အခန်း (၂၄) - စားစရိတ်က တော်တော်ကြီးတာပဲ
"ဟားဟား!" မူချိုယန် ပြောတာကြားတော့ လီမို မနေနိုင်ဘဲ ရယ်လိုက်မိတယ်။
"ဒါဆို ဒီည ဒီမှာပဲ အိပ်လိုက်တော့။ ဒီမှာက အကုန်ပြည့်စုံတယ်... တဘက်၊ အိပ်ရာခင်း၊ သွားတိုက်တံ၊ သွားတိုက်ဆေး နဲ့ တခြား ရေချိုးခန်းသုံး ပစ္စည်းတွေ အကုန်လုံး အသစ်စက်စက် အိတ်မဖောက်ရသေးတဲ့ ဟာတွေချည်းပဲ"
မူချိုယန်က လီမိုကို မျက်စောင်းထိုးပြီး ပြောလိုက်တယ်။
"ဒီနေ့တော့ မဖြစ်လောက်ဘူး" လီမို ခေါင်းခါလိုက်တယ်။
"ဘာဖြစ်လို့လဲ" မူချိုယန် လီမိုကို နားမလည်သလို ကြည့်လိုက်တယ်။
"မမကို 'ဉာဏ်ပွင့်နည်းလမ်း' တွေ ပို့ပေးရဦးမယ်လေ။ ကျွန်တော့်ကွန်ပျူတာနဲ့ ပစ္စည်းတွေက ငှားနေတဲ့ အိမ်မှာ ကျန်ခဲ့တာ။ အဲ့ဒါတွေ သွားရွှေ့ရဦးမယ်" လီမိုက ပြုံးပြီး ပြောတယ်။
"မနက်ဖြန်မှ သွားလည်း ရတာပဲဟာ။ ပြီးတော့ နင့်ကွန်ပျူတာ အစုတ်ကြီးကို ဘာလုပ်ဖို့ သယ်လာဦးမှာလဲ။ အခု ပိုက်ဆံရှိနေပြီပဲ... အသစ်တစ်လုံး ဝယ်လိုက်ပေါ့" မူချိုယန်။
"ကွန်ပျူတာက စုတ်ပေမယ့် အထဲမှာ စာရေးဖို့နဲ့ လေ့လာဖို့ စုဆောင်းထားတဲ့ အချက်အလက်တွေ အများကြီး ရှိတယ်ဗျ။ အဲ့ဒါတွေက နှစ်နဲ့ချီပြီး စုဆောင်းထားရတာ။ နောက်ပိုင်း စာမရေးဖြစ်ရင်တောင် သိမ်းထားရဦးမှာ" လီမိုက လေးလေးနက်နက် ပြောလိုက်တယ်။
"အချက်အလက်တွေက အရေးကြီးဆုံးပဲလို့ ထင်ပါတယ်။ နင်က ငယ်သေးတယ်... ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး အလိုမလိုက်နဲ့ဦး။ မဟုတ်ရင် တကယ်လိုအပ်တဲ့အချိန်ကျရင် သုံးမရ ဖြစ်နေဦးမယ်" မူချိုယန်က လီမိုကို မျက်စောင်းထိုးပြီး မျက်လုံးမှေးစင်းကာ စနောက်သလို ပြောလိုက်တယ်။
"မမက တော်တော် နားလည်တာပဲ" လီမိုက ပြုံးပြီး ပြောတယ်။
"မမ ဘာမှ နားမလည်ပါဘူး" မူချိုယန် မျက်နှာရဲသွားတယ်။
"ဟဲဟဲ" လီမိုက ပြုံးရုံပဲ ပြုံးလိုက်ပြီး ဘာမှ ဆက်မပြောတော့ဘူး။
မူချိုယန်က လီမိုကို မျက်စောင်းထိုးပြီး ခေါင်းစဉ် အမြန်ပြောင်းလိုက်တယ်။ "ကဲ... ဒါဆို အတည်ပြုလိုက်ပြီ။ ဒီည ဒီမှာပဲ အိပ်။ အချက်အလက်တွေကို မနက်ဖြန်မှ ပို့ပေး။ ဘာပဲဖြစ်ဖြစ် နင် အရင်နေတဲ့ အခန်းကို ငါက ငှားပေးထားတာပဲ"
"ငါက တခြားလူကို ထပ်မငှားသရွေ့တော့ နင့်ပစ္စည်းတွေ အဲ့ဒီမှာ ထားထားလို့ ရပါတယ်"
"တခြားလူကို မငှားရင် မမ ရှုံးနေမှာပေါ့" လီမိုက မူချိုယန်ကို အံ့သြသလို ကြည့်လိုက်တယ်။
မူချိုယန် ပခုံးတွန့်လိုက်တယ်။ "ဘာရှုံးစရာ ရှိလဲ။ အခန်းလွတ် တစ်ခန်း ထားလိုက်ရုံပဲဟာ။ ပိုက်ဆံ နည်းနည်းလောက်ကတော့ မမ တတ်နိုင်ပါတယ်"
"အိုကေ... မမက တကယ် မိုက်တယ်" လီမိုက ပြုံးပြီး ပြောတယ်။
"ဟွန်း... ငါက ဒီလောက် မိုက်တာပဲဟာ" မူချိုယန် နှာခေါင်းရှုံ့လိုက်တယ်။ ပြီးတော့ ခေါင်းစဉ် ထပ်ပြောင်းလိုက်တယ်။
"လာ... သွားရအောင်။ အိမ်လည်း ကြည့်ပြီးပြီဆိုတော့ တခြား လုပ်စရာ မရှိရင် လမ်းလျှောက် ထွက်ကြမယ်"
"အိုကေ" လီမို ခေါင်းညိတ်လိုက်တယ်။
ခေါင်းညိတ်ပြီးတာနဲ့ မူချိုယန်က တုံ့ဆိုင်းမနေဘဲ လီမိုကို ခေါ်ပြီး ဗီလာထဲက ထွက်ကာ ထျန်းဟယ် လုံးချင်းအိမ်ရာဝင်းထဲမှာ လမ်းလျှောက်ထွက်ခဲ့ကြတယ်။ နှစ်ယောက်သား လမ်းလျှောက်ရင်း စကားပြောကြတယ်။ ခဏလေးနဲ့ ထျန်းဟယ် အိမ်ရာဝင်း တစ်ခုလုံးကို ပတ်ကြည့်ပြီးသွားတယ်။ ဒါတောင် မူချိုယန်က အားမရသေးဘူး။
"အချိန်စောသေးတယ်... အိမ်ရာဝင်း အပြင်ဘက်ကိုပါ လမ်းလျှောက်ထွက်ကြမလား။ ဒီနားတစ်ဝိုက် လိုက်ပြမယ်လေ" မူချိုယန်က လီမိုကို ပြောတယ်။
"နောက်နေ့မှပဲ သွားကြတာပေါ့" လီမိုက ပြုံးပြီး ငြင်းလိုက်တယ်။
"ကောင်းပြီလေ... နောက်နေ့မှပဲ သွားကြမယ်။ အခုတော့ နင့်အိမ်ကို ပြန်လိုက်ပို့ပြီး မျက်နှာဖတ်စနစ်နဲ့ လက်ဗွေ စကားဝှက်တွေ ဘယ်လို ပြောင်းရလဲ သင်ပေးမယ်" မူချိုယန်။
"အင်း" လီမို။
ပြီးတော့ နှစ်ယောက်သား ထျန်းဟယ် အမှတ် ၄ လုံးချင်းအိမ်ဆီ ပြန်လျှောက်လာကြတယ်။ ရောက်တာနဲ့ မူချိုယန်က အချိန်မဆွဲတော့ဘဲ စမတ်အိမ်သုံး စနစ်ရဲ့ မျက်နှာဖတ်စနစ်နဲ့ လက်ဗွေ စကားဝှက်တွေ ဘယ်လို ပြင်ဆင်ရမလဲ ဆိုတာ လီမိုကို သင်ပေးတယ်။ တကယ်တမ်းတော့ ပြင်ဆင်တာထက် အသစ်ထပ်ထည့်တာလို့ ပြောရင် ပိုမှန်မယ်။ ဘာလို့လဲဆိုတော့ မူချိုယန်က သူ့ရဲ့ မျက်နှာဖတ် အချက်အလက်တွေကို မဖျက်လိုက်ဘူးလေ။ ဒါကို မြင်တော့ လီမို ဘာမှ မပြောတော့ဘူး။
အကုန်ပြီးစီးသွားတော့ မူချိုယန်က လီမိုကို ဒုတိယထပ်က မာစတာ အိပ်ခန်းဆီ ခေါ်သွားတယ်။ ပြီးတော့ ဗီရိုထဲကနေ အသုံးမပြုရသေးတဲ့ အအေးပေးဖျာနဲ့ စောင်ပါး တစ်ထည် ထုတ်ပေးတယ်။ ခေါင်းအုံးနဲ့ ခေါင်းအုံးစွပ်တွေလည်း ပါတယ်။ လီမိုအတွက် အိပ်ရာ ပြင်ပေးလိုက်တယ်။
အိပ်ရာပြင်ပြီးတော့ လီမိုကို ရေချိုးခန်းဆီ ခေါ်သွားတယ်။ ရေချိုးခန်းထဲက စင်ပေါ်ကနေ အသစ်စက်စက် အိတ်မဖောက်ရသေးတဲ့ သွားတိုက်တံ၊ သွားတိုက်ဆေး၊ တဘက် နဲ့ မျက်နှာသစ်ဆေး တစ်ဘူး ထုတ်ပေးတယ်။
"ဟာ... မျက်နှာသစ်ဆေးကြီးက ဘာလုပ်ဖို့လဲ။ ကျွန်တော် ဒါမျိုးတွေ မသုံးတတ်ပါဘူး။ ပြီးတော့ ဒါက မိန်းကလေးသုံး မဟုတ်ဘူးလား" မျက်နှာသစ်ဆေးကို မြင်တော့ လီမို မနေနိုင်ဘဲ မေးလိုက်တယ်။
"ယောကျ်ားလေးလည်း သုံးလို့ ရပါတယ်ဟ" မူချိုယန်က ပြုံးပြီး ပြောတယ်။
"မသုံးချင်ပါဘူးဗျာ" လီမို။
"နင့်သဘောပဲ။ ဘာပဲဖြစ်ဖြစ် ဒီအိမ်က နင့်အိမ် ဖြစ်သွားပြီ။ အထဲက ပစ္စည်းတွေကို နင့်သဘောအတိုင်း စီစဉ်လို့ ရပါတယ်" မူချိုယန် ပခုံးတွန့်လိုက်တယ်။ ပြီးတော့ ခေါင်းစဉ်လွှဲလိုက်တယ်။
"ဒါနဲ့... နင့်အိမ်မှာ ချက်ပြုတ်စရာ ဘာမှ မရှိဘူး။ မနက်ဖြန် မနက်ကျရင် ငါလာနှိုးပြီး မနက်စာ ကျွေးမယ်။ ပြီးရင် ဈေးအတူတူ သွားဝယ်ကြတာပေါ့"
"ဘာလို့ ဈေးဝယ်နေဦးမှာလဲ။ မမ လက်ရာက ဒီလောက် ကောင်းတာ... နေ့တိုင်း မမအိမ်ပဲ လာစားဖို့ စဉ်းစားထားတယ်" လီမိုက ပြုံးပြီး ပြောလိုက်တယ်။
"ဒါဆို ပိုက်ဆံပေးရမယ်နော်" မူချိုယန်က မျက်တောင်ခတ်ပြီး လီမိုကို ပြုံးကာ ပြောလိုက်တယ်။
"ဘယ်လောက် ယူမှာလဲဗျ... ဈေးပြောပါဦး" လီမိုက ပြုံးပြီး ပြန်မေးတယ်။
"လစဉ်ကြေး ပေးမလား၊ နှစ်စဉ်ကြေး ပေးမလား" မူချိုယန်က ပြုံးပြီး မေးလိုက်တယ်။
"လစဉ်ကြေးက ဘယ်လို၊ နှစ်စဉ်ကြေးက ဘယ်လိုလဲ" လီမို နားမလည်သလို ကြည့်လိုက်တယ်။
"လစဉ်ကြေးဆိုရင် တစ်လ တစ်သောင်း။ နှစ်စဉ်ကြေးဆိုရင် လျှော့ဈေး ပေးမယ်... တစ်နှစ်ကို တစ်သိန်း" မူချိုယန်က ကောက်ကျစ်တဲ့ အပြုံးလေးနဲ့ ပြောလိုက်တယ်။
"ဈေးကြီးလိုက်တာ မမရယ်... လူပုံမခိုဘဲ ဓားပြတိုက်နေတာပဲ!" လီမို။
"နင်ကသာ ငါ့ကို အရင် ဓားပြတိုက်တာပါ။ ပြီးတော့ နင့်အစ်မကြီး လက်ရာက ဒီလောက်ကောင်းတာ... နင် မကြိုက်လို့လား" မူချိုယန်က ပြုံးပြီး မျက်စောင်းထိုးလိုက်တယ်။ ပြီးတော့ ဆက်ပြောတယ်။
"တကယ်တော့ ဒါက တော်တော် သက်သာနေပါပြီ။ ကောင်စုတ်လေး... နင် သိုင်းကျင့်နေတုန်းက ကောင်းကောင်း မစားခဲ့ရဘူး မလား"
"နောက်ဆိုရင် နင့်ရဲ့ ခန္ဓာကိုယ် အားအင်တွေ၊ သွေးသားတွေ ပြည့်ဖြိုးလာအောင် ဆေးဖက်ဝင် ဟင်းလျာတွေ ချက်ကျွေးမယ်"
"ပြီးတော့ အားရင် ငါနဲ့အတူ ယောဂ လေ့ကျင့်လို့ ရသေးတယ်"
"ထိုင်းလက်ဝှေ့က ခန္ဓာကိုယ် ကြံ့ခိုင်မှုကို အလေးပေးတယ် ဆိုပေမယ့်..."
"ဒီကြံ့ခိုင်မှုက ကြွက်သားတွေတင် မကဘူး... အရိုးတွေပါ မာကျောဖို့ လိုတာ"
"ဒါပေမဲ့ တစ်ခါတလေ လွန်ကဲသွားရင် ကျန်းမာရေး ထိခိုက်နိုင်တယ်"
"ယောဂ လေ့ကျင့်တာက ခန္ဓာကိုယ် ပျော့ပျောင်းမှုကို တိုးတက်စေပြီး အကျိုးရှိစေတယ်"
"ကောင်းပြီလေ... ဒါဆို တစ်နှစ်စာ အရင် မှာလိုက်မယ်။ တစ်သိန်း လွှဲပေးမယ်" ဒါကို ကြားတော့ လီမို ပြုံးပြီး ပြောလိုက်တယ်။
ပြောပြီးတာနဲ့ ဖုန်းကို ယူပြီး မူချိုယန်ရဲ့ WeChat အကောင့်ထဲ တစ်သိန်း လွှဲပေးလိုက်တယ်။
"ဒါမှ ဟုတ်မှာပေါ့။ ကဲ... နင် အနားယူတော့... မနှောင့်ယှက်တော့ဘူး။ ငါ ပြန်တော့မယ်။ မနက်ဖြန် တွေ့မယ်" မူချိုယန်က ပြုံးပြီး ခေါင်းညိတ်ကာ လီမိုကို နှုတ်ဆက်လိုက်တယ်။
"ဘာလို့ ပြန်မှာလဲ။ မမရယ်... ကျွန်တော့် ကုတင်ကြီးက ဒီလောက်ကျယ်တာ... အတူတူ အိပ်ကြမလား"
လီမိုက ရုတ်တရက် မူချိုယန်ရဲ့ လက်ကို လှမ်းဆွဲလိုက်တယ်။ မူချိုယန်က သူ့ရင်ခွင်ထဲ ယိုင်ကျသွားတယ်။ လီမိုက လက်တစ်ဖက်နဲ့ နံရံကို ထောက်ပြီး မူချိုယန်ကို ပိတ်ကာ ပြုံးပြီး မေးလိုက်တယ်။
ဒီအချိန်မှာ သူ မူချိုယန်ရဲ့ QR Code ကို စကင်ဖတ်လိုက်တယ်။ မူချိုယန်ရဲ့ ရင်းနှီးမှု အဆင့်ကို အထူးဂရုပြု ကြည့်လိုက်တယ်။ ဒီအချိန်မှာ မူချိုယန်ရဲ့ ရင်းနှီးမှုက ၉၀ ထိ ရောက်နေပြီ။ ဒီနေ့ အစပိုင်းတုန်းက ၇၅ ပဲ ရှိတာနဲ့ ယှဉ်ရင် အများကြီး တိုးတက်လာတာပဲ။
"ကောင်စုတ်လေး... နံစော်နေတဲ့ ကောင်စုတ်လေး... နင် ဘာလုပ်တာလဲ" မူချိုယန် ရင်တွေ တဒိန်းဒိန်း ခုန်လာပြီး မျက်နှာလေး ရဲတက်သွားတယ်။
"မမက ကျွန်တော် ဘာလုပ်မယ် ထင်လို့လဲ" လီမို မေးလိုက်တယ်။
"နင် ဘာလုပ်မလဲ ငါ ဘယ်လိုသိမှာလဲ။ မရိုးမသား လုပ်ရဲရင် လုပ်ကြည့်... နင့်အစ်မကြီးက နင့်ကို အသေရိုက်မှာ" မူချိုယန်။
"အော်... ဟုတ်ပြီလေ" လီမို ပြုံးပြီး လက်ကို ပြန်ရုပ်လိုက်တယ်။
ဒါကို မြင်တော့ မူချိုယန်ရဲ့ မျက်လုံးထဲမှာ အံ့သြရိပ်တွေ ပေါ်လာတယ်။
ပြီးတော့ ရုတ်တရက် ခြေထောက်ကို ဆန့်ထုတ်ပြီး လီမိုရဲ့ ခြေထောက်ကို နင်းချလိုက်တယ်။ "ကောင်စုတ်လေး!"
ပြောပြီးတာနဲ့ ရေချိုးခန်းထဲကနေ ထွက်ပြေးသလို ပြေးထွက်သွားတယ်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: