အခန်း (၃၈) - ယောဂဘောင်းဘီနဲ့ တောင်တက်ခြင်း
"ကောင်စုတ်လေး!"
လီမို စကားကြားတာနဲ့ မူချိုယန် မျက်လုံးပြူးသွားပြီး လီမိုကို စိတ်တိုတိုနဲ့ ကြည့်လိုက်တယ်။
"ကျွန်တော် ပြောသားပဲ... မနံပါဘူးလို့" လီမိုက ပြောတယ်။
"ဖူး..." မူချိုယန် မျက်နှာရဲသွားတယ်။
"ကြည့်ရတာ မမ ယန်ရန်မှာ တခြား အထောက်အထား ရှိနေသေးတာပဲ" မျက်နှာရဲပြီးတာနဲ့ မူချိုယန်က ပြန်ပြောလိုက်တယ်။
"ရှိတာပေါ့... မမ သိချင်လား" လီမို ခေါင်းညိတ်ပြီး ပြန်မေးလိုက်တယ်။
"သိချင်ပေမယ့်... နင့်အချိုးကို ကြည့်ရတာ လွယ်လွယ်နဲ့ ပြောပြမှာ မဟုတ်ဘူး။ ငါ့ဆီက ပိုက်ဆံထပ်တောင်းဦးမလို့ မဟုတ်လား" မူချိုယန်က တုံ့ဆိုင်းခြင်းမရှိ ခေါင်းညိတ်လိုက်ပြီး လီမိုကို သတိထားတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။
သူ့မှာ ပိုက်ဆံမရှားတာတော့ သေချာပါတယ်။ ဒါပေမဲ့ ဒီကောင်စုတ်လေးဆီက အမြဲတမ်း အလိမ်ခံနေရတာကိုတော့ မကြိုက်ဘူး။ အပြန်အလှန် စကားပြောရင် အမြဲတမ်း အရှုံးပေးနေရတဲ့ ခံစားချက်ကို မကြိုက်တာ။ သူ ဂရုစိုက်တာက ပိုက်ဆံမဟုတ်ဘူး... ဒီကောင်စုတ်လေးကို နိုင်ချင်တာ။
"မမက ဘာလို့ ဒီလောက် ဉာဏ်ကောင်းနေရတာလဲ" လီမိုက ပြုံးပြီး ပြောလိုက်တယ်။
"ဟွန်း... စိတ်ကူးတောင် မယဉ်နဲ့။ ဒီတစ်ခါတော့ နင့်အကွက်ထဲ မဝင်တော့ဘူး။ အဲ့ဒီလျှို့ဝှက်ချက်ကို နင့်ဘာသာပဲ သိမ်းထားလိုက်တော့" မူချိုယန် နှာခေါင်းရှုံ့လိုက်တယ်။
"ကောင်းပြီလေ... မသိချင်ဘူးဆိုလည်း ထားလိုက်ပါတော့" လီမို ပခုံးတွန့်လိုက်တယ်။ လုံးဝ ဂရုမစိုက်တဲ့ ပုံစံမျိုးနဲ့။
"ကောင်စုတ်လေး..."
လီမိုရဲ့ တုံ့ပြန်မှုကို မြင်တော့ မူချိုယန် ဘာပြန်ပြောရမှန်း မသိတော့ဘဲ လီမိုကို မျက်စောင်းထိုးလိုက်တယ်။ ဒီကောင်က တကယ်ပဲ သူ့သဘောအတိုင်း ဖြစ်လာအောင် လုပ်မပေးဘူး။ ဟူး... မနေ့ကပဲ သူ ဒီကောင့်ကို နည်းလမ်းပေါင်းစုံနဲ့ စနောက်ခဲ့သေးတာ။ ဒီကောင်က ဘာမှ ပြန်မလုပ်နိုင်ခဲ့ဘူး။ ရလဒ်ကတော့... ဒီကောင်က ရုတ်တရက် ဗေဒင်ဟောတဲ့ စွမ်းရည်တွေ ထုတ်ပြလာပြီး သူ့ရုပ်အစစ်ကို သိသွားကတည်းက အခြေအနေတွေ အကုန် ပြောင်းပြန် ဖြစ်ကုန်တယ်။ ဒါက တကယ့် ဝဋ်လည်တာပဲ။
"ပိုက်ဆံမပေးချင်တာ မမ အမှားလေ။ ပေးရင် ပြောပြမှာပေါ့။ အဲ့လိုကြီး လာမကြည့်နဲ့" လီမိုက မူချိုယန်ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်တယ်။ "ဒါမှမဟုတ်ရင်... 'မောင်လေးရေ' လို့ ခေါ်လိုက်... ပြောပြမယ်"
"ဖူး ဖူး ဖူး... ကောင်စုတ်လေး... စိတ်ကူးတောင် မယဉ်နဲ့! ကောင်းပြီလေ... ဒီမှာ စောင့်နေ... မလုပ်ဘူးဟယ်! ကောင်စုတ်လေး... ကောင်စုတ်လေး... ကောင်စုတ်လေး... ဘဲ ဘဲ ဘဲ..." မူချိုယန် မျက်လုံးပြူးပြီး ပြတ်ပြတ်သားသား ငြင်းလိုက်တယ်။ ငြင်းပြီးတာနဲ့ လီမိုကို မျက်နှာပြောင်ပြလိုက်သေးတယ်။
လှပရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက်က ရုတ်တရက် ဒီလို ကလေးဆန်တဲ့ အမူအရာ လုပ်လိုက်တာက... ပြောရရင် တော်တော်လေး ကွာခြားချက် ကြီးမားသွားတယ်။ လီမို ကြောင်အသွားတယ်။
လီမို သူ့ကို ကြည့်နေတာ မြင်တော့ မူချိုယန် မျက်နှာရဲသွားတယ်။
"ငါ ပန်းကန်သွားဆေးတော့မယ်"
ပြောပြီးတာနဲ့ မူချိုယန်က ထွက်ပြေးသလို ပုံစံမျိုးနဲ့ ပန်းကန်တွေ၊ တူတွေကို အမြန်သိမ်းပြီး မီးဖိုချောင်ဘက် ပြေးသွားတယ်။
"ဖြည်းဖြည်းသွားပါ... ချော်လဲနေဦးမယ်"
ဒါကို မြင်တော့ လီမို မနေနိုင်ဘဲ ရယ်မောပြီး လှမ်းပြောလိုက်တယ်။
"ကောင်စုတ်လေး!"
တစ်ဖက်မှာတော့ မူချိုယန် မီးဖိုချောင်ထဲ ရောက်သွားပြီး ရင်တွေ တဒိန်းဒိန်း ခုန်နေတာကို ခံစားလိုက်ရတယ်။ တံခါးကို မှီပြီး သူ့မျက်နှာလေး ရဲနေမိတယ်။
————————
တစ်နာရီအကြာ။
ထျန်းဟယ် အမှတ် ၃ ဗီလာ အ၀င်ဝ။
လင်းယန်ရန်က မော်တော်ဆိုင်ကယ် တစ်စီးပေါ်မှာ ခွထိုင်နေတာ တွေ့ရတယ်။ ပြီးတော့ ဦးထုပ်ကို ချွတ်လိုက်တယ်။ မယုံနိုင်လောက်အောင် လှပတဲ့ မျက်နှာလေး ပေါ်လာတယ်။ အဲ့ဒီအချိန်မှာပဲ လီမိုနဲ့ မူချိုယန်တို့ ဗီလာထဲကနေ ထွက်လာကြတယ်။
ထွက်လာတော့ လင်းယန်ရန်ကို လှမ်းကြည့်လိုက်ကြတယ်။ လင်းယန်ရန်ကို မြင်တော့ လီမိုရဲ့ မျက်လုံးတွေ အနည်းငယ် အရောင်တောက်သွားတယ်။ ဒီ ဆွဲဆောင်မှုရှိတဲ့ တောကြောင်ရိုင်းလေးက ဘယ်က ရောက်လာတာလဲ။ လင်းယန်ရန်က အရမ်းလှတယ်၊ Harley-Davidson စီးတယ်ဆိုတာ ကြိုသိထားပေမယ့်... လင်းယန်ရန်ရဲ့ ပုံမှန် ဝတ်စားဆင်ယင်မှုက ဒီလိုမျိုး ဖြစ်လိမ့်မယ်လို့ လီမို ထင်မထားမိဘူး။
အနက်ရောင် ကိုယ်ကျပ်၊ ဗိုက်ပေါ် ယောဂ အင်္ကျီနဲ့ အနက်ရောင် ယောဂ ဘောင်းဘီရှည် ဝတ်ထားတယ်။ ခြေသလုံးမှာ အိတ်လေး တစ်လုံး စည်းထားပြီး ခြေထောက်မှာ Sneakers ဖိနပ် စီးထားတယ်။ ဆံပင်ရှည်ကြီးတွေကို အနောက်မှာ သဘာဝအတိုင်း ဖြန့်ချထားတယ်။ ကြည့်ရတာ တော်တော် ဆွဲဆောင်မှုရှိပြီး ရိုင်းစိုင်းတဲ့ အလှတရားမျိုး။
အရင် Video Call တုန်းက လင်းယန်ရန် ယောဂဝတ်စုံ ဝတ်ထားတာ မြင်ဖူးပေမယ့်... အဲ့တုန်းက ဝတ်စုံနဲ့ အခု ဝတ်ထားတာက မတူဘူး။ ဒါ့အပြင် လင်းယန်ရန်က ဆိုင်ကယ်စီးရင် ပုံမှန် ဒီလိုပဲ ဝတ်လေ့ရှိတယ် ဆိုတာကိုလည်း လီမို အံ့သြမိတယ်။ ဒါက သူ့ကို လင်းယန်ရန်နဲ့အတူ တောင်တက် ထွက်ချင်စိတ် ပေါက်သွားစေတယ်။
"မမ ယန်ရန်!" လီမိုနဲ့ မူချိုယန်တို့ ကြည့်နေတုန်း မူချိုယန်က ပြုံးပြီး နှုတ်ဆက်လိုက်တယ်။
"အေး... ညီမလေး ချိုယန်"
လင်းယန်ရန် ပြုံးပြီး ပြန်ထူးလိုက်တယ်။
ပြန်ထူးပြီးတာနဲ့ လီမိုဘက် လှည့်ကြည့်လိုက်တယ်။ "မောင်လေး လီမို... ဘာကြည့်နေတာလဲ။ မမကို ငေးပြီး ကြောင်နေတာလား။ ညီမလေး ချိုယန် သဝန်တိုနေဦးမယ်... သတိထား"
"မမ ယန်ရန်က နောက်ပြန်ပြီ။ ညီမက ဒီကောင်စုတ်လေးကို သဝန်တိုစရာလား" လီမို မဖြေခင် မူချိုယန်က ပြုံးပြီး ဝင်ပြောလိုက်တယ်။
ပြောပြီးတာနဲ့ ဆက်ပြောတယ်။ "ဒါ့အပြင် မမ ယန်ရန်က ဒီလောက် ဆွဲဆောင်မှု ရှိနေတာ... ဒီ နှာဘူးကောင်လေး ကြောင်သွားတာ မဆန်းပါဘူး"
"ဟဲဟဲ... ဟုတ်လား" လင်းယန်ရန် ချိုချိုသာသာလေး ပြုံးလိုက်တယ်။
ပြီးတော့ လီမိုဘက် လှည့်ပြီး ပြောလိုက်တယ်။ "မောင်လေး လီမို... မမကို ပြောစရာ စကား ရှိသေးလား"
"ကျွန်တော် မေးချင်တာက... မမ... ကျွန်တော်နဲ့အတူ တောင်တက် လိုက်မလားလို့" လီမိုက ပြုံးပြီး မေးလိုက်တယ်။
"ဒါက တစ်ယောက်ယောက်က လိုက်ခွင့်ပြုမလား ဆိုတာအပေါ် မူတည်တယ်။ တကယ်လို့ လိုက်ခွင့်ပြုရင်တော့... တောင်အောက်ပြန်ဆင်းတဲ့အချိန်ကျရင် အချိန်နောက်ပြန်ဆုတ်ဖို့ စဉ်းစားပေးမယ်" လင်းယန်ရန်က လီမိုကို မျက်စိတစ်ဖက် မှိတ်ပြလိုက်တယ်။
"ဟဲဟဲ... သဘောတူပါတယ်... သေချာပေါက် သဘောတူပါတယ်။ ကောင်စုတ်လေး... ကြိုးစားထား! မမ ယန်ရန် ယောဂဘောင်းဘီကို ပြောင်းပြန်ဝတ်တာ ငါလည်း မြင်ချင်သေးတယ်" မူချိုယန်က ချွဲနွဲ့တဲ့ အသံလေးနဲ့ ရယ်မောပြီး ပြောလိုက်တယ်။
"တကယ်လား? ဘယ်တော့သွားကြမလဲ။ ဒါမှမဟုတ်... ချိုယန်... မမလည်း အဝတ်အစား သွားလဲလိုက်ပါလား။ အတူတူ တောင်တက်ကြတာပေါ့" လီမို မျက်လုံး အရောင်တောက်သွားပြီး ဘေးက မူချိုယန်ကို ပြုံးပြီး ပြောလိုက်တယ်။
"ဖူး ဖူး ဖူး... ကောင်စုတ်လေး... အိပ်မက်ပဲ မက်နေလိုက်!" မူချိုယန် လီမိုကို မျက်စောင်းထိုးလိုက်တယ်။
"မမပဲ မြင်ချင်တယ် ဆို... ဘာလို့ ကျွန်တော်က အိပ်မက် မက်ရမှာလဲ" လီမို ပခုံးတွန့်လိုက်တယ်။ လုံးဝ အပြစ်ကင်းစင်တဲ့ ပုံစံမျိုးနဲ့။
"လာ... မမ ယန်ရန်... သူ့ကို ဂရုမစိုက်နဲ့တော့။ အနီးဆုံး ကားအရောင်းပြခန်းဆီ သွားကြရအောင်"
လီမို ပြောတာ ကြားတော့ မူချိုယန် ဆက်မပြောတော့ဘဲ ဘေးက လင်းယန်ရန်ကို ကြည့်ပြီး ဆိုင်ကယ် အနောက်ခုံမှာ တက်ထိုင်လိုက်တယ်။ ဂါဝန် ဝတ်ထားတာဆိုတော့ ခွထိုင်လို့ အဆင်မပြေဘူးလေ။ ဘေးစောင်းထိုင်လိုက်တယ်။ ထိုင်ပြီးတာနဲ့ လင်းယန်ရန်ရဲ့ ခါးကို ဖက်ပြီး ပခုံးပေါ် ခေါင်းမှီလိုက်တယ်။
ပြီးတော့ လီမိုကို ပြုံးပြီး လက်ပြလိုက်တယ်။ "မောင်လေး... ငါတို့ ကားဈေးတန်းကို အရင်သွားနှင့်ပြီ။ နင်က လျှပ်စစ်စက်ဘီးနဲ့ လိုက်ခဲ့... ဒါမှမဟုတ် တက္ကစီ ငှားလိုက်ခဲ့တော့"
မူချိုယန် ပြောတာ ကြားတော့ လင်းယန်ရန်က လီမိုကို တစ်ချက် လှမ်းကြည့်လိုက်တယ်။ ဆုံးဖြတ်ချက်ကို လီမိုဆီ လွှဲပေးလိုက်တဲ့ ပုံစံမျိုး။ ဘာပဲဖြစ်ဖြစ် လင်းယန်ရန်က ဒီမနက်ရော နေ့လယ်ရော ဘာမှ လုပ်စရာ မရှိဘူးလေ။ လီမိုတို့နဲ့ လိုက်နေရုံပဲ။ ဒါပေါ့... အဓိက အကြောင်းရင်းက လီမိုနဲ့ လိုက်ချင်လို့။ လီမို ဘယ်လို စီစဉ်မလဲ ဆိုတာ ကြည့်ချင်လို့။
သူ လီမိုကို လှမ်းကြည့်လိုက်တဲ့ အချိန်မှာ... လီမိုကလည်း သူ့ကို ပြန်ကြည့်လိုက်တယ်။
"စကင်ဖတ်မယ်!"
လီမို စိတ်ထဲကနေ ရေရွတ်လိုက်တယ်။
စိတ်ထဲက ရေရွတ်လိုက်တာနဲ့... ချက်ချင်းပဲ လင်းယန်ရန်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လီမိုရဲ့ မြင်ကွင်းထဲ ပေါ်လာတယ်။ ရင်းနှီးနေတဲ့ အချက်အလက် ပုံစံခွက်ကို မြင်တော့ လီမိုရဲ့ အာရုံက အထူးအခြေအနေ ကဏ္ဍကိုပဲ ရောက်သွားတယ်။ လင်းယန်ရန်ရဲ့ အထူးအခြေအနေ ပြောင်းလဲမှု ရှိမရှိ သိချင်လို့။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: