အခန်း (၅၀) - လီမိုက လူထူးလူဆန်းပဲ
အမည်: ဘေ့ဟိုင်လုံ
အသက်: ၂၉ နှစ်
ကျား/မ: ကျား
ရုပ်ရည်: ၈၁
အရပ်: ၁.၈၂ မီတာ
စွမ်းရည်များ: စစ်ရေးနှင့် ရဲတပ်ဖွဲ့ တိုက်ခိုက်ရေးနည်းစနစ်များ (အနည်းငယ် ကျွမ်းကျင်) (ထုတ်ယူနိုင်)၊ သေနတ်ပစ် (ကျွမ်းကျင်)၊ စက်တပ်ယာဉ်မောင်းနှင်ခြင်း (အနည်းငယ် ကျွမ်းကျင်) (ထုတ်ယူနိုင်)၊ စက်မဲ့ယာဉ်မောင်းနှင်ခြင်း (အနည်းငယ် ကျွမ်းကျင်) (ထုတ်ယူနိုင်)
အလုပ်အကိုင်: ထျန်းဟယ်မြို့ ဥပဒေစိုးမိုးရေးအဖွဲ့ ခေါင်းဆောင်
အိမ်ခြံမြေ: ကျန်းရှင်း အိမ်ရာ အမှတ် ၄ အဆောင်
လက်ရှိငွေသား: ၃,၄၅၆,၄၂၃.၄ ယွမ်
စီးတော်ယာဉ်: BYD Song Plus
အိမ်ထောင်ရေးအခြေအနေ: သားတစ်ယောက် သမီးတစ်ယောက်၊ အိမ်ထောင်ရေး သာယာ
ရင်းနှီးမှု: ၆၅
အထူးအခြေအနေ: မရှိ
ဒါကို မြင်တော့ လီမို နည်းနည်း ဇဝေဇဝါ ဖြစ်သွားတယ်။
"အနည်းငယ် ကျွမ်းကျင်? စွမ်းရည်အဆင့်တွေကို ဘယ်လို ခွဲခြားထားလဲ ငါ တကယ် နားမလည်တော့ဘူး"
"အခြေခံပြီးရင် ကျွမ်းကျင်လား... ပြီးမှ အနည်းငယ် ကျွမ်းကျင်လား..."
"ဒါမှမဟုတ် အခြေခံ ပြီးရင် အနည်းငယ် ကျွမ်းကျင်... ပြီးမှ ကျွမ်းကျင် လား?"
"အဲ့ဒီအထက်မှာ ဂရန်းမားစတာရှိတာလား... ဒါမှမဟုတ် ဂရန်းမားစတာ အောက်မှာ တခြား အဆင့်တွေ ရှိသေးတာလား"
လီမို တကယ်ပဲ သံသယတွေ ဖြစ်လာတယ်။ ဘာတွေ ဖြစ်နေမှန်း သေချာ နားမလည်တော့ဘူး။
"စွမ်းရည်မှတ် တစ်ခုသုံးပြီး စမ်းသပ်ကြည့်ရင် ကောင်းမလား"
ဒီသံသယတွေနဲ့အတူ လီမို စဉ်းစားခန်း ဖွင့်လိုက်တယ်။
ဘာပဲဖြစ်ဖြစ် သူက ဘေ့ခိုခို ဆိုတဲ့ ကလေးမလေးကို ကယ်တင်ခဲ့တာလေ။ သူ့ရင်ထဲက အာရုံခံစားမှုအရ ဆိုရင်... စွမ်းရည်မှတ်တွေ ထပ်ရလိုက်တယ်လို့ ခံစားရတယ်။ ပြီးတော့ စွမ်းရည်မှတ် တစ်ခုတည်း မဟုတ်ဘူး။ နှစ်ခု။ ဟုတ်တယ်... စွမ်းရည်မှတ် နှစ်ခု။ သူ သေချာတယ်။ အဲ့တုန်းက အဲ့လို ခံစားလိုက်ရတာ။
ဒါက လီမိုအတွက် အချက်တစ်ခုကို အတည်ပြုပေးလိုက်တာပဲ။ အဲ့ဒါကတော့... စွမ်းရည်မှတ် ရချင်ရင်... တခြားလူရဲ့ ကံကြမ္မာကို ပြောင်းလဲပေးရမယ် ဆိုတာက အချက်တစ်ချက်။ တစ်ချိန်တည်းမှာပဲ... အပြောင်းအလဲ မလုပ်ခင်မှာ QR Code စကင်ဖတ်ပြီး ကံကြမ္မာကို သိထားဖို့ လိုတယ် ဆိုတာပါပဲ။ ဒါကို လင်းရှောင်ဖုန်း နဲ့ ဝမ်ရှောင်ယု ကိစ္စ... ပြီးတော့ ဘေ့ချင်းချင်း နဲ့ လင်းဖေးဖေး ကိစ္စတွေကို နှိုင်းယှဉ်ကြည့်ပြီး ဆုံးဖြတ်လိုက်တာပါ။
ဒါ့အပြင် လီမို နောက်ထပ် အချက်တစ်ချက်ကိုလည်း အတည်ပြုနိုင်ခဲ့တယ်။ အဲ့ဒါကတော့... ပစ္စည်းတွေရဲ့ အထူးအခြေအနေ ပြောင်းလဲသွားရင် စွမ်းရည်မှတ် မရဘူး ဆိုတာပါပဲ။ ဒါ့အပြင်... လူတစ်ယောက်ရဲ့ ကံကြမ္မာက အခြေအနေဆိုးနဲ့ ကြုံရဖို့ သေချာနေရင်... အဖြစ်အပျက် အချိန်ကို ရှေ့တိုးလိုက်ရုံနဲ့ စွမ်းရည်မှတ် မရဘူး။ စွမ်းရည်မှတ် ရချင်ရင်... လက်ရှိ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို လုံးဝ ပြောင်းလဲပစ်မှ ရမယ်လို့ ထင်တယ်။ ဒီကောက်ချက်ကိုတော့ မူချိုယန်ရဲ့ အထူးအခြေအနေ ပြောင်းလဲမှုတွေကနေ ဆွဲထုတ်လိုက်တာပါ။
အတွေးတွေ လွန်နေရင်းနဲ့ လီမို ခဏလောက် ဆုံးဖြတ်ရခက်နေတယ်။ အဲ့ဒီအချိန်မှာ ဘေ့ဟိုင်လုံက လီမိုရဲ့လက်ကို လွှတ်ပေးလိုက်တယ်။ လွှတ်ပေးလိုက်တဲ့ အချိန်မှာ သူ့မျက်လုံးတွေထဲမှာ ကျေးဇူးတင်တဲ့ အရိပ်အယောင်တွေနဲ့ လီမိုကို ကြည့်နေတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီအချိန်မှာ ထွက်ဆိုချက် ပေးနေတဲ့ မူချိုယန်က အရေးကြီးဆုံး အချက်ကို ထုတ်ပြောလိုက်လို့လေ။ လီမိုက ရုတ်တရက် ဝင်ပါပြီး ဘေ့ခိုခိုကို ကယ်လိုက်တာပါ ဆိုတဲ့ အချက်ကိုပေါ့။
ဒါပေမဲ့ ကျေးဇူးတင်နေရင်းနဲ့ပဲ ဘေ့ဟိုင်လုံ စိတ်ထဲမှာ သံသယတချို့ ဖြစ်လာတယ်။ မူချိုယန်ရဲ့ ထွက်ဆိုချက်အရ ဆိုရင်... လီမိုက ရုတ်တရက်ကြီး ဝင်ပါခဲ့တာ။ လီမို ဘာလို့ ဝင်ပါခဲ့တာလဲ ဆိုတာ သူ အရမ်း သိချင်နေတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် လီမိုက သံသယတရားခံ ဖြစ်လာတာ မဟုတ်ဘဲ ဘေ့ခိုခိုကို ကယ်ခဲ့တာလေ။ ဒါကြောင့် ဒီအချိန်မှာ သူ ဘာမှ ဆက်မမေးတော့ဘူး။ လီမိုနဲ့ နှုတ်ဆက်စကား ပြောပြီး ကျေးဇူးတင်ကြောင်း အထပ်ထပ် ပြောကာ အမြန်ပဲ ထွက်ခွာသွားတယ်။
ဘေ့ဟိုင်လုံ ထွက်သွားတော့ ဘေးက ဝိုင်းကြည့်နေတဲ့ လူအုပ်လည်း လူစုကွဲသွားတယ်။
——————————
Century Mall ကနေ ထွက်လာပြီးနောက် ဘေ့ဟိုင်လုံ ရဲစခန်းကို တန်းမပြန်ဘူး။ အစား ထျန်းဟယ် မြို့တော် ပြည်သူ့ဆေးရုံကြီးဆီ သွားလိုက်တယ်။ ပြီးတော့ ဘေ့ချင်းချင်းကို ရှာတယ်။ ဘေ့ချင်းချင်းကို တွေ့တော့... သူက ကုတင်ဘေးမှာ ထိုင်နေတယ်။ ဘေ့ခိုခို သတိရနေပြီ။
"ဦးလေးသုံး!"
သူ ရောက်လာတာ မြင်တာနဲ့ ဘေ့ခိုခိုက ပျော်ရွှင်တဲ့ မျက်နှာထားနဲ့ ဘေ့ဟိုင်လုံကို လှမ်းခေါ်လိုက်တယ်။
"အေး"
ဘေ့ဟိုင်လုံ ပြုံးပြီး ပြန်ထူးလိုက်တယ်။
ပြန်ထူးပြီးတာနဲ့ ဘေ့ချင်းချင်းကို မေးလိုက်တယ်။ "ညီမလေး... ဆရာဝန်က ဘာပြောလဲ"
"ဆရာဝန်က ဘာမှ မဖြစ်ပါဘူးတဲ့... ခဏလောက် စောင့်ကြည့်ဖို့ပဲ လိုတယ်တဲ့" ဘေ့ချင်းချင်း ပြုံးပြီး ပြောတယ်။
"ဒါဆို တော်ပါသေးရဲ့... ဒါနဲ့ ဒီနေ့ တကယ်တမ်း ဘာဖြစ်ခဲ့တာလဲ။ ခိုခိုက ဘယ်လိုလုပ် ရုတ်တရက်ကြီး ပြန်ပေးဆွဲ ခံရတာလဲ။ ပြီးတော့ လီမို ဆိုတဲ့လူကို ညီမလေး အရင်က သိလား" ဘေ့ဟိုင်လုံ ခေါင်းညိတ်ပြီး ဘေ့ချင်းချင်းကို မေးလိုက်တယ်။
"အကုန်လုံး ညီမအမှားပါ။ ခိုခိုက အိမ်သာ သွားချင်တယ် ပြောတာကို... ညီမက အဝတ်အစား လဲနေလို့ လိုက်မသွားမိဘူး။ ဒီလောက် ခဏလေးအတွင်းမှာ ဒီလိုကိစ္စ ဖြစ်လာလိမ့်မယ်လို့ လုံးဝ ထင်မထားမိဘူး" ဘေ့ချင်းချင်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့ ပုံစံနဲ့ ပြောလိုက်တယ်။
ပြောပြီးတာနဲ့ ကုတင်ပေါ်က ဘေ့ခိုခိုကို ကြည့်ပြီး ပြောလိုက်တယ်။ "ခိုခို... မေမေ မှားသွားပါတယ်။ မေမေ သမီးကို ဆုံးရှုံးရတော့မလို့"
"မေမေ့အမှား မဟုတ်ပါဘူး... ခိုခိုက မေမေ လိုက်တာ မကြိုက်လို့ပါ" ခိုခိုက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး ချစ်စဖွယ် ပြောလိုက်တယ်။
"တကယ်ပါပဲဟာ... ခိုခိုက လိမ္မာတယ် ဆိုပေမယ့် ကလေးပဲ ရှိသေးတာလေ။ ဘယ်လိုလုပ် အိမ်သာကို တစ်ယောက်တည်း လွှတ်လိုက်ရတာလဲ! ပြီးတော့ နင်က ငါတို့ ဘေ့ ကုမ္ပဏီအုပ်စုရဲ့ ဥက္ကဋ္ဌ နော်"
"နင့်လို အမျိုးသမီး တစ်ယောက်က ကလေးတစ်ယောက်တည်းနဲ့ အပြင်ထွက်တာ အန္တရာယ် များလွန်းတယ်။ နောက်ဆို အိမ်က ပေးထားတဲ့ သက်တော်စောင့်တွေ ခေါ်သွားတာ ပိုကောင်းမယ်" ဒါကို ကြားတော့ ဘေ့ဟိုင်လုံ ဘေ့ချင်းချင်းကို မနေနိုင်ဘဲ မျက်စောင်းထိုးပြီး ပြောလိုက်တယ်။
"ဦးလေးသုံး... မေမေ့ကို အပြစ်မတင်ပါနဲ့။ မေမေ့အမှား မဟုတ်ပါဘူး။ ခိုခိုအမှားပါ။ ခိုခိုက မေမေနဲ့ နှစ်ယောက်တည်း ဈေးဝယ်ထွက်ချင်လို့... မေမေက ဒေါ်လေးမေကို မခေါ်လာခဲ့တာပါ" ဘေ့ချင်းချင်း မဖြေခင် ဘေ့ခိုခိုက အားနွဲ့တဲ့ အသံလေးနဲ့ ဝင်ပြောလိုက်တယ်။
ပြောတဲ့အချိန်မှာ ဘေ့ဟိုင်လုံကို သနားစရာ မျက်နှာထားလေးနဲ့ ကြည့်လိုက်သေးတယ်။
"ဦးလေးက မေမေ့ကို အပြစ်တင်တာ မဟုတ်ပါဘူး။ မေမေ့ရဲ့ အထောက်အထားက နည်းနည်း ထူးခြားနေလို့ပါ။ အပြင်ထွက်ရင် လူတွေရဲ့ စောင့်ကြည့်တာ ခံရလွယ်တယ်လေ" ဘေ့ဟိုင်လုံက ဘေ့ခိုခိုကို ပြုံးပြီး ပြောလိုက်တယ်။ ပြောရင်းနဲ့ ဘေ့ခိုခို အနားသွား၊ ခေါင်းလေးကို ပွတ်ပေးပြီး ချစ်ခင်တဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။
"အော်" ဘေ့ခိုခို ခေါင်းညိတ်လိုက်တယ်။ နားလည်သလိုလို နားမလည်သလိုလိုနဲ့။
"ညီမလေး... နင် မဖြေရသေးဘူး... လီမို ဆိုတဲ့လူကို အရင်က သိလား" ဘေ့ဟိုင်လုံ ဘေ့ခိုခို ခေါင်းကို ထပ်ပွတ်ပေးပြီး ဘေးက ဘေ့ချင်းချင်းကို ကြည့်ကာ မေးလိုက်တယ်။
"မသိပါဘူး... ဒါပေမဲ့ ဒီတစ်ခေါက်တော့ သူ့ကို တကယ် ကျေးဇူးတင်ရမယ်။ မဟုတ်ရင် ခိုခို တစ်ခုခု ဖြစ်သွားခဲ့ရင် ညီမ ဘယ်လို ရင်ဆိုင်ရမလဲ မသိတော့ဘူး" ဘေ့ချင်းချင်း ခေါင်းခါပြီး ကြောက်ရွံ့မှု မပြေသေးတဲ့ အသံနဲ့ ပြောလိုက်တယ်။
"မသိဘူး?" ဘေ့ဟိုင်လုံ မျက်လုံးတွေ လှုပ်ရှားသွားတယ်။
"တကယ် မသိပါဘူး အစ်ကိုသုံးရယ်... အစ်ကို့ရဲ့ အလုပ်သဘောအရ သံသယဝင်တတ်တဲ့ အကျင့် ထွက်လာပြန်ပြီလား။ တမင် အကွက်ဆင်ထားတယ်လို့ ထင်နေတာလား" ဘေ့ချင်းချင်း ခေါင်းညိတ်ပြီး ဘေ့ဟိုင်လုံကို လေးလေးနက်နက် မေးလိုက်တယ်။
"မဟုတ်ပါဘူး... ဘယ်ကသာ ဟုတ်ရမှာလဲ။ နည်းနည်း ထူးဆန်းတယ်လို့ ခံစားရလို့ပါ"
"ဘာပဲဖြစ်ဖြစ် မူချိုယန် ပြောပုံအရဆိုရင် လီမိုက ရုတ်တရက်ကြီး ဝင်ပါခဲ့တာလေ။ သူက နင့်ကို မသိရင်... ခိုခိုက အဲ့ဒီ လူကုန်ကူးသူရဲ့ သမီး မဟုတ်မှန်း သူ ဘယ်လိုသိမှာလဲ" ဘေ့ဟိုင်လုံက ပြုံးပြီး အမြန် ပြောလိုက်တယ်။
"ညီမ သူ့ကို မသိပေမယ့်... သူက ချိုယန်ကို သိတယ်လေ။ ချိုယန်ဆီကနေ ညီမအကြောင်း ကြားဖူးတာ နေမှာပေါ့... ဒါမှမဟုတ် အသေးစိတ် အချက်အလက်တွေကနေ သူ ရိပ်မိသွားတာ ဖြစ်နိုင်တာပဲ"
"အတိုချုပ် ပြောရရင်... အစ်ကိုသုံး... ဒီကိစ္စတွေကို သိပ်ပြီး သံသယ မဝင်ပါနဲ့တော့"
"မစ္စတာ လီမို နဲ့ မမ ချိုယန်က သူငယ်ချင်းတွေ ဆိုတော့... သူက ညီမကို မျက်နှာလိုမျက်နှာရ လုပ်စရာ အကြောင်းမရှိပါဘူး။ အထူးသဖြင့် မမ ချိုယန်ရဲ့ လူမှုအဆင့်အတန်းကလည်း တော်တော် မြင့်မားတယ်လေ" ဘေ့ချင်းချင်း လေးလေးနက်နက် ထပ်ပြောလိုက်တယ်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: