အခန်း (၄၆) - ဆေးခတ်ခံရသော မိန်းကလေးငယ်
"အစ်ကိုမိုရဲ့ အံ့မခန်း စွမ်းရည်နဲ့ဆိုရင်... ငါ့ပြဿနာကို ဖြေရှင်းပေးနိုင်လောက်တယ် မဟုတ်လား" "မဖြေရှင်းပေးနိုင်ရင်တောင် အနည်းဆုံးတော့ ငါနဲ့ ချင်းချန်ကြားမှာ ဘာတွေ မှားနေလဲ ဆိုတာတော့ သိရလောက်တယ်" "ငါ ချင်းချန်ကို တကယ် ချစ်တာ... သူက ငါ့ကို မောင်လေးတစ်ယောက်လိုပဲ သဘောထားတာမျိုး တကယ် မဖြစ်စေချင်ဘူး" လင်းရှောင်ဖုန်း ကားမောင်းနေရင်း အတွေးတွေ နက်နေတယ်။ လီမိုကို မြန်မြန် သွားတွေ့ချင်နေပြီ။
ဒါပေမဲ့ ဒီနေ့မှ ကားတိုက်မှု ဖြစ်လုနီးပါး ကြုံထားရတာလေ။ လီမိုကို တွေ့ချင်ဇောနဲ့ စိတ်လောနေပေမယ့်... ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းလိုက်တယ်။ အရှိန်မတင်တော့ဘူး။ သတ်မှတ်အမြန်နှုန်း အောက်မှာပဲ မောင်းတော့တယ်။ သိထားရမှာက သူ ပုံမှန် မောင်းရင် သတ်မှတ်နှုန်းထက် ၁၀ ရာခိုင်နှုန်းလောက် ပိုမောင်းနေကျ။ တစ်ခါတလေ အဲ့ထက်တောင် ပိုသေးတယ်။ ဒါပေမဲ့ အခု ဒုက္ခရောက်လုနီးပါး ဖြစ်ပြီးတဲ့နောက်မှာတော့ သူ တကယ် မမိုက်ရဲတော့ဘူး။ တကယ်တမ်းတော့ ဒီတစ်ခေါက် ဖြစ်လုနီးပါး ဖြစ်ခဲ့တာက အရှိန်ပြင်းလို့ မဟုတ်ပေမယ့်... အန္တရာယ်ကင်းကင်း မောင်းတာ အကောင်းဆုံးပဲလေ။ အသက်က ပိုအရေးကြီးတယ်။ သေမင်းလက်ကနေ သီသီလေး လွတ်လာတဲ့ အသက်ကို မစွန့်စားချင်တော့ဘူး။ အရှိန်ပြင်းလို့ ထပ်ပြီး မတော်တဆ ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။
………………
ဒီလိုနဲ့...
မိနစ် ၂၀ လောက်ကြာတော့ လင်းရှောင်ဖုန်း ကားဈေးတန်းကို ပြန်ရောက်လာတယ်။ ပြီးတော့ Mercedes-Benz အရောင်းပြခန်း (4S Store) ဆီ ရောက်လာတယ်။ ရောက်တာနဲ့ ဝန်ထမ်းတစ်ယောက် လျှောက်လာပြီး ဘာကိစ္စရှိလဲ မေးတယ်။
"လူလာရှာတာပါ"
လင်းရှောင်ဖုန်း ပြုံးပြီး ပြောလိုက်တယ်။ ပြီးတာနဲ့ ဖုန်းထုတ်ပြီး မူချိုယန်ဆီ ဖုန်းခေါ်လိုက်တယ်။ ဖုန်းက မြန်မြန်ပဲ ကိုင်လိုက်တယ်။
"ဟေး... ရှောင်လင်းဇီ (လင်းလေး)... ဘာဖြစ်ပြန်ပြီလဲ"
ဖုန်းကိုင်လိုက်တာနဲ့ မူချိုယန်ရဲ့ အသံ ထွက်လာတယ်။
"မမချိုယန်... ကားရွေးပြီးပြီလား။ Mercedes အရောင်းပြခန်းမှာပဲ ရှိသေးလား" လင်းရှောင်ဖုန်း အချိန်မဆွဲဘဲ မေးလိုက်တယ်။
"ရွေးပြီးပြီဟေ့... အဲ့ဒီမှာ မရှိတော့ဘူး" မူချိုယန်။
"မရှိတော့ဘူး?!" လင်းရှောင်ဖုန်း မျက်လုံးပြူးသွားတယ်။
"အေးလေ... မရှိတော့ဘူး။ နင်ပြောပုံအရဆိုရင် နင် Mercedes အရောင်းပြခန်း ရောက်နေပြီပေါ့" မူချိုယန်ရဲ့ ရယ်သံပါတဲ့ အသံ ထွက်လာတယ်။
"ဟုတ်တယ်... ရောက်နေပြီ" လင်းရှောင်ဖုန်း ပြန်ဖြေပြီး မေးလိုက်တယ်။ "မမတို့ အခု ဘယ်ရောက်နေလဲ"
"Century Mall (ရာစုနှစ် ကုန်တိုက်) မှာ ဈေးဝယ်နေကြတယ်" မူချိုယန် ပြုံးပြီး ဖြေတယ်။
"အစ်ကိုမိုရော အတူတူ ရှိသေးလား" လင်းရှောင်ဖုန်း အမြန်မေးလိုက်တယ်။
"ရှိသေးတယ်လေ။ ဘာလဲ... နင် လိုက်လာမလို့လား" မူချိုယန် မေးလိုက်တယ်။
"အဆင်ပြေရင်တော့ လိုက်လာချင်တာပေါ့... ဒါပေမဲ့ အဆင်ပြေပါ့မလား မသိဘူး" လင်းရှောင်ဖုန်း စိုးရိမ်တကြီး ပြောလိုက်တယ်။
ဘာပဲဖြစ်ဖြစ်... ဒါက အစ်ကိုမို မိန်းကလေးတွေနဲ့ ဈေးဝယ်ထွက်နေတာလေ။ သူ လိုက်သွားရင် မီးလုံး (ကြားလူ) ဖြစ်သွားမှာပေါ့။ ဒါပေမဲ့ လီမိုကို ချက်ချင်း ဆက်သွယ်ချင်တဲ့ စိတ်ကို အောင့်ထားနိုင်ခဲ့တာက တော်တော်လေး ဟုတ်နေပြီ။ အခု ခရီးသည် ပို့ပြီးသွားပြီ ဆိုတော့... လီမိုကို တွေ့ချင်တဲ့ စိတ်ကို ထပ်ပြီး မထိန်းနိုင်တော့ဘူး။ အထူးသဖြင့် လီမိုက သူ့ကို ကျောက်ချင်းချန်နဲ့ လက်ထပ်နိုင်မလား ဆိုတာ ကြည့်ပေးနိုင်မယ်လို့ တွေးမိတော့ ပိုဆိုးတာပေါ့။ တကယ်လို့ ပိုကောင်းတဲ့ အိမ်ထောင်ဖက် ရှာပေးနိုင်ရင် ပိုတောင် ကောင်းသေးတယ်။
"ရပါတယ်... လာချင်ရင် လာခဲ့လေ" မူချိုယန် ပြုံးပြီး ပြောလိုက်တယ်။
"ဟုတ်ကဲ့... ကျေးဇူးအများကြီး တင်ပါတယ် မမချိုယန်။ Location လေး ပို့ပေးပါဦး... ကျွန်တော် အခုပဲ လာခဲ့ပါ့မယ်" လင်းရှောင်ဖုန်း ကျေးဇူးတင်စွာ ပြောလိုက်တယ်။
"အိုကေ... ဒါပဲနော်... ဖုန်းချလိုက်တော့မယ်" မူချိုယန်။
ပြောပြီးတာနဲ့ ဖုန်းချလိုက်တယ်။ ဖုန်းချပြီးနောက် မူချိုယန် ဖုန်းကို သိမ်းလိုက်တယ်။ ပြီးတော့ လင်းယန်ရန်က အဝတ်အစားတွေနဲ့ တိုင်းတာတာ ခံနေရတဲ့ လီမိုကို လှမ်းကြည့်လိုက်တယ်။
"မောင်လေး... ရှောင်လင်းဇီ ဖုန်းဆက်လာတယ်။ လိုက်လာချင်လို့တဲ့... ငါ သဘောတူလိုက်ပြီ။ အဆင်ပြေတယ်မလား"
"အဆင်မပြေရင် မလာနဲ့လို့ ပြန်ပြောလိုက်မယ်"
မူချိုယန်က လီမိုကို ပြုံးပြီး မေးလိုက်တယ်။
"ပြဿနာ မရှိပါဘူး" လီမို ပြုံးပြီး ခေါင်းခါလိုက်တယ်။ "ဘာပဲဖြစ်ဖြစ် သူ့ဆီက ဆယ်သန်းတောင် ရထားတာလေ။ အဆက်အသွယ် မလုပ်ဘဲ နေရင် သိပ်ရက်စက်ရာ ကျလွန်းတယ်။ ပြီးတော့... သူ နောက်ထပ် တစ်ခုခု ထပ်ကြုံရမလား ဘယ်သူသိမလဲ"
"မဖြစ်နိုင်တာ... ထပ်ကြုံရဦးမယ်?" မူချိုယန် မျက်လုံးပြူးသွားတယ်။
"ဥပမာ ပြောပြတာပါ" လီမိုက ပြုံးပြီး ပြောလိုက်တယ်။
"အော်... တော်ပါသေးရဲ့" မူချိုယန် သက်ပြင်းချလိုက်တယ်။
သူက လင်းရှောင်ဖုန်း တကယ်ပဲ ကံဆိုးပြီး တစ်ခုပြီးတစ်ခု ဖြစ်နေမှာ စိုးရိမ်သွားတာ။
နှစ်ယောက်သား ဒီအကြောင်း ခဏလောက်ပဲ ပြောပြီး ဆက်မပြောတော့ဘူး။ အဝတ်အစား ဆက်ရွေးကြတယ်။
သုံးယောက်သား ဆိုင်ထဲက ထွက်လာတော့ လီမို လက်ထဲမှာ အိတ်တွေ အများကြီး ပါလာတယ်။ အထဲမှာ သူ့အဝတ်အစားတွေချည်းပဲ။ မူချိုယန်နဲ့ လင်းယန်ရန် ရွေးပေးထားတာတွေ။ ဒါပေါ့... လီမိုက သူ့ပိုက်ဆံနဲ့သူ ရှင်းပါတယ်။ ပါးစပ်ကတော့ လင်းယန်ရန်နဲ့ မူချိုယန်ကို မွေးစားခိုင်းမယ် ဘာညာ ပြောနေပေမယ့်... တကယ်တမ်းတော့ သူတို့ကို အခွင့်ကောင်းယူဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် လီမို လင်းယန်ရန်ကို ပြောခဲ့သလိုပေါ့... သူတို့ အခွင့်အရေးကို လက်လွတ်ခံလိုက်ပြီလေ။ သူတို့ကို တကယ် မွေးစားခိုင်းချင်ရင်တောင် အလုပ်မဖြစ်တော့ဘူး။ အခု သူက သူဌေးမတွေကို ထမင်းတောင်းစားစရာ မလိုတော့ဘူး။
ဆိုင်ထဲက ထွက်လာပေမယ့် လီမိုတို့ သုံးယောက် ဈေးဝယ်တာ မရပ်သေးဘူး။ ရှေ့ဆက်လျှောက်သွားကြတယ်။ နောက်ထပ် ဆိုင်တစ်ဆိုင်ကို သွားဖို့ ပြင်နေကြတယ်။
ဒီလို အခြေအနေမှာ...
လီမိုက သူ့ရှေ့မှာ လျှောက်လာတဲ့ အသက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်ကို သတိထားမိလိုက်တယ်။ အနက်ရောင် ဂါဝန်ဝတ်ထားတယ် နေကာမျက်မှန် တပ်ထားတယ် ပခုံးမှာ အိတ်လွယ်ထားတယ်။ လက်ထဲမှာ မိန်းကလေးငယ်လေး တစ်ယောက်ကို ပွေ့ချီထားတယ်။ သူတို့ ရှိရာဘက်ကို အလျင်စလို လျှောက်လာနေတာ။
လျှောက်လာနေရင်း... သူချီထားတဲ့ ကလေးမလေးက ငိုယိုဂျီကျတာမျိုး မရှိဘူး။ အိပ်ပျော်နေပုံရတယ်။ ကလေးမလေးက ၆ နှစ် ၇ နှစ်လောက် ရှိပုံရတယ်။ ပေါ်နေတဲ့ ဘေးတိုက်မျက်နှာလေးကို ကြည့်ရတာ အရမ်း ချစ်စရာကောင်းတယ်။ ပါးဖောင်းဖောင်းလေးတွေက ပန်းရောင်သန်းပြီး ပြည့်ဖြိုးနေတယ်။ အနီနဲ့ အဖြူရောင်စပ် လိုလီတာ ဂါဝန်လေး ဝတ်ထားတယ်။ ခေါင်းမှာ အဖြူရောင် လိပ်ပြာပုံ ကလစ်လေး တပ်ထားတယ်။ ကလေးမလေးက အမျိုးသမီးရဲ့ ပခုံးပေါ် ခေါင်းမှီပြီး အိပ်ပျော်နေတာ။ ဆံပင်တွေ နည်းနည်း ရှုပ်ပွနေတယ်။
ဒါကို မြင်တော့ လီမိုက လိုလီတာပုံစံ ကလေးမလေးရဲ့ QR Code ကို မနေနိုင်ဘဲ စကင်ဖတ်လိုက်မိတယ်။ ချက်ချင်းပဲ ကိုယ်ရေးအချက်အလက် ပုံစံခွက်တစ်ခု သူ့မြင်ကွင်းထဲ ပေါ်လာတယ်။
အမည်: ဘေ့ခိုခို
အသက်: ၆ နှစ်
ကျား/မ: မ
ရုပ်ရည်: ၉၁
အရပ်: ၁.၁၆ မီတာ
စွမ်းရည်များ: စကိတ်စီးခြင်း (အခြေခံ) စက်မဲ့ယာဉ်မောင်းနှင်ခြင်း (အခြေခံ) စန္ဒရား (အခြေခံ)
အလုပ်အကိုင်: ထျန်းဟယ် ပေပေလဲ့ မူကြိုကျောင်း အကြီးတန်း ကျောင်းသူ
ပိုင်ဆိုင်မှု: မရှိ
လက်ရှိငွေသား: ၁၁၃,၃၂၅.၄ ယွမ်
စီးတော်ယာဉ်: Audi စက်ဘီး
အချစ်ရေးအခြေအနေ: မရှိ
ရင်းနှီးမှု: ၅၀
အထူးအခြေအနေ: လက်ရှိတွင် လူကုန်ကူးသူ လင်းဖေးဖေး၏ မူးယစ်ဆေးဝါး အာနိသင်အောက်တွင် ရောက်ရှိနေပြီး Century Mall မှ ခေါ်ထုတ်ခြင်း ခံရတော့မည်။ Mall မှ ထွက်ခွာသွားပါက လက်ရှိမြို့နှင့် ဝေးကွာသွားမည်ဖြစ်ပြီး ၁၂ နှစ်ကြာမှသာ မိခင်ဖြစ်သူ ဘေ့ချင်းချင်းနှင့် ပြန်လည်တွေ့ဆုံရမည်။
မူလက လီမိုက လိုလီတာ ကလေးမလေးရဲ့ QR Code ကို အပျော်သဘောပဲ စကင်ဖတ်လိုက်တာ။ ဒီကလေးလေး ဘယ်လိုအိပ်ပျော်သွားလဲ ဆိုတာ သိချင်ရုံ သက်သက်ပါ။ ဒါပေမဲ့ မထင်မှတ်ထားဘဲ... ဒီလို အပျော်သဘော စကင်ဖတ်လိုက်တာက... အထူးအခြေအနေကို မြင်လိုက်ရတော့ သူ တုန်လှုပ်သွားတယ်။
လိုလီတာလေးက တကယ် အိပ်ပျော်နေတာ မဟုတ်ဘူး။ ဆေးခတ်ခံထားရပြီး မေ့မြောနေတာ။ ဒါ့အပြင်... အနက်ရောင် ဂါဝန်နဲ့ နေကာမျက်မှန် တပ်ထားတဲ့ ကြည့်ရတာ တော်တော် ကျက်သရေရှိတဲ့ အမျိုးသမီးက... လိုလီတာလေးရဲ့ ဆွေမျိုး မဟုတ်ဘဲ လူကုန်ကူးသူ လင်းဖေးဖေး ဖြစ်နေတယ်။
ဒါက လီမိုကို တကယ် တုန်လှုပ်သွားစေတယ်။ တုန်လှုပ်စွာနဲ့ လီမိုက လင်းဖေးဖေးရဲ့ QR Code ကိုပါ ဆက်ပြီး စကင်ဖတ်လိုက်တယ်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: