"မမချိုယန်... ဒီသေတ္တာထဲမှာ ဘာတွေလဲ" မူချိုယန် သေတ္တာမလာတာ မြင်တော့ လီမိုက ပြုံးပြီး မေးလိုက်တယ်။

"နင်က အနာဂတ်ကို ဟောနိုင်တယ်မလား... ခန့်မှန်းကြည့်လေ" မူချိုယန်က လီမိုကို မျက်စိတစ်ဖက် မှိတ်ပြပြီး ပြုံးကာ ပြောလိုက်တယ်။

ဒါကို မြင်တော့ လီမိုက သေတ္တာဆီ အကြည့်ပို့လိုက်တယ်။

ပြီးတော့ စိတ်ထဲကနေ တိတ်တဆိတ် ရေရွတ်လိုက်တယ်။ "စကင်ဖတ်မယ်"

ချက်ချင်းပဲ အချက်အလက် ဘားတစ်ခု လီမိုရဲ့ မြင်ကွင်းထဲ ပေါ်လာတယ်။

ပစ္စည်း: စက္ကူသေတ္တာ

ထုတ်လုပ်သည့်ရက်စွဲ: ၂၀၂၂ မတ်လ

ပိုင်ရှင်: မူချိုယန်

အထူးအခြေအနေ: အထဲတွင် မူချိုယန်နှင့် ဓာတ်မတည့်သည့် နဂါးမောက်သီးများ ပါရှိသည်။

နဂါးမောက်သီး အရေအတွက်: ၁၂ လုံး

ဒီအချက်အလက်ကို မြင်တော့ လီမိုရဲ့ မျက်လုံးထဲမှာ အံ့သြရိပ်တွေ ဖြတ်သန်းသွားတယ်။

သူ့ရဲ့ စကင်ဖတ်နိုင်တဲ့ စွမ်းရည်က သေတ္တာထဲမှာ ဘာရှိလဲဆိုတာ သိနိုင်မယ်လို့ ထင်ထားပေမယ့်...

မထင်မှတ်ထားတာက စက္ကူသေတ္တာကို စကင်ဖတ်လိုက်တာနဲ့ အထူးအခြေအနေကိုပါ ဖော်ပြပေးနေတာပဲ။

"ဒါဆို အထူးအခြေအနေ ဆိုတာက လူတွေမှာပဲ ဖြစ်တာ မဟုတ်ဘဲ ပစ္စည်းတွေမှာပါ ဖြစ်နိုင်တာပေါ့? တကယ်လို့ ငါက ဒီအထူးအခြေအနေတွေကို ပြောင်းလဲပစ်လိုက်ရင်ရော စွမ်းရည်မှတ်တွေ ရနိုင်မလား" အချက်အလက်တွေကို ကြည့်ရင်း လီမိုရဲ့ စိတ်ကူးတွေ ယဉ်သွားတယ်။

လီမို တွေးနေတုန်း မူချိုယန်က ပြုံးပြီး မေးလိုက်တယ်။ "ကဲ... မောင်လေး... နင် ခန့်မှန်းနိုင်လား။ ဒါမှမဟုတ် တွက်ချက်နိုင်လား... အထဲမှာ ဘာရှိလဲဆိုတာ"

"နဂါးမောက်သီး" လီမို ပြုံးပြီး ဖြေလိုက်တယ်။

"တကယ်ကြီး တွက်လိုက်တာလား!" မူချိုယန် မျက်လုံးပြူးသွားတယ်။

"ဒါဆို ပြောစမ်း... ဒီထဲမှာ နဂါးမောက်သီး ဘယ်နှလုံး ရှိလဲ" မူချိုယန်က မနေနိုင်ဘဲ ထပ်မေးလိုက်တယ်။

"၁၂ လုံး" လီမို။

"ဝါး... ဘုရားရေ... နင့်ရဲ့ တွက်ချက်နိုင်စွမ်းက တကယ် ကြမ်းတာပဲ! နဂါးမောက်သီး ပါတာကို သိရုံတင် မကဘူး... အရေအတွက်ပါ အတိအကျ သိတယ်ပေါ့။ နင် တကယ်ပဲ မယုံနိုင်စရာ ကောင်းလွန်းတယ်"

မူချိုယန် အသက်ရှူမှားသွားပြီး အံ့သြတကြီး အော်ပြောလိုက်တယ်။

လီမို ပြောတာကို ကြားပြီး တကယ် တုန်လှုပ်သွားတာ။

"မဆိုးပါဘူး" လီမိုက ပြုံးပြီး ပြောတယ်။

"မဆိုးရုံပဲ ရှိမလား... တော်တော် မိုက်နေပြီဟာကို! ကောင်စုတ်လေး... နင်က မနှိမ့်ချသင့်တဲ့ နေရာကျမှ လာနှိမ့်ချနေတယ်" မူချိုယန်က လီမိုကို မျက်စောင်းထိုးလိုက်တယ်။

ပြောပြီးတာနဲ့ ဧည့်ခန်းစားပွဲဆီ လျှောက်သွား၊ သေတ္တာကို စားပွဲပေါ်တင်၊ သစ်သီးလှီးဓားကို ယူပြီး သေတ္တာကို ဖောက်လိုက်တယ်။

"ငါ ဝယ်လာတဲ့ နဂါးမောက်သီးတွေ ကုန်အောင် စားနိုင်ပါ့မလားလို့ စဉ်းစားနေတာ။ ပြီးတော့ ငါ့သူငယ်ချင်း ပြောသလို တကယ်ရော စားကောင်းရဲ့လားလို့လည်း တွေးနေတာ"

"အခု နင်ရောက်လာတော့ ကွက်တိပဲ... ကူစားပေးလို့ ရပြီ" မူချိုယန်က သေတ္တာဖွင့်ပြီး နဂါးမောက်သီး တစ်လုံး ယူကာ လီမိုကို ပြုံးပြီး ပြောလိုက်တယ်။

"မမ အရင်က နဂါးမောက်သီး တစ်ခါမှ မစားဖူးဘူးလား" လီမိုက မူချိုယန်ကို ကြည့်ပြီး ပြုံးစစနဲ့ မေးလိုက်တယ်။

"တစ်ခါမှ မစားဖူးဘူး" မူချိုယန်က တုံ့ဆိုင်းခြင်းမရှိ ဖြေလိုက်တယ်။

"အော်... ဒါကြောင့်ကိုး" လီမို ရုတ်တရက် သဘောပေါက်သွားတယ်။

ပြီးတော့ ထရပ်ပြီး ဘေးက ရေပူရေအေးစက်ဆီ လျှောက်သွားလိုက်တယ်။

စက္ကူခွက် တစ်ခွက်ယူ၊ ရေဖြည့်ပြီး စားပွဲဆီ ပြန်လျှောက်လာတယ်။ ရေခွက်ကို စားပွဲပေါ် တင်လိုက်တယ်။

လီမို လုပ်တာကို မြင်တော့ မူချိုယန် နည်းနည်း နားမလည် ဖြစ်သွားတယ်။ ဘာလို့လဲဆိုတော့ လီမိုက ရေခပ်လာပြီး ကိုယ်တိုင် မသောက်လို့လေ။ ဒီနဂါးမောက်သီးက စပ်လို့လား၊ ငန်လို့လား။ မဟုတ်ရင် ဘာလို့ ရေကြိုခပ်ထားရတာလဲ။

"နဂါးမောက်သီးက မစားခင် ရေနဲ့ ရောရသေးတာလား" မူချိုယန်က နားမလည်စွာနဲ့ လီမိုကို တည့်တိုး မေးလိုက်တယ်။

"မလိုပါဘူး" လီမို ခေါင်းခါလိုက်တယ်။

"ဒါဆို ဘာလို့ ငါ့ကို ရေတစ်ခွက် ငှဲ့ပေးထားတာလဲ။ နင် ရေဆာလို့လား။ ရေဆာရင် ဘာလို့ မသောက်တာလဲ" မူချိုယန် စပ်စုချင်စိတ်နဲ့ ထပ်မေးတယ်။

"ဒါ မမအတွက်ပါ" လီမိုက ပြုံးပြီး ဖြေတယ်။

"ငါ့အတွက်? ရေနဲ့ ရောစရာ မလိုရင် ငါလည်း ရေမလိုပါဘူး။ ငါ အခု ရေမဆာဘူး... ဘာပဲဖြစ်ဖြစ် ကျေးဇူးပါပဲ ကောင်စုတ်လေး" မူချိုယန်က ရေခွက်ကို အံ့သြသလို ကြည့်ပြီး လီမိုကို ပြုံးကာ ပြောလိုက်တယ်။

ပြောပြီးတာနဲ့ နဂါးမောက်သီး တစ်လုံးယူပြီး အခွံစခွာလိုက်တယ်။ ပထမဆုံးအကြိမ် စားတာ ဆိုပေမယ့်... အခွံခွာတဲ့ ပုံစံကတော့ တော်တော် ကျွမ်းကျင်တယ်။ တခြား သစ်သီးတွေ အများကြီး စားဖူးမှန်း သိသာတယ်။ ခဏလေးနဲ့ နဂါးမောက်သီး အခွံခွာပြီးသွားတယ်။ ပြီးတော့ ဓားနဲ့ တစ်စိတ်လှီးပြီး ပါးစပ်ထဲ ထည့်လိုက်တယ်။

ဒါကို မြင်တော့ လီမို မတားပါဘူး။ သူက စားပွဲအံဆွဲထဲ ကြိုထည့်ထားတဲ့ အိတ်အမည်းလေးကို ထုတ်၊ အထဲက Xismin (ဓာတ်မတည့်သက်သာဆေး) ကို ယူပြီး QR Code ကို စကင်ဖတ်လိုက်တယ်။ ဆေးဝါးတွေမှာ အထူးအခြေအနေ ရှိတယ်ဆိုတာ သိထားပြီးပြီပဲ။ ဒါဆို ဒီဆေးက မူချိုယန်ကို ကယ်နိုင်မလား ဆိုတာ ကြည့်ရမယ်လေ။

ပစ္စည်း: Xismin (ဓာတ်မတည့်သက်သာဆေး)

ထုတ်လုပ်သည့်ရက်စွဲ: ၂၀၂၂ မတ်လ

အထူးအခြေအနေ: မူချိုယန်၏ ဓာတ်မတည့် ရောဂါလက္ခဏာများသည် တစ်မိနစ်အတွင်း သက်သာပျောက်ကင်းသွားမည်။

ဒါကို မြင်တော့ လီမို မနေနိုင်ဘဲ ထပ်ပြုံးလိုက်မိတယ်။ အခုတော့ ဘာမှ စိတ်ပူစရာ မလိုတော့ဘူး။ ဒီတစ်ခေါက်တော့ သေချာပေါက် အောင်မြင်ပြီ။ မကြာခင် စွမ်းရည်မှတ်တွေ ထပ်ရတော့မယ်။ ပြီးရင် မူချိုယန်ဆီက စွမ်းရည်တွေ ထပ်ထုတ်ယူလို့ ရပြီ။ ဒါမှမဟုတ် လင်းယန်ရန်ကို သွားရှာလို့ ရပြီ။

လီမိုက လင်းယန်ရန်ရဲ့ စွမ်းရည်တွေကိုလည်း တော်တော် စိတ်ဝင်စားတယ်။ ဟက်ကာ စွမ်းရည် (ကျွမ်းကျင်) ပဲ ဖြစ်ဖြစ်၊ ဝင်ချွန်း (ကျွမ်းကျင်) ပဲ ဖြစ်ဖြစ်၊ ကားမောင်း စွမ်းရည် (ကျွမ်းကျင်) ပဲ ဖြစ်ဖြစ်ပေါ့။

"Xismin? ဆေးပြားလား? ကောင်စုတ်လေး... နင် ဆေးထုတ်ပြီး ဘာလုပ်မလို့လဲ။ ငါ ဒီဆေး တစ်ခါမှ မသောက်ဖူးပေမယ့် ကြားဖူးတယ်။ ဓာတ်မတည့်တာကို ကုပေးနိုင်တယ်ဆို" လီမို ဆေးထုတ်တာ မြင်တော့ မူချိုယန် ကြောင်သွားပြီး မျက်လုံးပြူးကာ မေးလိုက်တယ်။

"အခုချိန်မှာ ဒီဆေးထုတ်တာ ဘာလုပ်ဖို့လို့ ထင်လဲ" လီမိုက မူချိုယန်ကို ပြုံးပြီး ပြန်မေးလိုက်တယ်။

"နင် ဆိုလိုတာက... ဒါ ငါသောက်ဖို့လား။ ငါ ဓာတ်မတည့် ဖြစ်တော့မယ်လို့ ပြောချင်တာလား။ နေပါဦး... ဒါဆို နင်ပြောတဲ့ သွေးမြေကျမယ့် ကပ်ဆိုးနိမိတ်၊ အသေဆိုးနဲ့ သေမယ် ဆိုတာက... ဓာတ်မတည့်လို့ ဖြစ်မှာပေါ့ ဟုတ်လား" မူချိုယန် ခဏလောက် ကြောင်သွားပြီးမှ လီမိုဘက်လှည့်ပြီး လေးလေးနက်နက် မေးလိုက်တယ်။

"ဟုတ်တယ်... မှန်တယ်။ မမ သေချာပေါက် သေရမယ့် အကြောင်းရင်းက ဒီနဂါးမောက်သီးကြောင့်... မမရဲ့ ဓာတ်မတည့်မှုကြောင့်ပါ" လီမိုက တည်ငြိမ်စွာ ဖြေလိုက်တယ်။

"ဒါ... ဒါက နည်းနည်းတော့ မဖြစ်နိုင်လွန်းဘူးလား။ ငါက ဘာနဲ့မှ ဓာတ်မတည့်ဖူးပါဘူး။ နဂါးမောက်သီး တစ်ခါမှ မစားဖူးပေမယ့်... စားလိုက်ရုံနဲ့တော့ မသေလောက်ပါဘူး!"

"ဓာတ်မတည့်တာက ဘယ်လောက် ပြင်းထန်မှ သေနိုင်မှာလဲ" မူချိုယန် မျက်လုံး ထပ်ပြူးသွားပြန်တယ်။

လီမိုရဲ့ စွမ်းရည်ကို ယုံနေပြီ ဆိုပေမယ့်...

ရုတ်တရက်ကြီး သူ့ရဲ့ သေရမယ့် အကြောင်းရင်းက ဒါပဲ ဆိုတာကို ကြားလိုက်ရတော့ လက်မခံနိုင်သေးဘူး။

"ဓာတ်မတည့် ရှော့ခ်! ပြောကြည့်... တကယ်လို့ ဒီနေ့ မမသာ ကျွန်တော်နဲ့အတူ ဗီလာကို လိုက်မလာဘဲ အိမ်မှာ တစ်ယောက်တည်း ရှိနေမယ်... ပြီးတော့ နဂါးမောက်သီး စားလိုက်ပြီး ရုတ်တရက် ဓာတ်မတည့် ရှော့ခ် ရသွားမယ်... အချိန်မီ ဆေးရုံပို့မယ့်သူ မရှိရင် မမ ဘာဖြစ်သွားမလဲ" လီမိုက တည်ငြိမ်စွာ မေးလိုက်တယ်။

"ဒါ... တကယ်လို့ အဲ့လောက်ထိ ပြင်းပြင်းထန်ထန် ဓာတ်မတည့် ဖြစ်ခဲ့ရင်တော့ သေနိုင်ချေ များတာပေါ့။ ဒါပေမဲ့ ငါက တကယ် ဓာတ်မတည့်တာ ဟုတ်လို့လား။ ဒါတွေ အကုန်လုံးက ငါ ဓာတ်မတည့်ဘူး ဆိုရင် မဖြစ်နိုင်ဘူးလေ" မူချိုယန်က တုံ့ဆိုင်းစွာနဲ့ လေးလေးနက်နက် ပြောလိုက်တယ်။

"ဒါဆို အခု စောင့်ကြည့်ကြတာပေါ့... မမ ရောဂါဖောက်လာမယ့် အချိန်ကို" လီမိုက ပြုံးပြီး ပြောလိုက်တယ်။

"တကယ်ကြီး အဲ့လောက် ဆန်းကြယ်တာလား" မူချိုယန် မေးလိုက်တယ်။

"အဲ့လောက် ဆန်းကြယ်ပါတယ်။ မယုံရင်... ရော့... မြန်မြန် ဖောက်လာအောင် များများ စားလိုက်။ ဘာပဲဖြစ်ဖြစ် မမက ဓာတ်မတည့် ဖြစ်ဦးမှာပဲ... စားပြီးသားလည်း ဖြစ်နေပြီဆိုတော့ ဆက်မစားရင် နှမြောစရာကြီး" လီမိုက ပြုံးပြီး ပြောလိုက်တယ်။