"ဒါဆို မမ အားမနာတော့ဘူးနော်" မူချိုယန်က ပြုံးပြီး ပြောလိုက်တယ်။

စကားဆုံးတာနဲ့ လီမိုကို ဆက်ပြီး တိုက်ခိုက်လိုက်တယ်။

နှစ်ယောက်သား ထိုင်းလက်ဝှေ့ တိုက်ကွက်တွေနဲ့ ဆက်ပြီး အပြန်အလှန် တိုက်ခိုက်ကြတယ်။

တိုက်ခိုက်နိုင်စွမ်း နဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုပိုင်းမှာတော့ လီမိုက သဘာဝကျကျပဲ မူချိုယန်ကို မယှဉ်နိုင်ဘူး။

တိုက်ခိုက်နေရင်းနဲ့ လီမို အဖိနှိပ်ခံရတာက ရှောင်လွှဲမရတဲ့ အခြေအနေပဲ။

ဒါပေမဲ့...

အဖိနှိပ်ခံနေရပေမယ့် လီမိုက သူထုတ်ယူထားတဲ့ ထိုင်းလက်ဝှေ့ (ကျွမ်းကျင်) နည်းစနစ်တွေကို လက်တွေ့တိုက်ခိုက်မှုထဲမှာ လျင်လျင်မြန်မြန်ပဲ ပေါင်းစပ်ပြီး အသုံးချလာနိုင်တယ်။

တိုက်ခိုက်နိုင်စွမ်းက တစ်ဟုန်ထိုး တိုးတက်လာတယ်။

ဒါကို မြင်တော့ မူချိုယန် မအံ့သြဘဲ မနေနိုင်တော့ဘူး။

ဒီကောင်စုတ်လေးက တကယ့်ကို သိုင်းပညာ ပါရမီရှင်ပဲ။

သိထားရမှာက သူ ဒီအဆင့်ကို ရောက်ဖို့ ပိုက်ဆံတွေ အများကြီး ကုန်ခဲ့ရတာ။

ဆရာကောင်းတွေ အများကြီး ငှားခဲ့ရတယ်။

ဆေးဖက်ဝင် အပင်တွေလည်း အများကြီး သုံးခဲ့ရတယ်။

ဒါပေမဲ့ လီမိုက သူ့ဆီက ၁၆ သန်းကျော် မရခင်အထိ ရုန်းကန်နေရတဲ့ စာရေးဆရာလေးလေ။

အိမ်လခတောင် မှန်မှန် မပေးနိုင်တဲ့သူ။

ဆရာငှားဖို့၊ ဆေးဖက်ဝင် အပင်တွေနဲ့ ခန္ဓာကိုယ် အားဖြည့်ဖို့၊ ဆေးရေစိမ်ဖို့ ဆိုတာ ဝေးရော။

အဲ့ဒါတောင်မှ လီမိုရဲ့ ထိုင်းလက်ဝှေ့ ကျွမ်းကျင်မှုက သူ့ထက် မညံ့ဘူး။

အစပိုင်းမှာတော့ တိုက်ခိုက်ရေး အတွေ့အကြုံ သူ့ထက်နည်းနေသေးတာပဲ ရှိတယ်။

ဒါပေမဲ့ တိုက်ခိုက်နေရင်းနဲ့ လီမိုက ရေမြှုပ်တစ်ခုလို အတွေ့အကြုံတွေကို စုပ်ယူလိုက်ပြီး...

ခဏလေးအတွင်းမှာပဲ ထိုင်းလက်ဝှေ့ပိုင်းမှာ သူ့နဲ့ တန်းတူနီးပါး ဖြစ်လာတာက တကယ်ကို ယုံနိုင်စရာ မရှိဘူး။

"တော်ပြီ... တော်ပြီ... မဆော့တော့ဘူး! ကောင်စုတ်လေး... နင် ငါ့ဆံပင်တွေကို အတင်းဆွဲနေတာ... နည်းနည်းလောက် ညှာညှာတာတာ မလုပ်နိုင်ဘူးလား"

ခဏလောက် တိုက်ခိုက်ပြီးနောက် မူချိုယန်က ရုတ်တရက် အော်ပြောလိုက်တယ်။

တကယ်တော့ လီမိုက မူချိုယန်ရဲ့ ခေါင်းကို ပြန်ဖိပြီး ဒူးတိုက်ချက်တွေနဲ့ တရစပ် တိုက်ခိုက်နေလို့ပဲ။

ပြီးတော့ မူချိုယန်က ဆံပင်ရှည်တော့ လီမိုက ဆံပင်တွေကိုပါ ဆွဲထားမိတယ်။

မူချိုယန် ရုန်းကန်တိုင်း သူ့ဦးရေပြားက နာတာပေါ့။

မူချိုယန် အော်လိုက်တာ ကြားတော့ လီမိုက တိုက်ခိုက်တာ ရပ်လိုက်ပြီး ဆံပင်ကို လွှတ်ပေးလိုက်တယ်။

လီမို လွှတ်လိုက်တာနဲ့ မူချိုယန်က သူ့ခေါင်းကို လက်နဲ့ ပွတ်လိုက်တယ်။

ဦးရေပြား နာကျင်မှု သက်သာအောင်ပေါ့။

အသက်ရှူ မှန်အောင် ပြန်ထိန်းနေရင်းနဲ့ လီမိုကို စိန်းစိန်းဝါးဝါး ကြည့်လိုက်တယ်။

ဒီကောင်စုတ်လေးက မိန်းကလေး ဆိုပြီး လုံးဝ ညှာတာမနေဘူး။

တကယ်တော့ လီမိုက မညှာတာလို့လည်း မူချိုယန်က စိတ်ကြိုက် တိုက်ခိုက်ခွင့် ရလိုက်တာပါ။

သူ့ကို ဒီလောက်ထိ စိတ်ရှိလက်ရှိ တိုက်ခိုက်ပေးနိုင်တဲ့သူနဲ့ မတွေ့ရတာ ကြာပြီလေ။

ဒါပေမဲ့ ဆံပင်ဆွဲတာကတော့ နည်းနည်း လွန်လွန်းတယ်လို့ သူခံစားရတယ်။

"မမချိုယန်က အရမ်းတော်လွန်းလို့ပါဗျာ။ ကျွန်တော် ဆံပင်မဆွဲထားရင် မမက လွတ်ထွက်သွားမှာလေ။ မမရဲ့ အားနည်းချက်ကို အတိအကျ ရှာတွေ့သွားလို့ပါ" လီမိုက ရှက်ရွံ့စွာနဲ့ ပြုံးပြီး ပြောလိုက်တယ်။

ဘာပဲပြောပြော မိန်းကလေး ဆံပင်ကို ဆွဲတယ်ဆိုတာ နည်းနည်းတော့ ကြည့်မကောင်းဘူးလေ။

"ခေါင်းကို ဖိချုပ်ထားနိုင်တဲ့ အခွင့်အရေး မပေးလိုက်သင့်ဘူး။ နင်က ငါလုပ်သမျှ ပြန်လိုက်လုပ်နေတာပဲ" မူချိုယန် ပြောလိုက်တယ်။

"ဒါက မမချိုယန် သင်ပြပေးတာ ကောင်းလွန်းလို့ပါ" လီမို။

"နင်က တကယ် ထူးဆန်းတယ်။ ဘယ်လို သင်ထားလဲတော့ မသိပေမယ့်... ခန္ဓာကိုယ် ကြံ့ခိုင်မှုက ငါ့ထက် နည်းနည်းပဲ နိမ့်တာ။ ထိုင်းလက်ဝှေ့ ကျွမ်းကျင်မှုကလည်း ငါနဲ့ တန်းတူလောက်ပဲ"

"တကယ်လို့ ငါတို့သာ အသေအကြေ တိုက်ကြမယ်ဆိုရင်... အစပိုင်းမှာတော့ နင့်ရဲ့ အတွေ့အကြုံနည်းတာကို အခွင့်ကောင်းယူပြီး ငါ အမြန်အဆန် သတ်ပစ်လို့ ရနိုင်တယ်"

"ဒါပေမဲ့ နောက်ပိုင်းကျရင် နင်က တိုက်ခိုက်ရေး စွမ်းရည်တွေ တဟုန်ထိုး တိုးတက်လာပြီး... ငါကလည်း တခြား တိုက်ခိုက်ရေး နည်းစနစ်တွေ မသုံးဘူးဆိုရင်... ငါတို့ နိုင်နိုင်ချေက ၆၀/၄၀ လောက် ဖြစ်သွားပြီး နှစ်ယောက်လုံး သေသွားနိုင်တယ်" လီမိုကို အပေါ်အောက် အကဲခတ်ရင်း မူချိုယန်က ထူးဆန်းတဲ့ အကြည့်နဲ့ ပြောလိုက်တယ်။

"ဒါက ကျွန်တော် သိုင်းပညာ ပါရမီရှင် ဖြစ်ကြောင်း သက်သေပြလိုက်တာလေ" လီမိုက ပြုံးပြီး ပြောလိုက်တယ်။

"အဲ့ဒါတော့ ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် နင့်လို ပိုက်ဆံမရှိတဲ့ စာရေးဆရာလေးက ခန္ဓာကိုယ် ကြံ့ခိုင်မှု ဒီလောက် ကောင်းနေတာက ထူးဆန်းတယ်"

"ဘယ်သူက နင့်ကို ထိုင်းလက်ဝှေ့ သင်ပေးတာလဲ" မူချိုယန် ခေါင်းညိတ်ပြီး စပ်စုချင်စိတ်နဲ့ မေးလိုက်တယ်။

"ဘယ်သူမှ မသင်ပါဘူး... ကိုယ့်ဘာသာ လေ့လာထားတာ။ စာအုပ်ရေးဖို့ သုတေသနလုပ်ရင်းနဲ့လေ" လီမို။

"သုတေသန လုပ်ရင်းနဲ့?!" မူချိုယန် မျက်လုံးပြူးသွားတယ်။

"ဟုတ်တယ်လေ... မမ သိတဲ့အတိုင်းပဲ၊ စာအုပ်ရေးဖို့က အချက်အလက်တွေ အများကြီး ရှာရတယ်ဗျ။ မြို့ပြအကြောင်း ရေးပြီဆိုရင် လက်ဝှေ့၊ တိုက်ခိုက်ရေး ဗီဒီယိုတွေ ရှာကြည့်ရတာ မလွဲမသွေပဲ"

"တစ်ခါတလေကျရင် စိတ်ကူးဉာဏ် ပွင့်အောင် ကိုယ်တိုင် လိုက်လုပ်ကြည့်ရတာမျိုးလည်း ရှိတယ်" လီမိုက တုံ့ဆိုင်းခြင်းမရှိ ဖြေလိုက်တယ်။

"ဒါ ဘာပေါက်ကရတွေ လာပြောနေတာလဲ။ အွန်လိုင်းစာရေးဆရာတွေ အကုန်လုံးက လူထူးလူဆန်းတွေ ကြီးပဲလား" မူချိုယန် မျက်လုံးပြူးသွားတယ်။

ဒီလို ရှင်းပြချက်မျိုး ကြားရလိမ့်မယ်လို့ လုံးဝ ထင်မထားဘူး။

သူ ထိုင်းလက်ဝှေ့ တတ်ဖို့ ဘယ်လောက်တောင် ပင်ပန်းဆင်းရဲ ခံခဲ့ရလဲ ဘုရားပဲ သိတယ်။

ခန္ဓာကိုယ် ကြံ့ခိုင်အောင် လုပ်တယ်ဆိုတာ လွယ်တဲ့ကိစ္စလို့ ထင်နေလား။

ခန္ဓာကိုယ် အားရှိအောင် လုပ်ရသလို...

ဒဏ်ခံနိုင်အောင်လည်း လေ့ကျင့်ရတယ်။

နာကျင်မှုကို ခံနိုင်ရည်ရှိအောင် လေ့ကျင့်ရတဲ့ အတွေ့အကြုံက သာမန်လူတွေ လိုလိုလားလား ခံယူချင်တဲ့အရာ မဟုတ်ဘူး။

လူတော်တော်များများက မအောင်မြင်ခင်မှာတင် ဒုက္ခိတ ဖြစ်သွားတတ်တယ်။

ဒါမှမဟုတ် နာတာရှည် ဒဏ်ရာတွေ ရသွားတတ်တယ်။

အဲ့ဒါကြောင့် ကျွမ်းကျင်တဲ့ နှိပ်နယ်ဆရာ၊ ဆေးဖက်ဝင် အပင်တွေနဲ့ နာမည်ကြီး ဆရာတွေရဲ့ လမ်းညွှန်မှု လိုအပ်တာ။

မဟုတ်ရင် မျက်ကန်းတစ္ဆေ ခြောက်သလို လျှောက်လုပ်နေရင်...

အားသန်လာတာ မှန်ပေမယ့် အတွင်းဒဏ်ရာတွေ ရသွားနိုင်တယ်။

ထိုင်းလက်ဝှေ့ကို ကျွမ်းကျင်အဆင့် ရောက်အောင် လုပ်ဖို့ဆိုတာ ပြောမနေနဲ့တော့။

"ဘယ်ကသာ လူထူးလူဆန်း ဖြစ်ရမှာလဲဗျာ။ သုတေသန သေချာလုပ်ထားလို့ပါ" လီမိုက ပြုံးပြီး ပြောလိုက်တယ်။

"သုတေသန လုပ်ရုံနဲ့ ဒီလောက် တတ်သွားတယ်ပေါ့?"

"ဗေဒင်လည်း တွက်တတ်တယ်၊ သိုင်းလည်း တတ်တယ်... ဒါပေမဲ့ တိုက်ခိုက်ရေး အတွေ့အကြုံ နည်းပြီး အစပိုင်းမှာ နည်းနည်း တိုင်ပတ်နေပေမယ့် နာရီဝက်အတွင်းမှာ ငါနဲ့ တန်းတူ ဖြစ်လာတယ်ဆိုတာက တော်တော် ပုံမှန် မဟုတ်ဘူး"

"နင်ပြောတာ ကြားရတာ ငါတောင် ဝတ္ထု ထရေးချင်လာပြီ" မူချိုယန်။

"မရဘူး... မရဘူး... ဒါက ပါရမီပါမှ ရတာ" လီမို။

"ဘာပဲဖြစ်ဖြစ်... နင်က လူထူးလူဆန်းပဲ" မူချိုယန်က လီမိုကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်။

ပြောရင်းနဲ့ ဆက်မေးလိုက်တယ်။

"ရေချိုးဦးမလား။ နာရီဝက်လောက် လှုပ်ရှားထားတော့ ချွေးတွေထွက်ပြီး နေရခက်နေမှာပေါ့"

"မမက အတူတူ ချိုးဖို့ ဖိတ်ခေါ်နေတာလား" လီမို ပြုံးလိုက်တယ်။

"ဖူး... ဘာတွေ တွေးနေတာလဲ။ သေချာပေါက် သီးသန့်စီ ချိုးမှာပေါ့" မူချိုယန်။

"ကျွန်တော့်မှာ အဝတ်အစားမှ မပါတာ... ထားလိုက်ပါတော့" လီမို ခေါင်းခါလိုက်တယ်။

"ကိစ္စ မရှိပါဘူး။ ရေချိုးဝတ်စုံ အရင် ပေးထားမယ်လေ။ ပြီးမှ အဝတ်အစား တစ်စုံ လာပို့ခိုင်းလိုက်မယ်" မူချိုယန်။

"ဒါမှမဟုတ်ရင်လည်း ငါ့အဝတ်အစား ယူဝတ်လိုက်ပေါ့... ဟုတ်တယ်မလား။ ပြောရရင် နင်က အရမ်းချောတော့ မိန်းကလေး ဝတ်စုံနဲ့ဆို ဘယ်လိုနေမလဲ သိချင်လာပြီ။ ငါ မိတ်ကပ်လိမ်းပေးပြီး ဆံပင်တု တပ်ပေးရမလား"

ပြောရင်းနဲ့ မူချိုယန်က လီမိုကို အပေါ်အောက် အကဲခတ်လိုက်တယ်။

"မလုပ်ပါဘူး... ကျွန်တော့်မှာ အခြောက်စိတ် မရှိပါဘူး" လီမို အမြန်ငြင်းလိုက်တယ်။

"မငြင်းပါနဲ့ဟာ... မိန်းကလေး ဝတ်စုံ ဝတ်တယ်ဆိုတာ တစ်ခါမှ မဝတ်ဖူးတာနဲ့ အကြိမ်ကြိမ် ဝတ်ဖူးတာပဲ ရှိတယ်။ အခု မဝတ်ချင်ဘူး ဆိုတာက ကမ္ဘာသစ်ကို မဖွင့်ရသေးလို့ နေမှာပါ။ တစ်ခါလောက် စမ်းဝတ်ကြည့်လိုက်ရင် ကမ္ဘာသစ်ကို တွေ့သွားမှာပါ" မူချိုယန်။

"တော်ပါပြီဗျာ... ကျွန်တော်က ယောကျ်ားစစ်စစ်ပါ... 16k ရွှေလို စစ်ပါတယ်" လီမို ထပ်ပြီး ပြတ်ပြတ်သားသား ငြင်းလိုက်တယ်။

"နှမြောစရာပဲ။ ကဲ... ဒါဆို ရေသွားချိုးရအောင်။ ငါ ရေချိုးဝတ်စုံ ယူပေးမယ်။ ပြီးတော့ နင့်အဝတ်အစား ဆိုဒ် ပြောပြထား... ငါ လူလွှတ်ပြီး ယူခိုင်းလိုက်မယ်" မူချိုယန်။

"ဘယ်သူ့ကို သွားယူခိုင်းမှာလဲ" လီမို မေးလိုက်တယ်။

"အိမ်ထိန်းလေ" မူချိုယန်က တုံ့ဆိုင်းခြင်းမရှိ ဖြေလိုက်တယ်။

"အာ... လုံးချင်းအိမ်ရာက အိမ်ထိန်းတွေက ဒါတွေပါ လုပ်ပေးတာလား" လီမို အံ့သြသွားပြီး စပ်စုချင်စိတ် ဖြစ်သွားတယ်။ သူက လုံးချင်းအိမ်မှာ တစ်ခါမှ မနေဖူးတော့ ဒါတွေ နားမလည်ဘူးလေ။

"လုပ်ပေးတာပေါ့... ဒါတွေတင် မကဘူး... တချို့ အိမ်ထိန်းတွေဆိုရင်... ဟဲဟဲ... မပြောတော့ပါဘူး၊ နင် အကျင့်ပျက်သွားမှာစိုးလို့..." မူချိုယန်။

"..." လီမို။