"လူတိုင်း သတိထားကြ၊ ဒီကောင်က အဝေးရောက် အရှေ့ပိုင်းတပ်မတော်က မဟုတ်ဘူး!"

"အဝေးရောက် အရှေ့ပိုင်းတပ်မတော်ရဲ့ မျိုးဆက်တွေက မြန်မာပြည်မှာ လုံးဝ မရှိဘူး"

"ဒီကောင်က ဟန်လီ အုပ်စုရဲ့ ယဉ်ကျေးမှုအဖွဲ့ဝင် အမည်ခံ လိမ်လည်သူပဲ"

"ဟန်လီ အုပ်စု အကြောင်း မသိတဲ့သူတွေ Baidu မှာ ရှာကြည့်လိုက်"

"ဒီကောင်တွေက ကျောက်ကပ်ထုတ်ရင် ထုံဆေးမသုံးဘူးနော်"

"ဟိုရောက်သွားရင် ခင်ဗျားတို့က အလိုလိုက်ခံရတဲ့ မင်းသမီးလေးတွေ ဖြစ်မနေတော့ဘူး"

"သွေးကျွန်တွေ ဖြစ်ကုန်မှာ!"

"မြန်မာပြည်က ရွှေတြိဂံဒေသ၊ ဥပဒေမဲ့ရပ်ဝန်း... မူးယစ်ရာဇာတွေနဲ့ စစ်ဘုရင်တွေရဲ့ ပရဒိသု ဘုံပဲ"

"စောစောက ကြားလိုက်ရတဲ့ အော်သံတွေက တစ်ဖက်ခန်းက သရဲကား ကြည့်နေတဲ့ အသံ လုံးဝ မဟုတ်ဘူး"

"လိမ်လည်ခံရပြီး ရောက်နေတဲ့ ကျွန်တော်တို့ နိုင်ငံသားတချို့ တစ်ဖက်ခန်းမှာ အရိုက်ခံနေရတဲ့ အသံတွေ"

"မယုံရင်... ဒီကောင့်ကို အခုချက်ချင်း ဖုန်းယူပြီး တစ်ဖက်ခန်းကို သွားပြခိုင်းလိုက်... သူရဲလားလို့ ကြည့်လိုက်"

"သူ့ကြံရာပါတွေက လူတွေကို ချက်ချင်း ရွှေ့ပြောင်းနိုင်ရင်တောင်... ခြေရာလက်ရာတွေကို ချက်ချင်း ဖျောက်ပစ်လို့ မရဘူး"

လီမို တတ်နိုင်တာ ဒီလောက်ပါပဲ။ သူများတွေ ယုံမယုံ ဆိုတာကတော့ သူထိန်းချုပ်လို့ရတဲ့ ကိစ္စ မဟုတ်တော့ဘူး။ ဘာပဲဖြစ်ဖြစ် သူ့မှာ အထူးစွမ်းရည် ရှိပေမယ့်... နတ်ဘုရားမှ မဟုတ်တာ။ မြန်မာပြည်ကိုလည်း ပျံသွားလို့ မရဘူး။ ဒါ့အပြင်... သူက ထိုင်းလက်ဝှေ့ကို အခုမှ တတ်ထားတာ။ သူ့ခွန်အားက လီဆိုင်ယွမ် ထက် အများကြီး သာလွန်တယ် ဆိုပေမယ့်... လူတစ်ရာလောက်ကို တစ်ယောက်တည်း ရင်ဆိုင်ဖို့၊ အဖွဲ့အစည်း တစ်ခုလုံးကို ဖြိုခွင်းပစ်ဖို့လောက်အထိတော့ စွမ်းရည်မရှိသေးဘူး။

စာတွေ အမြန် ရိုက်ပို့ပြီးတာနဲ့ လီမို Live ထဲကနေ ထွက်လိုက်တယ်။ ဘာလို့လဲဆိုတော့ လီဆိုင်ယွမ်ရဲ့ QR Code ကို စကင်ဖတ်လိုက်တဲ့အတွက်... Live ကြည့်နေရင်းနဲ့လည်း စွမ်းရည်ထုတ်ယူလို့ ရတယ်ဆိုတာ သေချာသွားပြီလေ။ ဒါကို အတည်ပြုပြီးပြီ ဆိုတော့ ဆက်ကြည့်နေစရာ မလိုတော့ဘူး။

လီမို Live ထဲက ထွက်သွားပေမယ့်... Live ကြည့်နေတဲ့ သောင်းနဲ့ချီတဲ့ လူတွေကတော့ ငြိမ်မနေကြတော့ဘူး။ ဘာလို့လဲဆိုတော့ တချို့လူတွေက လီဆိုင်ယွမ်ရဲ့ အခြေအနေကို သံသယဝင်နေကြပြီးသားလေ။ မြန်မာပြည်ရဲ့ မြေအောက်လောက အကြောင်းကိုလည်း သံသယ ရှိနေကြတာ။ အခု လီမိုက လီဆိုင်ယွမ်ဟာ ဟန်လီ အုပ်စုရဲ့ အဖွဲ့ဝင် ဖြစ်တယ်လို့ ပြောလိုက်တော့... ဟန်လီ အုပ်စု အကြောင်း သိတဲ့သူတွေကလည်း ဝိုင်းပြောကြတော့တယ်။ ဘာပဲဖြစ်ဖြစ် ရှေ့ကနေ ဦးဆောင်ပြီး ဖွင့်ချပေးမယ့်သူ ရှိနေပြီလေ။ တစ်ခုခု လွဲချော်သွားရင်တောင် သူတို့နဲ့ မဆိုင်တော့ဘူး။ သူတို့လုပ်ရမှာက ရေလိုက်ငါးလိုက် လိုက်ပြောဖို့ပဲ။ မသိတဲ့သူတွေကလည်း Baidu မှာ အမြန် ရှာကြည့်ကြတယ်။

ဒါ့အပြင် တချို့လူတွေက လီဆိုင်ယွမ်ကို ဖုန်းယူပြီး တစ်ဖက်ခန်းကို အမြန်သွားပြဖို့ တောင်းဆိုကြတယ်။ ဒါပေမဲ့ လီဆိုင်ယွမ်က အခုချိန်မှာ ဘယ်သွားရဲပါ့မလဲ။ သူ့မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေပြီ။ သူ့အထောက်အထား ပေါက်ကြားသွားလိမ့်မယ်လို့ လုံးဝ ထင်မထားဘူးလေ။ မျက်နှာပျက်သွားတာ ခဏလေးပါပဲ... ချက်ချင်း ပြန်ထိန်းလိုက်တယ်။ သူပြန်ထိန်းလိုက်တာနဲ့ တပြိုင်နက်... အွန်လိုင်း ကြေးစားတွေက Live Chat ထဲမှာ စပြီး မွှေတော့တာပဲ။ အခြေအနေကို ပြောင်းပြန်လှန်ပစ်ချင်နေကြတယ်။

ဒါပေမဲ့...

နာမည်ကြီး ရုက္ခဗေဒ ပညာရှင်ကြီး တစ်ယောက် ပြောဖူးတဲ့ စကားတစ်ခွန်း ရှိတယ်လေ... "ဖရဲသီး မှည့်မမှည့် သံသယဝင်နေပြီ ဆိုကတည်းက မင်းစိတ်ထဲမှာ ဒီဖရဲသီး မမှည့်ဘူးဆိုတာ သေချာနေပြီ" တဲ့။

တချို့လူတွေက လီဆိုင်ယွမ်ရဲ့ ပုံစံက သူတို့သိတဲ့ စစ်သားတွေနဲ့ မတူဘူးလို့ ခံစားနေရတာ ကြာပြီ။ သူတို့သိတဲ့ စစ်သားတွေလို ဖြောင့်မတ်တည်ကြည်တဲ့ ပုံစံ မရှိဘူး။ ဒါ့အပြင် ဒီကောင်က မြန်မာပြည်မှာ ရောက်နေတာ။ အခု အော်သံတွေပါ ကြားနေရပြီ။ ပိုဆိုးတာက... လူတချို့က ဒီကောင်ဟာ ဟန်လီ အုပ်စုရဲ့ အဖွဲ့ဝင် ဖြစ်ကြောင်း ဖွင့်ချလိုက်ပြီ။ ဒါကြောင့် လူတွေက အွန်လိုင်း ကြေးစားတွေကို ဂရုမစိုက်တော့ဘူး။

ဒီလို အခြေအနေတွေအောက်မှာ... သူ့ကို "ယောကျ်ား" လို့ ခေါ်နေတဲ့ မှတ်ချက်တွေ ပျောက်သွားပြီး ဆဲဆိုသံတွေ ချက်ချင်း ပြောင်းသွားတယ်။ အွန်လိုင်း ကြေးစားတွေက "ငါ့ယောကျ်ားက အရမ်းချောတာ... ပြီးတော့ ဂုဏ်ပြုခံရတဲ့ အရာရှိရဲ့ သားလေ... ဘယ်လိုလုပ် အဲ့လို ပြောရက်ကြတာလဲ" လို့ ဝင်ရေးနေပေမယ့်... ဘာမှ အရာမရောက်တော့ဘူး။

ဒါက လီဆိုင်ယွမ်ကို Live ဆက်လွှင့်လို့ မရတော့အောင် ဖြစ်သွားစေတယ်။ ဒါပေမဲ့ သူက Live ကို အတင်း ပိတ်ပစ်လိုက်ဖို့လည်း မရဲဘူး။ ခဏလောက်တော့ သူတို့ အကျပ်ရိုက်သွားတယ်။ သူ အဲ့လို ဖြစ်လေလေ... Live ကြည့်နေတဲ့ လူတွေက တစ်ဖက်ခန်းကို သွားပြဖို့ ပိုတောင်းဆိုလေပဲ။

ပြီးတော့ မြို့တစ်မြို့ရဲ့ တရားဝင် အကောင့် တစ်ခု ဝင်လာတယ်။ သူတို့က တစ်ဖက်လူဟာ ဟန်လီ အုပ်စု အဖွဲ့ဝင်ပါလို့ တိုက်ရိုက် မပြောဘူး။ ဒါပေမဲ့ ဟန်လီ အုပ်စုရဲ့ ယဉ်ကျေးမှု အဖွဲ့ဝင်တွေဆိုတာ ဘာလဲဆိုတာကို လူတွေကို ပညာပေး ဗဟုသုတ ဝေမျှပေးလိုက်တယ်။ ပြီးတော့ လိမ်လည်မခံရအောင် သတိထားကြဖို့လည်း ပြောလိုက်တယ်။ ဒါဆိုရင်တော့ ကိစ္စက ပိုကြီးသွားပြီပေါ့။

ဒီအခြေအနေက လီဆိုင်ယွမ်ကို ပိုပြီး စိတ်ဓာတ်ကျသွားစေတယ်။ သူ ကံဆိုးမိုးမှောင်ကျတော့မယ် ဆိုတာ သိလိုက်ပြီ။ အဲ့ဒီအချိန်မှာ သူ လီမိုအပေါ် အတိုင်းအဆမဲ့ ဒေါသထွက်မိတယ်။ အဲ့ဒီကောင် Live ထဲ ဝင်လာပြီး ရုတ်တရက် ဖွင့်ချလိုက်လို့ အခုလို ဖြစ်ရတာ။ အဲ့ဒီကောင်က သူ ဟန်လီ အုပ်စု အဖွဲ့ဝင်မှန်း ဘယ်လို သိတာလဲ။ ပြီးတော့ သူ့ကို အကွက်ဆင်သွားသေးတယ်။ တစ်ဖက်ခန်းကို သွားပြီး Live လွှင့်ခိုင်းတယ်တဲ့။ သူ ဘယ်လိုလုပ် သွားရဲမှာလဲ။ တကယ်လို့သာ အဲ့ဒါကို Live လွှင့်လိုက်ရင်... သူ့ရဲ့ ရာဇဝတ်မှုတွေကို တိုက်ရိုက် ဖွင့်ချလိုက်သလို ဖြစ်မသွားဘူးလား။ အဲ့ဒါဆို သူ လူတွေကို ဘယ်လို ဆက်လိမ်လို့ ရတော့မှာလဲ။ အဲ့ဒီ မင်းသမီးလေးတွေရဲ့ ကျောက်ကပ်ကို ဘယ်လို ထုတ်ရမလဲ ဆိုတာလည်း သူ သိနေတယ်လေ။ ပိုအရေးကြီးတာက... ဒီအခြေအနေကို မထိန်းနိုင်ရင်... မကြာသေးခင်ကမှ ရထားတဲ့ သူ့ရဲ့ ဆုကြေးငွေတွေ အသိမ်းခံရမယ့်အပြင်... သူ့အသက်ပါ အန္တရာယ် ရှိလာနိုင်တယ်။

...

ဒီကိစ္စတွေက လီမိုနဲ့ ဘာမှ မဆိုင်တော့ပါဘူး။ သူ့မှတ်ချက်တွေက ဘယ်လောက်ထိ ဂယက်ထသွားလဲ ဆိုတာ လီမို မသိဘူး။ သူက ကျေနပ်စွာနဲ့ပဲ Short Video App ကို ပိတ်လိုက်တယ်။ ဘာလို့လဲဆိုတော့ သူ ဘယ်လိုရလိုက်မှန်း မသိဘဲ စွမ်းရည်မှတ် တစ်ခု အပိုရလိုက်လို့ပဲ။ ဒါကို သိလိုက်တာနဲ့ ဖုန်းထုတ်၊ ဗီဒီယိုရိုက်ပြီး ကိုယ့်ကိုယ်ကိုယ် စကင်ဖတ်ကြည့်လိုက်တယ်။ စွမ်းရည်မှတ် အပိုရတာ သေချာသွားပြီ။

အတည်ပြုပြီးတာနဲ့... လီမိုက မူချိုယန်ဆီ WeChat ကနေ စာပို့လိုက်တယ်။

"ဟေ့ကောင်လေး... ယန်ရန်က ပြောတယ်... နင် သူ့ကံကြမ္မာကို ပြောင်းလဲပေးဖို့ သဘောတူလိုက်ပြီတဲ့... ပြီးတော့ ငါးသန်းတောင် ကြိုပေးထားပြီဆို?" (မူချိုယန်)

"ဟုတ်တယ်... အဲ့လိုပါပဲ" လီမို။

"ဂုဏ်ယူပါတယ် မောင်လေးရေ... နင် ဒီနေ့ တကယ် ပေါက်ပြီ!" (မူချိုယန်)

"ဒါတွေ အကုန်လုံးက မမချိုယန်ရဲ့ အရောင်းမြှင့်တင်ပေးမှု ကြောင့်ပါ" လီမို။

"ငါ လုပ်ပေးမှန်း နင် ဘယ်လိုသိလဲ" (မူချိုယန်)

"မမက ကျွန်တော့် စွမ်းရည်ကို မေ့နေပြန်ပြီ" လီမို။

"အေးပါ" (မူချိုယန်)

နှစ်ယောက်သား ခဏလောက် စကားပြောပြီး Goodnight ပြောကာ စကားစဖြတ်လိုက်ကြတယ်။ စကားပြောပြီးတာနဲ့ လီမို ရေသွားချိုးတယ်။ ပြီးတော့ မာစတာ အိပ်ခန်းဆီ ပြန်သွားပြီး အိပ်လိုက်တယ်။

————————————

နောက်တစ်နေ့။

တံခါးခေါက်သံကြောင့် လီမို နိုးလာတယ်။

မျက်လုံးဖွင့်ပြီး တံခါးပေါက်ဘက်ကို မသိစိတ်နဲ့ လှမ်းကြည့်လိုက်တယ်။

"မောင်လေး... ထတော့လေ"

လီမို လှမ်းကြည့်လိုက်တဲ့ အချိန်မှာပဲ တံခါးပေါက်ဝကနေ မူချိုယန်ရဲ့ အသံ ထွက်လာတယ်။

"ခဏစောင့်ပါ" လီမို ပြန်အော်ပြောလိုက်တယ်။

ပြောပြီးတာနဲ့ အိပ်ရာထပြီး အဝတ်အစား ဝတ်လိုက်တယ်။ တံခါးနား လျှောက်သွားပြီး တံခါးဖွင့်လိုက်တယ်။ ဖွင့်လိုက်တာနဲ့ မျက်လုံးတွေ အရောင်တောက်သွားတယ်။

သူ့ရှေ့မှာ ရပ်နေတာက မူချိုယန်။ အနက်ရောင် ကိုယ်ကျပ် ဂါဝန် ဝတ်ထားတယ်။ အောက်ပိုင်းက အညိုနုရောင် စပ်ထားတယ်။ ဂါဝန်က သူ့ခန္ဓာကိုယ် အချိုးအစားနဲ့ ကွက်တိပဲ။ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ် ကောက်ကြောင်းတွေကို ပေါ်လွင်စေတယ်။ တကယ့် S-Curve ပဲ။ နာရီသဲအိုး ပုံသဏ္ဍာန် ခန္ဓာကိုယ် အစစ်။ ဆံပင်တွေကို အနောက်မှာ သဘာဝအတိုင်း ဖြန့်ချထားတယ်။ လည်ပင်းမှာ ရွှေဆွဲကြိုးလေး ဆွဲထားတယ်။ နားမှာလည်း နားကပ်လေးတွေ ဝတ်ထားတယ်။ ဒါ့အပြင် အညိုရောင် အိတ်တစ်လုံး လွယ်ထားသေးတယ်။ ခြေထောက်မှာတော့ ဒေါက်မြင့်ဖိနပ် အနက်ရောင် စီးထားတယ်။ ရင့်ကျက်ပြီး ဆန်းပြားတဲ့ အငွေ့အသက်တွေ ထွက်နေတယ်။ ဒီအချိန်မှာ မူချိုယန်ရဲ့ လှပတဲ့ မျက်နှာလေးပေါ်မှာ အလွန်ချောမောတဲ့ အပြုံးတစ်ခု ပေါ်နေတယ်။

လီမိုက မူချိုယန်ကို အကဲခတ်နေသလို... မူချိုယန်ကလည်း လီမိုကို ပြန်အကဲခတ်နေတယ်။

"ဘာလို့ ဒီလောက် စောစောကြီး ရောက်လာတာလဲ။ ဘယ်နှနာရီ ရှိပြီလဲ" လီမိုက မူချိုယန်ကို တစ်ချက်ကြည့်ပြီး သမ်းဝေကာ နားမလည်သလို မေးလိုက်တယ်။

မူချိုယန် သူ့အခန်းဝ ရောက်နေတာကို သူ မအံ့သြပါဘူး။ ဘာလို့လဲဆိုတော့ မနေ့က မူချိုယန်က သူ့ရဲ့ မျက်နှာဖတ် အချက်အလက်တွေနဲ့ လက်ဗွေရာတွေကို မဖျက်သွားဘူးလေ။ ဒါကြောင့် ဒီဗီလာထဲကို မူချိုယန် ဝင်လာဖို့က လွယ်လွယ်လေး။