မူချိုယန်က အမြည်းဟင်းပွဲတချို့ မှာလိုက်တယ်။ လီမိုက အသားပေါင်း စားချင်တယ်လို့ ပြောခဲ့တယ်လေ။ ဒါကြောင့် သေချာပေါက် စီစဉ်ပေးရမှာပေါ့။ ဘာပဲဖြစ်ဖြစ် လီမိုက ဒီနေ့ သူ့ကံကြမ္မာကို ပြောင်းလဲပေးမှာလေ။ ခရမ်းချဉ်သီး ခေါက်ဆွဲ တစ်ခွက်တည်း လုပ်ကျွေးရင် သိပ်ကပ်စေးနည်းရာ ကျလွန်းတယ်။ လိုအပ်တာလေးတွေတော့ ပြင်ဆင်ထားမှ ဖြစ်မယ်။ အိမ်မှာလည်း ကျောက်ပုစွန်တချို့ ရှိနေတယ်။ တရုတ်လက်ခွံကဏန်း တွေလည်း ရှိတယ်။ အဲ့ဒါတွေကိုလည်း တိုက်ရိုက် ချက်ပြုတ်ဖို့ ပြင်ဆင်လိုက်တယ်။

...

တစ်ဖက်မှာတော့...

လီမိုက ဧည့်ခန်းထဲက ထွက်လာပြီး လျှပ်စစ်စက်ဘီး သော့ယူကာ စက်ဘီးမောင်းထွက်လာတယ်။ လုံးချင်းအိမ်ရာ ဂိတ်တံခါးကို ဖွင့်ပြီး အပြင်ထွက်လိုက်တယ်။ အပြင်ရောက်တာနဲ့ ဖုန်းထုတ်ပြီး အနီးဆုံး ဆေးခန်းကို မြေပုံနဲ့ ရှာလိုက်တယ်။ ပြီးတော့ ဆေးခန်းဆီ တန်းမောင်းသွားတယ်။ မကြာခင် ဒေသန္တရ ဆေးခန်းတစ်ခုကို ရောက်သွားတယ်။ လီမို အထဲကို အမြန်ဝင်သွားတယ်။ ခဏနေတော့ အိတ်အမည်းလေး တစ်လုံးကိုင်ပြီး ပြန်ထွက်လာတယ်။ အထဲမှာ ဆေးတချို့ ပါတယ်။ ဓာတ်မတည့်တာကို သက်သာစေတဲ့ ဆေးတွေ။

လီမို ဆေးဝယ်တုန်းက ဆရာဝန်ကို ရောဂါလက္ခဏာတွေ သေချာ ရှင်းပြခဲ့တယ်။ ဆရာဝန် အဆိုအရဆိုရင် ဒီလို ဓာတ်မတည့်မှုက အန္တရာယ် ရှိနိုင်တယ်။ ရှော့ခ်ရသွားရင် အသက်အန္တရာယ် ရှိနိုင်တယ်။ ဒါပေမဲ့ တကယ်တမ်းတော့ အိမ်မှာ ဓာတ်မတည့်သက်သာဆေး ရှိရင် ကိစ္စမရှိပါဘူး။ ကိုင်တွယ်ရတာ ရိုးရှင်းပါတယ်။ ဆေးရုံတင်စရာတောင် မလိုပါဘူး။ ပုံမှန်အားဖြင့် ဓာတ်မတည့်သက်သာဆေး တစ်လုံးလောက် သောက်လိုက်ရင် မြန်မြန် သက်သာသွားတတ်ပါတယ်။ ဒါပေမဲ့ စိတ်ချရအောင် ဆရာဝန်က တခြားဆေးတချို့ပါ ထည့်ပေးလိုက်တယ်။ တကယ်လို့ သောက်ပြီး အကြာကြီးနေမှ သက်သာရင် ဒါတွေပါ တွဲသောက်လိုက်တဲ့။ တကယ်လို့ အခြေအနေ မကောင်းဘူးလို့ ခံစားရရင်တော့ ဆေးရုံ ချက်ချင်း ပို့လိုက်ပေါ့။ ရောဂါ စဖြစ်တာနဲ့ အချိန်မဆွဲဘဲ ကုသလိုက်ရင် ဘာပြဿနာမှ မရှိပါဘူး။ အကြောက်ရဆုံးကတော့ အိမ်မှာ ရှော့ခ်ရသွားပြီး ဘယ်သူမှ သတိမထားမိမှာကိုပဲ။ တချို့လူတွေက ရှော့ခ်ရသွားပြီး ခဏနေရင် ပြန်သတိရလာတတ်ပေမယ့်... တချို့ကျတော့ လည်ချောင်းထဲ အဖုအပိမ့်တွေ ထွက်လာပြီး အသက်ရှူရ ခက်ခဲသွားတတ်တယ်။ တစ်ယောက်တည်း ရှော့ခ်ရပြီး ဘယ်သူမှ မသိလိုက်ရင်တော့ ပြန်နိုးလာဖို့ ခဲယဉ်းသွားပြီ။

ဆေးခန်းက ထွက်လာပြီးနောက် လီမိုက ကျွမ်းကျွမ်းကျင်ကျင်ပဲ စက်ဘီးပေါ် တက်ပြီး အိမ်ပြန်ဖို့ ပြင်လိုက်တယ်။ ဒါပေမဲ့ ပြန်ဖို့ ပြင်နေတုန်းမှာပဲ... သူ့ဖုန်း ရုတ်တရက် မြည်လာတယ်။ ကောက်ကိုင်ကြည့်လိုက်တော့ Video Call ဖြစ်နေတယ်။ Video Call ကို မြင်တော့ လီမိုရဲ့ မျက်နှာထားက နည်းနည်း ရှုပ်ထွေးသွားတယ်။ မျက်နှာထား ရှုပ်ထွေးနေပေမယ့် တုံ့ဆိုင်းမနေဘဲ ဖုန်းကို တန်းကိုင်လိုက်တယ်။

ဖုန်းကိုင်လိုက်တာနဲ့ တစ်ဖက်မှာ အသက်လတ်ပိုင်း အမျိုးသမီးတစ်ယောက် ပေါ်လာတယ်။ အေပရွန် ဝတ်ထားတယ်။ ကြည့်ရတာ ရိုးရိုးရှင်းရှင်းလေးပါပဲ။

"ဒေါ်ဒေါ်" တစ်ဖက်လူကို မြင်တာနဲ့ လီမို ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်တယ်။

"အေး... ရှောင်မို (မိုလေး)၊ ထမင်းစားပြီးပြီလား" အဲ့ဒီ အမျိုးသမီးက ပြုံးပြီး ပြန်မေးတယ်။

"မစားရသေးဘူး ဒေါ်ဒေါ်... အခုမှ သွားစားမလို့" လီမိုက ပြောတယ်။

"အော်... အေး အေး" (အမျိုးသမီး)

"ဒေါ်ဒေါ်... ဘာကူညီပေးရမလဲ။ ဘာကိစ္စ ရှိလို့လဲ" လီမို မေးလိုက်တယ်။

"ရှောင်မို... သားမွေးနေ့ နီးနေပြီလေ။ ပြီးတော့ 'ယွဲ့အာ'လည်း တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေပြီးပြီ။ သားနဲ့ မတွေ့ရတာ ကြာလို့ လွမ်းနေတာ။ အချိန်ရရင် အိမ်ပြန်လာခဲ့ပါလား"

"တကယ်လို့ သား အလုပ်များနေပြီး အချိန်မရရင်လည်း ထားလိုက်ပါတော့" အမျိုးသမီး။

"ရပါတယ်... ပြဿနာ မရှိပါဘူး။ နောက်ရက်နည်းနည်းနေရင် ပြန်လာခဲ့ပါမယ်" လီမို ပြန်ဖြေလိုက်တယ်။

"တကယ်လား ကိုကို? နောက်ရက်နည်းနည်းနေရင် တကယ် ပြန်လာမှာနော်?!" လီမို စကားဆုံးတာနဲ့ တစ်ဖက်က ဗီဒီယိုထဲကနေ သာယာချိုမြိန်တဲ့ အသံလေး ထွက်ပေါ်လာတယ်။

အသံထဲမှာ စိတ်လှုပ်ရှားမှုတွေ အပြည့်ပါနေတယ်။

အသံနဲ့အတူ ခေါင်းလေးတစ်လုံးပါ ဗီဒီယိုထဲ ဝင်လာတယ်။

ဘဲဥပုံမျက်နှာလေး၊ အသားဖြူဖြူ၊ တောက်ပတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ မျက်တောင်ကော့ကော့လေးတွေ ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတစ်ယောက်။ အသက် ၁၈ နှစ်လောက် ရှိမယ့် ကောင်မလေး။

"အင်း... နောက်ရက်နည်းနည်းနေရင် ပြန်လာခဲ့မယ်" လီမိုက ပြုံးပြီး ပြောလိုက်တယ်။

"ကတိနော်! ကိုကို... လေမပေးနဲ့နော်။ လိမ်ရင် ခွေးဖြစ်ကြေး!" ကောင်မလေးက စိတ်လှုပ်ရှားစွာ ထပ်ပြောတယ်။

"သွားစမ်း... သွားစမ်း... နင့်ကိုကိုက အလုပ်များတယ်ဟဲ့။ အကြောင်းတစ်ခုခုကြောင့် ပြန်မလာနိုင်ရင်လည်း ဖြစ်တတ်တာပဲဟာ" ကောင်မလေး ပြောပြီးတာနဲ့ တစ်ဖက်က ရွံရှာသလို အသံ ထွက်လာတယ်။ ပြီးတော့ အသက်လတ်ပိုင်း အမျိုးသမီးက မြင်ကွင်းထဲ ပြန်ဝင်လာတယ်။

ပြီးတော့ နူးညံ့တဲ့ မျက်နှာထားနဲ့ လီမိုကို ပြောတယ်။ "ရှောင်မို... တကယ်လို့ သား တကယ် ပြန်မလာနိုင်ရင်လည်း အားမနာနဲ့နော်။ အလုပ်ကိုပဲ အာရုံစိုက်"

"ဟုတ်ကဲ့ ဒေါ်ဒေါ်။ စိတ်မပူပါနဲ့... ဒီရက်ပိုင်း သား သိပ်မရှုပ်ပါဘူး။ ပြန်လာနိုင်ပါတယ်" လီမိုက ပြုံးပြီး ပြောလိုက်တယ်။

"ဒါဆိုရင်တော့ ကောင်းတာပေါ့ ရှောင်မို။ ဒါဆို မနှောင့်ယှက်တော့ဘူးနော်... တွေ့မယ်" အမျိုးသမီးက ပြောတယ်။

"ဟုတ်ကဲ့" လီမို။

ဖုန်းချလိုက်တယ်။

ဖုန်းချပြီးတာနဲ့ လီမို ဖုန်းကို သိမ်းလိုက်တယ်။ သူ့မျက်နှာထားက ရှုပ်ထွေးနေတုန်းပဲ။ သူက အဲ့ဒီ အမျိုးသမီးကို "ဒေါ်ဒေါ်" လို့ ခေါ်တယ်။

ဒါပေမဲ့ တကယ်တမ်းတော့ အဲ့ဒီအမျိုးသမီးက သူ့ရဲ့ မိထွေး ဖြစ်လုနီးပါး ဖြစ်ခဲ့ဖူးသူ။

သူငယ်ငယ်တုန်းက မရင့်ကျက်ခဲ့လို့...

သူ့အဖေက အဲ့ဒီ ဒေါ်ဒေါ်နဲ့ စတွဲတုန်းက သူက အမျိုးမျိုး သောင်းကျန်းခဲ့တယ်။ သဘောမတူဘဲ ကလေးဆန်ခဲ့တယ်။ နောက်ပိုင်း တက္ကသိုလ် ရောက်မှ သူ နားလည်လာခဲ့တာ။ သူ့အဖေက ဒေါ်ဒေါ်နဲ့ တရားဝင် လက်ထပ်ဖို့ ပြောလာတုန်းက သူ သဘောတူလိုက်ခါနီးမှာပဲ... သူ့အဖေ ရုတ်တရက် ကားတိုက်မှုနဲ့ ဆုံးပါးသွားတယ်။ ဒါက လီမိုကို တော်တော် အပြစ်ရှိသလို ခံစားရစေတယ်။ ဒါကြောင့် တက္ကသိုလ် ဘွဲ့ရပြီးကတည်းက သူ ဇာတိကို မပြန်ဖြစ်သလောက်ပဲ။ ဘာလို့လဲဆိုတော့ ဒေါ်ဒေါ်က သူ့အပေါ် အရမ်းကောင်းခဲ့လို့။ ဒေါ်ဒေါ်က သူ့အပေါ် ပိုကောင်းလေ... သူ အိမ်ပြန်ဖို့ ပိုကြောက်လေပဲ။ တစ်ခါတလေကျရင် သူ အဲ့ဒီ ဒေါ်ဒေါ်ကို "အမေ" လို့ ပြောင်းခေါ်ချင်ပေမယ့်... သူ့မှာ အရည်အချင်း မရှိဘူးလို့ ခံစားရတယ်။

စောစောက ကောင်မလေးကတော့...

သူ့ကို "ကိုကို" လို့ ခေါ်ပေမယ့်...

တကယ်တမ်းတော့ မောင်နှမအရင်း မဟုတ်ဘူး။ ဒေါ်ဒေါ်က ကွာရှင်းထားတဲ့ မိသားစုကပါ။ ညီမလေးက ဒေါ်ဒေါ်နဲ့ သူ့ခင်ပွန်းဟောင်းတို့က မွေးတဲ့ ကလေး။

"ဟူး..."

မျက်လုံးထဲမှာ ရှုပ်ထွေးတဲ့ ခံစားချက်တွေ ဖြတ်သန်းသွားပြီး လီမို ဝမ်းနည်းစွာ သက်ပြင်းချလိုက်မိတယ်။ ဒါပေမဲ့ တစ်ခါပဲ သက်ပြင်းချပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းလိုက်တယ်။ ဘာမှ ဆက်မစဉ်းစားတော့ဘဲ စက်ဘီးကို မောင်းပြီး ဗီလာဆီ တန်းပြန်လာခဲ့တယ်။

ဗီလာကို ပြန်ရောက်တော့... မူချိုယန်က ဧည့်ခန်းထဲမှာ ရောက်နေပြီ။ ဒီအချိန်မှာ မူချိုယန်က ဧည့်ခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတယ်။ ရံဖန်ရံခါ အပြင်ဘက်ကို လှမ်းကြည့်တတ်သေးတယ်။ လီမို ဝင်လာတာ မြင်တော့ သူ့မျက်လုံးတွေ ချက်ချင်း အရောင်တောက်သွားတယ်။

"ကောင်စုတ်လေး... နင် ပြန်ရောက်လာပြီပဲ! နင်သာ ပြန်မလာရင် ငါ ရဲတိုင်တော့မလို့!" မူချိုယန်က ပြောတယ်။

"ဟားဟား... မမပဲ ပြောတော့ ကျွန်တော် ပိုက်ဆံယူပြေးမှာ မကြောက်ပါဘူးဆို" လီမို။

"မကြောက်ဘူး ဆိုပေမယ့် နင်ပြန်မလာတာ ကြာတော့ စိတ်ပူတာပေါ့ဟယ်။ ဘာပဲဖြစ်ဖြစ် နင့်အစ်မကြီး အသက်ရှင်မလား သေမလား ဆိုတာ နင့်လက်ထဲမှာလေ" မူချိုယန်။

"စိတ်မပူပါနဲ့... မမ ဘာမှ မဖြစ်စေရပါဘူး" လီမိုက ပြုံးပြီး ပြောတယ်။

"နင် တစ်ခုခု သွားပြင်ဆင်မလို့ ဆို... ဘာလို့ အိတ်အမည်းလေး တစ်လုံးပဲ ပါလာတာလဲ။ အထဲမှာ ဘာပါလဲ" မူချိုယန်က လီမိုရဲ့ လက်ထဲက အိတ်အမည်းလေးကို စပ်စုသလို ကြည့်ပြီး မေးလိုက်တယ်။

"လျှို့ဝှက်ချက်... ခဏနေရင် သိရမှာပေါ့" လီမိုက ပြောတယ်။

ပြောရင်းနဲ့ လီမိုက မူချိုယန်ရဲ့ QR Code ကို နောက်တစ်ကြိမ် စကင်ဖတ်လိုက်တယ်။ အထူးအခြေအနေ ကဏ္ဍကိုပဲ အာရုံစိုက်ပြီး ကြည့်လိုက်တယ်။

"အထူးအခြေအနေ: ည ၈ နာရီ ၃၀ မိနစ်တွင် ထျန်းဟယ် အမှတ် ၃ လုံးချင်းအိမ်၌ နဂါးမောက်သီး စားပြီးနောက် ရုတ်တရက် ဓာတ်မတည့်မှု ဖြစ်ကာ တစ်ကိုယ်လုံး ပူထူပြီး အဖုအပိမ့်များ ထွက်လာမည်။ ရှော့ခ် ရလုနီးပါး ဖြစ်မည်။ သို့သော် လီမိုက ဆေးဝါးများကို ကြိုတင် ပြင်ဆင်ထားသည့်အတွက် ဆေးသောက်ပြီးနောက် လျင်မြန်စွာ သက်သာပျောက်ကင်းသွားမည်။"

ဒီအထူးအခြေအနေက သူ အိမ်ကမထွက်ခင် စကင်ဖတ်ခဲ့တုန်းက အတိုင်းပဲ ဖြစ်နေတာကို မြင်တော့ လီမို လုံးဝ စိတ်အေးသွားတယ်။ ကိစ္စပြတ်သွားပြီ။ သူဝယ်လာတဲ့ဆေး မှန်တယ်ဆိုတာ သေချာသွားပြီ။ မူချိုယန် နဂါးမောက်သီး စားပြီးတာနဲ့ ဆေးသောက်လိုက်ရင် ဘာမှ မဖြစ်တော့ဘူး။