အပိုင်း (၈) - ကျွန်တော် ငယ်ပါသေးတယ်
"တင်း... ဟိတ်ဟန်ထုတ်ခြင်း အောင်မြင်ပါသည်။ အမှတ် +၂၀"
လူအုပ်ကြီး၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များကြားတွင် စနစ်၏ အသိပေးသံ ပေါ်ထွက်လာသည်။
ဘယ်လို... ဘယ်လိုလုပ် ဖြစ်သွားရတာလဲ။
သူတို့လူက ကောင်လေးရဲ့ ရင်ဘတ်ကို အရင်ရိုက်လိုက်ပြီး ကောင်လေးက နေရာတင် သေတော့မယ့်ပုံ ပေါက်နေတာကို၊ မျက်စိတစ်မှိတ်အတွင်းမှာပဲ အခြေအနေ ပြောင်းပြန် ဖြစ်သွားရတာလဲ။
တကယ်တမ်း ဘာဖြစ်သွားတာလဲ။
ဒီလူတွေ အံ့အားသင့်သွားတာ မဆန်းပါဘူး။ ဒီမြင်ကွင်းက သူတို့ နားလည်နိုင်စွမ်းကို ကျော်လွန်နေပြီး စိတ်ကူးတောင် မယဉ်နိုင်စရာ ဖြစ်နေတာကိုး။
ဒီလူတွေ မှင်သက်နေချိန်မှာ ယဲ့ထျန်းက ငြိမ်မနေပါဘူး။ ခြေတစ်လှမ်း လှမ်းလိုက်ပြီး နေရာမှ ပျောက်ကွယ်သွားသည်။
ပြန်ပေါ်လာချိန်တွင် ကြောင်အမ်းအမ်း ဖြစ်နေသော သိုင်းပညာရှင်တစ်ယောက်၏ ရှေ့တည့်တည့်သို့ ရောက်နေပြီ။ ထိုလူ တုံ့ပြန်ချိန်ပင် မရလိုက်၊ လက်ဝါးတစ်ချက် ရိုက်ထုတ်ခြင်း ခံလိုက်ရပြီး လွင့်ထွက်သွားသည်။
ယဲ့ထျန်းက ထိုနည်းလမ်းကို ထပ်သုံးလိုက်ရာ မကြာမီ နောက်ထပ် သိုင်းပညာရှင် နှစ်ယောက် မြေပေါ် လဲကျသွားပြန်သည်။
ထိုအချိန်တွင် မှန်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။
ကျန်ရှိနေသော သိုင်းပညာရှင်များထဲမှ ပိန်ပိန်ပါးပါး လူတစ်ယောက်သည် အခြေအနေ မဟန်မှန်းသိပြီး ပြိုင်ကားဘေးသို့ အမြန်ပြေးသွားသည်။
သူက ကားမှန်ကို ခွဲလိုက်ပြီး ကားထဲမှ သစ်သားသေတ္တာတစ်လုံးကို ယူကာ လျင်မြန်စွာ ထွက်ပြေးသွားတော့သည်။
"ယဲ့ထျန်း... သူ့နောက်ကို မြန်မြန်လိုက်ပါဦး။ ငါ အများကြီး ပင်ပန်းခံပြီး ရထားတဲ့ဟာကို အပါမခံနိုင်ဘူး"
သစ်သားသေတ္တာကို ယူပြေးသွားသော လူပိန်ကို မြင်လိုက်ရသောအခါ နင်အောက်ရွှဲ စိုးရိမ်တကြီး ဖြစ်သွားပြီး ထလိုက်ရန် ကြိုးစားသည်။
ဒါပေမဲ့ စောစောက ဒဏ်ရာအပြင်းအထန် ရထားတာကြောင့် မတ်တပ်တောင် မရပ်နိုင်။
နင်အောက်ရွှဲ၏ အော်သံကို ကြားသောအခါ ယဲ့ထျန်း လိုက်သွားရန် ပြင်လိုက်သော်လည်း ကျန်နေသော သိုင်းပညာရှင်များက သူတို့၏ စွမ်းအားများကို ရုတ်တရက် ထုတ်ဖော်လိုက်ပြီး ယဲ့ထျန်း၏ လမ်းကို အသေအလဲ ပိတ်ဆို့လိုက်ကြသည်။
