစ္စနဲ့ လာလဲဆိုတာ မင်း သိမှာပါ။ အလိုက်တသိနဲ့ ပစ္စည်းကို ထုတ်ပေးလိုက်ရင် ကောင်းမယ်"
လူအုပ်စုထဲမှ အရပ်ရှည်ရှည် သိုင်းပညာရှင်တစ်ယောက် ရှေ့ထွက်လာပြီး ပြောလိုက်သည်။
"နင်တို့ လူအနည်းငယ်လောက်နဲ့ ငါ့ဆီက ဆေးလုံးကို လာလုလို့ ရမယ်ထင်နေလား။ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေကြပြီ"
နင်အောက်ရွှဲဟု ခေါ်သော မိန်းကလေးက လူအုပ်စုကို ကြည့်ရင်း တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။
သူတို့၏ အရှိန်အဝါကို ကြည့်ရသလောက် အများစုမှာ ခန္ဓာကိုယ် သန့်စင်ခြင်း အစောပိုင်းအဆင့်တွင်သာ ရှိကြပြီး အသန်မာဆုံး နှစ်ယောက်က အလယ်ပိုင်းအဆင့်တွင် ရှိနေသည်။
ဒါကို သိလိုက်ရသောအခါ နင်အောက်ရွှဲ မျက်မှောင်ကြုတ်လိုက်မိသည်။ သူမကိုယ်တိုင်လည်း ခန္ဓာကိုယ် သန့်စင်ခြင်း အလယ်ပိုင်းအဆင့်တွင်သာ ရှိသေးသဖြင့် သူတို့အားလုံးကို တစ်ယောက်တည်း နိုင်အောင် တိုက်ခိုက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ဝိုင်းထားခြင်းမှ လွတ်မြောက်အောင် ကြိုးစားပြီး မိသားစု၏ လျှို့ဝှက်သိုင်းပညာကို အသုံးပြုမှသာ အသာစီးရနိုင်မည်ဟု သူမ တွက်ဆလိုက်သည်။
သူတို့ကို အကဲခတ်ပြီးနောက် သူမ စိတ်ပျက်အားငယ်သွားမိသည်။ ဒီလူတွေက ကြိုတင်စီစဉ်ထားပုံရပြီး သူမ ထွက်ပြေးနိုင်မည့် လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားကြသည်။
တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်ဖို့ပဲ ရှိတော့တာလား။
နင်အောက်ရွှဲ စိတ်လေးသွားသည်။ ဒီတစ်ခါတော့ သူမ သွားပြီဟု တွေးလိုက်မိသည်။
"မိန်းကလေး နင်အောက်ရွှဲ... မင်းက ဆေးလုံးကို ထုတ်ပေးမယ့်ပုံ မပေါ်ဘူး။ ဒါဆိုရင်တော့ ငါတို့ ညီအစ်ကိုတွေ မင်းကို ပြစ်မှားရတော့မယ်"
သိုင်းပညာရှင်များ စတင်လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
"အားနွဲ့တဲ့ မိန်းကလေးတစ်ယောက်ကို ယောကျာ်းတွေ အများကြီး ဝိုင်းအနိုင်ကျင့်ရတာ မရှက်ကြဘူးလား"
ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် လူအုပ်စု လန့်သွားပြီး အသံလာရာဘက်သို့ သတိထား ကြည့်လိုက်ကြသည်။
နင်အောက်ရွှဲလည်း အသံလာရာဘက်သို့ လှမ်းကြည့်လိုက်သည်။
စကားပြောလိုက်သူကို မှတ်မိသွားသောအခါ သူမ အာမေဋိတ်သံ ထွက်သွားသည်။ "ရှင်...?"
ဒီစကားကြောင့် သိုင်းပညာရှင်များ လန့်သွားပြီး နေရာအကွက်အကျ ပြောင်းကာ နင်အောက်ရွှဲကို ပြန်လည် ဝိုင်းရံထားလိုက်ကြသည်။
အသံလာရာဘက်ကို ကြည့်လိုက်သောအခါ ထိုလူကို သူမ မသိကြောင်း နင်အောက်ရွှဲ သတိထားမိလိုက်သည်။ စိတ်ထားကောင်းသူ ပီပီ သူမကြောင့် တစ်ဖက်လူ ဒုက္ခရောက်မည်ကို မလိုလားပေ။
သူမ ချက်ချင်း အော်ပြောလိုက်သည်။ "ရှင် အခုချက်ချင်း ထွက်သွားလိုက်တော့။ ဒါ ရှင် ဝင်ပါလို့ရမယ့် ကိစ္စ မဟုတ်ဘူး"
ယခုအချိန်တွင် ဤနေရာ၌ ရှိနေနိုင်သူမှာ ယဲ့ထျန်းမှတစ်ပါး အခြားသူ မရှိပေ။
သူက လက်ကို ဝှေ့ယမ်းပြပြီး ရယ်မောလိုက်သည်။ "စိတ်မပူပါနဲ့၊ ဒါတွေက အသေးအမွှားလေးတွေပါ။ ကျွန်တော် လုံးဝ ဂရုမစိုက်ပါဘူး"
"သွားတော့... ဒါ သူရဲကောင်း လုပ်တမ်းကစားရမယ့် အချိန် မဟုတ်ဘူး"
နင်အောက်ရွှဲ စိုးရိမ်တကြီး ဖြစ်လာပြီး ယဲ့ထျန်းကို အမြန်ထွက်သွားစေချင်သည်။
"အဲ့ဒီ အရူးကောင်ကို ဂရုမစိုက်နဲ့၊ ငါတို့ အရင် လှုပ်ရှားမယ်။ ပြီးမှ သူ့ကို ရှင်းမယ်"
ထိုအချိန်တွင် ယဲ့ထျန်းထံမှ မည်သည့် အန္တရာယ်အငွေ့အသက်မျှ မခံစားရသဖြင့် သိုင်းပညာရှင် ခေါင်းဆောင်က ပြောလိုက်ပြီး နင်အောက်ရွှဲထံသို့ စတင် တိုက်ခိုက်လိုက်သည်။
ဒါကို ကြားသောအခါ ကျန်သော သိုင်းပညာရှင်များလည်း နင်အောက်ရွှဲထံသို့ ပြေးဝင်သွားကြသည်။
နင်အောက်ရွှဲသည် အတော်အတန် သန်မာသူဖြစ်ပြီး သတိရှိနေသဖြင့် ထိုလူများ တိုက်ခိုက်ရန် အခွင့်အရေး မရခဲ့ကြပေ။
သို့သော် ယဲ့ထျန်း ပေါ်လာခြင်းက နင်အောက်ရွှဲ၏ အာရုံကို လွဲသွားစေခဲ့ပြီး ထိုအခွင့်အရေးကောင်းကို ဒီလူတွေ လက်လွတ်မခံကြပေ။
လူအုပ်စု သူမထံ ပြေးဝင်လာသည်ကို မြင်သောအခါ နင်အောက်ရွှဲ ဒုက္ခရောက်ပြီဟု သိလိုက်သည်။ သူမ ဦးဆောင်ခွင့်ကို လက်လွတ်ဆုံးရှုံးလိုက်ရပြီ။
ယခုအချိန်တွင် သူမ အံကြိတ်ကာ ရင်ဆိုင်ရုံမှတစ်ပါး အခြားမရှိတော့။ ယဲ့ထျန်းကိုလည်း ဂရုမစိုက်နိုင်တော့ပေ။
"သောက်ကျိုးနည်း... ငါက ဂိမ်းထဲမှာ အသန်မာဆုံး ဘုရင်ကွ။ မင်းတို့ကောင်တွေ ငါ့ကို မျက်နှာသာ နည်းနည်းပေးဦးမှပေါ့"
ယဲ့ထျန်း မအံ့သြသော်လည်း စိတ်ပျက်လက်ပျက် သက်ပြင်းချကာ တွေးလိုက်မိသည်။ ဒီလူတွေက သူ့ကို 'သာမန်လူ' တစ်ယောက်လို ဆက်ဆံနေကြသည်ကို သူ သိသည်။
ယခုအချိန်တွင် နှစ်ဖက်စလုံး တိုက်ခိုက်နေကြပြီ ဖြစ်သည်။ ခဏတာမျှ အပြန်အလှန် တိုက်ခိုက်နေကြသည်မှာ ကျွမ်းကျင်မှု ပြသနေသကဲ့သို့ မျက်စိပသာဒ ဖြစ်စရာပင်။
သိုင်းပညာကို ပထမဆုံးအကြိမ် မြင်ဖူးသော ယဲ့ထျန်းအနေဖြင့် စိတ်ဝင်စားစရာ ကောင်းသည်ဟု ထင်မြင်မိသော်လည်း သံသယအချို့လည်း ဖြစ်ပေါ်လာသည်။
ဒီသိုင်းပညာရှင်တွေက တီဗီထဲကလိုမျိုး လက်ဝါးရိုက်ချက်တွေ၊ လက်သီးရိပ်တွေ၊ လက်ချောင်းထိုးချက်တွေနဲ့ တိုက်ခိုက်ကြမယ် ထင်နေခဲ့တာ။
တိုက်ပွဲက စိတ်လှုပ်ရှားစရာ ကောင်းပေမယ့် တကယ်တမ်းကျတော့ လက်သီးထိုး၊ ခြေကန် လုပ်နေတာပဲ ရှိတယ်။ စွမ်းအင်တိုက်ခိုက်မှုဆိုတာ ဘာမှ မပါဘူး။
နင်အောက်ရွှဲ အပါအဝင် ဒီလူတွေအားလုံးမှာ သာမန်လူတွေထက် သာလွန်တဲ့ ခွန်အားတွေ ရှိနေပေမယ့် သူတို့ ခန္ဓာကိုယ်ထဲမှာ စွမ်းအင် အရိပ်အယောင် လုံးဝ မရှိဘူး ဆိုတာ ယဲ့ထျန်း သေချာနေသည်။
"ဝိညာဉ်စွမ်းအင်တွေ ကုန်ခမ်းနေလို့ သိုင်းပညာရှင်တွေက စွမ်းအင်ကို မစုပ်ယူနိုင်ဘဲ ခန္ဓာကိုယ်ကိုပဲ သန်မာအောင် လုပ်နိုင်တာများလား"
ယဲ့ထျန်း တစ်ကိုယ်တည်း ရေရွတ်နေစဉ် တိုက်ပွဲမြေပြင်တွင် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။
အပြန်အလှန် တိုက်ခိုက်ပြီးနောက် နင်အောက်ရွှဲသည် လူအင်အား မမျှသဖြင့် လုံးဝ အရေးနိမ့်နေပြီး ပြိုလဲလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
ဒါကို မြင်လိုက်ရသောအခါ ယဲ့ထျန်း တွေးနေရမည့်အချိန် မဟုတ်တော့ကြောင်း သိလိုက်သည်။ ဒီလူတွေကို အရင်ရှင်းပြီးမှ သိုင်းပညာရှင်တွေအကြောင်း အချက်အလက် အတိအကျကို မမလေး (နင်အောက်ရွှဲ) ဆီက မေးကြည့်ရမည်။
စနစ်ဆီက ရတဲ့ အချက်အလက်တွေက ယေဘုယျ သဘောလောက်ပဲ ပါပြီး သိုင်းပညာ လေ့ကျင့်မှုနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေ မပါဘူးလေ။
ထိုအချိန်တွင် အရေးနိမ့်နေသော နင်အောက်ရွှဲသည် လက်ဝါးဖြင့် ရိုက်ထုတ်လိုက်ရာ တစ်ဖက်လူ တစ်ယောက် မီတာအနည်းငယ် နောက်ဆုတ်သွားရသည်။
ထိုလူက တိုက်ခိုက်မှုကို ရှောင်တိမ်းပြီး ရှေ့ဆက်တိုးရန် ပြင်လိုက်စဉ် ရုတ်တရက် သူ့ပခုံးကို တစ်စုံတစ်ယောက် လာပုတ်သည်ကို ခံစားလိုက်ရသည်။
လန့်သွားပြီး အမြန် လှည့်ကြည့်လိုက်ရာ အပြစ်ကင်းစင်သော အပြုံးလေးဖြင့် ရပ်နေသော ယဲ့ထျန်းကို တွေ့လိုက်ရသည်။
"သူငယ်ချင်း... မင်း ကစားနေတာ ကြာပြီဆိုတော့ မောနေလောက်ပြီ။ ခဏလောက် ထိုင်နားပြီး လက်ဖက်ရည်သောက်၊ စကားပြော၊ အမောဖြေပြီးမှ ဆက်လုပ်ပါလား"
ထိုလူ အံ့အားသင့်သွားပြီးနောက် ယဲ့ထျန်းကို အရူးတစ်ယောက်ကို ကြည့်သလို ကြည့်ကာ အော်ဟစ်လိုက်သည်။ "ဒီအရူးကောင် ဘယ်က ရောက်လာတာလဲ။ ဖယ်စမ်း"
စကားဆုံးသည်နှင့် ထိုလူက ယဲ့ထျန်းကို ရုတ်တရက် လက်သီးဖြင့် ထိုးလိုက်သည်။
"ငါထင်တာ မင်း ဒီလောက် ခေါင်းမမာသင့်ဘူး။"
ယဲ့ထျန်း၏ မျက်လုံးများ အေးစက်သွားသည်။ ဝင်လာသော လက်သီးကို လက်ဖြင့် ကာလိုက်ပြီး ညင်သာစွာ လိမ်ချိုးလိုက်ရာ ထိုလူ ဒူးထောက်ကျသွားသည်။
နောက်တစ်ခဏတွင် ယဲ့ထျန်းက သူ့အတွင်းအားကို လွှတ်ထုတ်လိုက်ရာ ထိုလူ၏ မျက်နှာပေါ်မှ အံ့သြသော အမူအရာမှာ လုံးဝ အေးခဲသွားတော့သည်။
"တွေ့လား... ငါ မင်းကို နားပါလို့ ပြောသားပဲ၊ မင်းမှ နားမထောင်တာ။ အခုတော့ ငြိမ်ငြိမ်လေး လှဲနေရပြီမို့လား"
လူကြီးစကား နားမထောင်၍ ဒုက္ခရောက်ရသဖြင့် စိတ်မကောင်း ဖြစ်ရသည့် ပုံစံဖြင့် ယဲ့ထျန်း ခေါင်းခါလိုက်သည်။
"တင်း... ဟိတ်ဟန်ထုတ်ခြင်း အောင်မြင်ပါသည်။ အမှတ် ၁၅ တိုးလာပါသည်"
ဒီမြင်ကွင်းက နှစ်ဖက်စလုံးကို မှင်သက်သွားစေပြီး မယုံကြည်နိုင် ဖြစ်သွားကြသည်။
ဒါ... ဒါက တော်တော် စွမ်းတာပဲ။
နင်အောက်ရွှဲက ယဲ့ထျန်း၏ တောက်ပနေသော မျက်လုံးများကို အံ့သြစွာ ကြည့်နေမိသည်။
အခြား သိုင်းပညာရှင်များကမူ မျက်လုံးပြူးကာ ကြည့်နေကြသည်။
သူတို့က ယဲ့ထျန်းကို ရိုးအတဲ့ကောင်လို့ ထင်ထားသော်လည်း တကယ်တမ်းကျတော့ အားနည်းချင်ယောင်ဆောင်ထားသော ဆရာတစ်ဆူ ဖြစ်နေပြီး သူတို့လူ တစ်ယောက်ကို လွယ်လွယ်ကူကူပင် ဖြိုလှဲလိုက်သည်။ သူတို့ ဘယ်လိုလုပ် မလန့်ဘဲ နေမလဲ။
တစ်ချိန်တည်းမှာပင် သူတို့ ပြဿနာ အကြီးကြီး တက်ပြီဆိုတာ သိလိုက်ကြသည်။ နင်အောက်ရွှဲ တစ်ယောက်တည်းတောင် တော်တော် သန်မာနေပြီ၊ အချိန်တိုအတွင်း သူတို့ အနိုင်ယူနိုင်မှာ မဟုတ်။
အခု နောက်ထပ် ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်တစ်ယောက် ထပ်တိုးလာတော့ နိုင်ဖို့ အခွင့်အလမ်း ပိုနည်းသွားပြီ။ ဒီမစ်ရှင်က ကျရှုံးဖို့ သေချာသလောက် ဖြစ်နေပြီ။
ဒါကို တွေးမိရင်း သိုင်းပညာရှင်များ စိတ်ထဲ ညည်းတွားလိုက်မိသည်။ သိုင်းပညာရှင်တွေက ဘယ်တုန်းက ဒီလောက် ပေါသွားတာလဲ၊ ကျွမ်းကျင်သူတွေက ဒီလောက် လွယ်လွယ်ကူကူ ပေါ်လာတတ်တာလား။
"တင်း... ဟိတ်ဟန်ထုတ်ခြင်း အောင်မြင်ပါသည်။ မသိမသာ ဟိတ်ဟန်ထုတ်ခြင်းက ပို၍ ထိရောက်ပါသည်။ အမှတ် +၂၀"
ယဲ့ထျန်း ကြောင်သွားသည်။ သူ ဘာလုပ်လိုက်မိမှန်း၊ ဘယ်လို ဟိတ်ဟန်ထုတ်လိုက်မိမှန်း၊ ပြီးတော့ မရည်ရွယ်ဘဲ ဖြစ်သွားတာကိုပါ နားမလည်နိုင် ဖြစ်နေသည်။
"သတိထား"
ယဲ့ထျန်း အတွေးလွန်နေစဉ် နင်အောက်ရွှဲ၏ စိုးရိမ်တကြီး အော်သံ ထွက်ပေါ်လာသည်။
သတိပြန်ဝင်လာချိန်တွင် လူတစ်ယောက် သူ့ထံ ပြေးဝင်လာပြီး လက်နှစ်ဖက်ဖြင့် ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်ကို တွေ့လိုက်ရသည်။
"လာတာ ကောင်းတယ်"
ထိုလူသည် အသန်မာဆုံး နှစ်ယောက်ထဲမှ တစ်ယောက် ဖြစ်ကြောင်း သိလိုက်ရသဖြင့် ယဲ့ထျန်း အော်ဟစ်လိုက်သည်။
ယခုအချိန်တွင် သူ့လက်များ ယားယံလာပြီး ဒီလူနှင့် စမ်းသပ်ကြည့်ချင်စိတ် ဖြစ်ပေါ်လာသည်။
စနစ်၏ ရှင်းပြချက်အရ ခန္ဓာကိုယ် သန့်စင်ခြင်း အလယ်ပိုင်းအဆင့် သိုင်းပညာရှင်သည် ချီသန့်စင်ခြင်း ဒုတိယအဆင့် ကျင့်ကြံသူနှင့် ညီမျှသည်ဟု ဆိုသည်။ သူတို့နှစ်ဦးကြား အင်အား ဘယ်လောက် ကွာခြားမလဲ ဆိုတာ ကြည့်ရအောင်။
ဤသို့တွေးပြီးနောက် ယဲ့ထျန်း လက်ကို ဆန့်ထုတ်လိုက်ကာ အတွင်းအားကို လှည့်ပတ်ပြီး တစ်ဖက်လူ၏ လက်များကို လွယ်ကူစွာ ပုတ်ထုတ်လိုက်သည်။
ဝမ်းသာသွားပြီးနောက် ယဲ့ထျန်း ရှေ့တိုးကာ လက်သီးဖြင့် ထိုးနှက်လိုက်ပြီး တိုက်ပွဲကို ချက်ချင်း အဆုံးသတ်ရန် ရည်ရွယ်လိုက်သည်။
ယဲ့ထျန်းက တိုက်ခိုက်မှုကို လွယ်ကူစွာ လွှဲဖယ်လိုက်နိုင်သော်လည်း ထိုလူသည်လည်း ကျွမ်းကျင်ပြီး ဉာဏ်ရည်ထက်မြက်သူ ဖြစ်သည်။ ယဲ့ထျန်း ပြန်တိုက်ခိုက်သောအခါ သူ အမြန် နောက်ဆုတ်ပြီး အကွာအဝေး ယူလိုက်သည်။
ခဏရပ်ပြီးနောက် ထိုလူက ယဲ့ထျန်းကို အံ့သြစွာ ကြည့်ပြီး အာမေဋိတ်ပြုလိုက်သည်။ "သန်မာလိုက်တာ"
"မင်း ဘယ်သူလဲ၊ ငါတို့ကိစ္စကို ဘာလို့ ဝင်ပါတာလဲ။"
"ဟွန်း... ငါ ဘယ်သူလဲ သိချင်ရင် အရင် လဲလိုက်ဦး"
အေးစက်စွာ နှာမှုတ်လိုက်ပြီး ယဲ့ထျန်း ရှေ့တိုးကာ ထိုလူကို တိုက်ခိုက်လိုက်သည်။
စောစောက ထိပ်တိုက်တွေ့မှုကြောင့် ကျင့်ကြံသူနှင့် သိုင်းပညာရှင်ကြား ကွာခြားချက် မည်မျှ ကြီးမားကြောင်း သူ သိလိုက်ရသည်။
ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် တုံ့ပြန်မှု အမြန်နှုန်းအရ ဆိုလျှင်တော့ ဒီသိုင်းပညာရှင်တွေက ယဲ့ထျန်းအောက် မလျော့ဘူးဟု ဆိုနိုင်သည်။
သို့သော် ယဲ့ထျန်းတွင် အတွင်းအား ရှိနေသည်။ အတွင်းအား၏ အထောက်အပံ့ကြောင့် နှစ်ဖက် တိုက်ခိုက်ရေးစွမ်းရည် ကွာခြားချက်မှာ ကြီးမားသွားသည်။
ယခင် အတွေ့အကြုံကို သင်ခန်းစာယူပြီး ယဲ့ထျန်းသည် ဒီတစ်ခါ ပြိုင်ဘက်ကို တုံ့ပြန်ချိန် မပေးတော့ပေ။ ပြိုင်ဘက်အနားသို့ ကပ်သွားပြီး ကာကွယ်ထားသော လက်များကို ရိုက်ထုတ်ကာ ရင်ဘတ်ကို ဝင်တိုက်လိုက်သည်။
ထိုလူ၏ ခန္ဓာကိုယ် တုန်ခါသွားပြီး မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ဖြတ်သန်းသွားသည်။ သွေးတစ်လုပ် အန်ထုတ်ပြီး မြေပြင်ပေါ်သို့ ခွေခွေလေး လဲကျသွားတော့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် အနိုင်အရှုံး ပေါ်သွားခဲ့ပြီ။
ထိုအချိန်တွင် နင်အောက်ရွှဲဘက်မှ အော်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
ယဲ့ထျန်း အမြန် လှည့်ကြည့်လိုက်ရာ နင်အောက်ရွှဲ မြေပြင်ပေါ် လဲကျနေသည်ကို တွေ့လိုက်ရသည်။ တစ်ဖက်လူက သူမကို ရက်ရက်စက်စက် ချေမှုန်းတော့မည့်ပုံ ပေါက်နေသည်။
စဉ်းစားမနေတော့ဘဲ ယဲ့ထျန်း ခြေကိုကန်ပြီး ရှေ့သို့ ခုန်ဝင်လိုက်ကာ ပန်းလေးတစ်ပွင့်ကို ဖျက်ဆီးတော့မည့် ရက်စက်သော လက်တစ်ဖက်ကို ဝင်ရောက် တားဆီးလိုက်သည်။
"ဒီလူ တားမြစ်ဆေးတွေ သုံးထားတယ်၊ သူ့အင်အားက ရုတ်တရက် ကြီးမားလာတာ၊ သတိထားနော်"
မြေပြင်ပေါ် လဲကျနေသော နင်အောက်ရွှဲက ယဲ့ထျန်းကို အမြန် သတိပေးလိုက်သည်။
ဒါကို ကြားတော့ ယဲ့ထျန်း သူ့ပြိုင်ဘက်ကို ကြည့်လိုက်ရာ အဝတ်လွတ်နေသော နေရာများမှ အရေပြားများ နီရဲနေပြီး အရှိန်အဝါက ယခင်ကထက် ပို၍ ကြမ်းတမ်းနေသည်ကို တွေ့လိုက်ရသည်။
နင်အောက်ရွှဲ ပြောသလိုပင်၊ သူ အင်အားတိုးစေရန် တားမြစ်ဆေးကို သုံးစွဲထားပုံရသည်။
နင်အောက်ရွှဲမှာ မူလကတည်းက လူအင်အား မမျှ၍ အရေးနိမ့်နေရသည့်အထဲ ပြိုင်ဘက်၏ အင်အား ရုတ်တရက် တိုးလာသောအခါ ယှဉ်နိုင်စွမ်း မရှိတော့ခြင်း ဖြစ်သည်။
သို့သော် ယဲ့ထျန်း တားဆီးထားသော ထိုလူက နောက်ထပ် တိုက်ခိုက်မှုတစ်ခု ပြုလုပ်လိုက်ပြီး ယဲ့ထျန်းကို လက်ဝါးဖြင့် ရိုက်လိုက်သည်။
သူ ဘာဆေး သုံးထားမှန်း မသိသော်လည်း ဤလက်ဝါးရိုက်ချက်သည် ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်နေပြီး မျက်စိတစ်မှိတ်အတွင်း ယဲ့ထျန်း၏ မျက်နှာရှေ့သို့ ရောက်လာသည်။
သို့သော် ယဲ့ထျန်းက မည်သည့် တုံ့ပြန်မှုမျှ မရှိဘဲ မလှုပ်မယှက် ရပ်နေသည်။
ပြီးပြီ... ဒီကောင်လေး သေပြီ။
ဒါကို မြင်လိုက်ရသောအခါ တိုက်ခိုက်သူ၏ နှုတ်ခမ်းပေါ်တွင် မောက်မာသော အပြုံးတစ်ခု ပေါ်လာရုံသာမက...
အခြား သိုင်းပညာရှင်များ၏ မျက်နှာပေါ်တွင်လည်း ထိုအမူအရာမျိုး ပေါ်လာပြီး ယဲ့ထျန်းကို လူသေတစ်ယောက်လို ကြည့်နေကြသည်။
သူတို့အမြင်တွင် ဘာမှ မတုံ့ပြန်နိုင်သော ယဲ့ထျန်းသည် ဒီလက်ဝါးရိုက်ချက်အောက်တွင် သေချာပေါက် သေဆုံးရမည် ဖြစ်သည်။
သို့သော် အပြုံးမပွင့်ခင်မှာပင် အေးခဲသွားပြီး အံ့သြမှုများဖြင့် အစားထိုး ဝင်ရောက်လာသည်။
အခြားသူများ အံ့သြနေသည်ကို ဂရုမစိုက်ဘဲ တိုက်ခိုက်သူ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်မဲ့ခြင်းများသာ ပေါ်လာသည်။
အကြောင်းမှာ ထိုအချိန်တွင် သူ့ထံသို့ ကြီးမားသော စွမ်းအားတစ်ခု ပြန်ကန်ထွက်လာသည်ကို ခံစားလိုက်ရသောကြောင့် ဖြစ်သည်။
ထိုစွမ်းအားတွင် သူ ရိုက်ထုတ်လိုက်သော လက်ဝါးစွမ်းအား ပါဝင်နေရုံသာမက စွမ်းအားပြင်းထန်ပြီး ထူးဆန်းသော အရာတစ်ခုပါ ပါဝင်နေပြီး သူ့ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ဝင်ရောက်ကာ အတွင်းကလီစာများကို ချေမှုန်းပစ်လိုက်သည်။
ထိုလူက ခေါင်းကို မနည်းထောင်ပြီး ပါးစပ်ဟကာ တစ်ခုခု ပြောရန် ပြင်လိုက်သည်။
သို့သော် ပါးစပ်ဟလိုက်သည်နှင့် သွေးများနှင့်အတူ အတွင်းကလီစာ အပိုင်းအစများ အန်ထွက်လာပြီး ခန္ဓာကိုယ် ယိမ်းယိုင်ကာ မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ လဲကျသွားတော့သည်။
ဒီမြင်ကွင်းကို ဘယ်သူမှ ယုံနိုင်စရာ မရှိပေ။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: