အခန်း (၁၄) - နောက်ထပ် တစ်သန်း
"မမက တကယ်ကြီး အဲ့လို စဉ်းစားခဲ့တာပေါ့? ဟွန်း... ဟွန်း... ဟွန်း... ဒါဆို အရင်တုန်းက ကျွန်တော့်ကို မွေးစားမယ်လို့ ခဏခဏ စနောက်နေတာက ဘာသဘောလဲ"
"မမချိုယန်က ကျွန်တော့်ရုပ်ကို သဘောကျလို့ စမ်းသပ်ချင်နေတာတော့ မဟုတ်ပါဘူးနော်? ကျွန်တော်က မမရဲ့ ရုပ်ဆိုးတဲ့ ပုံစံကို လက်ခံနိုင်မလားဆိုပြီး စမ်းသပ်ချင်လို့လေ"
"ဒါပေမဲ့ ကျွန်တော် လက်ခံလိုက်ရင်လည်း မမရဲ့ ပိုက်ဆံကြောင့် ဖြစ်နေမှာပဲ မဟုတ်ဘူးလား"
လီမိုရဲ့ မျက်လုံးတွေထဲမှာ ထူးဆန်းတဲ့ အရိပ်အယောင်တွေ ပေါ်လာပြီး မူချိုယန်ကို မနေနိုင်ဘဲ စပ်စုသလို မေးလိုက်တယ်။
"ငါက နင့်ကို ဒီအတိုင်း စနောက်နေတာပါ။ နင် တကယ် လက်ခံလာရင်လည်း ငါက တကယ် မွေးစားမှာ မဟုတ်ပါဘူး" မူချိုယန်က ပြောတယ်။
"တကယ်လား" လီမို မယုံဘူး။
"တကယ်ပေါ့။ တကယ်သာ မွေးစားချင်ရင် နင်သဘောတူတုန်းက ငါက ဘာလို့ ငြင်းလိုက်မှာလဲ။ ငါက နင့်ကို စနေတာပါဆို" မူချိုယန်က ထပ်ပြောတယ်။
"ကောင်းပါပြီဗျာ... မမ ပြောသလိုပဲ ထားလိုက်ပါတော့" လီမို ပခုံးတွန့်လိုက်ပြီး ထပ်မငြင်းတော့ဘူး။
"လာ သွားမယ်... ငါ့လေ့ကျင့်ရေးခန်းကို ကြည့်ချင်တယ်ဆို... အခု လိုက်ပြမယ်" ဒါကို မြင်တော့ မူချိုယန်လည်း ဒီခေါင်းစဉ်ကို ဆက်မပြောတော့ဘဲ ပြတ်ပြတ်သားသား လမ်းကြောင်းလွှဲလိုက်တယ်။
လီမို ခေါင်းညိတ်လိုက်တယ်။
ပြီးတော့ မူချိုယန် နောက်ကနေ လိုက်သွားပြီး ဧည့်ခန်းထဲက ထွက်လာခဲ့တယ်။
မကြာခင် လေ့ကျင့်ရေးခန်း တစ်ခုကို ရောက်သွားကြတယ်။
အခန်းထဲ ဝင်လိုက်တာနဲ့ တစ်ဖက်တစ်ချက်စီမှာ ကြမ်းပြင်ကနေ မျက်နှာကြက်ထိ မြင့်တဲ့ မှန်ကြီးတွေ တပ်ထားတာ တွေ့လိုက်ရတယ်။
မှန်ကြီးတွေအပြင်...
သစ်သားရုပ် စင်တွေ၊ သဲအိတ်တွေ၊ လက်နက်စင်တွေ ရှိနေတယ်။
လက်နက်စင်ပေါ်မှာတော့ ဓား၊ လှံ၊ သန်လျက်၊ နံချပ်ကူ စတဲ့ လက်နက်မျိုးစုံ တင်ထားတယ်။
ဓား၊ လှံ၊ သန်လျက်၊ နံချပ်ကူ စတဲ့ လက်နက်တွေကို မြင်တော့ လီမိုက မူချိုယန်ကို ထူးဆန်းသလို ကြည့်လိုက်တယ်။
ဘာလို့လဲဆိုတော့ သူ မူချိုယန်ကို စကင်ဖတ်တုန်းက လက်နက်ကိုင် သိုင်းပညာနဲ့ ပတ်သက်တဲ့ အချက်အလက် တစ်ခုမှ မတွေ့ခဲ့ဘူးလေ။
ဒါဆို ဒီလက်နက်တွေကို ဘာလို့ ဒီမှာ ထားထားတာလဲ။
ဆန်ဒါ နဲ့ အလွတ်တိုက်ခိုက်ရေး မှာ လက်နက်တွေ သုံးရတယ်လို့တော့ မကြားဖူးပါဘူး။
ပြီးတော့ သူ မူချိုယန်ဆီကနေ ထုတ်ယူထားတဲ့ ထိုင်းလက်ဝှေ့မှာလည်း လက်နက်အသုံးပြုနည်း မပါဘူး။
"ဘယ်လိုလဲ... မိုက်တယ်မလား" လေ့ကျင့်ရေးခန်းကို ကြည့်နေတဲ့ လီမိုကို မူချိုယန်က ပြုံးပြီး မေးလိုက်တယ်။
"ကြည့်လို့တော့ ကောင်းပါတယ်... ဒါပေမဲ့ ဘာလို့ တစ်ဖက်တစ်ချက်စီမှာ မှန်ကြီးတွေ တပ်ထားတာလဲ။ သိုင်းကစားရင်း ကိုယ့်ကိုယ်ကိုယ် ကြည့်ပြီး သာယာနေမလို့လား" လီမိုက ခေါင်းညိတ်ပြီး ပြုံးစစနဲ့ မေးလိုက်တယ်။
"မှန်က ငါ့ရဲ့ သိုင်းကွက် အမှားတွေကို ပြင်ဖို့ ကူညီပေးတယ်လေ" မူချိုယန်က လေးလေးနက်နက် ပြောတယ်။
"တကယ်လား" လီမိုက သဘာဝကျကျပဲ မယုံဘူး။
ဘာလို့လဲဆိုတော့ မူချိုယန်ရဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေက ကျွမ်းကျင်အဆင့် ရောက်နေပြီလေ။
ဒီလောက် ကျွမ်းကျင်နေမှတော့ မှန်ကြည့်ပြီး အမှားပြင်စရာ မလိုတော့ဘူး။
"တကယ်ပေါ့" မူချိုယန်က တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေပြီး လီမိုကို ကြည့်ကာ လက်ညှိုးကွေးပြီး ခေါ်လိုက်တယ်။
"ဘယ်လိုလဲ ကောင်လေး... လက်ရည်စမ်းကြည့်မလား"
"ကျွန်တော် သိုင်းတတ်မှန်း မမ ဘယ်လိုသိလဲ" လီမိုက မူချိုယန်ကို ပြုံးပြီး ပြန်မေးလိုက်တယ်။
"နင် တကယ်တတ်တယ်?!" မူချိုယန် လီမိုကို အံ့သြတကြီး ကြည့်လိုက်တယ်။
"မသေချာဘဲနဲ့ ဘာလို့ စိန်ခေါ်တာလဲ။ အရင်တုန်းက ကိစ္စတွေကို လက်စားချေချင်လို့လား" လီမိုက ပြောတယ်။
"ဘယ်ကသာ ဟုတ်ရမှာလဲ။ မောင်လေး မတတ်ဘူးဆိုရင် မမက သင်ပေးမလို့ပါ။ ဘာပဲဖြစ်ဖြစ် နင်က စာဆက်မရေးတော့ဘူးလေ... ပြီးတော့ ငါ့ဆီက ပိုက်ဆံတွေ အများကြီး ရထားတာဆိုတော့"
"ပိုက်ဆံအတွက် ရုန်းကန်စရာ မလိုတော့ဘူးပေါ့"
"ဒါဆိုရင် နင့်မှာ အားလပ်ချိန်တွေ အများကြီး ရှိလာမှာ။"
"အဲ့ဒီအချိန်တွေမှာ ကိုယ်ခံပညာ လေ့ကျင့်တာ အကောင်းဆုံးပဲလေ"
"ကျန်းမာရေး ကောင်းတာပေါ့" မူချိုယန်က လီမိုကို ပြုံးပြီး ပြောတယ်။
"အော်" လီမို။
"ဟေ့ကောင်လေး... လာမှာလား၊ မလာဘူးလား" မူချိုယန်က လီမိုကို ထပ်ခေါ်လိုက်တယ်။
"လာပြီဗျာ... ကျွန်တော်လည်း အခု ဘာမှလုပ်စရာ မရှိသေးပါဘူး" လီမို မျက်လုံးတွေ အရောင်တောက်သွားပြီး ပြုံးကာ ပြောလိုက်တယ်။
သူလည်း မူချိုယန်ဆီကနေ ထိုင်းလက်ဝှေ့ (ကျွမ်းကျင်) စွမ်းရည်ကို ရထားပေမယ့် အသုံးပြုခွင့် မကြုံသေးဘူးလေ။
အခု မူချိုယန်က သူ့ကို စိန်ခေါ်နေမှတော့...
ဒီစွမ်းရည်ကို လက်တွေ့အသုံးချပြီး ကျင့်သားရအောင် လုပ်ဖို့ အခွင့်ကောင်းပဲ။
"ကောင်စုတ်လေး... နင်က ဘာအဆင့်လဲ။ ဘာသင်ထားတာလဲ။ ရိုးရာသိုင်းလား။ ဆန်ဒါလား၊ အလွတ်တိုက်ခိုက်ရေးလား။ တိုက်ကွမ်ဒိုတော့ မဟုတ်ပါဘူးနော်?" ဒါကို ကြားတော့ မူချိုယန် မျက်လုံးတွေ အရောင်တောက်သွားပြီး လီမိုကို မနေနိုင်ဘဲ မေးလိုက်တယ်။
နောက်ဆုံးမေးခွန်း ရောက်တော့ လီမိုကို ထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်လိုက်သေးတယ်။
သူ့လေသံကို နားထောင်ကြည့်ရုံနဲ့ မူချိုယန်က တိုက်ကွမ်ဒိုကို အထင်သေးမှန်း သိသာနေတယ်။
"မမက တိုက်ကွမ်ဒိုကို အထင်သေးတာလား" လီမို မျက်လုံးတွေ မှေးစင်းသွားတယ်။
"အထင်သေးတာတော့ မဟုတ်ပါဘူး... တိုက်ကွမ်ဒိုရဲ့ လက်တွေ့တိုက်ခိုက်နိုင်စွမ်းက တကယ်မကောင်းလို့ပါ။ အားနည်းချက်တွေ အရမ်းများတယ်။ ပြီးတော့ သင်တန်းတွေမှာ သင်ပေးနေတာတွေက လက်တွေ့တိုက်ခိုက်နိုင်စွမ်းရဖို့ ခက်တယ်။ အလှပြသိုင်းလောက်ပဲ ရှိတာ" မူချိုယန်က ခေါင်းခါပြီး ပြောတယ်။
"အော်... ဟုတ်ပြီ... နားလည်ပါပြီ" လီမို။
"ဟေ့ကောင်လေး... နင် တကယ်တမ်း ဘာသင်ထားတာလဲ" မူချိုယန်က စပ်စုချင်စိတ်နဲ့ ထပ်မေးတယ်။
"ထိုင်းလက်ဝှေ့" လီမို ပေါ့ပေါ့ပါးပါး ဖြေလိုက်တယ်။
"ထိုင်းလက်ဝှေ့?!" မူချိုယန် လီမိုကို အံ့သြတကြီး အပေါ်အောက် ကြည့်လိုက်တယ်။
"ထင်မထားဘူး... ကောင်စုတ်လေး။ နင့်လို ပျင်းရိပြီး အသုံးမကျတဲ့ကောင်က ထိုင်းလက်ဝှေ့လို ပညာမျိုးကို သင်ယူနိုင်လောက်တဲ့ စိတ်ဓာတ်ခွန်အား ရှိလိမ့်မယ်လို့ ထင်မထားဘူး။ မလွယ်ဘူးနော်" လီမိုကို အကဲခတ်ပြီးနောက် မူချိုယန်က ပြောလိုက်တယ်။
"မဆိုးပါဘူး" လီမိုက ပြုံးပြီး ပြောတယ်။
တကယ်တော့ အထူးစွမ်းရည် (Cheat code) ရှိရင် ဇွဲလုံ့လတွေ ဘာတွေ သိပ်မလိုပါဘူး။
"ထိုင်းလက်ဝှေ့ဆိုရင်တော့ ကွက်တိပဲ... ငါလည်း တတ်တယ်။ ဒါဆို ထိုင်းလက်ဝှေ့ချင်း စမ်းကြတာပေါ့! ဒီမှာ ခဏစောင့်... ငါ လက်အိတ်နဲ့ အကာအကွယ် ပစ္စည်းတွေ သွားယူလိုက်ဦးမယ်" မူချိုယန်က ပြုံးပြီး ပြောလိုက်တယ်။ ပြောပြီးတာနဲ့ ပစ္စည်းသွားယူဖို့ လှည့်ထွက်သွားတယ်။
"အကာအကွယ်တွေ၊ လက်အိတ်တွေ မလိုပါဘူးဗျာ... လှုပ်ရှားရတာ လေးလံနေလိမ့်မယ်" လီမိုက တည့်တိုးပြောပြီး မူချိုယန်ကို တားလိုက်တယ်။
"မလိုဘူး? နင် သေချာလို့လား။ အကာအကွယ် မပါရင် ခဏနေ နာတော့မှာနော်။ ငါ လျှော့ထိုးရင်တောင် တော်တော် နာမှာ" မူချိုယန်က လီမိုကို ထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။
"နင်က အနာဂတ်ကို ဟောနိုင်တယ်ဆိုတော့ နင့်အစ်မကြီးက သိုင်းတော်တယ်ဆိုတာ တွက်ချက်ထားပြီးသား ဖြစ်မှာပါ"
"မမချိုယန်က ထိုင်းလက်ဝှေ့၊ ဆန်ဒါ နဲ့ လွတ်လပ်တိုက်ခိုက်ရေး သုံးမျိုးလုံးကို ကျွမ်းကျင်ပြီး ယောဂလည်း တတ်တယ်လေ" လီမိုက မူချိုယန်ကို တည်ငြိမ်စွာ ကြည့်ပြီး ပြောလိုက်တယ်။
"ကြည့်ရတာ မောင်လေးရဲ့ ဗေဒင်ပညာက တကယ် အံ့မခန်းပဲ! နင် ဘယ်လို ဉာဏ်ပွင့်သွားတာလဲတော့ မသိဘူး။ နင့်ရဲ့ 'ဉာဏ်ပွင့်စေတဲ့ နည်းလမ်း' လေးကို အစ်မကြီးကို ပြပါလား" မူချိုယန် မျက်လုံးတွေ အရောင်တောက်သွားပြီး လီမိုကို စပ်စုချင်စိတ်နဲ့ မေးလိုက်တယ်။
"စိတ်မပူပါနဲ့... အလကား မတောင်းပါဘူး။ တစ်သန်း ပေးမယ်လေ... ဘယ်လိုလဲ" လီမို ပြန်မဖြေခင် မူချိုယန်က ထပ်ပြောလိုက်တယ်။
"တစ်သန်း?" လီမိုရဲ့ မျက်နှာထားက ထူးဆန်းသွားပြန်ပြီ။
"ဟုတ်တယ်... တစ်သန်း။ ကောင်စုတ်လေး... နည်းတယ် ထင်လို့လား။ နည်းတယ်ထင်ရင် ဆယ်သန်း ပေးမယ်။ ဒါပေမဲ့ နင်ပေးတာက အစစ်အမှန် ဖြစ်ရမယ်နော်... ငါ့ကို လာဂျင်းထည့်တာမျိုး မဖြစ်ရဘူး" မူချိုယန်က တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်တယ်။
သူက လီမိုရဲ့ ဉာဏ်ပွင့်သွားတဲ့ နည်းလမ်းကို တကယ် စိတ်ဝင်စားနေတာ။
"ထားလိုက်ပါဗျာ... ကျွန်တော် ဒီပိုက်ဆံကို မလိုချင်ပါဘူး။ ပေးလိုက်ရင်လည်း မမ တတ်ချင်မှ တတ်မှာ။ တချို့အရာတွေက ကံပါမှ ရတာလေ။ ပြီးတော့ လူတစ်ယောက်နဲ့ တစ်ယောက် ဉာဏ်ရည်ကလည်း မတူဘူး" လီမိုက ပြုံးပြီး ခေါင်းခါလိုက်တယ်။ သူ ပိုက်ဆံလိုချင်တာတော့ မှန်ပါတယ်။
ဒါပေမဲ့ ဒီ 'ဉာဏ်ပွင့်စေတဲ့ နည်းလမ်း' ဆိုတာက သူ မူချိုယန်ကို ဂျင်းထည့်ဖို့ လျှောက်ပြောထားတာလေ။
သူ ကံကြမ္မာ ပြောင်းပေးတာနဲ့ မတူဘူး။
တခြားလူဆိုရင် သူ ယူလိုက်မှာ။ ဒါပေမဲ့ မူချိုယန်က သူ့အပေါ် အမြဲ ကောင်းခဲ့တာလေ။
ဒီပိုက်ဆံကို သူ မယူချင်ဘူး။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: