လီမိုက သူဒီလောကထဲက ထွက်မယ့်အကြောင်း Group ထဲက ညီအစ်ကိုတွေကို ပြောပြနေတဲ့အချိန်... မူချိုယန်က ထျန်းဟယ် အမှတ် ၃ လုံးချင်းအိမ်မှာ ရောက်နေတယ်။ ရေချိုးပြီးတာနဲ့ မူချိုယန်က ကုတင်ပေါ်ထိုင်၊ ဖုန်းကို ကောက်ကိုင်ပြီး WeChat သူငယ်ချင်းတစ်ယောက်ကို ရှာကာ Video Call ခေါ်လိုက်တယ်။ ခဏနေတော့ ဖုန်းကိုင်လိုက်တယ်။ တစ်ဖက်မှာ လူတစ်ယောက် ပေါ်လာတယ်။ ကွန်ပျူတာ ထိုင်ခုံပေါ်မှာ ခြေချိတ်ထိုင်နေတဲ့ အနီရောင် ညဝတ်အင်္ကျီနဲ့ ကောင်မလေး ချောချောလေး။

ဒီလူက တခြားသူ မဟုတ်ပါဘူး... လင်းယန်ရန် ပါပဲ။

"ချိုယန်... နင်က ဒီပုံစံနဲ့မှ ပိုကြည့်ကောင်းတာ။ ဒီလောက် လှတာကို ဘာလို့ အပြင်ထွက်ရင် အမြဲတမ်း ရုပ်ဆိုးအောင် ပြင်သွားရတာလဲ"

"နင့်မှာ ဘယ်လို ထူးဆန်းတဲ့ ဝါသနာတွေ ရှိနေတာလဲ" လင်းယန်ရန်က ဗီဒီယိုထဲ ပေါ်လာတာနဲ့ မူချိုယန်ကို ပြုံးပြီး မေးလိုက်တယ်။

"အမြဲတမ်းတော့ မဟုတ်ပါဘူး... အိမ်လခ ကောက်တဲ့အချိန်ပဲ အဲ့လိုလုပ်တာပါ" မူချိုယန်က ပြုံးပြီး ပြန်ဖြေတယ်။

"အိမ်လခ ကောက်တဲ့အချိန်ပဲ ဆိုရင်တောင် တော်တော် ထူးဆန်းနေပြီ။ ဘာပဲဖြစ်ဖြစ် နင့်အခြေအနေနဲ့ဆိုရင် ကိုယ်တိုင် အိမ်လခ လိုက်ကောက်စရာ လိုလို့လား။ ဒီခေတ်ကြီးမှာ နည်းပညာတွေ တိုးတက်နေပြီပဲ... WeChat (သို့) Alipay ကနေ ကြိုလွှဲခိုင်းလိုက်လို့ ရနေတာကို"

"ဒါမှမဟုတ်ရင်လည်း အိမ်လခ ကောက်ဖို့ လူငှားလိုက်လို့ ရတာပဲ" လင်းယန်ရန် ပြောလိုက်တယ်။

"တစ်နေ့လုံး ဘာမှ လုပ်စရာမရှိဘဲ ပျင်းနေတာလေ... တစ်လနေမှ တစ်ခါ အိမ်လခ လိုက်ကောက်ရတာလေးကိုတောင် မလုပ်ရင် ငါ ပိုပျင်းသွားမှာပေါ့" မူချိုယန်က ပြောတယ်။

"အေးပါ... ထားပါတော့" လင်းယန်ရန် ပြုံးလိုက်တယ်။ ပြီးတော့ စကားလမ်းကြောင်း အမြန်လွှဲလိုက်တယ်။ "ဒါနဲ့... ဘာကိစ္စရှိလို့ Video Call ခေါ်တာလဲ"

"ဒီနေ့ ငါ့မောင်လေး နင့်ကို ပြောသွားတာ မှတ်မိလား" မူချိုယန်ရဲ့ မျက်နှာထားက တည်ကြည်လေးနက်သွားတယ်။

"မှတ်မိတာပေါ့... ငါ့မှာ ကပ်ဆိုးနိမိတ် ရှိတယ်လို့ ပြောသွားတာလေ" လင်းယန်ရန် ခေါင်းညိတ်လိုက်တယ်။ ပြီးတော့ မူချိုယန်ကို စပ်စုသလို ကြည့်လိုက်တယ်။ "ဘာဖြစ်လို့လဲ... သူ့အကြောင်း သတင်းထူး ရထားလို့လား"

"ငါ အတည်ပြုပြီးပြီ... ငါ့မောင်လေးရဲ့ စွမ်းရည်က အစစ်အမှန်ပဲ။ သူ တကယ် အနာဂတ်ကို ဟောနိုင်တယ်! သူသာ မရှိရင် ငါ ဒီနေ့ သေသွားလောက်ပြီ။ ဒါကြောင့် မမ ယန်ရန်... နင် မသေချင်ရင် ငါ့မောင်လေးကို အကူအညီ တောင်းလိုက်တာ ပိုကောင်းမယ်" မူချိုယန်က လေးလေးနက်နက် ပြောလိုက်တယ်။

"နင် သေလုနီးပါး ဖြစ်ခဲ့တယ်? တကယ်တမ်း ဘာဖြစ်ခဲ့တာလဲ။ အသေးစိတ် ပြောပြလို့ ရမလား" လင်းယန်ရန်ရဲ့ မျက်လုံးထဲမှာ သံသယ အရိပ်အယောင်တွေ ဖြတ်သန်းသွားပြီး မူချိုယန်ကို မေးလိုက်တယ်။

"ရတာပေါ့... ဒီလိုဟဲ့..." မူချိုယန်က အချိန်ဆွဲမနေဘဲ လီမို သူ့ကံကြမ္မာကို ဘယ်လို ပြောင်းလဲပေးခဲ့တယ် ဆိုတာ လင်းယန်ရန်ကို ပြောပြလိုက်တယ်။

အကုန်လုံးကို အသေးစိတ် မပြောပြပေမယ့်...

အဓိက အချက်တွေကိုတော့ ဖုံးကွယ်မထားဘဲ ပြောပြလိုက်တယ်။

"ဆေးကြိုဝယ်ထားတယ်? အစားအစာ ဓာတ်မတည့်တာ? ရှော့ခ်ရလုနီးပါး ဖြစ်သွားတာ? ပြီးတော့ သန်း ၃၀ တောင် ယူတယ်တဲ့လား" မူချိုယန် ပြောတာ ကြားပြီး လင်းယန်ရန် မျက်လုံးပြူးသွားတယ်။

"နောက်ဆုံးတော့ ငါ ၁၅ သန်းပဲ ပေးလိုက်ရတာပါ။ ပြီးတော့ ငါ့မောင်လေးကို ထျန်းဟယ် အိမ်ရာက လုံးချင်းအိမ် တစ်လုံး ပေးလိုက်တယ်" မူချိုယန်က ပြုံးပြီး ပြောတယ်။

"နင်က နင့်မောင်လေးကို ကြွေသွားပြီ ထင်တယ်... မဟုတ်ရင် ထျန်းဟယ် အိမ်ရာက လုံးချင်းအိမ် တစ်လုံးက ၁၅ သန်းထက် အများကြီး ပိုတန်တယ်လေ" လင်းယန်ရန် ပြုံးလိုက်တယ်။

"ဒါက ငါ့အသက်ကို ကယ်ပေးခဲ့တဲ့ ကျေးဇူးဆပ်တာ သက်သက်ပါပဲ။ ဘာပဲဖြစ်ဖြစ် သူသာ မရှိရင် ငါ တကယ် သေသွားမှာလေ။ သေသွားရင် ပိုင်ဆိုင်မှုတွေက ဘာလုပ်ရမှာလဲ... တိမ်တိုက်တွေလို လွင့်ပါသွားမှာပဲ" မူချိုယန်။

"တကယ်လား" လင်းယန်ရန် ပြုံးပြီး မူချိုယန်ကို ထပ်ကြည့်လိုက်တယ်။

"တကယ်ပါဆို" မူချိုယန်က တုံ့ဆိုင်းခြင်းမရှိ ဖြေလိုက်တယ်။ ဖြေပြီးတာနဲ့ ဆက်ပြောတယ်။ "ဒါတွေ ထားလိုက်ပါတော့ မမ ယန်ရန်... နင့်ကိစ္စကို ပြောကြရအောင်။ ငါ နင့်ကို နောက်နေတာ မဟုတ်ဘူး။ ငါ့မောင်လေးက နင့်ကို အဲ့လို ပြောသွားတယ် ဆိုကတည်းက နင် တကယ် အန္တရာယ် ရှိနေလို့ပဲ"

"မသေချင်ရင် နင့်ရဲ့ ကပ်ဘေးကို ကာကွယ်ဖို့ ငါ့မောင်လေးကို အကူအညီ တောင်းတာ ကောင်းမယ်"

"နင် တကယ်ပဲ နဂါးမောက်သီး တစ်ခါမှ မစားဖူးဘူးလား" လင်းယန်ရန်က ပြန်မဖြေဘဲ လေးလေးနက်နက် မေးလိုက်တယ်။

"မစားဖူးဘူး" မူချိုယန် ခေါင်းခါလိုက်တယ်။

"နင် နဂါးမောက်သီး ဝယ်ထားတယ်ဆိုတာ ဘယ်သူ့ကိုမှ မပြောပြထားဘူးလား" လင်းယန်ရန် မေးလိုက်တယ်။

"မပြောထားပါဘူး... နင်က ငါ့မောင်လေး ဒီကိစ္စတွေကို ကြိုသိပြီးမှ လာလောင်းကစား လုပ်တယ်လို့ ထင်နေတာမလား။ သူက လောင်းကြေးနိုင်သွားပြီး ငါက တကယ်ပဲ နဂါးမောက်သီးနဲ့ ဓာတ်မတည့်တာ ဖြစ်သွားတယ် ပေါ့လေ... ဟုတ်လား" မူချိုယန် ခေါင်းခါပြီး ပြုံးကာ မေးလိုက်တယ်။

"အင်း... မဖြစ်နိုင်ဘူးလို့တော့ မဆိုလိုဘူးလေ! ဘာပဲဖြစ်ဖြစ် သူ တကယ် တွက်ချက်နိုင်တာ ဆိုရင်တော့ လီမိုရဲ့ စွမ်းရည်က တကယ် ကြောက်စရာ ကောင်းတယ်" လင်းယန်ရန် ခေါင်းညိတ်လိုက်တယ်။ ပြီးတော့ ဆက်ပြောတယ်။

"ဒါ့အပြင် အဲ့လိုဆိုရင် ငါ့မှာ တကယ်ပဲ ကပ်ဆိုးနိမိတ် ရှိနေတာပေါ့... တော်တော် ထိတ်လန့်ဖို့ ကောင်းတာပဲ"

"ဒါက နင် ယုံမလား မယုံဘူးလား ဆိုတာအပေါ်ပဲ မူတည်တော့တယ်။ ဘာပဲဖြစ်ဖြစ် ငါကတော့ နင့်ကို မလိမ်ပါဘူး" မူချိုယန် ပခုံးတွန့်လိုက်တယ်။

"အခု အခြေအနေအရဆိုရင် သူ့ကို ယုံတာကလွဲပြီး တခြား ရွေးချယ်စရာမှ မရှိတော့တာ။ လီမိုရဲ့ WeChat ID လေး ပေးလို့ ရမလား။ ငါ Add ပြီး သူ့ကို မေးကြည့်ချင်လို့" လင်းယန်ရန် သက်ပြင်းချလိုက်ပြီး မူချိုယန်ကို လေးလေးနက်နက် ပြောလိုက်တယ်။

"ရတာပေါ့" မူချိုယန်က မငြင်းဘဲ လီမိုရဲ့ WeChat ID ကို Chat Box ထဲ ပို့ပေးလိုက်တယ်။

"ကျေးဇူးပါ ချိုယန်ရေ... ချစ်တယ်" လင်းယန်ရန်က မူချိုယန်ကို အနမ်းပေး လိုက်တယ်။

ပြောပြီးတာနဲ့ လင်းယန်ရန်က မူချိုယန်နဲ့ စကားပြောတာ ရပ်ပြီး Video Call ကို ချလိုက်တယ်။

——————————

ဖုန်းချပြီးနောက် လင်းယန်ရန်က သူ့ရှေ့က ကွန်ပျူတာကို ကြည့်လိုက်တယ်။ ပြီးတော့ ကီးဘုတ်ပေါ်မှာ လက်ကွက်တွေ တဒေါက်ဒေါက် ရိုက်ထည့်လိုက်တယ်။ မကြာခင်မှာပဲ လီမိုရဲ့ ဓာတ်ပုံက မျက်နှာပြင်ပေါ်မှာ ပေါ်လာတယ်။ မူလတန်း ကျောင်းသားဘဝကနေ လက်ရှိအချိန်ထိ ဓာတ်ပုံတွေ အကုန်ပါတယ်။ ဒါ့အပြင် လီမိုရဲ့ ကိုယ်ရေးရာဇဝင်နဲ့ ကိုယ်ရေးအချက်အလက် အမျိုးမျိုးလည်း ပါတယ်။

ဒီအချက်အလက်တွေကို ကြည့်ပြီး လင်းယန်ရန်ရဲ့ မျက်လုံးထဲမှာ စပ်စုချင်စိတ်တွေ ပြည့်နှက်နေတယ်။ သူ့ရဲ့ စုံစမ်းမှုအရတော့ လီမိုက ဗေဒင်ပညာ သင်ဖူးတယ်ဆိုတဲ့ အထောက်အထား တစ်ခုမှ မတွေ့ရဘူး။ မူချိုယန် ပြောသလိုပဲ... သူက အရင်တုန်းက ရုန်းကန်နေရတဲ့ စာရေးဆရာလေး တစ်ယောက် သက်သက်ပဲ။ ဒါပေါ့... ရုန်းကန်နေရတယ် ဆိုပေမယ့် တကယ့် အောက်ခြေ စာရေးဆရာတွေထက်တော့ အများကြီး သာပါသေးတယ်။ သူ့ဝင်ငွေက သိန်းဂဏန်းလောက်တော့ ရှိခဲ့ဖူးတယ်။

ဒါပေမဲ့ လီမိုရဲ့ အဘိုး နေမကောင်းဖြစ်လို့... လီမိုက သိတတ်တဲ့ မြေးလိမ္မာလေး ပီပီ...

ပိုက်ဆံတွေ အကုန်လုံးကို အဘိုး ဆေးကုဖို့ သုံးပစ်လိုက်တယ်။

လွန်ခဲ့တဲ့ ခြောက်လလောက် အတွင်းမှာတော့ ဘာအောင်မြင်မှုမှ မရတဲ့ စာအုပ်တွေပဲ ထွက်ခဲ့တယ်။ အဲ့ဒါကြောင့် အိမ်လခ မပေးနိုင်တာ ဖြစ်သွားတာ။

အဲ့ဒီလို လူတစ်ယောက်က အခုကျမှ ဗေဒင်တွက်ပြီး အနာဂတ်ကို ဟောနိုင်နေတယ်တဲ့။ ဒါက တကယ် ထူးဆန်းတယ်။ ဉာဏ်ပွင့်သွားတာလား၊ ဒါမှမဟုတ် ထူးခြားတဲ့ အမွေအနှစ် တစ်ခုခု ရလိုက်တာလား မသိဘူး။ ဘာပဲဖြစ်ဖြစ် သူက ဟက်ကာ တစ်ယောက်ပဲလေ။ အင်တာနက် နဲ့ ဒေတာဘေ့စ် တွေထဲကနေ လီမိုရဲ့ အချက်အလက်တွေကို စုံစမ်းနိုင်တယ် ဆိုပေမယ့်... တချို့အရာတွေကိုတော့ အသေးစိတ် စုံစမ်းလို့ မရဘူး။

"ချိုယန်ရဲ့ အခြေအနေအရ ကြည့်မယ်ဆိုရင်... တကယ်လို့ လီမိုက ချိုယန် နဂါးမောက်သီး ဝယ်ထားတာကို ကြိုမသိခဲ့ဘူးဆိုရင်... သူ့မှာ တကယ့် စွမ်းရည်အစစ် ရှိနေတာ သေချာတယ်"

"သူ့မှာ စွမ်းရည်အစစ် ရှိရင်... ငါ တကယ် အန္တရာယ် ရှိနေပြီ"

"သူနဲ့ တကယ် ဆက်သွယ်ဖို့ လိုအပ်နေပြီ"

"ငါ့ဆီက ဘယ်လောက်တောင် တောင်းမလဲ မသိဘူး" လင်းယန်ရန်ရဲ့ မျက်လုံးတွေ အရောင်လက်သွားပြီး မျက်နှာပေါ်မှာ သိချင်စိတ်တွေ ပေါ်လာတယ်။

အချိန်မဆွဲတော့ဘဲ ကွန်ပျူတာထဲက WeChat ကို ဖွင့်ပြီး လီမိုကို Friend Add လိုက်တယ်။

စာတိုလေးလည်း တွဲပို့လိုက်တယ်။

"မောင်လေး လီမို... မမ လင်းယန်ရန် ပါ"

ဒါပေမဲ့ သူ့ရဲ့ Friend Request က ချက်ချင်း လက်ခံခြင်း မခံရဘူး။

ဒီအချိန်မှာ လီမိုက အခုလေးတင် Friend Add ထားတဲ့ လန်ဇီယီနဲ့ စကားပြောနေလို့ပါ။