အခန်း (၂၉) - လွဲသွားရင် လွဲသွားပြီပေါ့
"ဘယ်လိုလဲ... လန့်သွားလား (အပြုံး) jpg" ဒါကို မြင်တော့ လီမို နောက်ထပ် စာတစ်စောင် ထပ်ပို့လိုက်တယ်။
"ဒါ... ငါက အစတုန်းကတော့ ဝန်မခံဘဲ နေမလို့ပါပဲ။ ဒါပေမဲ့ နင့်အခြေအနေကို ကြည့်ရတာ ငါ့အလုပ်အကိုင်ကို တကယ် သိနေတာပဲနော်။ ရမ်းသမ်း ပြောလိုက်တာ မဟုတ်ဘူးမလား" (လင်းယန်ရန်)
"မမ ဘယ်လိုထင်လဲ (လျှို့ဝှက်ဆန်းကြယ်အပြုံး) jpg" လီမို။
"မဖြစ်နိုင်ပါဘူး... ဒါပေမဲ့ နင် ဘယ်လိုလုပ် သိတာလဲ။ နင့်ရဲ့ တွက်ချက်နိုင်စွမ်းက နည်းနည်း ကြောက်စရာ ကောင်းလွန်းတယ်။ ငါတို့ မျက်နှာချင်းဆိုင် တွေ့ခဲ့တာ ခဏလေးပဲ ရှိသေးတာလေ"
"အဲ့ဒီ ခဏလေးအတွင်းမှာ ငါ့မှာ ကပ်ဆိုးနိမိတ် ရှိနေတာကို မြင်ရုံတင် မကဘူး"
"ငါ့အလုပ်အကိုင်ကိုပါ အတိအကျ သိတယ်ပေါ့"
"ဒါက တကယ် ထူးဆန်းလွန်းတယ်"
"နင်က ငါ့လက်ကို ကိုင်ကြည့်ပြီး လက္ခဏာ ဖတ်ခဲ့တာလည်း မဟုတ်ဘူး... ငါ့ကို ထိတွေ့ခဲ့တာလည်း မဟုတ်ဘူး... မျက်နှာလေး ကြည့်လိုက်ရုံနဲ့တင် ဒီလောက် အများကြီး သိတယ်ပေါ့?"
"ဒါ လုံးဝကို ကြောက်စရာကြီး!!"
လီမို စာပို့ပြီးတာနဲ့ လင်းယန်ရန်ဆီက စာရှည်ကြီးတွေ ဆက်တိုက် ရောက်လာတယ်။
စာသားတွေထဲမှာ ထိတ်လန့်အံ့သြမှုတွေ အပြည့်ပါနေတယ်။
"အဆင်ပြေပါတယ်... သိပ်လည်း ကြောက်စရာ မလိုပါဘူး။ ဒါတွေက ပုံမှန် နည်းလမ်းတွေပါ" လီမို။
"ဒါက ပုံမှန် ဟုတ်လား? (စကားမပြောနိုင်တော့) jpg" (လင်းယန်ရန်)
"ဒါပေါ့ ပုံမှန်ပဲ။ ရှေးစကားတောင် ရှိသေးတယ်မလား... 'လူတိုင်းမှာ ကိုယ်ပိုင် ကျွမ်းကျင်မှု ရှိကြတယ်' တဲ့။ မမက ဟက်ကာ တစ်ယောက် ဖြစ်နေသလိုပေါ့... မမရဲ့ Hacking နည်းလမ်းတွေက မမအတွက်တော့ ပုံမှန်ပဲလေ"
"ဒါပေမဲ့ မမအတွက် ပုံမှန် ဖြစ်နေတဲ့အရာက တခြားလူတွေအတွက်တော့ အခြေခံလေးတောင် နားမလည်နိုင်လောက်အောင် ခက်ခဲနေတတ်တယ်" လီမို။
"နင် အဲ့လိုပြောတော့လည်း ဟုတ်သလိုလိုပဲ" (လင်းယန်ရန်)
"အဲ့ဒါ ပြောတာပေါ့" လီမို။
"မောင်လေး လီမို... ငါ့မှာ ဘာကပ်ဆိုးနိမိတ်တွေ ဖြစ်လာမှာလဲဟင်။ ကာကွယ်ပေးလို့ ရမလား (တောင်းပန်နေတဲ့ မျက်နှာ) jpg" (လင်းယန်ရန်)
"ရတာပေါ့! မခက်ပါဘူး... ဒါပေမဲ့ ပိုက်ဆံထပ်ပေးရမယ် (ဆေးလိပ်သောက်နေပုံ) jpg" လီမို။
"ဘယ်လောက်လဲ" (လင်းယန်ရန်)
"ဆယ်သန်းလောက်ပေါ့" လီမို။
"ဝါး... လီမို... နင့်ဈေးက တကယ်... ကြောက်စရာကြီး (ထိတ်လန့်) jpg" (လင်းယန်ရန်)
"အသက်နဲ့ ယှဉ်ရင် ဆယ်သန်း ဆိုတာ ဈေးမကြီးပါဘူး" လီမို။
"မှန်တော့ မှန်ပါတယ်... ဒါပေမဲ့ ချက်ချင်းကြီး ဆယ်သန်း တောင်းတာတော့... လျှော့ပေးလို့ မရဘူးလား" (လင်းယန်ရန်)
"ရတယ်... ၉,၉၉၉,၉၉၉ ယွမ် (ကိုးသန်း ကိုးသိန်း ကိုးသောင်း ကိုးထောင် ကိုးရာ ကိုးဆယ့်ကိုး ယွမ်)" လီမို တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေလိုက်တယ်။
"တကယ် နည်းနည်း လျှော့ပေးတာပဲ (ရယ်ရခက်ငိုရခက်) jpg" (လင်းယန်ရန်)
"ကျွန်တော်က ရိုးသားတဲ့သူပါ" လီမို။
"ဒါ အပြီးပဲလား။ ထပ်ညှိလို့ မရတော့ဘူးလား" (လင်းယန်ရန်)
"ထပ်လျှော့လို့ မရတော့ပါဘူး" လီမို။
"ကောင်းပြီလေ... ဒါဆို မောင်လေး လီမို... မမ ချိုယန် ပြောတာ ကြားဖူးတယ်။ သူက တစ်ဝက် အရင်ပေးပြီး ကိစ္စပြီးမှ ကျန်တဲ့တစ်ဝက် ပေးတယ်ဆို။ ငါလည်း အဲ့လို လုပ်လို့ ရမလား"
"ငါးသန်း အရင်လွှဲပေးမယ်"
"ကိစ္စပြီးမှ ကျန်တဲ့ ငါးသန်း ပေးမယ်" (လင်းယန်ရန်)
"ရတာပေါ့... အခုပဲ ဘဏ်ကတ်နံပါတ် ပို့ပေးလိုက်မယ် (အပြုံး) jpg" လီမို။
စာပို့ရင်းနဲ့ လီမိုက သူ့ရဲ့ ဘဏ်ကတ်နံပါတ်ကိုပါ တန်းပို့ပေးလိုက်တယ်။
"ခဏစောင့်... အခုပဲ လွှဲပေးလိုက်မယ်" (လင်းယန်ရန်)
"အိုကေ" လီမို။
လီမို စာပို့ပြီးနောက် လင်းယန်ရန် ချက်ချင်း ပြန်မလာဘူး။ ခဏကြာတော့ လီမိုရဲ့ ဖုန်းမြည်လာတယ်။ တစ်ချိန်တည်းမှာပဲ ငွေဝင်ကြောင်း စာတို အသိပေးချက် တက်လာတယ်။ အကောင့်ထဲကို ငါးသန်း ဝင်လာတာ တွေ့လိုက်ရတယ်။
ဒါကို မြင်တော့ လီမို မနေနိုင်ဘဲ ထပ်ပြုံးလိုက်မိတယ်။ မူချိုယန်တုန်းက ဒီ့ထက်များတဲ့ ပမာဏ လွှဲပေးတာ ကြုံဖူးပေမယ့်... လီမိုကတော့ ပိုက်ဆံရှာရတာ မြန်လွန်း၊ လွယ်လွန်းတယ်လို့ တွေးမိတိုင်း သက်ပြင်းချမိတုန်းပဲ။ အရင်တုန်းက ပင်ပင်ပန်းပန်း စာရေးပြီး ရှာခဲ့ရတာနဲ့ဆိုရင် မိုးနဲ့မြေလို ကွာခြားနေပြီ။
"ဘယ်လိုလဲ မောင်လေး လီမို... ပိုက်ဆံ ရပြီလား" (လင်းယန်ရန်)
"ရပါပြီ... ရောက်ပါပြီ" လီမို။
"ရောက်ရင် ပြီးတာပါပဲ။ ဒါဆို လီမို... နင် ငါ့ကပ်ဘေးကို ဘယ်လို ဖြေရှင်းပေးမလဲ။ ပြီးတော့ ငါ ဘာဖြစ်မှာလဲ ဆိုတာ အခု ပြောပြလို့ ရမလား" (လင်းယန်ရန်)
"ဒါက မမရဲ့ ရွေးချယ်မှုအပေါ် မူတည်တယ်။ ကိစ္စဖြစ်ခါနီးမှ ဖြေရှင်းနည်း ပြောပြစေချင်တာလား၊ ဒါမှမဟုတ် အခုကတည်းက ကြိုပြောပြပြီး လုံးဝ ရှောင်လွှဲစေချင်တာလား"
"ပထမနည်းလမ်းကတော့ ကျွန်တော့်ကို လုံးဝ ယုံကြည်ဖို့ လိုတယ်။ ဒုတိယနည်းလမ်းကတော့ မမ ပိုက်ဆံ အလကားကုန်သွားသလို ခံစားရနိုင်တယ်"
"ပြီးတော့ ဒုတိယနည်းလမ်းကို ရွေးမယ်ဆိုရင် ကျန်တဲ့ငွေကို အခု ရှင်းပေးရမယ်" လီမို။
"ငါ နင့်ကို လုံးဝ ယုံကြည်ပါတယ်။ ဘာပဲဖြစ်ဖြစ် ငါ ဟက်ကာ လုပ်နေတာကို မိဘတွေကိုတောင် မပြောပြဖူးဘူး။ ငါတစ်ယောက်တည်းပဲ သိတာ... တခြားဘယ်သူမှ သိစရာ အကြောင်းမရှိဘူး"
"အဲ့ဒါကို နင်က ချက်ချင်း ပြောနိုင်တယ်ဆိုတော့..."
"နင့်မှာ တကယ့် စွမ်းရည်အစစ် ရှိတယ်ဆိုတာ သေချာသွားပြီ" (လင်းယန်ရန်)
ဒီစာ ရောက်လာပြီးတာနဲ့...
လီမို စာမပြန်ရသေးခင်မှာပဲ လင်းယန်ရန်ဆီက Video Call ဝင်လာတာ တွေ့လိုက်ရတယ်။ ဒါကို မြင်တော့ လီမို မျက်လုံး အရောင်လက်သွားပြီး ချက်ချင်း ကိုင်လိုက်တယ်။
Video Call ကိုင်လိုက်တာနဲ့ လင်းယန်ရန် ပုံ ပေါ်လာတယ်။ ဒီအချိန်မှာ လင်းယန်ရန်က ကွန်ပျူတာ ထိုင်ခုံပေါ်မှာ ခြေချိတ်ထိုင်နေတယ်။ အနီရောင် ညဝတ်အင်္ကျီ ဝတ်ထားတယ်။ ဆံပင်ရှည်တွေကို အနောက်ဘက်မှာ ပေါ့ပေါ့ပါးပါး ချထားတယ်။ ရင်သပ်ရှုမောဖွယ် မျက်နှာလေးမှာ မိတ်ကပ် လုံးဝ မရှိဘူး။ စကားပြောနေသယောင် တောက်ပနေတဲ့ မျက်လုံးတစ်စုံက လီမိုကို စိုက်ကြည့်နေတယ်။
"ဘာလို့ အဲ့လောက် စိုက်ကြည့်နေတာလဲ" လီမိုက ပြုံးပြီး မေးလိုက်တယ်။
"မင်းက တကယ် အံ့သြစရာ ကောင်းလို့ပါ။ ငါ့တစ်သက်မှာ တကယ်ဟောနိုင်တဲ့ ဗေဒင်ဆရာကို အခုမှ ပထမဆုံး မြင်ဖူးတာ။ အရင်က တွေ့ဖူးသမျှ အကုန်လုံးက လိမ်စားနေတဲ့သူတွေချည်းပဲ" လင်းယန်ရန် ပြောလိုက်တယ်။
"မမ မတွေ့ဖူးသေးလို့ နေမှာပါ။ ကမ္ဘာကြီးက ကျယ်ပါတယ်... ပညာရှင်တွေ အများကြီး ရှိမှာပါ" လီမိုက ပြုံးပြီး ပြောတယ်။
"ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ငါတော့ တစ်ခါမှ မမြင်ဖူးဘူး။ ချိုယန်က ဘာလို့ နင့်ကို လုံးချင်းအိမ် ပေးလိုက်လဲ ဆိုတာ အခုမှ နားလည်တော့တယ်" လင်းယန်ရန် ပြုံးလိုက်တယ်။ ပြီးတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ ပုံစံနဲ့ မျက်စိတစ်ဖက် မှိတ်ပြလိုက်တယ်။
"ဘာဖြစ်လို့လဲ" လီမို ပြုံးပြီး မေးလိုက်တယ်။
"ရေနီးရာ မြက်စိမ်း ဆိုတာလေ... အခွင့်အရေး ပိုရတာပေါ့။ ငါသာ ဒီလောက် စွမ်းရည်ရှိတဲ့ မောင်လေးကို စောစောစီးစီး တွေ့ခဲ့ရင်... ငါ့အနားမှာပဲ အမြဲ ခေါ်ထားပြီး မျက်စိအောက်က အပျောက်မခံဘဲ ထားမှာ"
"ပြီးရင် အပိုင်သိမ်းပစ်လိုက်မှာ" လင်းယန်ရန်က ပြုံးပြီး ပြောတယ်။
"မမ တွေးတာ လွန်နေပါပြီ။ ကျွန်တော်က မမ ချိုယန်ကို မွေးစားပါလို့ ခဏခဏ ပြောတာတောင် သူက ငြင်းနေတာ" လီမို ပခုံးတွန့်လိုက်တယ်။
"တကယ်လား" လင်းယန်ရန် မျက်တောင်ခတ်ရင်း လီမိုကို အပေါ်အောက် ကြည့်လိုက်တယ်။
"ဒါဆို မောင်လေး လီမို... ဒီနေ့ မနက်တုန်းက ငါ မေးဖူးတယ်လေ... ငါ မွေးစားရင် လက်ခံမလားလို့"
"နင်က လက်ခံပါတယ်လို့ ပြောခဲ့ပေမယ့် ကံဆိုးစွာနဲ့ ငါက အသက်တိုပြီး ကံဆိုးမယ့်သူ ဖြစ်နေလို့ မဖြစ်ဘူးလို့ ပြောခဲ့တယ်လေ"
"အခု ငါ့အန္တရာယ်ကို နင် ကူညီဖြေရှင်းပေးနိုင်ပြီဆိုတော့..."
"ဒီအခြေအနေမှာ ငါက နင့်ကို မွေးစားမယ်ဆိုရင်ရော လက်ခံဦးမလား"
"မဖြစ်တော့ဘူး မမရေ!" လီမို ပခုံးတွန့်လိုက်တယ်။
"ဘာလို့လဲ" လင်းယန်ရန် စပ်စုချင်စိတ်နဲ့ မေးလိုက်တယ်။
"မမ ကြားဖူးတယ် မဟုတ်လား... 'အခွင့်အရေး ဆိုတာ ကျော်သွားရင် ပြန်မလာတော့ဘူး' တဲ့။ မမက အခွင့်အရေးကို လက်လွတ်ခံလိုက်ပြီလေ..." လီမိုက ပြုံးပြီး ပြောလိုက်တယ်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: