အခန်း (၂၆) လူယင်ရွှယ်
ခရမ်းရောင်ဝတ် မိန်းကလေးက နှုတ်ခမ်းကို ကိုက်ထားသော်လည်း ထွက်သွားမည့် အရိပ်အယောင် လုံးဝ မပြပေ။ သူမက တိုးတိုးလေး ပြောလိုက်သည်။ "ကျွန်မ နာမည်က လူယင်ရွှယ်ပါ။ ကျန်းချန် တက္ကသိုလ်က ဒုတိယနှစ် မဟာတန်း ကျောင်းသူပါ။ မိသားစုက စေ့စပ်ပွဲကို အတင်းစီစဉ်လို့ အိမ်ကနေ ထွက်ပြေးလာတာ။ ခုနကလည်း လူတစ်ယောက် လိုက်ဖမ်းနေလို့ ရှင့်ကို တွေ့ခဲ့တာပါ..." သူမ၏ မျက်ရည်ဝဲနေသော မျက်လုံးများက ဝမ်းနည်းမှုနှင့် အကူအညီမဲ့မှုတို့ ပြည့်နှက်နေပြီး ရှုချင်းကို စိုက်ကြည့်နေသည်။
ရှုချင်း မျက်မှောင်ကြုတ်လိုက်သည်။ လူယင်ရွှယ် သူ့အနမ်းကို ခိုးယူခဲ့သည့် အချိန်က အဖြစ်အပျက်ကို ပြန်စဉ်းစားကြည့်လိုက်ရာ လူအုပ်စုတစ်စု ပြေးလာခဲ့သည်မှာ အမှန်ပင်။
"ဒါတွေ ပြောပြနေလို့ အလကားပါပဲ။ ကျွန်တော်က သူငယ်ချင်းနဲ့အတူ ကျောက်တုံးလာဝယ်တာ၊ ခင်ဗျားကို ကူညီပေးနိုင်မှာ မဟုတ်ဘူး" ရှုချင်းက သံသယအရိပ်အယောင်ဖြင့် ပြောလိုက်သည်။
လူယင်ရွှယ်၏ မျက်လုံးများ အရောင်တောက်သွားပြီး "ရှင်က ကျန်းချန်ကပဲ မဟုတ်လား။ ကျွန်မတို့ လေယာဉ်ပေါ်မှာ တွေ့ခဲ့ကြသေးတယ်လေ" ဟု ပြောလိုက်သည်။ တာရိုးပေါ်တွင် ရှုချင်းကို နမ်းရန် ရွေးချယ်လိုက်ခြင်းမှာ ကြိုတင်အကဲခတ်ထားမှု တစ်စိတ်တစ်ပိုင်း ပါဝင်သည်။ လေယာဉ်ပေါ်တွင် ရှိစဉ်က ဤရှက်တတ်သော လူငယ်လေးသည် သူမကို တစ်ချက်လေးပင် လှမ်းမကြည့်ခဲ့သဖြင့် ရိုးသားသူဟု ထင်ရပြီး ရုပ်ရည်ကလည်း မဆိုးလှပေ။
အကယ်၍ သူမကို ရမ္မက်ကြီးသော အဘိုးကြီးတစ်ဦးဦးကို နမ်းခိုင်းမည်ဆိုပါက တျန်ချီရေကန်ထဲ ခုန်ချပြီး လိပ်တစ်ကောင်နဲ့ပဲ ညားလိုက်တာ ပိုကောင်းဦးမယ်။
ရှုချင်းက သူမ သူ့ကို "သူငယ်ချင်းကတ်" ပေးလိုက်သည်ကို သတိမထားမိဘဲ ခေါင်းညိတ်ကာ "ဟုတ်ပါတယ်၊ ပြောစရာရှိတာ ပြောပါ။ ကျွန်တော်က ဝေ့လည်ကြောင်ပတ် လုပ်တာ မကြိုက်ဘူး" ဟု ပြောလိုက်သည်။
လူယင်ရွှယ်က လေးနက်စွာ ပြောလိုက်သည်။ "ကျွန်မကို ကျန်းချန် ပြန်ရောက်အောင် ခေါ်သွားပေးပါ။ ဆုကြေးအနေနဲ့ ယွမ် ၅ သိန်း ပေးပါ့မယ်။ ယူနန်မှာ ရှိနေတဲ့ အချိန်အတွင်း ရှင့်ဘေးမှာပဲ နေပါ့မယ်။ အဆင်ပြေမလား"
လူယင်ရွှယ်၏ မိခင်ဖြစ်သူမှာ စောစီးစွာ ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။ ယခုအခါ သူမကို ကာကွယ်ပေးနိုင်သူ တစ်ဦးတည်းသောသူမှာ ကျန်းချန်ရှိ လုံချွမ်တောင် ဆေးရုံတွင် နေထိုင်သော အဘိုးဖြစ်သူသာ ရှိသည်။ သူသည် နိုင်ငံတွင်းတွင် ကျန်ရှိနေသေးသော စစ်ပြန်ကြီးအနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။ အငြိမ်းစားယူပြီး ဖြစ်သော်လည်း သူ့လက်အောက်ငယ်သားများနှင့် ရင်းနှီးသော မိတ်ဆွေများမှာ အာဏာရှိသူများ ဖြစ်ကြသည်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အဘိုးအိုက ချောင်းတစ်ချက် ကျယ်ကျယ်ဟန့်လိုက်ရုံနဲ့ မြေကြီးတုန်သွားနိုင်သည်။ လက်ရှိ အုပ်ချုပ်သူများပင်လျှင် အဘိုးအိုကို အလွန် လေးစားသမှုဖြင့် ဆက်ဆံကြရသည်။
သို့သော် အဘိုးအို၏ အနားယူမှုကို အနှောင့်အယှက် မဖြစ်စေရန်အတွက် နေအိမ်ရှိ တယ်လီဖုန်းကို သတ်မှတ်ထားသော နံပါတ်များမှသာ ခေါ်ဆိုခွင့်ပြုထားသည်။ လူယင်ရွှယ်၏ ဖုန်းမှာလည်း သူမတွင် ပါမလာပေ။ ယခု တစ်ခုတည်းသော နည်းလမ်းမှာ ကျန်းချန်သို့ ပြန်ပြီး လုံချွမ်တောင်သို့ ကိုယ်တိုင် သွားရောက်ရန်သာ ရှိသည်။
ရှုချင်း မျက်မှောင်ကြုတ်ပြီး အချိန်အကြာကြီး စဉ်းစားပြီးမှ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ခင်ဗျားက ကျန်းချန် တက္ကသိုလ် ကျောင်းသူဆိုတာ သက်သေပြနိုင်ရင် ကျွန်တော် ယုံပေးမယ်"
လူယင်ရွှယ် ခဏတာ စဉ်းစားပြီးနောက် "အိမ်ဖုန်းနံပါတ် တစ်ခု ပေးမယ်လေ။ အဲဒါက ကျွန်မရဲ့ အတန်းပိုင်ဆရာမ လျူကျူရူရဲ့ ဖုန်းနံပါတ်ပါ။ ဖုန်းဆက်ပြီး လူယင်ရွှယ်ဆိုတဲ့ ကျောင်းသူ ရှိမရှိ မေးကြည့်လို့ ရပါတယ်" ဟု ပြောလိုက်သည်။
ရှုချင်း အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ပြီး လူယင်ရွှယ် ပေးသော နံပါတ်ကို ခေါ်လိုက်သည်။ ၂ ကြိမ်မျှ မြည်ပြီးနောက် ဖုန်းဝင်သွားပြီး တည်ငြိမ်သော အမျိုးသမီးအသံ တစ်သံ ထွက်ပေါ်လာသည်။
"ဟယ်လို... ဘယ်သူနဲ့ ပြောချင်လို့ပါလဲ"
"ဆရာမ လျူကျူရူ ဟုတ်ပါသလားခင်ဗျာ"
"ဟုတ်ပါတယ်"
"ကျွန်တော်က လူယင်ရွှယ်ရဲ့ ဒုတိယဦးလေးပါ။ ကျန်းချန် တက္ကသိုလ်က ဘယ်တော့ ကျောင်းဖွင့်မှာလဲလို့ သိချင်လို့ပါခင်ဗျာ"
"ဩဂုတ်လ ၃၁ ရက်နေ့ တရားဝင် ကျောင်းဖွင့်မှာပါ။ ရှောင်ရွှယ် မသိဘူးလား"
ရှုချင်း အနည်းငယ် ပြုံးလိုက်ပြီး ပေါ့ပေါ့ပါးပါး စကားအနည်းငယ် ပြောကာ ဖုန်းချလိုက်သည်။ လှည့်ကြည့်လိုက်ရာ လူယင်ရွှယ်က သူ့ကို မျက်စောင်းထိုးနေသည်ကို တွေ့လိုက်ရသည်။
"အခုတော့ ယုံပြီလား ဒုတိယဦးလေး" လူယင်ရွှယ်က စိတ်ဆိုးသံဖြင့် မေးလိုက်သည်။
ရှုချင်း ခေါင်းခါလိုက်ပြီး "တစ်ဝက်ပဲ ယုံသေးတယ်။ ဒီနှစ် ဘယ်နှနှစ်လဲ" ဟု မေးလိုက်ရာ လူယင်ရွှယ်က "၂၀" ဟု ပေါ့ပေါ့ပါးပါး ဖြေလိုက်သည်။ "တစ်ဝက်ပဲ ယုံတယ်" ဆိုသည့် စကား၏ အဓိပ္ပာယ်ကို သူမ နားမလည်ပေ။
ရှုချင်းက ဆိုဖာလက်ရန်းကို လက်ချောင်းဖြင့် ခေါက်ရင်း "မဟာတန်း ပထမနှစ်လား" ဟု မေးလိုက်သည်။ လူယင်ရွှယ်က နှာခေါင်းရှုံ့ပြီး ဂရုမစိုက်ဟန်ဖြင့် "ကျွန်မက မူလတန်းတုန်းက ၂ တန်း ကျော်တက်ခဲ့တာ" ဟု ပြောလိုက်သည်။
ရှုချင်း ထပ်မေးလိုက်သည်။ "ရည်းစား ရှိလား" လူယင်ရွှယ် မျက်နှာရဲသွားပြီး ခေါင်းခါပြလိုက်သည်။
"ကောင်းပြီလေ! ဒီနေ့ကစပြီး ငါ နင့်ရည်းစား ဖြစ်ခွင့်ပြုလိုက်မယ်" ရှုချင်း လက်လှမ်းလိုက်ပြီး လူယင်ရွှယ်ကို ရင်ခွင်ထဲ ဆွဲသွင်းကာ ပြုံးလျက် ပြောလိုက်သည်။
လူယင်ရွှယ် မျက်နှာရဲသွားပြီး ရုန်းကန်သော်လည်း ဒီကောင်လေးက သန်လွန်းသဖြင့် သူမ လုံးဝ ရုန်းမထွက်နိုင်ပေ။ သူ့၏ သန်မာသော ရင်အုပ်ကို မှီရင်း တိုးတိုးလေး ပြောလိုက်သည်။ "ဒါပေမဲ့... ကျွန်မ ရှင့်နာမည်တောင် မသိသေးဘူးလေ"
ရှုချင်းသည် နူးညံ့သော ကျောက်စိမ်းတုံးလေးကို ရင်ခွင်ထဲ ပိုက်ထားရသည့် ခံစားမှုကို နှစ်သက်နေသည်။ သူမ၏ အနည်းငယ် စိုစွတ်နေသော ဆံပင်ရှည်များကို ညင်သာစွာ သပ်ပေးရင်း "ရှုချင်း... လင်းကျယ်ရွှီ ရဲ့ 'ရှု' နဲ့ ကောင်းကင်ပြာရဲ့ 'ချင်း' ပါ" ဟု ပြောလိုက်သည်။
လူယင်ရွှယ်က သဘောတူကြောင်း ညည်းညူလိုက်ပြီး နှုတ်ခမ်းပေါ်တွင် ခါးသက်သက် အပြုံးတစ်ခု ပေါ်လာသည်။ စီစဉ်ထားသော လက်ထပ်ပွဲမှ ထွက်ပြေးခြင်းသည် ယောကျာ်းတစ်ယောက်၏ ရင်ခွင်မှ အခြားယောကျာ်းတစ်ယောက်၏ ရင်ခွင်ထဲသို့ ထွက်ပြေးခြင်းသာ ဖြစ်ကြောင်း သူမ နောက်ဆုံးတွင် နားလည်သွားသည်။
လူယင်ရွှယ်သည် ပိုမို သက်သောင့်သက်သာ ဖြစ်စေရန် ကိုယ်ကို ရွှေ့လိုက်ပြီး ရှုချင်း၏ ခန့်ညားသော်လည်း အနည်းငယ် နုနယ်သော မျက်နှာကို ငေးကြည့်လိုက်သည်။ ယောကျာ်းဆန်သော ရနံ့သင်းသင်းလေးက သူမ၏ နှာခေါင်းထဲသို့ ဝင်ရောက်လာပြီး အကြောင်းတစ်ခုခုကြောင့် သူမ ရွံရှာခြင်း မဖြစ်မိပေ။ ထိုအစား ထူးဆန်းသော စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။ အနည်းဆုံးတော့ ဒီလူငယ်လေးက သူမကိုယ်တိုင် ရွေးချယ်ခဲ့သူ ဖြစ်သည်။
ဂွီ...
အချိန်အခါမဟုတ်သော ဗိုက်မြည်သံတစ်ခု သူ့ဗိုက်ထဲမှ ထွက်ပေါ်လာသည်။ ရှုချင်း ငုံ့ကြည့်လိုက်ရာ လူယင်ရွှယ်က မျက်နှာရဲရဲနှင့် ရှက်သွေးဖြာနေသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ရှုချင်း ပြုံးလိုက်ပြီး လူယင်ရွှယ်၏ ကျောပြင်ကို ညင်သာစွာ ပုတ်ပေးကာ "ငါလည်း နည်းနည်း ဗိုက်ဆာနေပြီ၊ အောက်ထပ်က စားသောက်ဆိုင်မှာ တစ်ခုခု သွားစားကြရအောင်" ဟု ပြောလိုက်သည်။
တကယ်တော့ သူ ညစာစားထားတာ မကြေညက်သေးပေမယ့် သူ့ဆီ အလိုလို ရောက်လာတဲ့ ဒီချစ်သူလေးအတွက် နောက်တစ်နပ် ထပ်စားပေးလိုက်တာ ဘာမှမဖြစ်ပါဘူး။
လူယင်ရွှယ် ခေါင်းညိတ်ပြီး လိမ္မာစွာ မတ်တတ်ရပ်လိုက်သည်။ သူမသည် မနက်က လေယာဉ်စီးကတည်းက အစားအစာ တစ်လုပ်မှ မစားရသေးသဖြင့် အတော်လေး ဗိုက်ဆာနေပြီဖြစ်သည်။
နှစ်ဦးသား အောက်ထပ် စားသောက်ဆိုင်သို့ ဆင်းသွားကြသည်။ ရှုချင်းက သူတို့ ညစာစားခဲ့သော သီးသန့်အခန်းတွင် တမင် ရွေးထိုင်လိုက်သည်။ အော်ဒါယူသော စားပွဲထိုးသည် မီနူးနှင့် လက်ဖက်ရည် ယူလာရာ ရှုချင်းကို မြင်သောအခါ အနည်းငယ် ကြောင်သွားသော်လည်း ချက်ချင်း ပုံမှန်အတိုင်း ပြန်နေလိုက်သည်။ "ဒီလူက စားပြီးတာ ၂ နာရီတောင် မပြည့်သေးဘူး၊ အခု ပြန်ရောက်လာပြန်ပြီ။ တကယ့်ကို စားနိုင်သောက်နိုင်ပါလား" ဟု တွေးလိုက်မိသည်။
ရှုချင်း မီနူးကို ယူပြီး လူယင်ရွှယ်ကို ပေးလိုက်ကာ "ကြိုက်တာမှာစား၊ ဗိုက်အဆာမခံနဲ့" ဟု ပြောလိုက်သည်။
လူယင်ရွှယ်လည်း အားမနာတော့ဘဲ ဟင်း ၅ ပွဲနှင့် ဟင်းရည်တစ်ခွက် မှာလိုက်ပြီး မီနူးကို ရှုချင်းထံ ပြန်ပေးလိုက်သည်။
"ဝါးကျည်ထောက် ရေမွှေးဆန်ဝိုင် ၂ ဘူး ပေးပါ။ ဒါပါပဲ"
စားပွဲထိုး နောက်ဆုံးတော့ သဘောပေါက်သွားသည်။ ဒီတစ်ခါတော့ ဇာတ်လိုက်မင်းသား ပြောင်းသွားပြီပေါ့။ အံ့ဩစရာ မဟုတ်တော့ပါဘူး... ရှုချင်း၏ လျင်မြန်သော စားသောက်ပုံကို သူ မှတ်မိနေသေးသည်။ သီးသန့်အခန်းမှ ထွက်သွားပြီးနောက် စားပွဲထိုး မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။
မကြာမီ ဟင်းပွဲများ ရောက်လာသည်။ ရှုချင်းက လိုအပ်မှ လှမ်းခေါ်မည်ဖြစ်ကြောင်း စားပွဲထိုးကို အထူးတလည် ပြောပြီး အပြင်ထွက်ခိုင်းလိုက်သည်။ လူယင်ရွှယ်၏ စားသောက်ပုံကြောင့် လူတွေ လန့်သွားမှာ စိုးရိမ်လို့ မဟုတ်ဘဲ သူမကို လွတ်လွတ်လပ်လပ် စားစေချင်လို့ ဖြစ်သည်။
လူယင်ရွှယ် အလွန် ဗိုက်ဆာနေသော်လည်း ရှုချင်း အံ့ဩစရာကောင်းလောက်အောင် တွေ့လိုက်ရသည်မှာ သူမ အလွန် သိမ်မွေ့စွာ စားသောက်ခြင်း ဖြစ်သည်။ သူမသည် ဟင်းသီးဟင်းရွက်များကို သွားမရှိသော အဘွားအိုတစ်ဦးကဲ့သို့ ဝါးစားနေပြီး အခြေခံအားဖြင့် စုပ်ယူစားသောက်နေသကဲ့သို့ ဖြစ်နေသည်။ ဟင်းရည်သောက်သောအခါတွင်လည်း အသံ လုံးဝ မထွက်ပေ။ ဒါက နှစ်ပေါင်းများစွာ မွေးမြူလာခဲ့တဲ့ အကျင့်တစ်ခု ဖြစ်ရမယ်။
စိတ်အပျက်စရာ အကောင်းဆုံးကတော့ လူယင်ရွှယ် "တံတားဖြတ် ခေါက်ဆွဲ" စားပုံပင်။ ယုတ္တိနည်းအရ ကြည့်လျှင် ခေါက်ဆွဲတစ်လုပ်ကို ပါးစပ်ထဲ ထည့်လိုက်ရုံဖြင့် ပြီးသွားမည့်ကိစ္စကို သူမက တစ်ပေခန့် ရှည်သော ခေါက်ဆွဲဖတ်ကို ၁၀ ပိုင်းလောက် ကိုက်ဖြတ်ပြီးမှ စားသည်။ ရှုချင်းသာ ပေတံယူပြီး တိုင်းကြည့်မယ်ဆိုရင် ၁ လက်မ တိတိ ဖြစ်နေမလား မသိဘူး။
နောင်တစ်ချိန် သူတို့နှစ်ယောက် အတူတူ အပြင်ထွက်စားဖြစ်ရင် ခေါက်ဆွဲပြုတ်တို့ ဘာတို့ လုံးဝ မမှာတော့ဘူးလို့ ရှုချင်း တိတ်တဆိတ် သန္နိဋ္ဌာန်ချလိုက်သည်။ မဟုတ်ရင် စောင့်ရတာနဲ့တင် သေလိမ့်မယ်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: