အခန်း (၄၉) - အတိအကျ ဘာဖြစ်ခဲ့တာလဲ
"ချိုယန်... ဒီမိန်းမက ခိုခိုကို ဆေးခတ်ခဲ့တာလား"
ဘေ့ချင်းချင်းက မျက်လုံးထဲမှာ အေးစက်တဲ့ အရိပ်အယောင်တွေနဲ့ အသက်ပြင်းပြင်းရှူပြီး မူချိုယန်ကို မေးလိုက်တယ်။
"ဟုတ်တယ်... သူပဲ" မူချိုယန် ပြန်ဖြေလိုက်တယ်။
"ကျေးဇူးပါပဲ ချိုယန်ရယ်... ခိုခိုသာ ပျောက်သွားရင် ဘာဖြစ်သွားမလဲ တွေးတောင် မတွေးရဲဘူး" ဘေ့ချင်းချင်းက မူချိုယန်ကို ကျေးဇူးတင်စွာ ပြောလိုက်တယ်။
"ဒါ ငါ့အစွမ်းအစ မဟုတ်ပါဘူး... အကုန်လုံး လီမို လုပ်ပေးခဲ့တာပါ" မူချိုယန်က ခေါင်းခါပြီး လီမိုကို လှမ်းကြည့်လိုက်တယ်။
ဒါကို ကြားတော့ ဘေ့ချင်းချင်းက လီမိုဘက် လှည့်ပြီး လေးလေးနက်နက် ဦးညွှတ်လိုက်တယ်။ "မစ္စတာ လီမို... ကျေးဇူးအများကြီး တင်ပါတယ်။ နောက်နောင် တစ်ခုခု လိုအပ်ရင် အားမနာဘဲ ပြောပါ။ ကျွန်မ ဘေ့ချင်းချင်း ရှင့်ကို ကျေးဇူးအကြီးကြီး တင်သွားပါပြီ"
ဘေ့ချင်းချင်း ဒီလိုလုပ်နေတုန်း လီမိုက QR Code ကို စကင်ဖတ်ပြီး ဘေ့ချင်းချင်းရဲ့ ရင်းနှီးမှု အဆင့်ကို မနေနိုင်ဘဲ စစ်ဆေးကြည့်လိုက်တယ်။ ဒီအချိန်မှာ ဘေ့ချင်းချင်းက သူ့ကို ဘယ်လောက် သဘောကျနေလဲ သိချင်လို့။ ဒါက မရိုးမသား စိတ်ထားနဲ့တော့ မဟုတ်ပါဘူး။ သူ့အပေါ်ထားတဲ့ သဘောထားကို အတည်ပြုချင်ရုံ သက်သက်ပါ။
"ရင်းနှီးမှု: ၈၅"
ကြည့်လိုက်တော့ လီမို ချက်ချင်း အံ့သြသွားတယ်။ ရင်းနှီးမှုက သုည ကနေ ၈၅ ထိ တစ်ခါတည်း ခုန်တက်သွားတာ။ ကြည့်ရတာ ဘေ့ချင်းချင်းရဲ့ ကျေးဇူးတင်စိတ်က တကယ် ရင်ထဲက လာတာ ဖြစ်ပုံရတယ်။ မဟုတ်ရင် ဒီလောက် မြန်မြန်ဆန်ဆန်နဲ့ သုည ကနေ ဒီလောက်ထိ တက်လာစရာ အကြောင်းမရှိဘူး။ ဒါ့အပြင် ဒါက တစ်နည်းအားဖြင့် ဘေ့ချင်းချင်းက သူ့ရဲ့ 'သမီး' ဘေ့ခိုခိုကို တကယ် ဂရုစိုက်တယ် ဆိုတာကို ပြနေတာပဲ။ ဘေ့ခိုခိုက သူ့သမီးအရင်း မဟုတ်ရင်တောင်မှပေါ့။
"ကောင်းပါပြီ... ခင်ဗျား ကျေးဇူးတင်ရှိနေတယ် ဆိုတာကို ကျွန်တော် မှတ်ထားပါ့မယ်"
ရင်းနှီးမှု အဆင့်ကို အမြန်စစ်ဆေးပြီးနောက် လီမိုက ပြုံးပြီး ဘေ့ချင်းချင်းကို ပြောလိုက်တယ်။
ငြင်းဆန်တာ၊ ရွှေ့ဆိုင်းတာမျိုး လုံးဝ မလုပ်ဘူး။ ချက်ချင်းပဲ လက်ခံလိုက်တယ်။
လီမိုရဲ့ တုံ့ပြန်မှုကို မြင်တော့ ဘေ့ချင်းချင်းရဲ့ မျက်လုံးထဲမှာ အံ့သြရိပ်တွေ ဖြတ်သန်းသွားတယ်။ ဒါပေမဲ့ ခဏလေးပါပဲ... ချက်ချင်းပဲ လေးလေးနက်နက် ပြန်ပြောလိုက်တယ်။ "ဟုတ်ကဲ့ မစ္စတာ လီမို... နောင် တစ်ခုခု လိုအပ်ရင် အားမနာဘဲ ပြောပါ။ ကျွန်မ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးပါ့မယ်"
ဒါကို ကြားတော့...
လီမို ပြုံးလိုက်ပြီး ဘာမှ ဆက်မပြောတော့ဘူး။
ဘေ့ချင်းချင်းလည်း ဘာမှ ဆက်မပြောတော့ဘူး။ မူချိုယန် ဖမ်းချုပ်ထားတဲ့ လင်းဖေးဖေးဆီ အကြည့်ပြန်လွှဲလိုက်တယ်။ ကြည့်လိုက်တဲ့ အခိုက်အတန့်မှာ သူ့မျက်လုံးထဲမှာ အေးစက်တဲ့ အရောင်တစ်ချက် လက်သွားတယ်။ ပြီးတော့ တုံ့ဆိုင်းမနေဘဲ ဖုန်းထုတ်ပြီး ဖုန်းခေါ်လိုက်တယ်။ ဖုန်းက မြန်မြန်ပဲ ဝင်သွားတယ်။
"အစ်ကိုသုံး... ခိုခိုကို လူကုန်ကူးသူတွေ ပြန်ပေးဆွဲမလို့ လုပ်သွားတယ်။ အခုချက်ချင်း Century Mall ဆီ လူခေါ်ပြီး လာခဲ့ပေးပါ"
ဖုန်းဝင်တာနဲ့ ဘေ့ချင်းချင်း တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်တယ်။
"ဘာ! အေး... အေး... သိပြီ။ အခုပဲ လာခဲ့မယ်"
ဘေ့ချင်းချင်း ပြောပြီးတာနဲ့ တစ်ဖက်က ထိတ်လန့်နေတဲ့ အသံ ထွက်လာတယ်။ ပြီးတော့ နှစ်ယောက်သား ဖုန်းချလိုက်ကြတယ်။
ဆယ်မိနစ်လောက် ကြာတော့။ Century Mall ကို လူတစ်စု ရောက်လာတယ်။ ရဲဝတ်စုံ ဝတ်ထားတဲ့ ဥပဒေစိုးမိုးရေး အရာရှိတွေ။ ခေါင်းဆောင်ကတော့ ပြတ်သားတဲ့ မျက်နှာထား၊ တောင့်တင်းခိုင်မာတဲ့ ခန္ဓာကိုယ်နဲ့ လမ်းလျှောက်တာ သွက်လက်တဲ့ အမျိုးသားတစ်ယောက်။ သူတို့ လျှောက်လာတာနဲ့ ဘေးက လူတွေက လမ်းဖယ်ပေးကြတယ်။
"ညီမလေး... ခိုခို အဆင်ပြေရဲ့လား"
အဲ့ဒီအမျိုးသား ရောက်လာတာနဲ့ ပထမဆုံး ဘေ့ချင်းချင်းကို မေးလိုက်တယ်။ မေးရင်းနဲ့ ဘေ့ခိုခိုကို တစ်ချက် လှမ်းကြည့်လိုက်တယ်။ ဒါပေမဲ့ ခဏလေးပဲ ကြည့်ပြီး မူချိုယန် ဖမ်းချုပ်ထားတဲ့ လင်းဖေးဖေးဆီ အကြည့်ရောက်သွားတယ်။
"လက်ထိပ်ခတ်ပြီး ခေါ်သွားလိုက်"
သူ တုံ့ဆိုင်းမနေဘဲ လက်ဝှေ့ယမ်းပြီး အမိန့်ပေးလိုက်တယ်။ ချက်ချင်းပဲ တစ်ယောက်က လက်ထိပ်ထုတ်၊ လင်းဖေးဖေးဆီ လျှောက်သွားပြီး လက်ထိပ်ခတ်လိုက်တယ်။ ပြီးတော့ Century Mall အပြင်ဘက်ကို ခေါ်ထုတ်သွားကြတယ်။
လူကုန်ကူးသူကို ခေါ်သွားပြီးတော့မှ တောင့်တင်းတဲ့ အမျိုးသားက ဘေ့ခိုခိုဆီ အကြည့်ပြန်ရောက်လာတယ်။
"ခိုခို ဆေးခတ်ခံထားရတယ်" ဘေ့ချင်းချင်း ပြောလိုက်တယ်။
"ဆေးခတ်ခံရတယ်? ဘာဖြစ်သွားလဲ ကြည့်ရအောင်" တောင့်တင်းတဲ့ အမျိုးသားရဲ့ မျက်လုံးအိမ် ကျဉ်းမြောင်းသွားပြီး ဘေ့ချင်းချင်းကို အမြန် ပြောလိုက်တယ်။ ပြောရင်းနဲ့ အနားကပ်သွားပြီး ဘေ့ခိုခိုကို စစ်ဆေးကြည့်လိုက်တယ်။
"ပြဿနာတော့ မရှိလောက်ပါဘူး။ ဒါပေမဲ့ စိတ်ချရအောင်... ညီမလေး... ခိုခိုကို ဆေးရုံ အမြန်ပို့ပြီး စစ်ဆေးကြည့်လိုက်။ ဘေးထွက်ဆိုးကျိုးတွေ ရှိနေမှာ စိုးလို့။ အခုပဲ လူလွှတ်ပြီး လိုက်ပို့ခိုင်းလိုက်မယ်"
"ဟုတ်ကဲ့ အစ်ကိုသုံး"
ဘေ့ချင်းချင်း အမြန် ပြန်ဖြေလိုက်တယ်။ ပြန်ဖြေပြီးတာနဲ့ လီမိုကို ကြည့်ပြီး ပြောလိုက်တယ်။ "မစ္စတာ လီ... ဒီတစ်ခေါက် ကျေးဇူးအများကြီး တင်ပါတယ်။ ကျွန်မ ခိုခိုကို ဆေးရုံ အရင်ပို့လိုက်ဦးမယ်။ ကိစ္စပြီးမှ သေချာ ကျေးဇူးဆပ်ပါ့မယ်"
"ရပါတယ်... ကိစ္စရှိရင် သွားလိုက်ပါ" လီမို လက်ကာပြလိုက်တယ်။
လီမို ပြောပြီးတာနဲ့ ဘေ့ချင်းချင်း ဘာမှ ဆက်မပြောတော့ဘဲ ဥပဒေစိုးမိုးရေး အရာရှိ တစ်ယောက်နဲ့အတူ ထွက်ခွာသွားတယ်။
ဘေ့ချင်းချင်း ထွက်သွားတော့မှ တောင့်တင်းတဲ့ အမျိုးသားက မူချိုယန်တို့ဘက် လှည့်လာတယ်။
"မစ္ဏ မူ... တကယ်တမ်း ဘာဖြစ်ခဲ့တာလဲ။ ထွက်ဆိုချက် ပေးလို့ ရမလား"
မူချိုယန်ကို ကြည့်ပြီး တောင့်တင်းတဲ့ အမျိုးသားက လေးလေးနက်နက် မေးလိုက်တယ်။
"ရတာပေါ့... ပြဿနာ မရှိပါဘူး" မူချိုယန် ပြုံးပြီး ဖြေလိုက်တယ်။
"ပူးပေါင်းဆောင်ရွက်ပေးလို့ ကျေးဇူးပါ" တောင့်တင်းတဲ့ အမျိုးသားက ပြုံးပြီး ပြောတယ်။
သူ အမိန့်မပေးရသေးခင်မှာပဲ ဥပဒေစိုးမိုးရေး အရာရှိတွေက မှတ်စုစာအုပ်တွေ ထုတ်ပြီး မူချိုယန်ကို မေးခွန်းတွေ စမေးနေကြပြီ။
"အစ်ကို ဘေ့... မတွေ့တာ ကြာပြီနော်! အစ်ကိုက တော်တော် အလုပ်ရှုပ်တဲ့သူပဲ။ ထျန်းဟယ်မြို့ ဥပဒေစိုးမိုးရေး တပ်ဖွဲ့ ခေါင်းဆောင် ဖြစ်ပြီးကတည်းက မျက်နှာတောင် သိပ်မမြင်ရတော့ဘူး"
ဒီအချိန်မှာ လင်းရှောင်ဖုန်းက တောင့်တင်းတဲ့ အမျိုးသားဆီ လျှောက်လာပြီး ပြုံးကာ နှုတ်ဆက်လိုက်တယ်။
ပြောရင်းနဲ့ အင်္ကျီအိတ်ကပ်ထဲက စီးကရက်ဗူး ထုတ်၊ တစ်လိပ်ဆွဲထုတ်ပြီး ကမ်းပေးလိုက်တယ်။
တောင့်တင်းတဲ့ အမျိုးသားက လက်ကာပြပြီး ပြုံးကာ ပြောလိုက်တယ်။ "တာဝန်ချိန်မို့လို့ မသောက်တော့ဘူး။ ဒါနဲ့... မတွေ့တာ ကြာပြီ ဆိုပေမယ့် ငါအလုပ်ရှုပ်တာ မဟုတ်ပါဘူး... မင်းကသာ အလုပ်ရှုပ်နေတာပါ။ ဒုတိယမျိုးဆက် သူဌေးသား Happy Driver ဆိုပြီး နာမည်ကြီးနေတာ ကြားမိပါတယ်" "တစ်ခါတလေ Douyin (TikTok) ပွတ်ရင်း မင်း ဗီဒီယိုတွေ တွေ့မိတယ်"
"တကယ်လား" ဒါကို ကြားတော့ လင်းရှောင်ဖုန်း တခစ်ခစ် ရယ်လိုက်တယ်။ ရှက်ရွံ့ခြင်း မရှိဘဲ ဘေးက လီမိုကို နောက်ထပ် စီးကရက် တစ်လိပ် ကမ်းပေးလိုက်တယ်။
"အစ်ကိုမို... သောက်မလား"
လီမို လက်ကာပြလိုက်တယ်။
သူ ဆေးလိပ်မသောက်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီမှာ ကလေးတွေ ရှိနေတော့ ဆေးလိပ်သောက်ဖို့ မသင့်တော်ဘူးလေ။ ဒါ့အပြင် သူက ဆေးလိပ်သောက်တယ် ဆိုပေမယ့် စွဲလမ်းနေတာမျိုး မဟုတ်ဘူး။ သူငယ်ချင်းတွေနဲ့ တွေ့ရင် အားနာပါးနာ တစ်လိပ်နှစ်လိပ် သောက်တတ်တာမျိုး။ ဒါမှမဟုတ် စာရေးရင်း စိတ်ကူးညဏ်ရအောင် တစ်လိပ်လောက် ဖွာတာမျိုးလောက်ပဲ။
လီမို ငြင်းလိုက်တော့ လင်းရှောင်ဖုန်းက စီးကရက်ကို ပေါ့ပေါ့ပါးပါးပဲ ပြန်သိမ်းလိုက်တယ်။
လီမို ငြင်းလိုက်တာ မြင်တော့ တောင့်တင်းတဲ့ အမျိုးသားက လီမိုဘက် လှည့်ကြည့်လိုက်တယ်။ လီမိုကို စိတ်ဝင်တစား အပေါ်အောက် အကဲခတ်လိုက်တယ်။ အကဲခတ်ရင်းနဲ့ မနေနိုင်ဘဲ ပြုံးကာ လီမိုဆီ လက်ကမ်းပေးလိုက်တယ်။ "မစ္စတာ လီ... အသေးစိတ် မသိရသေးပေမယ့် ညီမလေး ပြောပုံအရဆိုရင် ဒီတစ်ခေါက် ခိုခို အသက်ရှင်တာ ခင်ဗျားကျေးဇူးကြောင့်ပါပဲ။ တကယ် ကျေးဇူးတင်ပါတယ်"
"ရပါတယ်"
လီမိုက လက်လှမ်းပြီး တောင့်တင်းတဲ့ အမျိုးသားနဲ့ လက်ဆွဲနှုတ်ဆက်လိုက်တယ်။ လက်ဆွဲနှုတ်ဆက်ရင်းနဲ့ တစ်ဖက်လူကို အာရုံစိုက်ပြီး QR Code ကို စကင်ဖတ်လိုက်တယ်။ ချက်ချင်းပဲ တောင့်တင်းတဲ့ အမျိုးသားရဲ့ ကိုယ်ရေးအချက်အလက်တွေ လီမိုရဲ့ မြင်ကွင်းထဲ ပေါ်လာတယ်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: