အခန်း (၁၅) - ဒီပိုက်ဆံက ရရတာ လွယ်လွန်းတယ်
"နင်က ပေးတောင် မပေးရသေးဘူးလေ... ငါ မတတ်နိုင်ဘူးဆိုတာ ဘယ်လိုလုပ် သိလဲ။ ကောင်စုတ်လေး... နင်က တွန့်တိုနေတာလား၊ ဒါမှမဟုတ် ဆယ်သန်းက နည်းတယ်လို့ ထင်နေတာလား" မူချိုယန်က မျက်လုံးပြူးပြီး လီမိုကို စိုက်ကြည့်ရင်း မေးလိုက်တယ်။
"မမ တကယ်လိုချင်တာလား" ဒါကိုကြားတော့ လီမိုက မူချိုယန်ကို ထူးဆန်းတဲ့ အမူအရာနဲ့ အပေါ်အောက် အကဲခတ်လိုက်တယ်။
"လိုချင်တာပေါ့" မူချိုယန်က တုံ့ဆိုင်းခြင်းမရှိ ခေါင်းညိတ်လိုက်တယ်။
"ကောင်းပြီလေ... မမက ပိုက်ဆံပေးချင်နေမှတော့ ကျွန်တော်ကလည်း မငြင်းတော့ပါဘူး" လီမိုက နောက်ထပ် စဉ်းစားမနေတော့ဘဲ ချက်ချင်း လက်ခံလိုက်တယ်။
"ဒါဆို နင်ပေးတာ အစစ်ဖြစ်ရမယ်နော်... ကတိပေး" မူချိုယန်။
"ဟုတ်ကဲ့... ကတိပေးပါတယ်" လီမိုက ပြုံးပြီး ပြောလိုက်တယ်။
"ဒါဆို ဘယ်လောက်လိုချင်လဲ" မူချိုယန်က စိုးရိမ်တကြီး မေးလိုက်တယ်။
"စိတ်မပူပါနဲ့... ဆယ်သန်း မယူပါဘူး။ တစ်သန်းပဲ ပေးပါ။ ဘာပဲဖြစ်ဖြစ် မမအတွက်က အမွေးတစ်ပင်လောက်ပဲ ရှိတာမလား... ဘာမှ မဟုတ်ပါဘူး" လီမိုက တည်တည်ငြိမ်ငြိမ် ပြောလိုက်တယ်။
"အိုကေ... အခုပဲ လွှဲပေးလိုက်မယ်" မူချိုယန်က ချက်ချင်း ခေါင်းညိတ်ပြီး အိတ်ကပ်ထဲက ဖုန်းထုတ်ကာ လီမိုရဲ့ ဘဏ်ကတ်ထဲကို တစ်သန်း တန်းလွှဲပေးလိုက်တယ်။
လီမိုဆီ ငွေဝင်ကြောင်း စာတို ချက်ချင်း ရောက်လာတယ်။
အကောင့်ထဲ ပိုက်ဆံဝင်လာကြောင်း အကြောင်းကြားစာကို မြင်တော့ လီမို ခဏလောက် တိတ်ဆိတ်သွားမိတယ်။
ဒီပိုက်ဆံက ရရတာ အရမ်းလွယ်လွန်းတယ်။
အရင်တုန်းက သူ့စာအုပ်တွေ ရောင်းမထွက်လို့ ဒုက္ခရောက်ခဲ့တဲ့ အချိန်တွေကို ပြန်တွေးကြည့်မိတယ်။
အခု လက်ရှိအချိန်ကို ပြန်ကြည့်လိုက်တယ်။
တကယ်ကို မိုးနဲ့မြေလို ကွာခြားသွားပြီ။
"မမချိုယန်က တကယ် သဘောကောင်းတာပဲ" လီမို ခဏလောက် ငြိမ်နေပြီးမှ ဖုန်းကို သိမ်းလိုက်ပြီး မူချိုယန်ကို ပြုံးကာ ပြောလိုက်တယ်။
"နင်ပေးမယ့် 'ဉာဏ်ပွင့်နည်းလမ်း' က အစစ်ဖြစ်ဖို့ပဲ လိုတာပါ" မူချိုယန်။
"စိတ်မပူပါနဲ့... ဒီလိုကိစ္စမျိုးကို ကျွန်တော် မလိမ်ပါဘူး" လီမိုက ပြုံးပြီး ပြောကာ ဖုန်းကို အိတ်ကပ်ထဲ ထည့်လိုက်တယ်။
"ကဲ... စကြမလား" လီမို ဖုန်းသိမ်းလိုက်တာနဲ့ မူချိုယန်က စကားလမ်းကြောင်း လွှဲလိုက်တယ်။
"စကြတာပေါ့" လီမို ခေါင်းညိတ်လိုက်တယ်။
"ဒါဆို လာလေ" မူချိုယန်က လီမိုကို လက်ယပ်ခေါ်လိုက်တယ်။
"ဟုတ်ပြီ" လီမို ပြုံးလိုက်ပြီး မငြင်းတော့ဘူး။
စကားဆုံးတာနဲ့ လီမိုက မူချိုယန်ဆီ ပြေးဝင်သွားပြီး ညာလက်သီး ဖြောင့်ဖြောင့်ကြီးနဲ့ မူချိုယန်ရဲ့ မျက်နှာတည့်တည့်ကို ထိုးလိုက်တယ်။
ညာလက်သီး ထွက်သွားတာနဲ့ လေထုက ဆုတ်ဖြဲခံလိုက်ရသလို အသံမြည်သွားတယ်။
ဒါကို မြင်တော့ မူချိုယန်ရဲ့ မျက်လုံးတွေ စူးရှသွားပြီး ဘယ်လက်နဲ့ လီမိုရဲ့ လက်သီးကို ချက်ချင်း ကာလိုက်တယ်။
ကာလိုက်တာနဲ့ မူချိုယန်ရဲ့ လက်မှာ နာကျင်မှုကို ခံစားလိုက်ရတယ်။
ဒီနာကျင်မှုကြောင့်ပဲ လီမိုရဲ့ လက်သီးပြင်းအားကို အတိုင်းအတာတစ်ခုထိ သူ ခန့်မှန်းမိသွားတယ်။
ဒီလက်သီးပြင်းအားက သာမန်လူတစ်ယောက် ထိုးနိုင်တဲ့ အားမျိုး မဟုတ်ဘူး။
လီမိုက တကယ်ပဲ တိုက်ခိုက်ရေး စွမ်းရည် ရှိတာပဲ။
ဒါကို အတည်ပြုပြီးနောက် မူချိုယန် ပြုံးလိုက်တယ်။
သူပြုံးလိုက်တုန်းမှာပဲ လီမိုက ရုတ်တရက် ဘယ်လက်နဲ့ မူချိုယန်ရဲ့ နားထင်ကို ဘေးကနေ ဝှိုက်ထိုးလိုက်တယ်။
မူချိုယန်က မတုန်လှုပ်ပါဘူး။
ညာလက်ကို ဝှေ့ယမ်းပြီး ကာလိုက်တယ်။
ကာလိုက်တာနဲ့ လီမိုက ကိုယ်ကို ရုတ်တရက် လှည့်လိုက်ပြီး ညာဘက်တံတောင်နဲ့ မူချိုယန်ကို နောက်ပြန် တံတောင်ရိုက်ချက်နဲ့ တိုက်ခိုက်လိုက်တယ်။
တော်တော်မြန်တယ်။
ပြီးတော့ ဒီတိုက်ကွက်က ကြမ်းတမ်းပြီး အားလည်း ပါတယ်။
မူချိုယန်က ချက်ချင်းပဲ လက်နှစ်ဖက်နဲ့ ကာကွယ်တဲ့ ပုံစံယူပြီး တံတောင်ရိုက်ချက်ကို ကာလိုက်တယ်။
ကာလိုက်တဲ့ ခဏမှာပဲ...
လီမိုရဲ့ ညာဘက်တံတောင်ကနေ ကြီးမားတဲ့ အားတစ်ခု သက်ရောက်လာတယ်။
"ဘုန်း!"
"ရွှပ်... ရွှပ်..."
အသံအကျယ်ကြီး မြည်သွားပြီး မူချိုယန် မသိမသာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရတယ်။
"စိတ်ဝင်စားစရာပဲ ကောင်လေး... နင့်အားက မဆိုးဘူးပဲ။ ပြီးတော့ နင် ထိုင်းလက်ဝှေ့ တကယ်တတ်တာပဲ! ဒါပေမဲ့ နင်က တော်တော် ရက်စက်တာပဲ... နင့်အစ်မကြီး မကာနိုင်ရင် သေသွားနိုင်တယ်၊ ဒါမှမဟုတ် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားနိုင်တယ်ဆိုတာ မသိဘူးလား"
"မျက်နှာနဲ့ နားထင်ကို တည့်တည့်ကြီး ထိုးတယ်ပေါ့လေ!" မူချိုယန်က နောက်ဆုတ်သွားပေမယ့် ကြောက်ရွံ့တဲ့ပုံ မပြဘဲ လီမိုကို စိတ်ဝင်တစား မေးလိုက်တယ်။
ဒီအချိန်မှာ သူ လီမိုကို ပိုပြီး စိတ်ဝင်စားလာပြီ။
"ကျွန်တော်က မမကို ယုံတာကိုး" လီမိုက ပြောတယ်။
"တကယ်လား... ကောင်းပြီလေ မောင်လေး။ ဒါဆို မမ ပြန်တိုက်ခိုက်ဖို့ အလှည့်ရောက်ပြီ။ နင့်ရဲ့ ရိုးရှင်းတဲ့ တိုက်ကွက်တွေကို ကြည့်ရတာ ထိုင်းလက်ဝှေ့ တော်တော် ကျွမ်းကျင်ပုံရတယ်။ ဒါကြောင့် ငါလည်း လက်မြှောက်မထားတော့ဘူး"
"ကဲ... သတိထားတော့" မူချိုယန် ပြုံးလိုက်တယ်။
စကားဆုံးတာနဲ့ ချက်ချင်းပဲ ထိုင်းလက်ဝှေ့ရဲ့ ကာကွယ်ရေးနဲ့ တိုက်ခိုက်ရေး ပုံစံတွေကို စတင် အသုံးပြုလာတယ်။
ဒါကို မြင်တော့ လီမိုလည်း တိုက်ခိုက်ရေး ပုံစံ ပြင်လိုက်တယ်။
နှစ်ယောက်သား မျက်နှာချင်းဆိုင်လိုက်ကြတယ်။ ချက်ချင်းတော့ ဘယ်သူမှ စမတိုက်ကြသေးဘူး။
ခြေလှမ်းတွေ ရွှေ့ပြီး အကဲခတ်နေကြတယ်။
ဒါပေမဲ့ ခဏလေးပါပဲ... မူချိုယန်က ရှေ့တိုးလာပြီး ဟန်ရေးပြမနေဘဲ ခြေထောက်တစ်ဖက်နဲ့ လီမိုကို တည့်တည့် ကန်ထည့်လိုက်တယ်။
လီမိုရဲ့ မျက်လုံးတွေ စူးရှသွားပြီး ဘေးကို ရှောင်လိုက်တယ်။ သူရှောင်လိုက်တဲ့ အချိန်မှာပဲ မူချိုယန်က ညာခြေထောက်ကို ထောက်၊ ကိုယ်ကိုလှည့်ပြီး ဘယ်ခြေထောက်နဲ့ လီမိုကို နောက်ပြန်ကန်ချက်နဲ့ တိုက်ခိုက်လိုက်တယ်။ ဒီအချိန်မှာတော့ ရှောင်ဖို့ မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် လီမိုက လက်နှစ်ဖက်နဲ့ ကာလိုက်ရတယ်။
ကာလိုက်တဲ့ ခဏမှာပဲ မူချိုယန်ရဲ့ ဘယ်ခြေထောက်ကနေ ကြောက်စရာကောင်းတဲ့ အားတစ်ခု ထွက်လာတာကို ခံစားလိုက်ရတယ်။
ဒါကြောင့် လီမိုရဲ့ ခန္ဓာကိုယ်က မထိန်းနိုင်ဘဲ နောက်ကို လွင့်သွားတယ်။
ကာထားတဲ့ လက်တွေလည်း သိသိသာသာ နာကျင်သွားတယ်။
ဒါပေမဲ့ ထိုင်းလက်ဝှေ့ ကျွမ်းကျင်အဆင့် ရထားတာကြောင့် သူ့အရိုးတွေက မာကျောနေပြီလေ။
တိုက်ခိုက်ခံရမှု ဒဏ်ခံနိုင်စွမ်းလည်း မြင့်မားနေပြီ။
လက်တွေ နာသွားပေမယ့် ခံနိုင်ရည် ရှိပါသေးတယ်။
ကန်ချက်ကြောင့် နောက်ဆုတ်သွားတုန်းမှာပဲ မူချိုယန်က ဘယ်ခြေထောက်ကို ထောက်ပြီး ညာခြေထောက်နဲ့ လီမိုရဲ့ ရင်ဘတ်ကို တည့်တည့် ကန်ထည့်လိုက်ပြန်တယ်။
လီမိုက ဘေးကို အမြန်ရှောင်လိုက်တယ်။
တိုက်ခိုက်မှုကို ရှောင်လိုက်ရင်း တစ်ချိန်တည်းမှာပဲ မူချိုယန်ရဲ့ အားပြုထားတဲ့ ဘယ်ခြေထောက်ကို သူ့ရဲ့ ညာခြေထောက်နဲ့ ပိုင်းကန်လိုက်တယ်။
ဒီကန်ချက်သာ ထိရင် သေချာပေါက် အထိနာမှာ။
မူချိုယန် လဲကျသွားနိုင်တယ်။
ဒါပေမဲ့ လီမိုရဲ့ ခြေထောက် မထိခင်မှာပဲ... သူ့ကို ကန်ဖို့ လုပ်နေတဲ့ မူချိုယန်ရဲ့ ညာခြေထောက်က ရုတ်တရက် လမ်းကြောင်းပြောင်းပြီး ဘေးကို ဝှေ့ယမ်းကာ လီမိုရဲ့ ခြေထောက်ကို လာရိုက်ချလိုက်တယ်။
"ဘုန်း!"
အသံအကျယ်ကြီး မြည်သွားတယ်။
ခြေထောက်ချင်း ရိုက်မိတဲ့ နေရာကနေ နာကျင်မှုတွေ ပျံ့နှံ့လာတယ်။
ဒါပေမဲ့ လီမိုက နာကျင်မှုကို ဂရုစိုက်မနေနိုင်ဘူး။ ဘာလို့လဲဆိုတော့ မူချိုယန်က ရုတ်တရက် သူ့ခေါင်းကို ဘယ်လက်နဲ့ လှမ်းဆွဲ၊ ဖိချလိုက်ပြီး... ညာခြေထောက်ကို ထောက်ကာ ဘယ်ဒူးနဲ့ လီမိုကို တိုက်ရိုက် ဒူးတိုက်လိုက်လို့ပဲ။
လီမိုက လက်နှစ်ဖက်ကို အောက်ချပြီး မူချိုယန်ရဲ့ တိုက်ခိုက်မှုကို ကာလိုက်ရတယ်။
ကာလိုက်ပြီးတာနဲ့ နောက်ထပ် ဒူးတိုက်ချက် တစ်ခု ထပ်ရောက်လာတယ်။
တိုက်ခိုက်မှုတွေက တစ်ခုပြီး တစ်ခု အရမ်းမြန်တယ်။
ဒူးတိုက်ချက် တစ်ချက်ချင်းစီကလည်း အားပါလွန်းတယ်။
ခဏလောက်တော့ လီမိုတစ်ယောက် ခံစစ်သက်သက်နဲ့ပဲ နေလိုက်ရတယ်။
တိုက်ခိုက်မှု အတော်များများကို ကာကွယ်ပြီးနောက် လီမိုက သူ့ခေါင်းကို ဖိထားတဲ့ မူချိုယန်ရဲ့ လက်ကနေ အတင်း ရုန်းထွက်ပြီး လူချင်းခွာလိုက်တယ်။
ခွာလိုက်တာနဲ့ လက်နှစ်ဖက်လုံးက မတရား နာကျင်နေတာကို ခံစားလိုက်ရတယ်။
မူချိုယန်ရဲ့ ဒူးတိုက်ချက်တွေက တကယ် မနောက်ဘူး။
လက်နှစ်ဖက်နဲ့ ကာကွယ်နိုင်ခဲ့ပေမယ့် သူ့လက်တွေ တော်တော် နာသွားပြီ။
"မောင်လေး... နင့်ရဲ့ လက်တွေ့ တိုက်ခိုက်ရေး အတွေ့အကြုံက အားနည်းနေသေးတဲ့ပုံပဲ။ မမကသာ လျှော့မပေးရင် နင် ဒီလောက် လွယ်လွယ်နဲ့ လွတ်လာမှာ မဟုတ်ဘူး" လူချင်းခွာလိုက်တာနဲ့ မူချိုယန်က လီမိုကို ပြုံးပြီး ပြောလိုက်တယ်။
"နောက်တစ်ခေါက်!"
လီမိုက မငြင်းဘဲ တည်ငြိမ်စွာ ပြန်ပြောလိုက်တယ်။
ဘာပဲဖြစ်ဖြစ် သူ့စွမ်းရည်တွေက သူများဆီက ထုတ်ယူထားတာလေ။
တိုက်ခိုက်ရေး အတွေ့အကြုံတွေနဲ့ တိုက်ကွက်တွေကို အပြည့်အဝ ထုတ်ယူထားတယ် ဆိုပေမယ့်...
ဘယ်လိုပဲဖြစ်ဖြစ် ဒါက သူများဆီက ရထားတာ။
ဒါ့အပြင် မူချိုယန်က ထိုင်းလက်ဝှေ့တင် မကဘူး... ဆန်ဒါ၊ လွတ်လပ်တိုက်ခိုက်ရေးနဲ့ ယောဂပါ တတ်တာလေ။
ယောဂက တိုက်ခိုက်ရေး စွမ်းရည် မဟုတ်ပေမယ့်...
မူချိုယန်ရဲ့ ခန္ဓာကိုယ် ပျော့ပျောင်းမှုက လီမိုထက် အများကြီး သာလွန်နေစေတယ်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: