အခန်း (၂၂) - ဘယ်သူက မသေချင်ဘဲ နေမှာလဲ
"ဒါပေမဲ့ တကယ်လို့ ဓာတ်မတည့်တာ တကယ် ဖြစ်လာရင်... ငါ အများကြီး စားလိုက်မိရင် ပိုဆိုးသွားမလား။ ပိုပြီး အန္တရာယ် မများဘူးလား" မူချိုယန်က တုံ့ဆိုင်းစွာ မေးလိုက်တယ်။
"ဘာကြောက်စရာ ရှိလဲ။ ဆေးရှိနေတာပဲဟာ" လီမိုက ပြုံးပြီး ပြောလိုက်တယ်။
"တကယ်လို့ မသက်သာဘဲ ရှော့ခ်ရသွားရင်လည်း ကျွန်တော် ဆေးရုံတန်းပို့ပေးမှာပေါ့"
"အိမ်မှာ ကားမှ မရှိတာ... လျှပ်စစ်စက်ဘီးပဲ ရှိတာလေ။ ဒီအမြန်နှုန်းနဲ့ ဆေးရုံရောက်ရင် ငါ သေလောက်ပြီ။ အရင်တုန်းကတော့ ကားဝယ်ဖို့ မလိုဘူးလို့ ထင်ခဲ့ပေမယ့်... အခုကြည့်ရတာ ဝယ်မှ ဖြစ်တော့မယ် ထင်တယ်" မူချိုယန်က တိုးတိုးလေး ညည်းပြီး လီမိုကို လှမ်းကြည့်တယ်။
"မနက်ဖြန် အားလား။ ကားသွားဝယ်ရအောင်"
"အားပါတယ်... အချိန်တွေ အများကြီး ရှိပါတယ်" လီမိုက ပြုံးပြီး ပြောလိုက်တယ်။
"ဒါဆို မနက်ဖြန် ကားသွားဝယ်ကြမယ်။ ကွက်တိပဲ... နင့်မှာလည်း ကားမရှိသေးဘူးမလား... တစ်ခါတည်း ဝယ်လိုက်လေ" မူချိုယန်။
"အင်း" လီမို ပြုံးပြီး ခေါင်းညိတ်လိုက်တယ်။
ခေါင်းညိတ်ပြီးတာနဲ့ မူချိုယန် လက်ထဲက နဂါးမောက်သီးကို ကြည့်ပြီး မေးလိုက်တယ်။ "ဒါဆို ဆက်စားဦးမလား"
"အဟွတ် အဟွတ် အဟွတ်... နဂါးမောက်သီးက ချိုတော့ ချိုပါတယ်... ဒါပေမဲ့ တော်ပါပြီဟာ။ အသက်က ပိုအရေးကြီးတယ်။ ဆေးရှိရင်တောင် အန္တရာယ် များပါတယ်။ ဆေးမတိုးရင် ဘယ်လိုလုပ်မလဲ။ ဒီလောက်နဲ့ပဲ တော်လိုက်ကြရအောင်" မူချိုယန် ချောင်းဟန့်ပြီး နေရခက်စွာ ပြောလိုက်တယ်။
ပြောပြီးတာနဲ့ နဂါးမောက်သီးကို လီမိုဆီ ကမ်းပေးလိုက်တယ်။ "ငါကတော့ မစားနိုင်တော့ဘူး... နင်ပဲ စားလိုက်တော့"
"အင်း"
လီမိုက ပေါ့ပေါ့ပါးပါးပဲ ယူလိုက်တယ်။
ပြီးတော့ နဂါးမောက်သီးကို စကင်ဖတ်လိုက်သေးတယ်။ နဂါးမောက်သီးရဲ့ အထူးအခြေအနေက မူချိုယန်ကိုပဲ ဒုက္ခပေးမှာ၊ သူ့အတွက် ဘာမှ မရေးထားဘူး။ ဒါကြောင့် တုံ့ဆိုင်းမနေဘဲ တစ်စိတ်လှီးပြီး ပါးစပ်ထဲ ထည့်လိုက်တယ်။ မျက်လုံး အရောင်တောက်သွားတယ်။ အရသာက မဆိုးဘူး။
ဘာမှ ဆက်မပြောတော့ဘဲ ဆက်ပြီး စားနေလိုက်တယ်။
ဒီအချိန်မှာ မူချိုယန်ကတော့ လီမို စားနေတာကို တံတွေးမြိုပြီး ကြည့်နေရတာပေါ့။ စားချင်လိုက်တာဟာ... ငါလည်း စားချင်တယ်။ ဒါပေမဲ့ နဂါးမောက်သီးကို တစ်လှည့်၊ ဆေး (Xismin) ကို တစ်လှည့် ကြည့်ပြီး... စိတ်ကို ထိန်းလိုက်ရတယ်။
အဲ့ဒီလို အခြေအနေမှာ...
သိပ်မကြာခင် မူချိုယန် သူ့တစ်ကိုယ်လုံး ပူလာတာကို ခံစားလိုက်ရတယ်။ နေရထိုင်ရ အရမ်းခက်တယ်။ လည်ချောင်းက ယားလာတယ်။ ခန္ဓာကိုယ်လည်း ယားလာတယ်။ ကုတ်ချင်စိတ်တွေ တဖွားဖွား ပေါ်လာတယ်။ ယားတာက ပိုပိုဆိုးလာပြီး မခံမရပ်နိုင် ဖြစ်လာတယ်။ အသက်ရှူရတာတောင် နည်းနည်း ကြပ်လာသလိုပဲ။
"ရောဂါ ထလာပြီ... တော်တော် နေရခက်တယ်။ တကယ်ပဲ ဓာတ်မတည့်သလို ဖြစ်နေပြီ။ လည်ချောင်းထဲမှာ တစ်ခုခု ပိတ်နေသလိုပဲ... တစ်ကိုယ်လုံးလည်း ပူလာပြီ" မူချိုယန်က သူ့အခြေအနေကို လီမိုကို အမြန် ပြောပြလိုက်တယ်။
ဒါကို မြင်တော့ လီမိုက သူ့အာရုံကို မူချိုယန်ဆီ ပို့ပြီး စကင်ဖတ်လိုက်တယ်။
အထူးအခြေအနေ ကဏ္ဍကို အာရုံစိုက်လိုက်တယ်။
"အထူးအခြေအနေ: နဂါးမောက်သီး စားပြီးနောက် ခန္ဓာကိုယ်တွင် ပြင်းထန်သော ဓာတ်မတည့်မှု ဖြစ်ပွားပြီး ရှော့ခ်ရလုနီးပါး ဖြစ်နေသည်။ ကံကောင်းစွာဖြင့် လီမိုက ဓာတ်မတည့်သက်သာဆေးများကို ကြိုတင်ပြင်ဆင်ထားပြီး၊ ဆေးသောက်ပြီးနောက် လျင်မြန်စွာ သက်သာလာမည်။"
"ဆေး မြန်မြန်သောက်လိုက်။ ပြင်းထန်တဲ့ ဓာတ်မတည့်မှု ဖြစ်နေပြီ။ အချိန်ဆွဲလို့ မရတော့ဘူး။ ဒါမှမဟုတ် လုံးဝ ရှော့ခ်ရသွားမှ ဆေးတိုက်ပြီး ဆေးရုံပို့ပေးရမလား" အခြေအနေ မကောင်းတာ မြင်တာနဲ့ လီမိုက မူချိုယန်ကို အမြန် ပြောလိုက်တယ်။
ဒါကို ကြားတော့ မူချိုယန် တုံ့ဆိုင်းမနေတော့ဘူး။ လီမို ကြိုတင်ပြင်ဆင်ထားတဲ့ ဓာတ်မတည့်သက်သာဆေးကို ယူ၊ ပါးစပ်ထဲထည့်၊ ရေတစ်ခွက်နဲ့ မျိုချလိုက်တယ်။ ဆေးသောက်ပြီးတာတောင် မူချိုယန်က နေရခက်နေတုန်းပဲ။ တစ်ကိုယ်လုံး ယားပြီး ပူနေတုန်းပဲ။
"ယားတုန်းပဲ... ပြီးတော့ အရမ်းပူတယ်" မူချိုယန်က လီမိုကို ကြည့်ပြီး နည်းနည်း ထိတ်လန့်စွာ ပြောလိုက်တယ်။
ဘာပဲဖြစ်ဖြစ် ရှော့ခ်ရနိုင်ချေ ရှိနေတာကိုး။ ပြီးတော့ မူလ ကံကြမ္မာအတိုင်းဆို သူက သေမှာလေ။ မပူဘူးဆိုရင် လိမ်ရာကျမှာပေါ့။ ဒါပေမဲ့ သူက လီမိုကို ယုံကြည်တဲ့အတွက် အရမ်းကြီး ထိတ်လန့်မနေဘဲ နည်းနည်းပဲ ပျာယာခတ်နေတာပါ။ လန့်ပြီး သတိလွတ်သွားတာမျိုး မဖြစ်ဘူး။
ဒါကို မြင်တော့ လီမို မူချိုယန်ကို ထပ်ပြီး စကင်ဖတ်လိုက်တယ်။ အထူးအခြေအနေက ဆက်ရှိနေတုန်းပဲ။
"အထူးအခြေအနေ: နဂါးမောက်သီး စားပြီးနောက် ပြင်းထန်သော ဓာတ်မတည့်မှု ဖြစ်ပွားခဲ့သည်။ လီမို ကြိုတင်ပြင်ဆင်ထားသော ဓာတ်မတည့်သက်သာဆေးကို သောက်သုံးပြီးဖြစ်သည်။ ဆေးအာနိသင် ပြစပြုနေပြီဖြစ်ကာ ရောဂါလက္ခဏာများ မကြာမီ သက်သာပျောက်ကင်းသွားမည်။"
"အခုမှ ဆေးမျိုချရုံ ရှိသေးတာလေ။ ဓာတ်မတည့်သက်သာဆေး ဆိုပေမယ့် နတ်ဆေးမှ မဟုတ်တာ... ချက်ချင်းကြီးတော့ ဘယ်သက်သာမလဲ။ စိတ်မပူနဲ့... ဘာမှ မဖြစ်ဘူး။ ရေတစ်ခွက် ထပ်ခပ်ပေးမယ်"
လီမိုက မူချိုယန်ကို ပြုံးပြီး ပြောလိုက်တယ်။ လက်ထဲက ဓားနဲ့ နဂါးမောက်သီးကို ချ၊ တစ်ရှူးနဲ့ ပါးစပ်သုတ်၊ လက်သုတ်လိုက်တယ်။ ပြီးတော့ မူချိုယန် သောက်လက်စ စက္ကူခွက်ကို ယူပြီး ရေပူရေအေးစက်ဆီ သွားကာ ရေထပ်ဖြည့်လိုက်တယ်။
"ရေများများ သောက်လိုက်... ဒါမှ ဇီဝဖြစ်စဉ် မြန်ဆန်ပြီး ဆေးအာနိသင် ပိုမြန်မှာ" လီမိုက ရေခွက်ကမ်းပေးရင်း ပြောလိုက်တယ်။
"အင်း အင်း အင်း..." မူချိုယန် ကြက်ကလေး စပါးကောက်သလို ခေါင်းညိတ်ပြီး ရေခွက်ကို လှမ်းယူလိုက်တယ်။
ဒီအချိန်မှာ သူ တကယ် နေရခက်နေတာ။ ဒါ ဓာတ်မတည့်တာလား။ ရူးချင်လောက်အောင် ယားနေတာ။ အရေးကြီးဆုံးက တစ်ကိုယ်လုံး ပူလောင်နေပြီး လည်ချောင်းက ယားနေတာပဲ။ အသက်ရှူရတာလည်း ကြပ်တယ်... တော်တော် ဆိုးတယ်။
ဒီလို အခြေအနေမျိုးမှာ... တကယ်လို့ သူ တစ်ယောက်တည်းသာ ရှိနေရင်... သူ့စိတ်ဓာတ်နဲ့ဆိုရင် အောင့်ခံထားမှာ သေချာတယ်။ ဘာပဲဖြစ်ဖြစ် သူက အားကစား သမားလေ။ ရုတ်တရက် ပူပြီး ယားလာရုံနဲ့တော့ ဆေးရုံတန်းပြေးမှာ မဟုတ်ဘူး။ အအေးမိရင်တောင် အောင့်ခံပြီး နေတတ်တဲ့သူ။ ဒီလိုသာ သူက အောင့်ခံမယ်လို့ ဆုံးဖြတ်လိုက်ရင်... ခန္ဓာကိုယ်က ဒဏ်မခံနိုင်တဲ့ အခြေအနေ ရောက်တာနဲ့ ရှော့ခ်ရသွားမှာ။ အဲ့ဒါဆိုရင်တော့ တကယ် သေပြီ။ အခုတောင် အသက်ရှူရ ကြပ်နေပြီလေ။ လက္ခဏာတွေ ပိုဆိုးလာရင် ရှော့ခ်ရဖို့ သေချာသလောက် ရှိနေပြီ။ ကြည့်ရတာ နောက်ဆို အိမ်မှာ ဓာတ်မတည့်သက်သာဆေး ဆောင်ထားရတော့မယ်။ ပြီးတော့ နဂါးမောက်သီး ဆိုတာကို ဘယ်တော့မှ ထပ်မစားတော့ဘူး။ ဒီအရာကို ဘယ်သူစားစား စားပလေ့စေ... သူတော့ လုံးဝ မစားတော့ဘူး။
ဒီလိုနဲ့ မိနစ်အနည်းငယ် ကြာသွားတယ်။ မူချိုယန် ရေတွေ ခွက်ပေါင်းများစွာ သောက်လိုက်တယ်။ ရောဂါလက္ခဏာတွေ စပြီး သက်သာလာတယ်။ ခန္ဓာကိုယ် သိပ်မယားတော့ဘူး။ အဲ့လောက်ကြီးလည်း မပူတော့ဘူး။ အသက်ရှူရတာလည်း ချောင်လာတယ်။ လည်ချောင်းထဲက အဖုအပိမ့်တွေလည်း သိသိသာသာ လျော့သွားပြီ။
"ဟူး... ဓာတ်မတည့်တာက တကယ် ကြောက်စရာ ကောင်းတာပဲ! ကိုယ်တိုင် မဖြစ်ဖူးခင်တုန်းက ဒီလောက် ဆိုးလိမ့်မယ်လို့ ထင်မထားဘူး။ တကယ် ကြောက်စရာကြီး"
လက္ခဏာတွေ သက်သာသွားတော့ မူချိုယန်က သက်ပြင်းချလိုက်ပြီး ပြောတယ်။
သူ တုန်လှုပ်နေတုန်းပဲ။
"မမချိုယန်... ကြည့်ရတာ မမက သေမှာ တော်တော် ကြောက်ပုံရတယ်" လီမိုက ပြုံးပြီး ပြောလိုက်တယ်။
"ပေါက်ကရတွေ... ဘယ်သူက မသေချင်ဘဲ နေမှာလဲ။ ငါက အခုမှ အသက် ၂၀ ကျော်လေ... လှလည်းလှ၊ ချမ်းသာလည်း ချမ်းသာ၊ စားဝတ်နေရေး ပူစရာမလိုတဲ့ ဘဝမှာ နေနေရတာ။ ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားရင် နှမြောစရာကြီး မဟုတ်ဘူးလား" မူချိုယန်က လီမိုကို မျက်စောင်းထိုးပြီး ပြောလိုက်တယ်။ "နင်ရော... ကောင်စုတ်လေး... နင်က မသေချင်ဘူးလား"
"သေချင်တာပေါ့... အဲလေ... မသေချင်ပါဘူး။ သေမှာ ကြောက်တာပေါ့" လီမိုက ပြုံးပြီး ပြန်ဖြေတယ်။ ဘယ်သူက သေချင်မှာလဲ။
"ဒါဆို ဘာလို့ ငါ့ကို လာပြောနေသေးလဲ" မူချိုယန် ထပ်ပြီး မျက်စောင်းထိုးလိုက်တယ်။
"ဟုတ်ကဲ့ပါ... ကျွန်တော် မှားပါတယ်။ တောင်းပန်ပါတယ်" လီမို။
"ဒါမှ ဟုတ်မှာပေါ့" မူချိုယန် ကျေနပ်စွာ ခေါင်းညိတ်လိုက်တယ်။ ပြီးတော့ မျက်နှာထား ပြန်တည်ပြီး လီမိုကို လေးလေးနက်နက် ပြောလိုက်တယ်။ "မောင်လေး... ဒီတစ်ခေါက်တော့ နင့်ကို ကျေးဇူးတင်ပါတယ်။ နင်သာ မရှိရင် ငါ တကယ် ဒုက္ခရောက်မှာ... တွေးတောင် မတွေးရဲဘူး"
"ကျေးဇူးတင်စရာ မလိုပါဘူး... ကျန်တဲ့ ပိုက်ဆံ လွှဲပေးရင် ရပါပြီ" လီမိုက ပြုံးပြီး ပြောလိုက်တယ်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: