လီမိုကတော့ မူချိုယန် နင်းသွားတဲ့ ခြေထောက်ကို တစ်ချက်လှုပ်ကြည့်လိုက်ပြီး ပြုံးပြုံးလေးနဲ့ ရေချိုးခန်းထဲက ထွက်လာတယ်။ ပြီးတော့ မူချိုယန် နောက်ကို လိုက်သွားတယ်။ မူချိုယန်ကို အိမ်ပြင်ရောက်တဲ့အထိ လိုက်ပို့လိုက်တယ်။ မူချိုယန် ပြန်သွားတော့မှ လီမို ဧည့်ခန်းထဲ ပြန်ဝင်လာပြီး ဆိုဖာပေါ်မှာ ဝင်ထိုင်လိုက်တယ်။ လင်းထိန်နေတဲ့ မီးရောင်တွေ၊ ကျယ်ဝန်းပြီး ခမ်းနားတဲ့ ဧည့်ခန်းကို လှည့်ပတ်ကြည့်ရင်း... စိတ်လှုပ်ရှားမှုကို မထိန်းနိုင် ဖြစ်မိတယ်။

"ဒီနေ့မတိုင်ခင်အထိ ငါ ဒီလို လုံးချင်းအိမ် အကြီးကြီးထဲမှာ ရုတ်တရက် လာနေရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး" လီမို သက်ပြင်းချလိုက်တယ်။

သူ့ရှေ့က မြင်ကွင်းက အိပ်မက်တစ်ခုလို ဖြစ်နေတယ်။ ဒါပေမဲ့ သားရေစစ် ဆိုဖာရဲ့ အထိအတွေ့က ဒါ အိပ်မက်မဟုတ်ဘူး ဆိုတာကို သက်သေပြနေတယ်။

ခဏလောက် သက်ပြင်းချပြီးနောက် လီမို ဖုန်းထုတ်လိုက်တယ်။ ကင်မရာ ဖွင့်လိုက်တယ်။ ကိုယ့်ကိုယ်ကိုယ် Video ရိုက်လိုက်တယ်။ Video ရိုက်နေရင်း ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်တယ်။ ဖုန်းမျက်နှာပြင်ပေါ်မှာ QR Code တွေ ပေါ်လာတယ်။ လီမိုက ဗီဒီယိုထဲက သူ့ပုံရိပ် QR Code ကို ရွေးပြီး စကင်ဖတ်လိုက်တယ်။ သူ့ကိုယ်ရေးအချက်အလက်တွေ ချက်ချင်း ပေါ်လာတယ်။

အမည်: လီမို

အသက်: ၂၅ နှစ်

ကျား/မ: ကျား

ရုပ်ရည်: ၉၅

အရပ်: ၁.၈၂ မီတာ

စွမ်းရည်များ: အွန်လိုင်းဝတ္ထုရေးသားခြင်း အခြေခံ၊ စက်တပ်ယာဉ်မောင်းနှင်ခြင်း အခြေခံ၊ စက်မဲ့ယာဉ်မောင်းနှင်ခြင်း အခြေခံ၊ ထိုင်းလက်ဝှေ့ ကျွမ်းကျင်၊ QR Code စကင်ဖတ်ခြင်း စည်းမျဉ်းအခြေပြု စွမ်းရည်။

အလုပ်အကိုင်: ကျရှုံးစာရေးဆရာ

ပိုင်ဆိုင်မှု: မရှိ

လက်ရှိငွေသား: ၁၅,၉၁၃,၂၂၂.၁ ယွမ်

စီးတော်ယာဉ်: Green Joy လျှပ်စစ်စက်ဘီး

အိမ်ထောင်ရေးအခြေအနေ: လွန်ခဲ့တဲ့ ၆ လကမှ လမ်းခွဲထား၊ လက်ရှိမှာ ကိုယ့်လက်ကိုယ်အားကိုးပြီး ဖြေရှင်းနေရ။

အထူးအခြေအနေ: လွန်ခဲ့တဲ့ ၂ နာရီက မူချိုယန်ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်ခဲ့တဲ့အတွက် စွမ်းရည်မှတ် တစ်ခု ရရှိခဲ့တယ်။ ဒီစွမ်းရည်မှတ်ကို အသုံးပြုပြီး တခြား သက်ရှိသတ္တဝါတွေဆီက စွမ်းရည်တွေကို ထုတ်ယူနိုင်တယ်။

ဒီအချက်အလက် ပုံစံခွက်ကို မြင်တော့ လီမိုရဲ့ မျက်လုံးတွေ အရောင်လက်သွားတယ်။ စွမ်းရည်မှတ် ရတာကိုတော့ သူ မအံ့သြပါဘူး။ မူချိုယန် ဓာတ်မတည့်သက်သာဆေး သောက်ပြီး အခြေအနေ ကောင်းလာတုန်းက သူ စွမ်းရည်မှတ် ရလိုက်တယ်ဆိုတဲ့ အချက်ပြမှုကို ရခဲ့ပြီးသား။ အဲ့တုန်းက ကိုယ့်ကိုယ်ကိုယ် ပြန်စကင်ဖတ်ဖို့ အချိန်မရခဲ့လို့ပါ။ အခုတော့ အထူးအခြေအနေ ကဏ္ဍကိုပဲ ပိုအာရုံစိုက်လိုက်တယ်။

"ဒါနဲ့... စွမ်းရည်မှတ်က သက်ရှိသတ္တဝါတွေအတွက် ဆိုတော့... လူသားတွေဆီကတင် မကဘဲ တိရစ္ဆာန်တွေဆီကလည်း စွမ်းရည် ထုတ်ယူလို့ ရနိုင်တယ်ပေါ့?"

ဘာပဲဖြစ်ဖြစ် တိရစ္ဆာန်တွေလည်း သက်ရှိသတ္တဝါပဲလေ။

တကယ်သာ အဲ့လိုဆိုရင်... ငါ့ရဲ့ အထူးစွမ်းရည်က ပိုပြီး အစွမ်းထက်လာနိုင်တယ်။ သိထားရမှာက တိရစ္ဆာန်တွေမှာ ထူးခြားတဲ့ စွမ်းရည်တွေ အများကြီး ရှိတယ်။

"အနံ့ခံ အာရုံ၊ အကြားအာရုံ၊ အပြေးမြန်နှုန်း၊ ပေါက်ကွဲအား... ပြီးတော့... အသက်ရှည်တာ!"

"ရှေးစကားတောင် ရှိသေးတယ်မလား... လိပ်တွေက နှစ်ထောင်ချီ အသက်ရှည်တယ်တဲ့"

"ဒါ့အပြင်..."

"နာမည်ကြီး ရေဝက်ဝံဆို ပိုတောင် ကြောက်စရာကောင်းသေးတယ်!"

"တကယ်သာ အဲ့လိုဆိုရင်... ငါ့ရဲ့ အထူးစွမ်းရည်က မြို့ပြထဲမှာ ဟိုပြဒီပြ လုပ်ရုံလောက်ပဲ မဟုတ်တော့ဘူး..."

"ငါ့ကို မသေမျိုးတောင် ဖြစ်လာစေနိုင်တာပဲ!!"

ဒါကို တွေးမိတော့ လီမိုရဲ့ အသက်ရှူသံတွေ မြန်လာတယ်။ မျက်လုံးတွေ တောက်ပြောင်လာတယ်။ တော်တော် စိတ်လှုပ်ရှားနေတယ်။ ချက်ချင်း ထပြီး စမ်းသပ်ကြည့်ချင်စိတ်တွေ ဖြစ်လာတယ်။

"ဒါပေမဲ့... ငါက တိရစ္ဆာန်တွေရဲ့ စွမ်းရည်ကို တစ်ခါမှ မထုတ်ယူဖူးတော့ တကယ် ရမရ မသေချာသေးဘူး" အသက်ရှူသံ မြန်နေရာကနေ စိတ်ကို ပြန်ထိန်းပြီး လီမို မျက်မှောင်ကြုတ်လိုက်တယ်။

မျက်မှောင်ကြုတ်ရင်း လေးလေးနက်နက် တွေးလိုက်တယ်။ "ပြီးတော့ လူနဲ့ တိရစ္ဆာန်ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံက မတူဘူးလေ။ တိရစ္ဆာန်ရဲ့ စွမ်းရည်ကို ထုတ်ယူလိုက်ရင် ငါ့ခန္ဓာကိုယ် ဖွဲ့စည်းပုံ ပြောင်းသွားမလား မသိဘူး"

"တကယ်လို့ ခန္ဓာကိုယ် ပြောင်းလဲမှုတွေ ဖြစ်လာရင်တော့... မဖြစ်မနေ အခြေအနေ မဟုတ်ရင် တိရစ္ဆာန် စွမ်းရည်တွေကို မထုတ်ယူတာ ကောင်းမယ်"

"နေဦး... အပင်တွေကရော သက်ရှိ မဟုတ်ဘူးလား? အသက်ရှိတဲ့အရာ မှန်သမျှ သက်ရှိပဲလေ"

"ဒါဆို အပင်တွေဆီက စွမ်းရည်ကိုရော ထုတ်ယူလို့ ရမလား"

"အပင်တွေရဲ့ စွမ်းရည်ကို ထုတ်ယူနိုင်ရင် ငါလည်း နေရောင်ခြည်စွမ်းအင်နဲ့ အစာချက်လုပ် နိုင်မှာလား"

အတွေးတွေက တောင်ရောက်မြောက်ရောက် ဖြစ်ကုန်ပြီ။

လီမိုတစ်ယောက် ထိုင်လို့မရ ထလို့မရ ဖြစ်လာတယ်။ အခုချက်ချင်း အပြင်ထွက်ပြီး အပင်တစ်ပင်၊ တိရစ္ဆာန်တစ်ကောင် ရှာပြီး စမ်းသပ်ချင်နေပြီ။

ဒါပေမဲ့...

မမျှော်လင့်ထားတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်တယ် ဆိုတဲ့ အချက်က သူ့ကို တားဆီးထားတယ်။ ဘာလို့လဲဆိုတော့ သူ တကယ် ဘာဖြစ်လာမလဲ မသိဘူးလေ။

"ထားလိုက်ပါတော့... ထားလိုက်ပါတော့... လောလောဆယ် ဒါတွေ မတွေးနဲ့ဦး! ဘာပဲဖြစ်ဖြစ် ငါ့မှာ လူတွေဆီကနေ ဖြည်းဖြည်းချင်း ထုတ်ယူနိုင်တဲ့ စွမ်းရည် ရှိနေတာပဲ... တိရစ္ဆာန်တွေဆီက မယူလည်း ရပါတယ်!"

"မနက်ဖြန်မှ ဆက်တွေးကြတာပေါ့"

အတွေးတွေ လွင့်မျောနေရာကနေ ကိုယ့်ကိုယ်ကိုယ် အတင်း ပြန်ဆွဲခေါ်ပြီး အသက်ပြင်းပြင်း ရှူလိုက်တယ်။

ပြီးတော့ ကင်မရာ ပိတ်လိုက်တယ်။ QQ Chat Group ကို ဖွင့်လိုက်တယ်။

ပထမဆုံး ဖွင့်လိုက်တဲ့ Group နာမည်က "ကားမောင်းပြီး အထာကျတဲ့အဖွဲ့" တဲ့။

ဖွင့်လိုက်တော့ အထဲမှာ လူတော်တော်များများ စကားပြောနေကြတာ တွေ့လိုက်ရတယ်။

"ကျသွားပြန်ပြီ... ကျသွားပြန်ပြီ... ဟူး... ပထမလမှာ ၃၀၀၀ ပဲ ရတယ်... ထပ်ကျသွားပြန်ပြီ" - မကျရှုံးချင်တဲ့ ပုရစ်ကလေး

"သောက်ကျိုးနည်း... ၃၀၀၀ လောက် ရတာကို ကျတယ်လို့ ပြောနေတာလား... ပါးစပ်ပိတ်ထားစမ်းပါကွာ။ ငါဆို ၂၅၀၀ ပဲ ရတာ... ဘယ်လို အသက်ရှင်ရမလဲ" - ပြေးနေတဲ့ ပေါက်စီ

"ဟုတ်ပါ့... ငါက Tomato ဝတ္ထုပလက်ဖောင်း မှာ အဆိုးဆုံးပဲ။ ပွဲဦးထွက်မှာ တစ်ရက်ကို ၁၅၀၀ ပဲ ရတယ်... လုံးဝ ကျရှုံးတာပဲ" - အံ့ဖွယ် ညီမလေး နံပါတ် ၉

"သောက်ကျိုးနည်းတွေ... မင်းတို့ကောင်တွေ အကုန်လုံး ကြွားနေကြတာမလား! ငါကမှ တကယ် ကျရှုံးနေတဲ့ကောင်... အခု စာလုံးရေ တစ်ထောင်ကို ယွမ် ၁၀၀ တန် အလုပ်ပဲ ရတော့တယ်။ နောက်စာအုပ်ကျရင်တော့ ဝင်ငွေခွဲဝေမှုနဲ့ ရေးပြီး မင်းတို့ကောင်တွေကို အပြတ်ချေမှုန်းပစ်မယ်! စောင့်ကြည့်နေ!" - ဘဝအနိုင်ရသူ ညီမလေး နံပါတ် ၉

"အကုန်လုံး ပါးစပ်ပိတ်ထားကြ! ငါ Group Admin ဆုံးဖြတ်လိုက်ပြီ... ဒီဇာတ်လမ်းကို ဒီမှာတင် အဆုံးသတ်မယ်" - ခန့်ညားထည်ဝါသော ဗိုလ်ချုပ်ကြီး ကျင်း

"Group ပိုင်ရှင်ကြီးက အရမ်းမိုက်တယ်! ကောင်းကင်အဆင့် က ဝတ္ထုတွေအကုန်လုံး ပြီးသွားပြီ!" - အစားအသောက်ပို့သမား လန်လန်

"Group ပိုင်ရှင်ကြီးက အရမ်းမိုက်တယ်!" - မကျရှုံးချင်တဲ့ ပုရစ်ကလေး

"Group ပိုင်ရှင်ကြီးက အရမ်းမိုက်တယ် +1" -ဘဝအနိုင်ရသူ ညီမလေး နံပါတ် ၉

ဒီစာတွေကို ဖတ်ပြီး လီမို ရုတ်တရက် အားငယ်သလို ခံစားလိုက်ရတယ်။ ဒါတွေအကုန်လုံးက သူ စာစရေးကတည်းက ခင်လာတဲ့ စာရေးဆရာ သူငယ်ချင်းတွေ။ အရင်တုန်းကတော့ အတူတူ ကျရှုံးခဲ့ကြပေမယ့်... အခုတော့ သူတို့တွေက တစ်လကို ယွမ် တစ်သိန်းလောက် ပုံမှန် ဝင်ငွေရှိနေကြပြီ။ သူတို့နဲ့ ယှဉ်လိုက်ရင် လီမိုက တကယ့် အရှုံးသမားပဲ။ သူ့ရဲ့ အအောင်မြင်ဆုံး အချိန်တုန်းက တစ်လ ယွမ် တစ်သိန်းလောက် ရခဲ့ဖူးတယ်။ အဲ့တုန်းက သူ ဘဝပြောင်းပြီလို့ ထင်ခဲ့တာ။ ဒါပေမဲ့ နောက်ပိုင်း စာရေးတာ ညံ့သွားပြီး တစ်လအတွင်းမှာတင် ပြန်ကျသွားတယ်။ နောက်ပိုင်း ဘယ်လိုပဲ ကြိုးစားပြီး စာအုပ်ထုတ်ထုတ်... အကုန် ကျရှုံးခဲ့တယ်။ ဒီရက်ပိုင်းဆို အိမ်လခတောင် မပေးနိုင်တော့ဘူး။ ပြောရရင် သူက စာရေးတာနဲ့ ရေစက်မပါဘူးလို့ပဲ ပြောရမယ်။

သက်ပြင်းချပြီးနောက် လီမိုလည်း စာတစ်စောင် ဝင်ပို့လိုက်တယ်။

"Group ပိုင်ရှင်ကြီးက အရမ်းမိုက်တယ်! +10086!"

"ဟေ့ကောင်... အနက်နဲ့ အဖြူ... မင်း နောက်ဆုံးတော့ ထွက်လာပြီပေါ့။ တစ်နေ့လုံး ဘာတွေ လုပ်နေတာလဲ။ ငါးသွားမျှားပြန်ပြီလား။ စာအုပ်သစ် ထုတ်မယ်ဆို" - ဘဝအနိုင်ရသူ ညီမလေး နံပါတ် ၉

"အေးလေ... အနက်နဲ့ အဖြူ... မင်း ငါးသွားမျှားပြန်ပြီ မလား။ သောက်ကျိုးနည်း... ငါ့စိတ်ထင် 'ဘဝအနိုင်ရသူ' ဆိုတဲ့ ဘွဲ့က မင်းနဲ့မှ တန်တာ။ မင်းကမှ တကယ့် ဘဝအနိုင်ရသူ။ ရေးလိုက်တဲ့ စာအုပ်တိုင်း ပေါက်တယ်... အဓိကက ဒီကောင်က အချိန်တိုင်း ငါးသွားမျှားနေတာ" - မကျရှုံးချင်တဲ့ ပုရစ်ကလေး

"သောက်ကျိုးနည်း... ငါ့မှာ ဘာအစွမ်းအစ ရှိလို့လဲ။ ငါ ဒီလောကထဲက ထွက်ဖို့တောင် စဉ်းစားနေတာ" လီမို။

"လောကထဲက ထွက်မယ်? မဖြစ်နိုင်တာ! မင်း အထက်တန်းကျောင်းသား ဘဝကတည်းက စာရေးလာတာလေ... ဒီလောက်နှစ်တွေ အကြာကြီး ရေးလာပြီးမှ ထွက်မယ်ပေါ့? ဘာလဲ... ငါးဖမ်းတဲ့ အလုပ် ပြောင်းလုပ်မလို့လား" - ဘဝအနိုင်ရသူ ညီမလေး နံပါတ် ၉

"ငါ စာဆက်မရေးနိုင်တော့ဘူး" လီမို။