"အဲ့လိုဆိုရင်... နင်က ဘာလို့ မမ ယန်ရန်ကို မနက်အစောကြီး လာတွေ့ဖို့ သဘောတူလိုက်တာလဲ။ သူလာတွေ့မယ်ဆိုတာ သိရဲ့သားနဲ့... သဘောမတူလိုက်သင့်ဘူး"

"တကယ်လို့ သူသာ ဒီည သွားမပြိုင်တော့ရင်ရော?"

"အဲ့ဒါဆိုရင် ဒီကိစ္စက လုံးဝ ဖြစ်မလာတော့ဘူး မဟုတ်လား။ အဲ့ဒါဆို သူ ဘယ်လိုလုပ် အံ့သြထိတ်လန့် နိုင်တော့မှာလဲ"

မူချိုယန် မျက်မှောင်ကြုတ်လိုက်ပြီး လီမိုကို လေးလေးနက်နက် မေးလိုက်တယ်။

"ဟေ?"

မူချိုယန် ပြောတာကြားတော့ လီမို မူချိုယန်ကို အံ့သြတကြီး ကြည့်လိုက်မိတယ်။ မျက်နှာထားက ထူးဆန်းနေတယ်။

မူချိုယန်ဆီကနေ ဒီလိုစကားမျိုး ကြားရလိမ့်မယ်လို့ လုံးဝ ထင်မထားဘူးလေ။ ဘာပဲဖြစ်ဖြစ် လင်းယန်ရန်က မူချိုယန်ကို သူ့ထက်အရင် သိခဲ့တာလေ။ ပြီးတော့ သူတို့နှစ်ယောက်က သူငယ်ချင်းအရင်း တွေတောင် ဖြစ်နိုင်သေးတယ်။

"ဘာဖြစ်လို့လဲ။ ဘာလို့ ငါ့ကို အဲ့လို ကြည့်နေတာလဲ။ ငါ ပြောတာ မှားလို့လား။ ယန်ရန်ရဲ့ အခြေအနေအရ ဆိုရင်... နင် သူ့ကို ဒီလောက်စောစော လာမတွေ့ခိုင်းသင့်ဘူးလေ"

လီမိုက သူ့ကို ထူးဆန်းတဲ့ အမူအရာနဲ့ ကြည့်နေတာ မြင်တော့ မူချိုယန် နားမလည်သလို ပြန်မေးလိုက်တယ်။

"ဟားဟား... ပုံမှန်ဆိုရင်တော့ ကျွန်တော်တို့ မတွေ့သင့်ဘူးပေါ့။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူက မမရဲ့ အိမ်ငှားတင် မကဘူး... သူငယ်ချင်းအရင်းလည်း ဖြစ်နိုင်သေးတာကိုး။ ကျွန်တော်က သူ့အကြောင်း ထည့်မစဉ်းစားရင်တောင်... မမအကြောင်းတော့ ထည့်စဉ်းစားရမှာပေါ့"

"တကယ်လို့ မတော်တဆမှု မဖြစ်ခင် တခြားတစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ ဒီနေ့ သူ့ကို သေချာ စောင့်ကြည့်ထားမှ ဖြစ်မယ်" လီမိုက ပြုံးပြီး ပြောလိုက်တယ်။

"ကောင်စုတ်လေး... နင်က ငါ့အတွက် လုပ်ပေးတာပေါ့?" မူချိုယန် အံ့သြသွားပြီး မျက်တောင်ခတ်လိုက်တယ်။

"ဟုတ်တယ်... အဲ့လိုပါပဲ" လီမိုက မျက်နှာမပျက်ဘဲ ပြောလိုက်တယ်။

"ဖူး... နင့်ကို နင် ပြန်ကြည့်ဦး! ကောင်စုတ်လေး... နင်က လိမ်တာ တော်တော် ကျွမ်းကျင်တာပဲ။ ငါက နင့်အကွက်ထဲ ဝင်မလာဘူးနော်!" မူချိုယန် လီမိုကို မျက်စောင်းထိုးလိုက်တယ်။

"ကျွန်တော်က အတည်ပြောနေတာပါ... မမက ကျွန်တော် လိမ်နေတယ်လို့ ထင်နေတာလား" လီမို ပခုံးတွန့်လိုက်တယ်။

"နင်က တစ်ချိန်လုံး လိမ်နေတာပဲဟာ! နင်သာ ငါ့ကို တကယ် ဂရုစိုက်ရင်... ငါ့ဆီက သန်း ၂၀ ညာမယူပါဘူး" မူချိုယန် တိုးတိုးလေး ပြောတယ်။

"အဟွတ် အဟွတ် အဟွတ်..." လီမို ချောင်းဟန့်လိုက်တယ်။

"ပြောစမ်းပါ... နင် တကယ်တမ်း ဘာတွေ တွေးနေတာလဲ။ သူနဲ့ ရင်းနှီးသွားပြီးမှ ကံကြမ္မာ လုံးဝ ပြောင်းလဲသွားမှာ မကြောက်ဘူးလား။ အဲ့ဒါဆိုရင် နင် သူ့ကို ဘယ်လို ထိတ်လန့်သွားအောင် လုပ်မှာလဲ"

"ဘာပဲဖြစ်ဖြစ် မမ ယန်ရန်ရဲ့ အခြေအနေက ငါနဲ့ လုံးဝ မတူဘူးလေ"

"ငါက ဘာဖြစ်ဖြစ် နဂါးမောက်သီး စားမှာပဲ"

"သူကကျတော့ ကြန့်ကြာသွားရင် သွားမပြိုင်တော့တာ ဖြစ်နိုင်တယ်"

"ဒါ့အပြင်... သူ့ကိစ္စကို နင် ဘယ်လို ဖြေရှင်းပေးမလဲ ဆိုတာ ငါ အရမ်း သိချင်နေပြီ"

"သူ့ကို ထိတ်လန့်သွားအောင် လုပ်ရမယ်... တပြိုင်နက်တည်းမှာ သူ့အန္တရာယ်ကိုလည်း ဖြေရှင်းပေးရမယ်"

"နှစ်ခုလုံး ပြည့်စုံဖို့ဆိုတာ ခက်ခဲလောက်တယ်"

လီမို ချောင်းဟန့်နေတာ မြင်တော့ မူချိုယန်က မျက်စောင်းထိုးပြီး စပ်စုချင်စိတ်နဲ့ မေးလိုက်တယ်။ သူ တကယ် နားမလည်လို့ မေးတာ။ လင်းယန်ရန်ရဲ့ အခြေအနေနဲ့ မတော်တဆ ဖြစ်မယ့် အကြောင်းရင်းတွေက နောက်ဆုံးမှာ သေဆုံးခြင်း ဆိုတဲ့ ရလဒ် ထွက်လာတာချင်း တူပေမယ့်... အဖြစ်အပျက် ပုံစံချင်းက လုံးဝ မတူဘူး။

"တကယ်တော့ နည်းနည်း ခက်ခဲတာ အမှန်ပဲ" လီမို မငြင်းပါဘူး။

"ဒါဆို နင် တကယ်တမ်း ဘာလုပ်ချင်တာလဲ။ သူ ဘီးပေါက်သွားတဲ့အထိ စောင့်ပြီးမှ ကယ်မှာလား။ အဲ့လိုဆိုရင် မတော်တဆ ဖြစ်မယ့် လမ်းကွေ့နားမှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားဖို့ လိုလိမ့်မယ်"

"ဒါပေမဲ့ နင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားရင်..."

"မမ ယန်ရန်က အဲ့ဒီအကြောင်း သိသွားတဲ့အခါ နင့်ကို ယုံဖို့ နေနေသာသာ... နင်က သူ့ဘီးပေါက်အောင် တမင်သက်သက် လုပ်ထားတယ်လို့တောင် ထင်သွားနိုင်တယ်"

"သူ နင့်ကို မယုံတဲ့အပြင် မုန်းတောင် မုန်းသွားဦးမယ်... သတိထားနော်" မူချိုယန် လီမိုကို လေးလေးနက်နက် သတိပေးလိုက်တယ်။

"အဲ့ဒီအချိန် ရောက်ရင်... ပြီးတော့ အဲ့ဒီလမ်းကွေ့ ရောက်ရင် အရှိန်လျှော့ဖို့ ပြောလိုက်ရုံနဲ့ လုံလောက်ပါတယ်... ပြီးရင် လမ်းပေါ်ကို ကြည့်ခိုင်းလိုက်မယ်" လီမိုက ပြုံးပြီး ပြောတယ်။

"ဒါပေမဲ့ အဲ့ဒါဆိုရင် သိပ်ပြီး ထိတ်လန့်စရာ မကောင်းတော့ဘူး မဟုတ်လား" မူချိုယန် မျက်မှောင်ကြုတ်လိုက်တယ်။

"သိပ်ပြီး ထိတ်လန့်စရာ မကောင်းပေမယ့်... သူက ဆိုင်ကယ်ပြိုင်ဖူးတာ ပထမဆုံးအကြိမ်မှ မဟုတ်တာ။ သူ့ဆိုင်ကယ်မောင်းစွမ်းရည်က တော်တော်ကောင်းတယ်။ သံမှိုကို မြင်လိုက်ရပြီး ပြန်စဉ်းစားကြည့်လိုက်တာနဲ့ သူ ဘယ်လို ဒုက္ခရောက်သွားနိုင်လဲ ဆိုတာ သူ နားလည်သွားမှာပါ"

"ဒါ့အပြင်... သူ အဲ့ဒီလမ်းကွေ့ကို ရောက်မယ့် အချိန် အတိအကျကို WeChat ကနေ အချိန်နဲ့တပြေးညီ ပို့ပေးလိုက်မယ်"

"ဒီနှစ်ချက် ပေါင်းလိုက်ရင် သူ သေချာပေါက် အံ့သြသွားမှာပါ။ ဘာပဲဖြစ်ဖြစ် ဘယ်သူမှ ကိုယ် ဘယ်အချိန်မှာ ဘယ်နေရာ အတိအကျ ရောက်နေမလဲ ဆိုတာကို စက္ကန့်မလွဲ တွက်ချက်နိုင်မှာ မဟုတ်ဘူးလေ" လီမိုက ပြုံးပြီး ပြောလိုက်တယ်။

"စက္ကန့်မလွဲ တွက်ချက်နိုင်တယ်?!" မူချိုယန် မျက်လုံးပြူးသွားတယ်။

"အချိန်တန်ရင် သိရမှာပေါ့" လီမိုက ပြုံးပြီး ပြောလိုက်တယ်။

လင်းယန်ရန်ရဲ့ ကိုယ်ရေးအချက်အလက်မှာ ၈ နာရီတိတိမှာ ဖြစ်မယ်လို့ပဲ ပြထားပေမယ့်... မိနစ်၊ စက္ကန့် အတိအကျ မပြထားဘူး။ ဒါပေမဲ့ မမေ့နဲ့လေ... လီမိုရဲ့ QR Code စကင်ဖတ်တာက လူတွေကိုပဲ ရတာ မဟုတ်ဘူး၊ ပစ္စည်းတွေကိုလည်း ရတယ်ဆိုတာ။ ဒါဆို လင်းယန်ရန်ရဲ့ ဆိုင်ကယ် QR Code ကို စကင်ဖတ်လိုက်ရင် အချိန်အတိအကျကို သိနိုင်တာပေါ့။ မူချိုယန်တုန်းက နဂါးမောက်သီး ဝယ်တဲ့ QR Code၊ နောက်ပိုင်း ဝယ်လာတဲ့ ဆေး QR Code တွေကို စကင်ဖတ်တုန်းကလိုမျိုးပေါ့။ အကုန်လုံးမှာ ပိုတိကျတဲ့ အချိန်တွေ ပါလာတာပဲ။

"ကောင်းပြီလေ... စောင့်ကြည့်ကြတာပေါ့" မူချိုယန် မျက်လုံး အရောင်လက်သွားပြီး ခေါင်းညိတ်လိုက်တယ်။

သဘောတူလိုက်ကြတယ်။ လီမို ဒီကိစ္စတွေကို ဆက်မပြောတော့ဘူး။ ခေါင်းစဉ်ပြောင်းပြီး မေးလိုက်တယ်။ "ဒါနဲ့ မမ နဲ့ လင်းယန်ရန် ဘယ်လို စသိတာလဲ" လီမို တကယ် စပ်စုချင်နေတာ။

"ဒါကိုတောင် နင် မတွက်ချက်နိုင်ဘူးလား" မူချိုယန် လီမိုကို အံ့သြသလို ကြည့်လိုက်တယ်။

"ပြောပြီးသားပဲလေ... ကျွန်တော်က အရာအားလုံးကို သိနိုင်တဲ့ ဘုရားသခင် မဟုတ်ပါဘူးဆို။ ကျွန်တော်က တစ်ပိုင်းတစ်စ ဆရာပါပဲ! စွမ်းရည် မပြည့်ဝသေးပါဘူး" လီမို ပခုံးတွန့်လိုက်တယ်။ ရှက်ရွံ့တဲ့ အရိပ်အယောင် လုံးဝ မပြဘူး။

"တကယ်လား? မတွက်နိုင်တာလား၊ ဒါမှမဟုတ် မတွက်ချင်တာလား" မူချိုယန် မျက်တောင်ခတ်ပြီး မယုံကြည်သလို မေးလိုက်တယ်။

ဘာပဲဖြစ်ဖြစ် ကံကောင်းခြင်း၊ ကံဆိုးခြင်းတွေကိုတောင် ဟောနိုင်တဲ့ လီမိုက သာမန်ကိစ္စလေးတွေကို မဟောနိုင်ဘူး ဆိုတာက ထူးဆန်းတယ်လေ။ ယုတ္တိဗေဒအရ ပြောရရင်... သာမန်ကိစ္စတွေက တွက်ချက်ရ ပိုလွယ်ရမှာ မဟုတ်ဘူးလား။

"တကယ် တွက်ရခက်လို့ပါ။ ကံကောင်းခြင်း၊ ကံဆိုးခြင်း ဆိုတာက မျက်နှာသွင်ပြင်၊ သွားလာရေး နဲ့ သာမန် အရာဝတ္ထုတွေကနေ မြင်နိုင်တယ်။ လူတစ်ယောက်ရဲ့ ဘဝက အချိန်တိုင်း ပြောင်းလဲနေတာလေ။ သီးခြား ကံဆိုးမှု ဒါမှမဟုတ် အန္တရာယ် မရှိရင် ကြိုဟောဖို့ တကယ် မလွယ်ပါဘူး" လီမို ပခုံးတွန့်လိုက်တယ်။

"အိုကေ... နားလည်ပါပြီ" မူချိုယန် ခေါင်းညိတ်လိုက်တယ်။

"ဒါဆို ဘယ်လို စသိကြတာလဲ" လီမို ထပ်မေးလိုက်တယ်။

"သူ ငါ့အိမ်လာငှားရင်းနဲ့ သဘာဝကျကျပဲ ခင်သွားကြတာပါ" မူချိုယန် ပြုံးပြီး ပြောလိုက်တယ်။

"သူ မမရဲ့ ရုပ်အစစ်ကို သိလား" လီမို မျက်လုံး အရောင်လက်သွားတယ်။

"သိတာပေါ့... ငါ့ရုပ်အစစ်ကို သူ မြင်ဖူးတယ်" မူချိုယန် တုံ့ဆိုင်းခြင်းမရှိ ဖြေလိုက်တယ်။

"ဘယ်လိုလုပ် ပေါက်ကြားသွားတာလဲ။ မမ ကိုယ်တိုင် ပြောပြလိုက်တာလား... ဒါမှမဟုတ်..." လီမို ထပ်မေးတယ်။

"တကယ်တော့ ထူးဆန်းတယ်။ ငါတို့ စတွေ့တုန်းကတည်းက သူ ငါ့မိတ်ကပ်ကို ရိပ်မိနေခဲ့တာ။ အဲ့ဒါကြောင့် ငါ သူ့ကို တော်တော် စိတ်ဝင်စားသွားပြီး ပိုရင်းနှီးအောင် ပေါင်းဖြစ်သွားတာ"

"ခဏလောက်ကြာတော့ အတူတူ အပြင်ခဏခဏ ထွက်ဖြစ်ရင်း သဘာဝကျကျပဲ ရင်းနှီးသွားကြတာပါ" မူချိုယန်က အဲ့တုန်းက အခြေအနေကို ပြန်တွေးပြီး ပြုံးကာ ပြောပြတယ်။

"သူ ဘာလုပ်လဲ ဆိုတာရော သိလား" လီမို ပြုံးပြီး မေးလိုက်တယ်။

"ပြောရရင်တော့ နင့်ရဲ့ အရင်အလုပ်နဲ့ ဆင်တူတယ်။ အင်တာနက် လောကထဲကပဲ... အင်တာနက်ကနေ ပိုက်ဆံရှာတာချင်း တူတယ်။ ကွာခြားတာက နင်က အွန်လိုင်း ဝတ္ထုရေးတာ... သူက အွန်လိုင်း စာအုပ်ဆိုင် ဖွင့်ထားတာ" မူချိုယန်က တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်တယ်။

"ဒါပဲလား" လီမိုက မူချိုယန်ကို ပြုံးပြီး ကြည့်လိုက်တယ်။

"ဒါပဲ မဟုတ်လို့လား။ မမ ယန်ရန်မှာ တခြား အထောက်အထား ရှိသေးလို့လား" မူချိုယန် မျက်လုံးထဲမှာ အံ့သြရိပ်တွေ ပေါ်လာတယ်။

"ခန့်မှန်းကြည့်လေ" လီမိုက ပြုံးပြီး ပြောလိုက်တယ်။