တစ်ယောက်ကို လက်ဝါးတစ်ချက်စီ ရိုက်လိုက်ရုံ ဆိုသော်လည်း အချိန်အနည်းငယ် ကြာသွားသည်။ ကျန်နေသော သိုင်းပညာရှင်များကို အနိုင်ယူလိုက်ချိန်တွင် သစ်သားသေတ္တာ ယူသွားသော လူပိန်မှာ လွတ်မြောက်သွားပြီ ဖြစ်သည်။
ယဲ့ထျန်း လိုက်ဖမ်းချင်သော်လည်း တစ်ဖက်လူက သစ်တောအုပ်ထဲ ပျောက်ကွယ်သွားပြီ ဖြစ်သဖြင့် အရိပ်အယောင်ပင် မမြင်ရတော့။ ထို့အပြင် နင်အောက်ရွှဲအတွက်လည်း စိတ်ပူနေရသေးသည်။
မတတ်သာဘဲ သူ ရပ်တန့်လိုက်ပြီး ပြန်လှည့်လာခဲ့သည်။
"ငါ့အတွက် စိတ်မပူပါနဲ့၊ အဲ့ဒီပစ္စည်းကို မြန်မြန် ပြန်ယူပေးပါ၊ အဲ့ဒါက ငါ့အတွက် အရမ်း အရေးကြီး..."
စကားမဆုံးခင်မှာပင် နင်အောက်ရွှဲ သတိလစ်ပြီး လဲကျသွားသည်။
နင်အောက်ရွှဲ ဒီလိုဖြစ်သွားသည်ကို မြင်သောအခါ ယဲ့ထျန်း မျက်မှောင်ကြုတ်လိုက်ပြီး စနစ်၏ လဲလှယ်ရေး စာမျက်နှာကို ဖွင့်လိုက်သည်။
"ကုသရေးဆေးလုံးက ဂုဏ်သတင်းရမှတ် ၁၅ မှတ်ပဲ ပေးရတယ်၊ တန်သားပဲ။ ဒါပေမဲ့ ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့် သိုင်းပညာရှင်တွေအတွက်ပဲ အသုံးဝင်တာကိုး၊ ဒါကြောင့် ဈေးပေါတာ နေမှာ"
ဈေးနှုန်းကို မြင်လိုက်ရသောအခါ ယဲ့ထျန်း မဆိုင်းမတွပင် လဲလှယ်လိုက်ပြီး နင်အောက်ရွှဲကို တိုက်ကျွေးလိုက်သည်။
ဘာပဲဖြစ်ဖြစ် စောစောက သူ ဟိတ်ဟန်ထုတ်ထားတာ ရှိသေးတယ်။ ၁၅ မှတ် နုတ်လိုက်ရင်တောင် အမြတ် ၄၀ ကျန်သေးတယ်။
တကယ်လို့ စနစ်က ထုတ်တဲ့ ပစ္စည်းသာ စစ်မှန်ရင် အရည်အသွေး ကောင်းမွန်မှာ သေချာသည်။
ဆေးတိုက်လိုက်ပြီး မကြာမီမှာပင် နင်အောက်ရွှဲ၏ အသက်ရှူသံ ပုံမှန် ပြန်ဖြစ်လာပြီး မျက်စိတစ်မှိတ်အတွင်း မျက်လုံးဖွင့်လာသည်။
ဇဝေဇဝါဖြင့် ဘေးဘီကို ကြည့်လိုက်ပြီးနောက် ယဲ့ထျန်းကို မြင်သောအခါ လန့်သွားပြီး အော်မေးလိုက်သည်။ "ငါ့ရဲ့ ဆေးလုံးတွေရော...?"
"တောင်းပန်ပါတယ် ငါ လိုက်မမီတော့ဘူး"
ယဲ့ထျန်း ခေါင်းခါလိုက်သည်။
ဒါကို ကြားသောအခါ နင်အောက်ရွှဲ၏ မျက်နှာတွင် နာကျင်သော အမူအရာ ပေါ်လာသည်။
နင်အောက်ရွှဲ ဒီလိုဖြစ်နေတာကို မြင်တော့ ယဲ့ထျန်း စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သည်။ "ဘာဖြစ်လို့လဲ။ အဲ့ဒါက မင်းအတွက် အရမ်း အရေးကြီးလို့လား"
"ဟုတ်တယ်၊ အဲ့ဒါက ငါ့အဖေကို ကုပေးဖို့အတွက်။ ငါ တော်တော် ခက်ခက်ခဲခဲ ရှာထားရတာ၊ ဒါပေမဲ့ ဘယ်သူထင်မှာလဲ..."
နင်အောက်ရွှဲ စိတ်ဓာတ်ကျနေပုံရပြီး မျက်နှာထား ညှိုးငယ်နေသည်။
"စိတ်မကောင်းပါဘူး..." ယဲ့ထျန်း ပြောလိုက်သည်။
ဒီကိစ္စက သူနဲ့ မဆိုင်သော်လည်း နင်အောက်ရွှဲ စိတ်ပျက်အားငယ်နေတာကို မြင်တော့ မနေနိုင်ဘဲ ပြောလိုက်မိသည်။
"မဟုတ်ပါဘူး၊ ရှင့်ကိုယ်ရှင် ဘယ်လိုလုပ် အပြစ်တင်လို့ ရမလဲ။ ဒီလူတွေက ကြိုတင် ကြံစည်ထားတာပဲဟာ၊ ဘာမှ လုပ်လို့မရနိုင်ပါဘူး"
"တကယ်တမ်းကျတော့ ရှင်သာ အချိန်မီ ပေါ်မလာရင် ကျွန်မ ဒဏ်ရာရရုံမကဘူး၊ သေတောင် သေသွားလောက်ပြီ..."
ပြောရင်းနှင့် နင်အောက်ရွှဲ ရုတ်တရက် စကားရပ်သွားပြီး မျက်နှာတွင် အံ့သြသည့် အရိပ်အယောင် ပေါ်လာသည်။
ဘာလို့ဆို သူမ၏ ခန္ဓာကိုယ် အခြေအနေက အလွန်ကောင်းမွန်နေပြီး ဒဏ်ရာရထားသည့် လက္ခဏာ လုံးဝ မရှိတော့သောကြောင့်ပင်။
နင်အောက်ရွှဲ ကောင်းကောင်းသိသည်။ ထိုတိုက်ခိုက်မှုကို ခံလိုက်ရပြီးနောက် အနည်းဆုံး သုံးလလောက် အနားယူ ကုသရမည် ဆိုတာကို။
ဒါပေမဲ့ အခုတော့ သူ့ဒဏ်ရာတွေ အားလုံး ပျောက်ကင်းသွားပြီ။ လုံးဝ ဒဏ်ရာ မရခဲ့သလိုမျိုးပင်။
သူမကို တိုက်ခိုက်ခဲ့သော သိုင်းပညာရှင်များ ဘေးနားမှာ လဲကျနေတာကို မမြင်ရရင် သူမ ဒဏ်ရာရခဲ့တာ စိတ်ထင်လို့များလား ထင်မိမှာ။
ပုံမှန်အားဖြင့် သုံးလလောက် ကုသရမယ့် ဒဏ်ရာတစ်ခုက နားမလည်နိုင်လောက်အောင် ပျောက်ကွယ်သွားတယ် ဆိုတာ ပြင်ပ အကြောင်းအရာ တစ်ခုခုကြောင့်ပဲ ဖြစ်နိုင်တယ်။
အခုအချိန်မှာ ဖြစ်နိုင်ချေရှိတဲ့ တစ်ခုတည်းသော ပြင်ပအကြောင်းအရာက သူမရှေ့မှာ ရှိနေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လူငယ်လေးပဲ။
ထိုအခိုက်အတန့်တွင် သူမ၏ တောက်ပသော မျက်ဝန်းများဖြင့် ယဲ့ထျန်းကို အံ့သြစွာ စိုက်ကြည့်နေမိသည်။ မယုံကြည်နိုင်မှုများနှင့်အတူ တွန့်ဆုတ်စွာ မေးလိုက်သည်။ "ရှင်... ရှင် ကျွန်မ ဒဏ်ရာတွေကို ကုပေးလိုက်တာလား"
ယဲ့ထျန်းက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်သည်။ သိပ်အရေးကြီးတဲ့ ကိစ္စ မဟုတ်သလိုပင်။ ဘာပဲဖြစ်ဖြစ် ၁၅ မှတ်ပဲ တန်တာလေ။
သို့သော် သူ့အတွက် ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်ခြင်းက နင်အောက်ရွှဲအတွက်တော့ အဏုမြူဗုံး ပေါက်ကွဲလိုက်သလိုပင်။
သိုင်းပညာရှင် တစ်ယောက်အနေဖြင့် ဒီလောက် အလွယ်တကူ ဒဏ်ရာပျောက်ကင်းအောင် ကုသပေးနိုင်ခြင်းသည် သာမန် မဟုတ်ကြောင်း နင်အောက်ရွှဲ သိသည်။ သုံးလလောက် နားရမယ့် ဒဏ်ရာကို ကုပေးနိုင်တဲ့ ဆေးပညာက တကယ့်ကို ထူးခြားဆန်းပြားလွန်းသည်။
ဒီလို ဆေးပညာမျိုး တတ်ကျွမ်းထားသူသည် သိုင်းပညာရှင် တစ်ယောက်၏ ရာနှုန်းပြည့် လေးစားမှုကို ရထိုက်သည်။
သိုင်းပညာရှင်များ ဖြစ်ကြသည့်အလျောက် သူတပါးနှင့် တိုက်ခိုက်သည့်အခါ ဒဏ်ရာရတတ်သည်မှာ သဘာဝပင်။
ဒီလိုအချိန်မျိုးမှာ ဆေးပညာ ထူးချွန်တဲ့ ဆရာဝန်တစ်ယောက်ကို သိထားသူက ပိုမြန်မြန် ပြန်ကောင်းလာနိုင်ပြီး လက်တုံ့ပြန်ရာမှာ အသာစီး ရနိုင်မည်။
သိုင်းပညာရှင် မဟုတ်ရင်တောင် ဘယ်သူက မနာမကျန်း မဖြစ်ဖူးဘဲ နေမလဲ။ ဒီလို ထူးချွန်တဲ့ ဆေးပညာရှင်ကို သိထားတာ အလွန်ကောင်းတဲ့ ကိစ္စပဲ။
ဒါကို တွေးမိရင်း နင်အောက်ရွှဲသည် ယဲ့ထျန်းကို အံ့သြမှုနှင့် လေးစားမှု ရောပြွမ်းနေသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"တင်း... ဟိတ်ဟန်ထုတ်ခြင်း အောင်မြင်ပါသည်။ မသိမသာ ဟိတ်ဟန်ထုတ်ခြင်းက ပို၍ ထိရောက်ပါသည်။ အမှတ် +၂၅"
ယဲ့ထျန်း ဝမ်းသာသွားသည်။ မရည်ရွယ်ဘဲ ဟိတ်ဟန်ထုတ်မိတိုင်း ဟိတ်ဟန်ထုတ်သလို မဟုတ်ဘဲ အမှတ်ရနေတာကို သူ သဘောပေါက်လာသည်။
နင်အောက်ရွှဲ၏ မျက်နှာထားကို မြင်လိုက်ရသောအခါ သူ အတွေးပေါက်သွားသည်။
ဆိုလိုတာက တစ်ဖက်လူက ငါ့ကို အထင်ကြီးလာအောင် ငါ ဘာမှ လုပ်ပြစရာ မလိုဘူး။ အဲ့ဒါက မသိမသာ ဟိတ်ဟန်ထုတ်ခြင်းရဲ့ သော့ချက်ပဲ။
ဒါကို သဘောပေါက်သွားတော့ ယဲ့ထျန်း ကျေနပ်ပြီး စိတ်လှုပ်ရှားသွားသည်။ ဟိတ်ဟန်ထုတ်နည်းတွေကို နားလည်သွားပြီဆိုတော့ နောက်ဆို လုပ်ရတာ ပိုလွယ်သွားပြီပေါ့။
နင်အောက်ရွှဲ သူ့ကို ကြောင်ငေးကြည့်နေသည်ကို မြင်သောအခါ ယဲ့ထျန်းက စလိုက်သည်။ "အဲ့လောက်ကြီး စိုက်မကြည့်ပါနဲ့ဗျာ၊ ခင်ဗျား ကျွန်တော့်ကို ကြိုက်သွားမှာ စိုးလို့"
ယဲ့ထျန်း၏ စကားကို ကြားသောအခါ နင်အောက်ရွှဲ သတိပြန်ဝင်လာပြီး မျက်နှာတစ်ခုလုံး နီရဲသွားသည်။
ထိုအချိန်တွင် သူမ အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ စိတ်လှုပ်ရှားစွာဖြင့် ယဲ့ထျန်း၏ လက်ကို ဆွဲကာ မေးလိုက်သည်။ "စီနီယာ... ကျွန်မ ဒဏ်ရာတွေကို ဘယ်လို ကုပေးလိုက်တာလဲဟင်။ ဒါ... ဒါက အရမ်းကို အံ့သြဖို့ ကောင်းလွန်းတယ်"
"ဪ... လွယ်ပါတယ်၊ ဒဏ်ရာရရင် ဆေးသောက်ရမှာပေါ့။ ဆေးသောက်လိုက်ရင် သဘာဝအတိုင်း ပျောက်သွားမှာပဲလေ" ယဲ့ထျန်းက ဆက်ပြီး စနောက်လိုက်သည်။
မတတ်သာသည့်အဆုံး နင်အောက်ရွှဲက ထပ်မေးပြန်သည်။ "စီနီယာ... ဘာဖြစ်သွားလဲဆိုတာ အသေးစိတ် ပြောပြလို့ ရမလား"
ယဲ့ထျန်း ပခုံးတွန့်ပြလိုက်ပြီး "ကောင်းပြီလေ... ဆေးလုံးတစ်လုံးလို့ပဲ မှတ်ယူလိုက်ပါ"
နင်အောက်ရွှဲက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ "ဆေးလုံး ဟုတ်လား"
ယဲ့ထျန်းက "ဟုတ်တယ်၊ တကယ်တော့ ဆေးလုံးပါပဲ။ ဒါပေမဲ့ ရဖို့တော့ တော်တော် ခက်တယ်" ဟု ပြောလိုက်သည်။
သူက လျှောက်ပြောနေခြင်း မဟုတ်ပါ။ ရဖို့ တကယ် ခက်ခဲသည်။ ဟိတ်ဟန်တွေ အများကြီး ထုတ်ရပြီး သူ တစ်ယောက်တည်းသာ လဲလှယ်နိုင်သော ဆေးဖြစ်သည်။
ဒါကို ကြားသောအခါ နင်အောက်ရွှဲ စိုးရိမ်တကြီး မေးလိုက်သည်။ "အာ... တကယ်လား"
"စီနီယာ... ဒီဆေးလုံးက အရမ်း တန်ဖိုးကြီးမှာပဲနော်။ ဈေးဘယ်လောက်ရှိလဲ မသိဘူး။ ကျွန်မ ပြန်ပေးဆပ်လို့ရအောင် ဈေးနှုန်းလေး ပြောပြပါလား"
နင်အောက်ရွှဲ အမြင်တွင် သုံးလလောက် နားရမည့် ဒဏ်ရာကို ကုသနိုင်သော ဆေးလုံးဆိုလျှင် သာမန် မဖြစ်နိုင်ပေ။ သူမ ယဲ့ထျန်းကို ပြန်ပေးဆပ်ချင်ရသည့် အကြောင်းရင်းမှာ...
ပထမအချက်အနေဖြင့် သူတို့နှစ်ဦးက အခုမှ တွေ့ဖူးသော သူစိမ်းများ ဖြစ်ကြပြီး ဒီလောက်ကြီးမားတဲ့ ကျေးဇူးကို အကြွေးမတင်ချင်ပေ။
ဒုတိယအချက်မှာ ယဲ့ထျန်း အထင်ကြီးအောင် လုပ်ပြီး မိတ်ဆွေဖွဲ့နိုင်ရန် ဖြစ်သည်။
ဒီလူက အရမ်း သန်မာရုံမကဘူး၊ ဒီလောက် ထိရောက်တဲ့ ဆေးကို အလွယ်တကူ ထုတ်ပေးနိုင်တယ်ဆိုတော့ မိသားစုကြီး တစ်ခုခု ဒါမှမဟုတ် ဂိုဏ်းတစ်ခုခုက ဖြစ်မှာ သေချာတယ်။
သူမ အဖေရဲ့ ဒဏ်ရာကို ကုသပေးနိုင်မယ့် နည်းလမ်း ရှိကောင်းရှိနိုင်တယ်။ အဖေ ပြန်ကောင်းလာနိုင်တယ် ဆိုတဲ့ အတွေးက နင်အောက်ရွှဲကို စိတ်လှုပ်ရှားစေသည်။
သိထားရမည်မှာ နင်အောက်ရွှဲ၏ ဖခင်သည် အရွယ်ကောင်း၊ သိုင်းပညာ ကျင့်ကြံရန် အကောင်းဆုံးအချိန် ဖြစ်ပြီး ပါရမီလည်း ထူးချွန်သူ ဖြစ်သည်။
ဒဏ်ရာပျောက်သွားလျှင် အင်အားနှင့် အဆင့် ပြန်ကောင်းလာနိုင်ရုံမက ယခင်အဆင့်ထက်ပင် သာလွန်သွားနိုင်သည်။
အဲ့ဒီအခါကျရင် အိမ်မှာ အရင်လို ဩဇာပြန်ရလာပြီး မိသားစု အမွေဆက်ခံသူ ပြန်ဖြစ်လာနိုင်တယ်။
ဒါကို တွေးမိရင်း နင်အောက်ရွှဲ အလွန် စိတ်လှုပ်ရှားနေသည်။
ထိုအချိန်တွင် ယဲ့ထျန်းသည် နင်အောက်ရွှဲ၏ ခေါင်းထဲ၌ အတွေးပေါင်းများစွာ ဖြတ်သန်းသွားသည်ကို မသိလိုက်ပေ။
သူက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး "မလိုပါဘူးဗျာ... ဒီဆေးလုံးတွေက ဈေးမကြီးပါဘူး။ ရဖို့ နည်းနည်း ခက်တာပဲ ရှိတာ"
ဟုတ်တယ်... တခြားလူတွေအတွက်တော့ ရဖို့ ခက်တာပေါ့...
ပြောပြီးသည်နှင့် ယဲ့ထျန်း စိတ်ထဲတွင် နောက်တစ်ခွန်း ထပ်ဖြည့်လိုက်သည်။
နင်အောက်ရွှဲ အံ့သြသွားပြီး မယုံကြည်နိုင်သလို ဖြစ်သွားသည်။ သို့သော် ယဲ့ထျန်းက သူ့ကို လိမ်ပြောစရာ အကြောင်းမရှိမှန်း သူမ သိသည်။
ဒါဆိုရင် ဒီလို ဆေးမျိုးက ဈေးမကြီးဘူး ဆိုကတည်းက ယဲ့ထျန်းရဲ့ အဆင့်အတန်းက ပိုပြီး ထူးခြားဆန်းပြားနေပြီဟု ဆိုလိုရာ ရောက်သည်။
"တင်း... ဟိတ်ဟန်ထုတ်ခြင်း အောင်မြင်ပါသည်။ မသိမသာ ဟိတ်ဟန်ထုတ်ခြင်းက ပို၍ ထိရောက်ပါသည်။ အမှတ် +၂၀"
ယဲ့ထျန်း အံ့သြသွားသည်။ နင်အောက်ရွှဲ ဘာတွေ တွေးနေလို့ သူ့ကို ဒီလောက် မသိမသာ ဟိတ်ဟန်ထုတ်ခွင့် ပေးနေရတာလဲ။
ထိုအချိန်တွင် နင်အောက်ရွှဲက ပို၍ လေးစားသော လေသံဖြင့် ပြောလိုက်သည်။ "စီနီယာ့အတွက်တော့ ဒီဆေးက ဈေးမကြီးပေမယ့် ကျွန်မတို့အတွက်တော့ တန်ဖိုးဖြတ်မရပါဘူး။ ဈေးနှုန်းလေး ပြောပြပါ၊ နည်းနည်းလောက်ဖြစ်ဖြစ် ပြန်ပေးဆပ်ပါရစေ"
ယဲ့ထျန်း ခေါင်းခါပြီး ခါးသက်သက် ပြုံးလိုက်သည်။ "ကျွန်တော့်ကို 'စီနီယာ' လို့ မခေါ်ပါနဲ့ဗျာ။ ကျွန်တော့်အသက်က ၁၇ နှစ်ပဲ ရှိပါသေးတယ်။ အဲ့လိုခေါ်တော့ ကျွန်တော် အိုသွားသလိုပဲ"
နင်အောက်ရွှဲ မျက်လုံးများ ပြူးကျယ်သွားပြန်သည်။ မယုံကြည်နိုင်မှုများ ပြည့်နှက်နေပြီး အံ့သြတကြီး အော်ပြောလိုက်သည်။ "စီနီယာ... ရှင်... ရှင် နောက်နေတာ မဟုတ်လား။ ဘယ်လိုလုပ် ၁၇ နှစ်ပဲ ရှိဦးမှာလဲ"
ယဲ့ထျန်း ပြုံးလိုက်ပြီး အိတ်ကပ်ထဲမှ မှတ်ပုံတင်ကတ်ပြားကို ထုတ်ကာ နင်အောက်ရွှဲရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။
"ယဲ့... ယဲ့ထျန်း... အင်ပါယာပြက္ခဒိန် ၃၆၂ မှာ မွေးဖွား... အခု အင်ပါယာပြက္ခဒိန် ၃၇၉ ဆိုတော့... ရှင် တကယ်... တကယ်ပဲ ၁၇ နှစ်ပဲ ရှိသေးတာလား"
မှတ်ပုံတင်ကတ်ပြားပေါ်တွင် ရှင်းလင်းစွာ ဖော်ပြထားသည်။ သူမကို လှည့်စားဖို့အတွက်တော့ မှတ်ပုံတင် အတု လုပ်လာမှာ မဟုတ်ဘူးလေ။
နင်အောက်ရွှဲ၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားပြီး ဆွဲဆောင်မှုရှိသော နှုတ်ခမ်းနီနီလေး အနည်းငယ် ဟသွားသည်။ မယုံကြည်နိုင် ဖြစ်နေပုံရသည်။
ယဲ့ထျန်း အမြင်တွင်တော့ နင်အောက်ရွှဲသည် မာနကြီးသော ပုံစံ လျော့သွားပြီး ချစ်စရာ ပိုကောင်းလာသည်။
"တင်း... ဟိတ်ဟန်ထုတ်ခြင်း အောင်မြင်ပါသည်။ အမှတ် ၁၅ တိုးလာပါသည်"
စနစ်၏ အသိပေးသံကို ကြားလိုက်ရသောအခါ ယဲ့ထျန်း သတိပြန်ဝင်လာပြီး မေးလိုက်သည်။ "ခုနက လူတွေက သိုင်းပညာရှင်တွေလား"
ဘာလို့ ရုပ်ရှင်ထဲကလို အဝေးကနေ စွမ်းအင်တွေနဲ့ မတိုက်ခိုက်ကြတာလဲ။
"စီနီယာ့ကို ဖြေရမယ်ဆိုရင်..."
နင်အောက်ရွှဲ အစပိုင်းတွင် လန့်သွားပြီး မျက်နှာတွင် ဇဝေဇဝါ ဖြစ်သွားသည်။ သူမ ဖြေရန် ပြင်လိုက်စဉ်မှာပင် ယဲ့ထျန်း ဖြတ်ပြောလိုက်သည်။
"ရပ်လိုက်... ခုနကပဲ ပြောထားတယ်လေ၊ စီနီယာလို့ မခေါ်ပါနဲ့လို့"
"ကျွန်တော် ၁၇ နှစ်ပဲ ရှိသေးတယ်။ ခင်ဗျား ခေါ်လိုက်မှ အဘိုးကြီး ဖြစ်သွားဦးမယ်။ နာမည်ပဲ ခေါ်ပါ။"
နင်အောက်ရွှဲ ခဏ တွန့်ဆုတ်နေသော်လည်း ယဲ့ထျန်း၏ တင်းမာသော အကြည့်ကြောင့် မတတ်သာဘဲ လိုက်လျောလိုက်ရသည်။
"ယဲ့... ယဲ့ထျန်း... ရှင်လည်း သိုင်းပညာရှင် မဟုတ်ဘူးလား။ ဘာလို့ ဒီလိုမေးခွန်းမျိုး မေးရတာလဲ"
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: