အခန်း (၂၈) - မမက ဟက်ကာလေ
Group ထဲက ညီအစ်ကိုတွေနဲ့ စကားပြောပြီးတာနဲ့ လီမိုရဲ့ WeChat မှာ Friend Request တစ်ခု ဝင်နေတာကို တွေ့လိုက်ရတယ်။ ကြည့်လိုက်တော့ Message ချန်ထားတာကို တွေ့ရတယ်။ သူ့ကိုယ်သူ "လန်ဇီယီ" ပါလို့ မိတ်ဆက်ထားတယ်။ လန်ဇီယီက မူချိုယန်ဆီမှာ သူ့ WeChat ID တောင်းခဲ့တယ် ဆိုတာကို မူချိုယန်က လီမိုကို ကြိုပြောထားပြီးသားလေ။ လန်ဇီယီ Add ထားမှန်း သိလိုက်တာနဲ့ လီမို သိပ်စဉ်းစားမနေဘဲ လက်ခံလိုက်တယ်။
"အစ်ကို လီမို... ညီမ အကောင့် အခိုးခံရမယ်ဆိုတာ ဘယ်လိုသိလဲဟင်။ အစ်ကိုက တကယ်ပဲ အံ့သြစရာကောင်းတယ်!" (လန်ဇီယီ)
"တွက်ချက်လိုက်တာပါ" လီမို။
"အစ်ကို လီမို... ဘယ်ဂိုဏ်းကလဲဟင်။ ဘယ်ပညာရပ်ကို လေ့လာထားတာလဲ။ ပြီးတော့ ဗေဒင်တွက်တတ်တယ်ဆိုတော့ ဖုန်းရွှေရော တတ်လားဟင် (ချစ်စဖွယ်) jpg" (လန်ဇီယီ)
"အစ်ကိုက ဂိုဏ်းပေါင်းစုံကပါ (ဆေးလိပ်သောက်နေပုံ) jpg" လီမို။
"ဂိုဏ်းပေါင်းစုံ? အဲ့ဒါ ဘာဂိုဏ်းလဲဟင်" (လန်ဇီယီ)
"အကုန်လုံး နည်းနည်းစီ တတ်တယ်လို့ ပြောတာပါ... ကိုယ့်ဘာသာ လေ့လာထားတာ" လီမို။
"အော်... ဟုတ်လား။ အစ်ကို လီမိုက တကယ် မိုက်တာပဲ! အစ်ကို လီမို... အားရင် ညီမကို ဗေဒင်လေး တွက်ပေးပါလား။ ဒီရက်ပိုင်း ညီမရဲ့ ကံဇာတာ ဘယ်လိုနေလဲ ဆိုတာလေး"
"ညီမ သေတ္တာဖွင့် (ဂိမ်းထဲတွင် ပစ္စည်းသေတ္တာဖွင့်ခြင်း) ချင်လို့"
"ဘယ်အချိန်ဖွင့်ရင် ကံအကောင်းဆုံး ဖြစ်မလဲ ဟောပေးပါလား" (လန်ဇီယီ)
"ရတာပေါ့... ပိုက်ဆံပေးရင် ဟောပေးမယ်" လီမို။
"ပိုက်ဆံပေးရမယ်? ဒါဆို အစ်ကို လီမို ဘယ်လောက်လိုချင်လဲ။ များရင်တော့ ညီမ မတတ်နိုင်ဘူးနော်။ တစ်သောင်းလောက်ဆို အဆင်ပြေမလား (သနားစရာမျက်နှာ) jpg" (လန်ဇီယီ)
"ရတယ်... သေတ္တာဖွင့်ချိန် ဟောပေးတာ တစ်သောင်းပဲ ယူမယ် (ရှက်ပြုံး) jpg" လီမို။
"ဟာ... အစ်ကို လီမို... ဈေးကြီးလိုက်တာ!" (လန်ဇီယီ)
"ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရတာလေ... တန်ကြေးတော့ ရှိတာပေါ့" လီမို။
"အင်းပါ... ဒါပေမဲ့ အစ်ကို လီမို... နည်းနည်းလောက် လျှော့ပေးလို့ မရဘူးလား။ သေတ္တာဖွင့်ဖို့ အချိန်ဟောပေးတာလေးကို တစ်သောင်းဆိုတာ များလွန်းတယ် (သနားစရာမျက်နှာ) jpg" (လန်ဇီယီ)
"ကောင်းပြီလေ... လျှော့ပေးမယ်" လီမို။
"ဘယ်လောက်လျှော့ပေးမှာလဲ (မျက်လုံးအရောင်တောက်) jpg" (လန်ဇီယီ)
"၉၉၉၉" လီမို။
"အစ်ကို လီမို... အစ်ကို... (ခေါင်းခေါက်) (ခေါင်းခေါက်) (ခေါင်းခေါက်) jpg" (လန်ဇီယီ)
"လျှော့ပေးဆိုလို့ လျှော့ပေးလိုက်ပြီလေ... နည်းနည်းတော့ သက်သာသွားပြီ မဟုတ်ဘူးလား (နားမလည်) jpg" လီမို။
"အစ်ကို လီမို... လူဆိုးကြီး..." (လန်ဇီယီ)
"အစ်ကိုက မွေးကတည်းက ဆိုးတာပါ" လီမို။
နှစ်ယောက်သား စာတွေ အပြန်အလှန် ပို့နေကြတယ်။ လီမိုကတော့ ဒီခရမ်းရောင်ဝတ် ကောင်မလေးနဲ့ စာပို့ရတာ တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ခံစားနေရတယ်။
ခဏလောက် စကားပြောပြီးနောက် လီမိုက Chat window ကနေ ထွက်လိုက်တော့ လင်းယန်ရန်ဆီက Friend Request တစ်ခု တွေ့လိုက်ရတယ်။ မူချိုယန်က လီမိုကို မပြောပြထားပေမယ့် လင်းယန်ရန်ကိုတော့ လီမိုရဲ့ WeChat ID ပေးလိုက်တယ်ဆိုတာ သိသာနေတာပဲ။ ဒါပေမဲ့ လင်းယန်ရန် လာ Add တာကိုတော့ လီမို သိပ်မအံ့သြပါဘူး။ Friend Request ကို တစ်ချက်ကြည့်ပြီး လက်ခံလိုက်တယ်။
လက်ခံလိုက်တာနဲ့ ချက်ချင်းပဲ လင်းယန်ရန်ဆီက စာရောက်လာတယ်။
"မောင်လေး လီမို" (လင်းယန်ရန်)
"ဗျာ... ဘာကိစ္စ ရှိလို့လဲ" လီမို။
"နင် တကယ် ဗေဒင်တွက်တတ်တာလား" (လင်းယန်ရန်)
"မမ ချိုယန် ပြောပြထားပြီးပြီ မဟုတ်လား" လီမို။
"ပြောတော့ ပြောပြတယ်... ဒါပေမဲ့ ငါက သိပ်မယုံနိုင်သေးလို့။ ငါ စုံစမ်းထားသလောက်ဆို နင်က အွန်လိုင်း စာရေးဆရာလေး တစ်ယောက်ပဲလေ" (လင်းယန်ရန်)
"ဟုတ်ပါတယ်... ကျွန်တော်က အွန်လိုင်း စာရေးဆရာလေးပါ... ပြီးတော့ တော်တော် ကျရှုံးနေတဲ့ စာရေးဆရာလေးပေါ့" လီမို။
"ကျရှုံးတယ်လို့တော့ မခေါ်ပါဘူး။ စာရေးပြီး သိန်းဂဏန်းလောက် ဝင်ငွေရှိဖူးတယ် ဆိုတော့ အွန်လိုင်းစာပေလောကမှာ သိပ်မများပေမယ့် လုံးဝ ကျရှုံးတယ်လို့တော့ မဆိုနိုင်ပါဘူး" (လင်းယန်ရန်)
"ဟဲဟဲ" လီမို။
"မောင်လေး လီမို... နင် တကယ် ဗေဒင်တွက်တတ်တယ် ဆိုရင်... ဒီနေ့ နင် ငါ့ကို ပြောခဲ့တာတွေက အမှန်တွေပေါ့? ငါ့ကို လိမ်တာ မဟုတ်ဘူးပေါ့? ငါ့မှာ တကယ်ပဲ ကပ်ဆိုးနိမိတ် ရှိနေတာလား" (လင်းယန်ရန်)
"ဟုတ်တယ်... မမမှာ တကယ်ပဲ ကပ်ဆိုးနိမိတ် ရှိနေတယ်။ မမ သေလိမ့်မယ်" လီမို။
"တကယ်လား? ငါ နင့်ကို ယုံရမလား မယုံရဘူးလား ဝေခွဲမရ ဖြစ်နေတယ်။ လီမို... ငါတို့ စမ်းသပ်ကြည့်ကြမလား" (လင်းယန်ရန်)
"ဘယ်လို စမ်းသပ်ချင်တာလဲ" လီမို။
"နင် ဗေဒင်တွက်တတ်တယ် ဆိုတော့... ငါ့ရဲ့ အလုပ်အကိုင်ကို ဟောပေး။ ငါ ဘာလုပ်လဲဆိုတာ" (လင်းယန်ရန်)
"ရတာပေါ့... ဒါပေမဲ့ အလကားတော့ မဟောပေးနိုင်ဘူး။ ဒါကြောင့် မမရဲ့ အလုပ်အကိုင်ကို သိချင်ရင် ပိုက်ဆံပေးရမယ်" လီမို။
"ဘယ်လောက်လဲ" (လင်းယန်ရန်)
"တစ်သိန်း" လီမို။
"တစ်သိန်း?! မောင်လေး လီမို... နင့်ဈေးက များလွန်းတယ်။ အလုပ်အကိုင်လေး ဟောပေးတာကို တစ်သိန်း တောင်းတယ်ပေါ့?! (လန့်ဖျပ်) jpg" (လင်းယန်ရန်)
"ဈေးကြီးတယ် ထင်ရင် မဟောနဲ့ပေါ့" လီမို။
"ကောင်းပြီလေ! တစ်သိန်း ဆိုတော့လည်း တစ်သိန်းပေါ့! ပေးမယ်" (လင်းယန်ရန်)
စာပို့ပြီးတာနဲ့ လီမိုဆီ ငွေဝင်ကြောင်း စာတို ရောက်လာတယ်။ လင်းယန်ရန်က WeChat ကနေ တစ်သိန်း လွှဲပေးလိုက်တယ်။ ဒါကို မြင်တော့ လီမို ပြုံးပြီး တုံ့ဆိုင်းမနေဘဲ လက်ခံလိုက်တယ်။
"မောင်လေး လီမို... ပိုက်ဆံလည်း ယူပြီးပြီဆိုတော့ ပြောတော့။ ငါ့အလုပ်က ဘာလဲ" (လင်းယန်ရန်)
"မမက ဟက်ကာလေ!" လီမို။
"!!!! (မျက်လုံးပြူး) jpg" (လင်းယန်ရန်)
ဒီစာကို မြင်လိုက်တာနဲ့ ဗီလာထဲက ကွန်ပျူတာရှေ့မှာ ပျင်းရိစွာ ထိုင်နေတဲ့ လင်းယန်ရန် ရုတ်တရက် ခါးမတ်သွားတယ်။ စာပြန်ပို့နေရင်းနဲ့ ရင်ထဲမှာ မုန်တိုင်းထန်သလို ခံစားလိုက်ရတယ်။ သူ့ရဲ့ ဟက်ကာ စွမ်းရည်က တော်တော်လေး ကောင်းမွန်တယ်။ ထိပ်တန်းအဆင့် မဟုတ်ရင်တောင်... သေချာပေါက် ညံ့တဲ့အထဲတော့ မပါဘူး။ မဟုတ်ရင် သူ ဒီအလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုလို့ရမှာ မဟုတ်ဘူး။ သာမန်လူတစ်ယောက်က သူ့ရဲ့ ဒီအထောက်အထားကို သိဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ သူတို့လို ဟက်ကာတွေအတွက် အထောက်အထား ပေါက်ကြားသွားတယ် ဆိုတာ သေလမ်းပဲလေ။ ဒါကြောင့် သူ ဘယ်တော့မှ အထောက်အထားကို ထုတ်ဖော်မှာ မဟုတ်ဘူး။ အရင်းနှီးဆုံး လူတွေကိုတောင် သူ ဘယ်တော့မှ မပြောပြဘူး။ ပြောရရင် သူကလွဲပြီး ဘယ်သူမှ သူ ဟက်ကာ ဆိုတာကို မသိဘူး။ မူချိုယန်နဲ့ ဘယ်လောက်ပဲ ခင်ခင်... မူချိုယန်တောင် မသိဘူး။
ဒါပေမဲ့ အခု... လီမိုက သူ့အလုပ်အကိုင်ကို ချက်ချင်း ထုတ်ပြောလိုက်တယ်။ ဒါက သူ့အတွက် တကယ့်ကို ယုံနိုင်စရာ မရှိဘူး။ လီမိုက ရမ်းသမ်း ပြောလိုက်တာလား။ ရမ်းသမ်း ပြောတာဆိုရင်တောင် ဒါက သိပ်ကို ကွက်တိကျလွန်းနေတယ်။ ဒါ့အပြင် လီမိုနဲ့ သူ ပြောခဲ့တဲ့ စကားတွေကို ပြန်စဉ်းစားကြည့်တယ်။ စောစောက သူ လီမိုအကြောင်း စုံစမ်းထားတယ်လို့ ပြောလိုက်တာကလွဲရင်... ကျန်တဲ့ အချိန်တွေမှာ သူ့အကြောင်း ဘာမှ အရိပ်အမြွက် မပြခဲ့ဘူး။ ပြီးတော့ သူက လီမိုအကြောင်း စုံစမ်းထားတယ်လို့ပဲ ပြောခဲ့တာလေ။ စုံစမ်းတယ် ဆိုတာက ကွန်ရက်ဖောက်ထွင်းတာ တစ်ခုတည်းနဲ့ လုပ်လို့ရတာမှ မဟုတ်တာ။ တခြား နည်းလမ်းတွေနဲ့လည်း စုံစမ်းလို့ ရတာပဲ။ ဟက်ကာ ဆိုတဲ့ အလုပ်အကိုင်ဆီ တန်းရောက်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။
ဒါပေမဲ့ အခု လီမိုက သူ ဟက်ကာ ပါလို့ ရုတ်တရက် ပြောလိုက်တယ်။ ဒါက သူ့အတွက် တကယ့်ကို ထိတ်လန့်စရာ ကောင်းလွန်းတယ်။ တကယ်ကို တုန်လှုပ်သွားစေတယ်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: