အခန်း (၃၀) - အထူးစွမ်းရည်ကို လျှော့တွက်မိခြင်း
"နောက်ထပ် အခွင့်အရေး တစ်ကြိမ် ထပ်မပေးနိုင်ဘူးလား။ ငါ မလှလို့လား။ ဒါမှမဟုတ် ငါက နင့်ပုံစံ မဟုတ်လို့လား" လင်းယန်ရန်က ပြုံးပြီး မေးလိုက်တယ်။
"လှတာပေါ့... မမက ကျွန်တော့်အကြိုက်ဆုံး ပုံစံပါပဲ။ ဒါပေမဲ့ စိတ်မကောင်းပါဘူး" လီမို။
"ဘာဖြစ်လို့လဲ" လင်းယန်ရန် မျက်တောင်ခတ်ရင်း နားမလည်သလို မေးလိုက်တယ်။
"မမက မမွေးစားခင် ကျွန်တော့်ကို အရင် ညာစားဖို့ ကြံနေတာ မဟုတ်ဘူးလား" လီမို သံသယရှိသလို ပြောလိုက်တယ်။
"ညာစားချင်တာတော့ အမှန်ပေါ့... ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက... မမက စိတ်မပါဘဲ စနောက်နေရုံ သက်သက်မို့လို့ပါ" လီမိုက ပြုံးပြီး ခေါင်းခါလိုက်တယ်။
"ဟားဟား..." လင်းယန်ရန် အော်ရယ်လိုက်တယ်။
အခုမှ လီမိုကို စိတ်ဝင်စားဖို့ကောင်းတဲ့ လူတစ်ယောက်လို့ ခံစားမိလာတယ်။ ဟန်ဆောင်မှု ကင်းတယ်။ ပြီးတော့ စကားပြောရတာ အဆင်ပြေတယ်။
"မမ ဘာရွေးမလဲ ဆိုတာ ပြောကြရအောင်" လီမိုက ပြုံးပြီး စကားလမ်းကြောင်း လွှဲလိုက်တယ်။
လင်းယန်ရန်ရဲ့ အပြုံးက လှပေမယ့်... လီမိုက အရင်ကိစ္စတွေကို ဆက်မဆွေးနွေးချင်တော့ဘူး။
"ငါ ဘယ်အချိန် ဒုက္ခရောက်မှာလဲ ဆိုတာ အတိအကျ ပြောပြနိုင်မလား။ ပြင်ဆင်စရာ ရှိတာ ပြင်ဆင်ပြီးမှ ဆုံးဖြတ်ချင်လို့ပါ" လင်းယန်ရန်က မျက်လုံးလေး တောက်ပစွာနဲ့ မေးလိုက်တယ်။
"မနက်ဖြန်!" လီမိုက တည်ငြိမ်စွာ ဖြေလိုက်တယ်။
ဖြေနေရင်းနဲ့ ဖုန်းမျက်နှာပြင်ကို စိုက်ကြည့်လိုက်တယ်။ မျက်နှာပြင်ပေါ်မှာ QR Code တွေ ပေါ်လာတယ်။ လီမိုက လင်းယန်ရန် ပုံရိပ်ပါတဲ့ QR Code ကို ရွေးလိုက်တယ်။
အမည်: လင်းယန်ရန်
အသက်: ၂၈ နှစ်
ကျား/မ: မ
ရုပ်ရည်: ၉၅ အရပ်: ၁.၇၅ မီတာ
စွမ်းရည်များ: ဟက်ကာ (ကျွမ်းကျင်) (ထုတ်ယူနိုင်)၊ ဝင်ချွန်း (ကျွမ်းကျင်) (ထုတ်ယူနိုင်)၊ ဟင်းချက် (ကျွမ်းကျင်) (ထုတ်ယူနိုင်)၊ စက်မဲ့ယာဉ်မောင်းနှင်ခြင်း (ကျွမ်းကျင်) (ထုတ်ယူနိုင်)၊ မော်တော်ဆိုင်ကယ်မောင်းနှင်ခြင်း (ကျွမ်းကျင်) (ထုတ်ယူနိုင်)၊ ဖရီးစတိုင် ဘတ်စကက်ဘော (ကျွမ်းကျင်) (ထုတ်ယူနိုင်)၊ ကပြခြင်း (ကျွမ်းကျင်) (ထုတ်ယူနိုင်)
အလုပ်အကိုင်: ဟက်ကာ
ပိုင်ဆိုင်မှု: မရှိ
လက်ရှိငွေသား: ၁၃၁,၅၄၂,၂၂၈ ယွမ်
စီးတော်ယာဉ်: Harley-Davidson Flagship Glide
အိမ်ထောင်ရေးအခြေအနေ: မရှိ
ရင်းနှီးမှု: ၆၅
အထူးအခြေအနေ: မနက်ဖြန်ည ၈ နာရီတွင် ထျန်းယွင်တောင်ပေါ်၌ ဆိုင်ကယ်ပြိုင်နေစဉ် ၄၂၆ ကွေ့အရောက်၌ နောက်ဘီး သံမှိုစူးပြီး ရုတ်တရက် ဘီးပေါက်မည်။ ထို့ကြောင့် ဆိုင်ကယ် အထိန်းအကွပ်မဲ့ကာ ဘယ်ဘက်သို့ ယိုင်ဆင်းပြီး လမ်းဘေးအတားအဆီးကို ဝင်တိုက်ကာ ချောက်ထဲ ပြုတ်ကျပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးမည်။
လီမို စကင်ဖတ်လိုက်တာနဲ့ လင်းယန်ရန်ရဲ့ အချက်အလက်အစုံအလင်က သူ့မြင်ကွင်းထဲ ပေါ်လာတယ်။ အချက်အလက် ပုံစံခွက် ပေါ်လာတာနဲ့ လီမိုက အထူးအခြေအနေ နဲ့ စွမ်းရည် ကဏ္ဍကို အာရုံစိုက်လိုက်တယ်။
"ဒါဆို ငါ့ရဲ့ QR Code ထုတ်ယူနိုင်တဲ့ စွမ်းရည်က အဝေးကနေ အချက်အလက်တွေ ယူနိုင်ရုံတင် မကဘူး... Video Call ပြောနေရင်းနဲ့လည်း ရုပ်ပုံကနေတစ်ဆင့် အချက်အလက်တွေ ထုတ်ယူလို့ ရတာပေါ့"
ဒါကို မြင်တော့ မျက်လုံးထဲမှာ အလင်းရောင် တစ်ချက် လက်သွားတယ်။
"ဒါ့အပြင် အထူးအခြေအနေ ကဏ္ဍက ပြောင်းလဲမသွားသေးဘူး။ ဒါဆို စကင်ဖတ်ချက်အရ... ငါနဲ့ လင်းယန်ရန်ရဲ့ အခုလက်ရှိ စကားပြောနေမှုက သူ့ကံကြမ္မာကို ဝင်ရောက်စွက်ဖက်တဲ့ အဆင့်ထိ မရောက်သေးဘူး ဆိုတဲ့ သဘောပဲ"
"လက်ရှိ အခြေအနေအရ ဆိုရင်... ငါသာ သူ့ကို ဆက်မဆက်သွယ်တော့ဘဲ ထားလိုက်ရင်... သူ သေမှာ သေချာနေသေးတယ်ပေါ့"
ခဏလောက် လီမို အတွေးတွေ နက်သွားတယ်။ စဉ်းစားနေရင်းနဲ့ သူ့မှာ ပိုနေတဲ့ စွမ်းရည်မှတ် တစ်ခုကို သုံးသင့် မသုံးသင့် ချိန်ဆနေတယ်။ လင်းယန်ရန်ရဲ့ စွမ်းရည်တွေကို ထုတ်ယူဖို့ပေါ့။ ဘာပဲဖြစ်ဖြစ် လင်းယန်ရန်ရဲ့ စွမ်းရည်တွေက တကယ် မိုက်တယ်လေ။ ဒါ့အပြင် စွမ်းရည်မှတ်ကို သုံးလိုက်ရင်... အဝေးကနေ စွမ်းရည် ထုတ်ယူလို့ ရမရ ဆိုတာကိုလည်း အတိအကျ သိသွားမှာ။
ဒါပေမဲ့ ခဏလောက် စဉ်းစားပြီးနောက် လီမိုက ထုတ်ယူဖို့ အကြံကို ယာယီ လက်လျှော့လိုက်တယ်။ ပြီးတော့ ဖုန်းမျက်နှာပြင်ကို လက်ချောင်းနဲ့ ပွတ်ဆွဲပြီး Screenshot ရိုက်လိုက်တယ်။
"မနက်ဖြန်လား? ကောင်းပြီလေ... မောင်လေး လီမို။ ဒါဆို မနက်ဖြန် အစောဆုံးအချိန် လာတွေ့မယ်။ ဒါမှမဟုတ် အခုချက်ချင်း လာတွေ့ရမလား"
လီမို Screenshot ရိုက်နေတုန်း လင်းယန်ရန်ရဲ့ မျက်လုံးတွေ လှုပ်ရှားသွားပြီး မေးလိုက်တယ်။
"မနက်ဖြန်မှပဲ လာခဲ့ပါ။ စိတ်မပူပါနဲ့... မနက်ဖြန် နေ့လယ် မတိုင်ခင်အထိ ဘာမှ မဖြစ်ပါဘူး" လီမိုက ပြုံးပြီး ပြန်ဖြေလိုက်တယ်။
"အိုကေ... နားလည်ပြီ။ ဒါဆို မနက်ဖြန် မနက်အစောကြီး ဆက်သွယ်လိုက်မယ်" လင်းယန်ရန် ပြုံးပြီး ပြောလိုက်တယ်။
ပြောပြီးတာနဲ့ ဘာမှ ထပ်မပြောတော့ဘဲ ဖုန်းချလိုက်တယ်။
လင်းယန်ရန် ဖုန်းချသွားတယ်။ လီမိုက ဖုန်းရဲ့ ဓာတ်ပုံအယ်လ်ဘမ်ကို ဖွင့်ပြီး စောစောက ရိုက်ထားတဲ့ Screenshot ပုံကို ပြန်ဖွင့်လိုက်တယ်။ ပုံကို ကြည့်လိုက်တယ်။ မျက်လုံးထဲမှာ QR Code တွေ ချက်ချင်း ပေါ်လာတယ်။ လီမိုက လင်းယန်ရန်ရဲ့ QR Code ကို ရွေးလိုက်တယ်။
ဓာတ်ပုံပိုင်ရှင်: လင်းယန်ရန်
ရိုက်ကူးချိန်: လွန်ခဲ့သော ၃၂ စက္ကန့်
အသက်: ၂၈ နှစ်
အရပ်: ၁.၇၅ မီတာ
ကိုယ်အလေးချိန်: ၁၂၀ ကျင်း (ပေါင် ၁၃၀ ခန့်)
အလုပ်အကိုင်: ဟက်ကာ
ချက်ချင်းပဲ ကိုယ်ရေးအချက်အလက် ပုံစံခွက်တစ်ခု လီမိုရဲ့ မြင်ကွင်းထဲ ပေါ်လာတယ်။ ဒါပေမဲ့ အချက်အလက်တချို့တော့ ပေါ်လာပေမယ့်... လီမို မြင်ချင်တဲ့ အချက်အလက်တွေကို မတွေ့ရဘူး။
"Video Call ပြောတုန်းက မြင်ရတဲ့ အချက်အလက်တွေနဲ့ လုံးဝ ကွဲပြားနေပါလား။ နာမည်၊ အလုပ်အကိုင်၊ အရပ်၊ အသက် နဲ့ ကိုယ်အလေးချိန် ပါလာတယ် ဆိုပေမယ့်... Video Call တုန်းကနဲ့ မတူဘူး"
ကိုယ်အလေးချိန် ၁၂၀ ကျင်း ဆိုတာ နည်းနည်းတော့ များလွန်းတယ်။ မျက်မြင်အရဆို ပေါင် ၁၀၀ ဝန်းကျင်လောက်ပဲ ရှိမယ့်ပုံ။
ဒါ့အပြင် ကိုယ်ပိုင် စွမ်းရည်တွေ၊ အထူးအခြေအနေတွေ နဲ့ ရင်းနှီးမှု အဆင့်တွေ မပါလာဘူး။ အိမ်ခြံမြေ ပိုင်ဆိုင်မှုနဲ့ လက်ရှိငွေသားလည်း မပါဘူး။
ဘာလို့လဲ?
"သီအိုရီအရတော့ ဒါတွေ အကုန်လုံးက လင်းယန်ရန်ပဲလေ... ဘာလို့ QR Code အချက်အလက်တွေက ဒီလောက် ကွဲပြားနေရတာလဲ"
"ဓာတ်ပုံက ရပ်တန့်နေတဲ့အရာ မို့လို့လား။ တိုက်ရိုက် Video Call ကျတော့ အသက်ရှိနေတဲ့... ဒါမှမဟုတ် ရွေ့လျားနေတဲ့ အရာမို့လို့လား။ အကန့်အသတ်မရှိ ဖြစ်နိုင်ချေတွေ ရှိနေလို့လား"
"ဓာတ်ပုံထဲက လင်းယန်ရန်ကတော့ အချိန်တစ်ခုမှာ ရပ်တန့် သွားလို့လား"
လီမိုရဲ့ ခေါင်းထဲမှာ အတွေးတွေ ရှုပ်ထွေးသွားတယ်။ အတွေးတွေနဲ့အတူ စိတ်ကူးတွေလည်း ယဉ်လာတယ်။ ရုတ်တရက် အကြံတစ်ခု ရသွားပြီး မျက်လုံးတွေ အရောင်လက်သွားတယ်။
"နေဦး... ဓာတ်ပုံထဲကနေ စွမ်းရည် မထုတ်ယူနိုင်ပေမယ့် ဗီဒီယိုထဲကနေတော့ ရတယ်ဆိုတော့... တခြားလူတွေရဲ့ ဗီဒီယိုတွေကနေရော စွမ်းရည် ထုတ်ယူလို့ ရနိုင်မလား"
"တိုက်ရိုက်လွှင့်နေတဲ့ သူတွေဆီကရော?"
"ဒါ့အပြင် Streamer တွေတင် မကဘူး... တခြားဟာတွေရော ရှိသေးတယ်..."
"တီဗီ ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်တွေ နဲ့ အန်နီမေးရှင်းတွေ!"
"တကယ်လို့ တီဗီ ဇာတ်လမ်းတွဲ၊ ရုပ်ရှင်၊ အန်နီမေးရှင်း ထဲက ဇာတ်ကောင်တွေဆီကပါ စွမ်းရည် ထုတ်ယူလို့ ရရင်..." "ဘယ်လို စွမ်းရည်တွေ ရနိုင်မလဲ"
ဒါကို သဘောပေါက်လိုက်တာနဲ့ လီမိုရဲ့ ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ခါသွားတယ်။
ဘာလို့လဲဆိုတော့...
စကင်ဖတ်လို့ ရတဲ့ အချက်အလက်တွေအရ သူက သက်ရှိသတ္တဝါတွေရဲ့ စွမ်းရည် အားလုံးကို ထုတ်ယူနိုင်တယ်လေ။ ဒါဆို ရေဝက်ဝံရဲ့ စွမ်းရည်ကို ထုတ်ယူပြီး မသေမျိုး ဖြစ်အောင် လုပ်လို့ ရနိုင်တာပေါ့။ ရုပ်ရှင်တွေ၊ အန်နီမေးရှင်းတွေထဲက သတ္တဝါတွေရဲ့ စွမ်းရည်ကို ထုတ်ယူနိုင်ရင် မသေမျိုး ဖြစ်ဖို့က သေချာသလောက် ရှိနေပြီ။ ဘာပဲဖြစ်ဖြစ် အဲ့ဒီထဲက ဇာတ်ကောင်တွေလေ။ ပျံသန်းနိုင်တဲ့သူတွေ၊ မြေလျှိုးနိုင်တဲ့သူတွေ ရှိတယ်။ နတ်ဘုရားတွေ၊ မသေမျိုးတွေလည်း ရှိတယ်။ အဲ့ဒီ နတ်ဘုရားတွေ၊ မသေမျိုးတွေက သဘာဝကျကျကို အသက်ရှည်ကြတာပဲ။
"မဖြစ်နိုင်ပါဘူး... တကယ်ကြီး ဟုတ်ပါ့မလား။ ငါ့ရဲ့ ခန့်မှန်းချက်တွေက တကယ် ဖြစ်လာနိုင်မလား"
"ဟုတ်တယ်... တကယ်သာ အဲ့လိုဆိုရင်..."
"အဲ့ဒါဆိုရင်..."
"ငါ့ရဲ့ အထူးစွမ်းရည်က တကယ်ကို အစွမ်းထက်လွန်းနေပြီ!"
"ဒါက ငါ့ရဲ့ စွမ်းရည် အသုံးပြုနိုင်စွမ်းကို လုံးဝ မြှင့်တင်ပေးလိုက်တာပဲ"
တကယ်ပဲ ဖြစ်နိုင်ပါ့မလား။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: