"အင်း... နင်ပြောတာလည်း ဟုတ်သလိုလိုပဲ။ ဒါပေမဲ့ မောင်လေး... ငါ့ကို တကယ် ကယ်နိုင်မှာ သေချာရဲ့လား။ တစ်ခုခု လွဲချော်သွားရင် ဘယ်လိုလုပ်မလဲ။ အချိန်မီ မကယ်နိုင်ရင် ငါ သေသွားလိမ့်မယ်နော်"

"နင့်အစ်မကြီး သေသွားတာ မမြင်ချင်ပါဘူးနော်?"

မူချိုယန်က မျက်လုံးပြူးပြီး ခဏလောက် တွေးတောပြီးမှ လီမိုကို စိုးရိမ်တကြီး မေးလိုက်တယ်။

"စိတ်မပူပါနဲ့။ ဒီနေ့ မမက တကယ်ပဲ အသေဆိုးနဲ့ သေရမယ့် ကပ်ဆိုးနိမိတ် ရှိနေပေမယ့်... အဓိက သေရတဲ့ အကြောင်းရင်းက အချိန်မီ ဆေးရုံမပို့နိုင်လို့ပါ။ ဒါကြောင့် ကျွန်တော် မမဘေးမှာ ရှိနေသရွေ့ မမ ဘာမှမဖြစ်စေရပါဘူး" လီမိုက ပြုံးပြီး ထပ်ပြောတယ်။

"ဒါ့အပြင် အခုချိန်မှာ မမက အန္တရာယ်ရှိတဲ့ အခြေအနေကို မကြုံရသေးဘူးလေ။ အဲ့လို မကြုံရသေးခင်မှာ အကုန်ဖွင့်ပြောပြလိုက်ရင် မမ ပေးလိုက်ရတဲ့ သန်း ၃၀ က နှမြောစရာကြီး ဖြစ်မနေဘူးလား" မူချိုယန် ပြန်မပြောခင် လီမိုက ဆက်ပြောလိုက်တယ်။

"အင်း... နင်ပြောတာ မမှားပါဘူး။ ဒါပေမဲ့... ငါ့စိတ်ထဲမှာ တော်တော် အန္တရာယ်ကြီးတယ်လို့ ခံစားနေရတုန်းပဲ! ပြီးတော့... ငါ့ရဲ့ ကံဆိုးမိုးမှောင်ကျမှုက ဆေးရုံ အချိန်မီ မရောက်လို့ ဆိုတော့... ငါက ရုတ်တရက် ရောဂါဖောက်လာမှာလား"

"မဟုတ်ရင် ကားတိုက်မှု ဘာညာတော့ မဖြစ်လောက်ပါဘူးနော်?!"

"ငါက လျှပ်စစ်စက်ဘီးလေး စီးလာတာလေ... ပြီးတော့ အခု မောင်းနေတာကလည်း နင်ပဲဟာ... ကောင်စုတ်လေး... နင် ငါ့ကို ဒုက္ခရောက်အောင် တမင်သက်သက် လုပ်မှာတော့ မဟုတ်ပါဘူးနော်?" မူချိုယန်က တုန်လှုပ်စွာနဲ့ လီမိုကို တိုးတိုးလေး မေးလိုက်တယ်။

"စိတ်မပူပါနဲ့... ကားတိုက်မှု မဟုတ်ပါဘူး။ ကားတိုက်မှု ဖြစ်ခဲ့ရင် ပိုက်ဆံ အပြည့်ပြန်အမ်းပေးမယ်" လီမိုက ပြုံးပြီး ပြောလိုက်တယ်။

"အော်... အေးပါ... အေးပါ... ဒါဆို နင် သေချာကြည့်ထားပေးနော်။ အချိန်ကိုက် ဖြစ်ပါစေ။ ပိုဆိုးအောင် မလုပ်နဲ့နော်။ နင့်အစ်မကြီးက ငယ်သေးတယ်... မသေချင်သေးဘူး" မူချိုယန် ခေါင်းညိတ်ပြီး အားငယ်စွာ သတိပေးလိုက်တယ်။

"အင်းပါ" လီမို။

"ဒါ့အပြင် မမချိုယန်... တကယ်တမ်းကျတော့ ဒီစမ်းသပ်မှုကြီးကို ဆက်မလုပ်လည်း ရပါတယ်။ မမက ကျွန်တော့်ကို ပြောပြစေချင်ရင် ပြောပြလို့ ရပါတယ်။ ဒါပေမဲ့ ကျွန်တော် လက်တွေ့ကျကျ ပြောတာကိုတော့ အပြစ်မတင်နဲ့။ ကျန်တဲ့ ၁၅ သန်းကို ကြိုပေးရမယ်"

"တကယ်တော့ အခု ပြောပြလိုက်ရင်လည်း မမ ယုံမှာပါပဲ။ ဒါပေမဲ့ ကိုယ်တိုင်ကြုံတာလောက်တော့ ထိတ်လန့်စရာ ကောင်းမှာ မဟုတ်ဘူးပေါ့" လီမိုက မူချိုယန်ဘက် လှည့်ပြီး ပြောလိုက်တယ်။

"ငါ... ငါ စမ်းကြည့်လိုက်မယ်!" မူချိုယန်က လီမိုကို တစ်ချက်ကြည့်ပြီး သွားကိုတင်းတင်းကြိတ်ကာ ဆုံးဖြတ်ချက်ချလိုက်တယ်။

ရွေးချယ်ခွင့်သာရှိရင် သူ အသက်နဲ့ရင်းပြီး စွန့်စားချင်မှာ မဟုတ်ဘူး။

ဒါပေမဲ့...

တိုက်ခိုက်ရေး အားကစားနည်းပေါင်းစုံ ကျွမ်းကျင်ထားတဲ့ သူလိုလူက...

သတ္တိနည်းတဲ့သူ ဖြစ်နိုင်ပါ့မလား။

ဒါပေါ့ မဖြစ်နိုင်ဘူး!

သူသာ သတ္တိနည်းရင် တစ်ယောက်တည်း အိမ်လခ လိုက်ကောက်ရဲပါ့မလား။

သူ့အသက်က အရေးကြီးတာ မှန်ပေမယ့် လီမိုက ကံကြမ္မာကို ဘယ်လို အန်တုပြီး ပြောင်းလဲပေးမလဲ ဆိုတာကိုလည်း တကယ် သိချင်နေမိတယ်။

နှစ်ယောက်သား စကားပြောနေတုန်း မူချိုယန်ရဲ့ ဖုန်း ထပ်မြည်လာပြန်တယ်။

ဒါနဲ့ မူချိုယန်က ဖုန်းထုတ်ကြည့်လိုက်တယ်။

WeChat က စာတိုပါပဲ။

ဒါပေမဲ့ ဒီတစ်ခါ ပို့တာက လင်းယန်ရန် မဟုတ်ဘူး၊ လန်ဇီယီ။

"မမ ချိုယန်... ဟိုအချောလေးက အနာဂတ်ကို တကယ် ဟောနိုင်တာလားဟင်"

"ဘာဖြစ်လို့လဲ ဇီယီ... ဘာလို့ အဲ့ဒါ မေးတာလဲ။ ဒါနဲ့... ငါ့မောင်လေး ပြောတာကို စစ်ဆေးကြည့်ပြီးပြီလား" မူချိုယန် မျက်လုံး အရောင်တောက်သွားပြီး ချက်ချင်း စာပြန်လိုက်တယ်။

"စစ်ဆေးပြီးပြီ။ တကယ်ပဲ QQ သူငယ်ချင်းတစ်ယောက်ဆီက Link ဝင်လာတယ်။ အစ်ကိုချော သတိပေးလိုက်လို့ Mobile Token ချိတ်လိုက်တော့ အကောင့်အဓိက (Main Account) အခိုးမခံရဘူး"

"နောက်တော့ စမ်းသပ်ချင်တာနဲ့ အကောင့်သစ်တစ်ခု ဖွင့်ပြီး စမ်းကြည့်လိုက်တာ... အကောင့်သစ်တော့ အခိုးခံလိုက်ရတယ်" — လန်ဇီယီ

"နင့်ဆီ တကယ်ပဲ Hacking Link ဝင်လာတာလား" မူချိုယန် မေးလိုက်တယ်။

"ဟုတ်တယ်... တကယ် ဝင်လာတာ" လန်ဇီယီ။

"အဲ့ဒီ ပင်ဂွင်း (QQ) သူငယ်ချင်းနဲ့ ခင်တာ ဘယ်လောက်ကြာပြီလဲ" မူချိုယန် မေးတယ်။

"ခင်တာတော့ ကြာပြီ" လန်ဇီယီ။

"ယောကျ်ားလေးလား၊ မိန်းကလေးလား" မူချိုယန်။

"ကောင်မလေးပါ... အထက်တန်းကျောင်းသူ အရွယ်လေးပါ" လန်ဇီယီ။

"ဘာဖြစ်တာလဲလို့ သူ့ကို မေးကြည့်သေးလား။ ဘာလို့ နင့်အကောင့်ကို ခိုးရတာလဲလို့" မူချိုယန်။

"အကောင့် အခိုးခံရပြီးတော့ သူ့ကို မေးကြည့်တယ်။ အစကတော့ ပြန်မဖြေဘူး... ခဏနေမှ ပြန်ဖြေလာတယ်။ သူ့ QQ အကောင့် အခိုးခံရလို့တဲ့" — လန်ဇီယီ

"ဒါဆို နင့်ရဲ့ QQ သူငယ်ချင်းက လီမိုကို မသိဘူးပေါ့။ နင့်ကို လှည့်စားဖို့ ပူးပေါင်းကြံစည်ထားတာ မဟုတ်ဘူးပေါ့" မူချိုယန်။

"မဖြစ်နိုင်လောက်ပါဘူး။ ညီမ သူငယ်ချင်းက ဒီမြို့က မဟုတ်ဘူး။ အရင်က Video Chat ပြောဖူးတယ်။ သူက 'ကော်ချန်း'မှာ ကျောင်းတက်နေတာ" လန်ဇီယီ။

"အော်" မူချိုယန်။

"ဒါဆို မမချိုယန်... ဟိုအစ်ကိုချောက တကယ်တမ်း ဘယ်သူလဲဟင်။ သူက ဘယ်လိုလုပ် သိတာလဲ။ အရမ်းမိုက်တာပဲ! သူ့ WeChat ID လေး ပေးလို့ရမလား။ ညီမ သူ့ကို Friend Add ပြီး စကားပြောချင်လို့" လန်ဇီယီ။

ဒါကို မြင်တော့ မူချိုယန် ချက်ချင်း ပြန်မဖြေဘဲ စက်ဘီးမောင်းနေတဲ့ လီမိုကို လှမ်းကြည့်ပြီး အင်္ကျီစကို ဆွဲလိုက်တယ်။

"ဘာဖြစ်လို့လဲ။ ဘယ်သူ စာပို့တာလဲ" လီမိုက ခေါင်းမလှည့်ဘဲ မေးလိုက်တယ်။

"ညီမလေး ဇီယီ ပို့တာ။ နင် သူ့အကောင့် အခိုးခံရမယ်လို့ ပြောခဲ့တယ်မလား... တကယ် အခိုးခံလိုက်ရပြီတဲ့" မူချိုယန်။

"တကယ် အခိုးခံရတယ်?!" လီမို အံ့သြသွားတယ်။

သူ စွမ်းရည်မှတ်တောင် ရထားပြီးပြီလေ... ဘယ်လိုလုပ် အခိုးခံရတာလဲ။

ကံကြမ္မာကို ပြောင်းလဲပေးလိုက်ပြီ မဟုတ်ဘူးလား။

"အခိုးခံရတယ် ဆိုပေမယ့် Main Account မဟုတ်ဘူးတဲ့... စမ်းသပ်ဖို့ ဖွင့်လိုက်တဲ့ အကောင့်သစ် အခိုးခံရတာတဲ့" မူချိုယန်က ရှင်းပြတယ်။

"အော်... ဒါဆို အိမ်ရှင်မကြီး ကျွန်တော့်စွမ်းရည်ကို ပိုယုံသွားပြီပေါ့" လီမိုက ပြုံးပြီး ပြောလိုက်တယ်။

"အင်း... အခု ပိုယုံသွားပြီ" မူချိုယန် ပြန်ဖြေပြီးမှ မေးလိုက်တယ်။ "ဇီယီက နင့်ကို Friend Add ချင်လို့တဲ့... WeChat ID တောင်းနေတယ်။ ပေးလိုက်ရမလား"

"ပေးလိုက်လေ... မမကမှ ကျွန်တော့်ကို မွေးစားချင်တာ။ ဒါကြောင့် ရည်းစားရှာရတော့မှာပေါ့။ ခရမ်းရောင်ဝတ် ကောင်မလေးက မဆိုးပါဘူး... စကားပြောကြည့်တာပေါ့" လီမိုက တုံ့ဆိုင်းမနေဘဲ ပြောလိုက်တယ်။

"နင် တကယ် အလိုက်ကန်းဆိုး မသိပါလား။ အဲ့လိုပြောလိုက်ရင် ငါ့စိတ်ထဲမှာ နင့်အပေါ်မြင်တဲ့ ပုံရိပ် ထိခိုက်သွားမှာ မကြောက်ဘူးလား" မူချိုယန်။

"အိမ်ရှင်မကြီးကမှ မမွေးချင်တာ... ကျွန်တော်က ဘာကို ကြောက်ရမှာလဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က အိမ်ငှားပဲဟာ။ ပုံရိပ် ကျချင် ကျပါစေတော့"

"ရည်းစားရလို့ဆိုပြီး ကျွန်တော့်ကို အိမ်ပေါ်က နှင်ချမှာမှ မဟုတ်တာ... ဟုတ်တယ်မလား"

"တကယ်လို့ နှင်ချရင်လည်း အိမ်တစ်လုံး ကြိုဝယ်ထားလိုက်ရုံပေါ့" လီမိုက ပြုံးပြီး ပြောလိုက်တယ်။

"ကောင်စုတ်လေး... နင် တော်တော် အသည်းနှလုံး မရှိတာပဲ" မူချိုယန် စိတ်တိုတိုနဲ့ လီမိုရဲ့ ခါးကို မနေနိုင်ဘဲ လှမ်းဆွဲလိုက်တယ်။

"မတတ်နိုင်ဘူးလေ... လိုအပ်ချက် ရှိနေတာကိုး" လီမို။

"ဖူး..." မူချိုယန် မျက်နှာရဲသွားတယ်။

"အမှန်အတိုင်း ပြောရရင်... နင် ငါ့ကံကြမ္မာကို ဘယ်လို ပြောင်းလဲပေးမလဲ ဆိုတာ ငါပိုပြီး သိချင်လာပြီ။ နင် ဘာလုပ်မလဲ ဆိုတာ ငါ လုံးဝ မခန့်မှန်းနိုင်ဘူး" မျက်နှာရဲပြီးနောက် မူချိုယန်က လီမိုကို လေးလေးနက်နက် ပြောလိုက်တယ်။

"အချိန်တန်ရင် သိရမှာပေါ့။ ဘာပဲဖြစ်ဖြစ် ဒီနေ့ မမရဲ့ ကံဆိုးမှု မပြီးမချင်း ကျွန်တော် မမနားမှာ ကပ်နေမှာပါ။ မမက သန်း ၃၀ ပေးထားတာကိုး" လီမိုက ပြောတယ်။

စကားပြောရင်းနဲ့ သူတို့နှစ်ယောက် လက်ရှိ အိမ်ရာဝင်းထဲက မူချိုယန်ပိုင်တဲ့ နောက်ဆုံး လုံးချင်းအိမ်ကို ရောက်သွားပြီး အိမ်လခ ကောက်လိုက်တယ်။

ပြီးတော့ အိမ်ရာဝင်းထဲက ထွက်လာပြီး ရုံးခန်းအဆောက်အဦးဆီ သွားကာ အိမ်လခ ဆက်ကောက်ကြတယ်။

နောက်ဆုံးမှာတော့ ထျန်းဟယ် အမှတ် ၃ လုံးချင်းအိမ်ကို ရောက်လာကြတယ်။