အခန်း (၁၇) - နင့်စွမ်းရည်က အဲ့လောက်ပဲလား
လီမို တိတ်ဆိတ်နေတာကို မြင်တော့ မူချိုယန်က ဘာမှ ထပ်မပြောတော့ဘူး။
လီမိုကို ရေချိုးခန်း နေရာပြပေးလိုက်တယ်။
ပြီးတော့ လုံးဝအသစ်စက်စက်၊ တစ်ခါမှ မဝတ်ရသေးတဲ့ ရေချိုးဝတ်စုံ တစ်ထည် ထုတ်ပေးလိုက်တယ်။
သူကိုယ်တိုင်လည်း ရေသွားချိုးတယ်။
ဒါကို မြင်တော့ လီမိုလည်း အချိန်ဆွဲမနေဘဲ ရေဝင်ချိုးလိုက်တယ်။
ရေချိုးပြီးတော့...
လီမိုက ရေချိုးဝတ်စုံ ဝတ်ပြီး ဧည့်ခန်းထဲ ပြန်ထွက်လာတယ်။
ရောက်တာနဲ့ မူချိုယန်လည်း ရှိနေတာ တွေ့လိုက်ရတယ်။
မူချိုယန်က အနက်ရောင် ကြိုးတစ်ချောင်း ညဝတ်အင်္ကျီ လဲဝတ်ထားတယ်။
ဆံပင်တွေက စိုနေတုန်းပဲ။
ဆိုဖာပေါ်မှာ ခြေချိတ်ထိုင်ပြီး တဘက်နဲ့ ဆံပင်သုတ်နေတယ်။
လီမို တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ရင်ထဲ လှုပ်ရှားသွားသလို ခံစားလိုက်ရတယ်။
မူချိုယန်ကို သေချာ မကြည့်ဘဲ မနေနိုင် ဖြစ်သွားတယ်။
"ဟေ့ကောင်လေး... ဘာကြည့်နေတာလဲ။ အားနေရင် လာခဲ့... ငါ့ဆံပင် ခြောက်အောင် လာလုပ်ပေးဦး"
လီမို ကြည့်နေတာ မြင်တော့ မူချိုယန်က ချစ်စဖွယ် လေသံလေးနဲ့ လှမ်းပြောလိုက်တယ်။
သူ့မျက်နှာလေးက အနည်းငယ် ရဲနေတယ်။
တကယ်တမ်းတော့ သူက ရေချိုးဝတ်စုံ ဝတ်ရတာ သိပ်မကြိုက်ဘူး။
အိမ်မှာ ရေချိုးပြီးရင် ဘာမှ မဝတ်ဘဲ နေတာ၊ ဒါမှမဟုတ် ညဝတ်အင်္ကျီပဲ ဝတ်လေ့ရှိတယ်။
"အိုကေ"
လီမို ပြန်ဖြေပြီး လျှောက်သွားကာ မူချိုယန်လက်ထဲက တဘက်ကို ယူလိုက်တယ်။ ပြီးတော့ မူချိုယန်ရဲ့ ဆံပင်က ရေတွေကို သုတ်ပေးလိုက်တယ်။
ပြီးမှ မူချိုယန် အဆင်သင့် ပြင်ထားတဲ့ ဆံပင်ခြောက်စက်ကို ယူပြီး မှုတ်ပေးလိုက်တယ်။
"နင့်အဝတ်အစားတွေ ရောက်ဖို့ နည်းနည်း ကြာဦးမယ်"
လီမို လုပ်ပေးနေရင်း မူချိုယန်က ပြောလိုက်တယ်။
"အင်း" လီမို။
"မောင်လေး... ခဏနေ ဘာစားမလဲ။ ညစာ စားချိန် နီးပြီ။ ဘာစားချင်လဲ ပြော... မမ ချက်ကျွေးမယ်" မူချိုယန်။
"ခေါက်ဆွဲပေါ့... ကျွန်တော် ညစာဆို ခေါက်ဆွဲပဲ ပြုတ်စားနေကျ" လီမိုက ပြောတယ်။
"အာ... ရိုးရှင်းလိုက်တာ" မူချိုယန်။
"ဒါဆို ညတိုင်း စားသောက်ပွဲကြီးတွေ လုပ်စားရမယ်လို့ ထင်နေတာလား" လီမိုက ပေါ့ပေါ့ပါးပါး ပြန်ပြောတယ်။
"မဟုတ်ပါဘူး... နင်က ငါ့လက်ရာ ပထမဆုံး မြည်းစမ်းရမှာလေ။ ဟင်းကောင်းကောင်းလေး ဘာလေး မမှာဘူးလား။ ရည်မှန်းချက် မရှိလိုက်တာ" မူချိုယန်က ပြုံးပြီး ပြောတယ်။
"ဗိုက်ဝရင် ပြီးတာပါပဲဗျာ။ အစားအသောက်နဲ့ ပတ်သက်ပြီး သိပ်ဇီဇာမကြောင်ပါဘူး။ မမက တကယ်ပဲ ဟင်းကောင်းတွေ ကျွေးချင်ရင် ဒီနေ့ ကိစ္စပြီးမှပဲ ကျွေးတော့" လီမိုက ပြုံးပြီး ပြောတယ်။
"ကောင်းပြီလေ... ဒါဆို ခေါက်ဆွဲပဲ လုပ်စားကြတာပေါ့! ဝက်သား ခရမ်းချဉ်သီး ခေါက်ဆွဲ လုပ်ကျွေးမယ်။ ဒါနဲ့... အမဲသားပေါင်းတို့ ဘာတို့ စားဦးမလား။ စားမယ်ဆိုရင် အပြင်က မှာလိုက်မယ်" မူချိုယန်။
"ကြည့်ရတာ မမက သာမန်လူတွေ စားသလို စားတတ်တာပဲ။ ခေါက်ဆွဲစားရင် အသားပေါင်းလေး ဘာလေး မြည်းရတာ ကြိုက်တယ်ပေါ့" လီမို အံ့သြသလို မေးလိုက်တယ်။
"ငါက ပိုက်ဆံရှိတယ် ဆိုပေမယ့် နင့်လိုပဲ လူသားပါပဲဟယ်။ သိပ်ဇီဇာမကြောင်ပါဘူး။ ပြီးတော့ ကျောင်းတက်တုန်းက သူငယ်ချင်းနဲ့ အိမ်ငှားနေဖူးတယ်။ သာမန်လူတွေလိုပဲ နေခဲ့တာပါ" မူချိုယန်က တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်တယ်။
"အိမ်ငှားနေဖူးတယ်?" လီမို အံ့သြသွားတယ်။
တော်တော် အံ့သြသွားတာ။
မူချိုယန်ရဲ့ ပိုင်ဆိုင်မှုနဲ့ဆိုရင်...
သူက အိမ်ငှားနေစရာမှ မလိုတာ။
"ဘာထူးဆန်းလို့လဲ။ ငါက အိမ်ငှားနေလို့ မရဘူးလား" မူချိုယန်။
"မရဘူးတော့ မဟုတ်ပါဘူး... အံ့သြလို့ပါ" လီမို။
"ဘာအံ့သြစရာ ရှိလို့လဲ။ နင် အဲ့ဒါကို ကြိုမဟောနိုင်ဘူးလား" မူချိုယန်က လီမိုကို နားမလည်သလို လှည့်ကြည့်လိုက်တယ်။
"ဟောနိုင်တာ မှန်ပေမယ့် ကျွန်တော်က အရာအားလုံးကို သိနိုင်တဲ့ ဘုရားသခင်မှ မဟုတ်တာ။ လူတချို့ရဲ့ ကံကောင်းခြင်း၊ ကံဆိုးခြင်းနဲ့ အလုပ်အကိုင်လောက်ပဲ မြင်နိုင်တာ။ လူတစ်ယောက်လုံးရဲ့ အကြောင်းကို အကုန် ဘယ်သိနိုင်မလဲ"
"မတတ်နိုင်ဘူးလေ... မမ သိတဲ့အတိုင်းပဲ... ကျွန်တော်က တစ်ပိုင်းတစ်စ ဆရာလေ"
"အခုမှ စတတ်တာဆိုတော့"
"ကျွန်တော့် စွမ်းရည်က သိပ်မကျွမ်းကျင်သေးဘူး" လီမိုက ရှက်ရွံ့ခြင်းမရှိ ပေါ့ပေါ့ပါးပါးပဲ ပြန်ဖြေလိုက်တယ်။
"ကောင်းပါပြီ... သိပ်မကျွမ်းကျင်သေးတာတောင် ငါ့ဆီက ပိုက်ဆံတွေ အများကြီး ရနေပြီ။ ကျွမ်းကျင်သွားရင် ဘယ်လောက်တောင် ရှာနိုင်မလဲ မသိဘူး"
"ပြောရရင် နင့်စွမ်းရည်နဲ့ဆို နောက်ဆို ပိုက်ဆံအတွက် ပူစရာ မလိုတော့ဘူးပေါ့" မူချိုယန် ခေါင်းညိတ်ပြီး ခံစားချက်ပါပါ ပြောလိုက်တယ်။
"လူတိုင်းက မမလို သိုးအဝဝကြီးမှ မဟုတ်တာ! ဒီနေ့လိုမျိုး မမဆီက သန်း ၃၀ ရတယ်ဆိုတာ တိုက်ဆိုင်လို့ ရတာပါ" လီမိုက ပြုံးပြီး ပြောတယ်။
"နင် ငါ့ကို အသုံးချစားနေတာပေါ့လေ... ဟုတ်လား" မူချိုယန် စိတ်တိုတိုနဲ့ ပြောလိုက်တယ်။
"အသုံးချစားတယ်လို့ ဘယ်ခေါ်မလဲဗျာ။ သိုးအဝဝကြီး လို့ ခေါ်တာပါ။ လုံးဝ အသုံးချတာ မဟုတ်ရပါဘူး..." လီမို ရယ်မောလိုက်တယ်။
"တော်စမ်းပါ... ဒါပေမဲ့ ဒီနေ့ နင် ငါ့ကံကြမ္မာကို လုံးဝ ပြောင်းလဲပေးနိုင်ပြီး နင့်စွမ်းရည်အစစ်ကို ပြနိုင်ရင်... နင် ဒီလောကထဲ တကယ် ဝင်ချင်တယ်ဆို ငါ လူတချို့နဲ့ မိတ်ဆက်ပေးမယ်"
"တစ်ယောက်ဆီကနေ သန်းချီ မရနိုင်ရင်တောင်..."
"တစ်သန်းလောက်တော့ ရနိုင်တာပေါ့"
"ဘယ်သူသိမလဲ... အဲ့ထက် ပိုရင်လည်း ပိုမှာ" မူချိုယန် နှုတ်ခမ်းကို စေ့ပြီး လီမိုကို လေးလေးနက်နက် ပြောလိုက်တယ်။
"ကောင်းပြီလေ... ဒါဆို မမချိုယန်ကိုပဲ အားကိုးရတော့မှာပေါ့" လီမိုက ပြုံးပြီး ပြောလိုက်တယ်။
သူက စာဆက်ရေးဖို့ အစီအစဉ် မရှိတော့ဘူးလေ။
ဗေဒင်ဟောတာက ပိုက်ဆံရှာဖို့ မြန်ဆန်တဲ့ နည်းလမ်းပဲ။
ဒါ့အပြင် တခြားလူရဲ့ ကံကြမ္မာကို ပြောင်းလဲပေးရင် စွမ်းရည်မှတ်တွေလည်း ရဦးမှာ။
ပိုက်ဆံလည်းရ၊ စွမ်းရည်မှတ်လည်း ရဆိုတော့...
လီမိုအတွက် တကယ့်ကို ငြင်းဆန်ဖို့ ခက်တဲ့ အခွင့်အရေးပဲ။
"အားနာစရာ မလိုပါဘူး။ တကယ်လို့ နင်က တကယ် စွမ်းရည်ရှိရင် ငါကလည်း နင့်ကို အခွင့်ကောင်း ယူရမှာပဲ။ နင့်စွမ်းရည်ကို ပြနိုင်ရင် ငါ့ရဲ့ အဆက်အသွယ် ကွန်ရက်လည်း ကျယ်ပြန့်လာမှာလေ" မူချိုယန်က ပြောတယ်။
"ဒါဆို နှစ်ဦးနှစ်ဖက် အကျိုးရှိတာပေါ့။ ရှေ့လျှောက် လက်တွဲပြီး ပျော်ပျော်ရွှင်ရွှင် လုပ်ကိုင်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်" လီမိုက ပြုံးပြီး ပြောတယ်။
"ဒါဆို နင့်အစ်မကို မိတ်ဆက်ခလေး ဘာလေး ပေးဖို့ စဉ်းစားထားဦး" မူချိုယန်က ပြောတယ်။
"ကျွန်တော်တို့က ဘယ်လို ပတ်သက်မှုလဲဗျာ... အားနာစရာ မလိုပါဘူး။ မိတ်ဆက်ခ မယူတော့ပါဘူး" လီမိုက ပြုံးပြီး နောက်လိုက်တယ်။
"ဖူး... ကောင်စုတ်လေး! နင့်စိတ်က မဲလိုက်တာ! 'ကျွန်တော်တို့' ဆိုတာ ဘယ်လို ပတ်သက်မှုကို ပြောတာလဲ။ ငါတို့က အိမ်ရှင်နဲ့ အိမ်ငှားပဲ ရှိတာနော်" မူချိုယန်။
"ဒါပေမဲ့ တစ်ဆင့်တက်ပြီး ကိုယ့်လူအချင်းချင်း ဖြစ်သွားလို့ ရတာပဲ... မမ သဘောတူလား မတူဘူးလား ဆိုတာအပေါ်ပဲ မူတည်တာပါ" လီမိုက ပြောတယ်။
"ဖူး ဖူး ဖူး... ကောင်စုတ်လေး... မဟုတ်တာတွေ လျှောက်မတွေးနဲ့။ ငါ အခုလောလောဆယ် ရည်းစားထားဖို့ အစီအစဉ် မရှိသေးဘူး။ ငါ့ကို လာမကြောင်နဲ့" မူချိုယန်။
"ဒါဆို နောင်ကျ နောင်တမရနဲ့နော် မမ။ ကျွန်တော်က အခုမှ ပျံသန်းကာစ 'ဖီးနစ်' ငှက်လေးလေ။ ရှေးစကား ရှိတယ်မလား... ဖီးနစ်ငှက်က လေဟုန်စီးရင် တစ်ရက်တည်းနဲ့ ကောင်းကင်အမြင့်ကြီး ရောက်သွားတတ်တယ်တဲ့! ကျွန်တော်သာ မြင့်ပျံသွားရင် မမ ကျွန်တော့်နား ကပ်ဖို့ ခက်သွားလိမ့်မယ်နော်" လီမိုက ပြောတယ်။
"ကောင်စုတ်လေး... နင့်ကိုယ်နင် ဘယ်လိုလုပ် ဒီလောက် ယုံကြည်မှု ရှိနေရတာလဲ" မူချိုယန်။
"သေချာပေါက် ရှိတာပေါ့" လီမို။
"ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းသူပဲ! နင့်လောက် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့သူ တစ်ခါမှ မတွေ့ဖူးဘူး! နင့်အစ်မကြီး ရှေ့မှာ နည်းနည်းလောက် နှိမ့်ချလို့ မရဘူးလား" မူချိုယန်။
"နှိမ့်ချရင် မမက ကျွန်တော့်ကို ကြိုက်မှာလား" လီမို မေးလိုက်တယ်။
"မနှိမ့်ချရင်လည်း မကြိုက်ပါဘူး။ ကောင်စုတ်လေး..." မူချိုယန်။
"ဟူး... အခွင့်အရေးရရင် ကျွန်တော် တကယ် မနံဘူးဆိုတာ မမ သိအောင် လုပ်ပြရမယ်" လီမို။
"ဖူး ဖူး ဖူး... မဟုတ်ကဟုတ်ကတွေ လာမပြောနဲ့!" မူချိုယန်က ချစ်စဖွယ် အော်ပြောလိုက်တယ်။ သူ့မျက်နှာလေး ရဲတက်လာတယ်။
"ကျွန်တော်က အနံ့ခံခိုင်းမလို့ပါ... မမက ဘာတွေ လျှောက်တွေးနေတာလဲ" လီမိုက ပြောတယ်။
"မကြားချင်ဘူး... မကြားချင်ဘူး... နင် ပေါက်ကရတွေ ပြောနေတာ" မူချိုယန်။
ဒါကို မြင်တော့ လီမို ပြုံးလိုက်တယ်။
ပြီးတော့ မူချိုယန်ရဲ့ ဆံပင်ကို ဆက်ပြီး မှုတ်ပေးနေလိုက်တယ်။
သိပ်မကြာခင် မူချိုယန်ရဲ့ ဆံပင်တွေ ခြောက်သွားတယ်။
"ပြီးပြီ" ဆံပင်ခြောက်သွားတာနဲ့ လီမိုက မူချိုယန်ကို ပြုံးပြီး ပြောလိုက်တယ်။
"ဒါဆို နင်ထိုင်... ငါ နင့်ကို ပြန်မှုတ်ပေးမယ်" မူချိုယန်။
"မလိုပါဘူး... ကျွန်တော့် ဆံပင်က တိုတိုလေး... ခဏလေးနဲ့ ခြောက်သွားမှာ" လီမိုက ပြုံးပြီး ငြင်းလိုက်တယ်။
"ခဏနေ ခေါင်းကိုက်လာမှ သိမယ်။ မြန်မြန်ထိုင်" မူချိုယန်။
"ကောင်းပါပြီဗျာ" လီမို။
ပြီးတော့ သူနဲ့ မူချိုယန် နေရာချင်း လဲလိုက်တယ်။
မူချိုယန် ထိုင်ခဲ့တဲ့ နေရာမှာ သူဝင်ထိုင်လိုက်တယ်။
မူချိုယန်က သူ့အနောက်မှာ မတ်တပ်ရပ်နေတယ်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: