အခန်း (၂၉) အနည်းငယ် အနေရခက်စရာ
ဒီနေ့ ကုန်တိုက်သည် ထူးထူးခြားခြား လူရှုပ်နေပြီး ငွေရှင်းကောင်တာများတွင် တန်းစီနေသော လူတန်းကြီးမှာ ရှည်လျားလှသည်။ ရှုချင်းနှင့် မျက်မှန်တပ်ထားသော လူပိန်ကောင်ကြားတွင် လူ ၅ ဦးခန့် ခြားနေသည်။
ရှုချင်း ကောက်ကျစ်စွာ ပြုံးလိုက်ပြီး လူယင်ရွှယ်၏ နားနားကပ်ကာ "သူ နောက်ဆုံးမှာ ဘယ်လိုအနံ့ကို ရွေးသွားမလဲဆိုတာ ခန့်မှန်းကြည့်ပါလား" ဟု တိုးတိုးလေး ပြောလိုက်သည်။
လူယင်ရွှယ်က ရှုချင်းကို စိတ်ဆိုးချင်ယောင်ဆောင်ပြီး မျက်စောင်းထိုးကာ "ငါက ဘယ်လိုလုပ် သိမှာလဲ။ သတ္တိရှိရင် သူ့ကို သွားမေးကြည့်ပါလား" ဟု ပြောလိုက်သည်။
ရှုချင်း မျက်တောင်ခတ်ပြပြီး "ငါသာ မှန်အောင် ခန့်မှန်းနိုင်ရင် နင်..." ဟု ပြောရင်း နှုတ်ခမ်းစူကာ အနမ်းပေးသည့် ပုံစံ လုပ်ပြလိုက်သည်။
လူပိန်ကောင်သည် ဈေးဝယ်ခြင်းတောင်းကို ကိုင်ထားပြီး ငွေရှင်းရန် ကောင်တာအနား ရောက်သွားချိန်မှလွဲ၍ အတွင်းပစ္စည်းများကို အနောက်မှ မမြင်နိုင်ပေ။ ရှုချင်း၏ ကျေနပ်နေသော မျက်နှာထားကို ကြည့်ပြီး လူယင်ရွှယ် စိတ်တိုသွားကာ "နင် လွဲသွားရင်ရော" ဟု ပြန်မေးလိုက်သည်။
ရှုချင်းက "ဒါဆို ငါ နင့်အလိုကျ ဖြစ်စေရမယ်" ဟု ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ စကားတစ်ဝက်မှာပင် သူ နှုတ်ခမ်းစူပြလိုက်ပြန်သည်။
လူယင်ရွှယ် ဒီကောင်လေး၏ ပါးကို ရိုက်ပစ်ချင်စိတ် ပေါက်သွားပြီး "မရဘူး... နင် မှန်အောင် မခန့်မှန်းနိုင်ရင် မနက်ဖြန် ငါ့ကို ကျန်းချန် ပြန်ပို့ပေးရမယ်" ဟု ဒေါသတကြီး ပြောလိုက်သည်။
"ကောင်းပြီလေ၊ နောက်ဆုတ်ကြေး မရှိဘူးနော်" ရှုချင်းသည် လူပိန်ကောင်၏ ကျောပြင်ကို ပေါ့ပေါ့ပါးပါး လှမ်းကြည့်လိုက်ပြီး "နှင်းဆီရနံ့... သွားကြည့်လိုက်" ဟု ဖြည်းဖြည်းချင်း ပြောလိုက်သည်။
လူယင်ရွှယ် နှုတ်ခမ်းကိုကိုက်ပြီး လမ်းကြုံလျှောက်သွားသလို ဟန်ဆောင်ကာ တကယ်ပဲ လျှောက်သွားကြည့်လိုက်သည်။ ထိုအချိန်တွင် လူပိန်ကောင် ငွေရှင်းရမည့်အလှည့် ရောက်နေပြီဖြစ်ပြီး ခြင်းတောင်းထဲမှ ဘူးလေးကို ကောင်တာပေါ် တင်လိုက်သည်နှင့် အချိန်ကိုက် ဖြစ်သွားသည်။
လူယင်ရွှယ် ဘေးမှ ဖြတ်သွားစဉ် ဘူးပေါ်မှ စာလုံးသေးသေးလေးများကို လှမ်းကြည့်လိုက်ရာ အောက်ဘက်တွင် "နှင်းဆီရနံ့" ဟူသော စာသားကို တွေ့လိုက်ရသည်။ ယခု သူမ အံ့ဩမှင်သက်ရမည့် အလှည့် ဖြစ်သွားသည်။ ဘူးပေါ်က အနံ့ကို ရှုချင်း ဘယ်လိုလုပ် ခန့်မှန်းနိုင်တာလဲ ဆိုတာ သူမ နားမလည်နိုင်အောင် ဖြစ်နေသည်။ တကယ်ပဲ တိုက်ဆိုင်မှုများလား။
လူပိန်ကောင် ငွေရှင်းပြီး ထွက်သွားသည်အထိ လူယင်ရွှယ် ကြောင်တောင်တောင်ဖြင့် ရပ်နေမိသည်။ ထိုအချိန်တွင် ရှုချင်းသည် သူ့လှည်းကို ဖြည်းဖြည်းချင်း တွန်းလာပြီး လှည်းထဲမှ ပစ္စည်းများကို ကောင်တာပေါ် တင်လိုက်သည်။ ငွေရှင်းကောင်တာဝန်ထမ်း အလုပ်ရှုပ်နေစဉ် လူယင်ရွှယ်၏ နားနားကပ်ပြီး "အရှုံးပေးလိုက်တော့၊ ဟုတ်ပြီလား။ ငါ့ဆုကြေးကို ယူဖို့ နောက်မှ နေရာရှာကြတာပေါ့" ဟု တိုးတိုးလေး ပြောလိုက်သည်။
နှစ်ဦးသား ပြည့်ကျပ်နေသော ပလတ်စတစ်အိတ်များကို သယ်လျက် ကုန်တိုက်မှ ထွက်လာကြပြီး အနီးနားရှိ Gloria အဝတ်အထည်ဆိုင်သို့ ဝင်လိုက်ကြသည်။ ဆိုင်ထဲရောက်သည်နှင့် လူယင်ရွှယ် စိတ်လှုပ်ရှားသွားပြီး အဝတ်အစား ရွေးရန် မစောင့်နိုင်တော့ပေ။
ဆိုင်ထဲတွင် ယောက်ျားလေးဝတ် ဒီဇိုင်းဆန်း အနည်းငယ် ရှိသော်လည်း ရှုချင်း စိတ်မဝင်စားသဖြင့် ဘေးမှသာ ရပ်ကြည့်နေလိုက်သည်။
လူယင်ရွှယ်တွင် ကောင်းမွန်သော ခန္ဓာကိုယ်အချိုးအစား ရှိပြီး ဘာဝတ်ဝတ် လိုက်ဖက်သူတစ်ဦးဟု ဆိုနိုင်ကြောင်း ငြင်းမရပေ။ သူမသည် ဝတ်စုံတစ်စုံပြီးတစ်စုံ လဲဝတ်ပြနေသည်မှာ ရှုချင်း၏ ရှေ့မှောက်တွင် ရောင်စုံလိပ်ပြာလေးတစ်ကောင် ပျံသန်းနေသကဲ့သို့ ဖြစ်နေပြီး သူ့ကို စိတ်လှုပ်ရှားစေသည်။ ခဏကြာတော့ သူ မျက်စိနောက်လာသည်။
နာရီဝက်ကျော် ကြာပြီးနောက် လူယင်ရွှယ်သည် ဝတ်စုံ ၅ စုံနှင့် ပန်းရောင် သားရေအိတ်တစ်လုံးကို ရွေးချယ်လိုက်သည်။ ကျေနပ်သွားသော သူမသည် ဝန်ထမ်းကို ငွေရှင်းပြီး ထုပ်ပိုးခိုင်းလိုက်သည်။ စုစုပေါင်း ယွမ် ၆ ထောင်အောက်သာ ကျသင့်သဖြင့် သိပ်မဈေးကြီးလှပေ။
ရှုချင်းသည် ငွေသားထုတ်ပြီး ချက်ချင်း ရှင်းပေးလိုက်သည်။ ထို့နောက် နှစ်ဦးသား အိတ်များကို သယ်လျက် ဘေးနားရှိ 'Tropical Rainforest' (အပူပိုင်း မိုးသစ်တော) ဟု ခေါ်သော စားသောက်ဆိုင်သို့ ဝင်လိုက်ကြသည်။
ရှုချင်းသည် တိတ်ဆိတ်ငြိမ်သက်မှု ရစေရန်နှင့် လူယင်ရွှယ်အား အလောင်းအစား ကတိတည်စေရန်အတွက် သီးသန့်အခန်းကို တမင်တကာ ရွေးချယ်လိုက်သည်။ ဟင်းပွဲအနည်းငယ်ကို ပေါ့ပေါ့ပါးပါး မှာယူပြီးနောက် စားပွဲထိုးကို အစားအသောက် ပြင်ဆင်ရန် လွှတ်လိုက်သည်။
မကြာမီ ဟင်းပွဲများ ရောက်လာပြီး စားပွဲထိုး လိမ္မာပါးနပ်စွာ ထွက်ခွာသွားသည်။ နှစ်ဦးသား ရင်းနှီးပြီးသား ဖြစ်သောကြောင့်လား မသိ၊ ဒီတစ်ခါ လူယင်ရွှယ် စားသောက်ပုံမှာ ပိုမြန်ဆန်လာသည်။ ရှုချင်းကမူ ပို၍ပင် မြန်ဆန်ပြီး အငမ်းမရ စားသောက်လိုက်သည်။ ၁၀ မိနစ် မပြည့်မီမှာပင် တူကိုချ၊ ပီကေတစ်ပြား ထုတ်ပြီး ဝါးနေလိုက်သည်။
လူယင်ရွှယ် စားပြီးသည်နှင့် ဒီကောင်လေး ချက်ချင်း အနားရောက်လာပြီး သူမ၏ ခါးကို ဖက်လိုက်ရာ နှစ်ဦးသား အကြည့်ချင်း ဆုံသွားကြသည်။
"ရှင် ဘာလုပ်မလို့လဲ" လူယင်ရွှယ်၏ မျက်တောင်ခတ်နေသော မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင် အနည်းငယ် ပေါ်နေသည်။
ရှုချင်း နှုတ်ခမ်းကို စေ့ထားလိုက်ပြီး စိတ်လိုက်မာန်ပါ ခံစားချက်များ ရင်ထဲတွင် ပြည့်လျှံလာကာ "ငါ့အလောင်းအစားကြေးကို ပြန်လိုချင်လို့..." ဟု ပြောပြီး ခေါင်းငုံ့ကာ သူမ၏ နှုတ်ခမ်းနီနီလေးများကို ရှာဖွေလိုက်သည်။
လူယင်ရွှယ် နှာခေါင်းထဲမှ ရှိုက်သံတစ်ချက် ထွက်လာပြီး စိတ်များ ရှုပ်ထွေးသွားသည်။
ပြင်းပြသော အနမ်းနှင့်အတူ သီးသန့်အခန်းထဲရှိ အပူချိန်မှာ ရုတ်တရက် မြင့်တက်သွားသလို ဖြစ်ပြီး ရှုချင်းသည် အလိုအလျောက်ပင် သူမ၏ ခါးကို လက်ဖြင့် ကိုင်မိလျက်သား ဖြစ်သွားသည်။
လူယင်ရွှယ်၏ ခန္ဓာကိုယ် အနည်းငယ် တုန်ယင်သွားပြီးနောက် တစ်ခဏချင်းမှာပင် အားအင်များ ဆုံးရှုံးသွားသလို ဖြစ်သွားသည်။ သူမ၏ ဝေဝါးနေသော မျက်လုံးများက ရှုချင်း၏ တောက်လောင်နေသော အကြည့်ကို စိုက်ကြည့်နေပြီး နီရဲနေသော မျက်နှာပြင်ပေါ်တွင် မျက်ရည်များ စီးကျလုမတတ် ဖြစ်နေသည်။
နှစ်ဦးစလုံး ခေတ္တမျှ မိန်းမော တွေဝေသွားကြသည်။ စီစဉ်ထားသော လက်ထပ်ပွဲမှ ထွက်ပြေးလာပြီးနောက် တစ်ရက်သာ သိကျွမ်းရသေးသော လူငယ်တစ်ဦးကို ဘာကြောင့် လိုလိုလားလား လက်ခံနေမိသလဲ ဆိုသည်ကို လူယင်ရွှယ် ကိုယ်တိုင်လည်း နားမလည်နိုင်ပေ။ မိန်းမောနေစဉ် လက်ကြီးတစ်ဖက်က သူမခါးတဝိုက်တွင် လှုပ်ရှားနေသည်။ ခေါင်းထဲတွင် ဝီခနဲ မြည်သံများ ပြည့်နှက်သွားပြီး သူမ လက်လှမ်းကာ အမြန် တားလိုက်သည်။
"ချင်းဇီ... ဒီလို မလုပ်ပါနဲ့..." လူယင်ရွှယ် ညင်သာစွာ နောက်ဆုတ်လိုက်ပြီး ခေါင်းကို အကြိမ်ကြိမ် ခါရမ်းကာ မျက်ရည်များ ဝဲတက်လာသည်။
"အင်း..." ရှုချင်း သက်ပြင်းတစ်ချက်ချကာ တုံ့ပြန်လိုက်သည်။ ထိုအချိန်တွင် သီးသန့်အခန်း တံခါးကို ခေါက်သံ ကြားလိုက်ရသည်။
မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ နှစ်ဦးသား ချက်ချင်း လူချင်းခွာလိုက်ကြသည်။ ရှုချင်းသည် ခါးကိုကုန်းလျက် ဖြည်းဖြည်းချင်း ရှေ့တိုးသွားပြီး တံခါးဖွင့်လိုက်သည်။ သူ မတတ်နိုင်ပေ၊ လက်ရှိ အခြေအနေအရ ခါးမကုန်းထားလျှင် အနည်းငယ် အနေရခက်စရာ ဖြစ်နေမည်။
စားပွဲထိုးသည် ရေနွေးကြမ်းအိုး တစ်လုံး ယူလာပြီး ပြုံးလျက် တစ်ယောက်တစ်ခွက် ငှဲ့ပေးသည်။ ဆိုလိုရင်းကို လူတိုင်း သိကြသည်။ ရှေးခေတ်က ဧည့်သည်ပြန်ပို့ရာတွင် လက်ဖက်ရည် တည်ခင်းလေ့ရှိသည်။ ယနေ့ခေတ်တွင်မူ အစာစားပြီးနောက် ရေနွေးကြမ်းအိုး လာချပေးခြင်းသည် ငွေရှင်းရန် အချိန်တန်ပြီဟု သိမ်မွေ့စွာ သတိပေးခြင်း ဖြစ်သည်။
ရှုချင်း ပိုက်ဆံအိတ်ထုတ်ပြီး ငွေရှင်းလိုက်သည်။ ထို့နောက် အပို ယွမ် ၁၀၀ တန် တစ်ရွက် ထပ်ထုတ်ပေးလိုက်ပြီး "ကျွန်တော့်ကို ကျုံးဟွာ စီးကရက်တစ်ဘူးနဲ့ တစ်ခါသုံး မီးခြစ်တစ်လုံးလောက် ဝယ်ပေးလို့ ရမလား။ ပိုတဲ့ပိုက်ဆံ ယူလိုက်ပါ" ဟု ပြောလိုက်သည်။
စားပွဲထိုး၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး မဖုံးနိုင်မဖိနိုင် ပြုံးလိုက်သည်။ သူ ကျေးဇူးတင်စကား ပြောပြီး ပိုက်ဆံယူကာ အမြန်ထွက်သွားသည်။ ဒီလိုဆိုင်သေးသေးလေးတွေမှာ ဘောက်ဆူးပေးတာ ရှားသည်။ ယွမ် ၃၀၊ ၄၀ လောက် အပိုရတာက တော်တော် ကံကောင်းလှပြီ။
ရှုချင်း ပုံမှန်အားဖြင့် ဆေးလိပ်မသောက်သော်လည်း စိတ်ငြိမ်သွားစေရန်အတွက် စားပွဲထိုးကို ဆေးလိပ်ဝယ်ခိုင်းလိုက်ခြင်း ဖြစ်သည်။
ရှုချင်း လက်ဖက်ရည် မသောက်ရသေးမီမှာပင် စားပွဲထိုးသည် စီးကရက်နှင့် မီးခြစ်ကို စိတ်လှုပ်ရှားစွာ ယူဆောင်လာပြီး စားပွဲပေါ်တင်ကာ လိမ္မာပါးနပ်စွာ ထွက်ခွာသွားသည်။ ရှုချင်း စီးကရက်တစ်လိပ် ယူပြီး မီးညှိလိုက်သည်။ နှစ်ဖွာလောက်သာ ဖွာရသေးချိန်တွင် လူယင်ရွှယ်က နှာခေါင်းပိတ်ပြီး "ယောကျာ်းတွေ ဘာလို့ ဆေးလိပ်သောက်ရတာ ကြိုက်လဲ ငါ နားမလည်ဘူး။ အနံ့က ဆိုးလိုက်တာ" ဟု ညည်းညူလိုက်သည်။
ရှုချင်း ခါးသက်သက် ပြုံးလိုက်ပြီး "အကုန်လုံး နင့်ကြောင့် ဖြစ်တာလေ။ ငါ့ကို ကြည့်ပါဦး၊ ဒီပုံစံနဲ့ ဘယ်လိုလုပ် အပြင်ထွက်ရမှာလဲ" ဟု ပြောလိုက်သည်။ ပြောပြီးသည်နှင့် သူ အောက်သို့ ငုံ့ကြည့်လိုက်သည်။ လူယင်ရွှယ်လည်း လိုက်ကြည့်လိုက်ရာ မျက်နှာ အနည်းငယ် ရဲသွားပြီး သူ့ကို တံတွေး တစ်ချက်ထွေးကာ တိတ်ဆိတ်သွားသည်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: