ဤစိတ်လှုပ်ရှားဖွယ် တိုက်ခိုက်မှုကို ကြည့်ရှုပြီးနောက် ရှုချင်းသည် သူ၏ ယခင် တိုက်ခိုက်ရေး နည်းလမ်းများမှာ ကလေးကစားသလို ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။ အကယ်၍ သူသာ ဒီအဆင့်ရှိတဲ့ ပြိုင်ဘက်မျိုးနဲ့ အနီးကပ် တွေ့ဆုံရပါက ပြိုင်ဘက်၏ အသားကိုတောင် မထိရသေးခင် မေ့လဲသွားနိုင်ချေ ရှိသည်။ နှိုင်းယှဉ်မှုတိုင်းက မကောင်းဘူးဆိုတာ တကယ် မှန်တာပဲ။

"ချင်းဇီ... ငါ့ရဲ့ တိုက်ခိုက်ရေး စွမ်းရည် ဘယ်လိုလဲ" သခင်လေးတန့်သည် အာပေါင် ကမ်းပေးသော တဘက်ကို ယူကာ မျက်နှာသုတ်လိုက်ပြီး သူ၏ ပုံမှန် ပေါ့ပေါ့ပါးပါး ပြုံးရွှင်နေကျ ပုံစံအတိုင်း ပြန်နေလိုက်သည်။

"မဆိုးပါဘူး၊ ဒါပေမဲ့ ဟန်ပြတာတွေ များနေတယ်" ရှုချင်းက အာလော်ကို လက်ညှိုးထိုးပြပြီး "သူသာ တကယ် အစွမ်းကုန် ထုတ်သုံးမယ်ဆိုရင် မင်း ဒုက္ခရောက်သွားလိမ့်မယ်" ဟု ပြောလိုက်သည်။

အာလော်နှင့် အာပေါင်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အံ့ဩသွားကြသည်။ နှစ်ဦးစလုံးသည် အထူးတပ်ဖွဲ့မှ အထက်တန်းစား စစ်ပြန်များ ဖြစ်ကြပြီး သူတို့၏ အားသာချက်မှာ တစ်ချက်တည်းနှင့် အပြတ်ရှင်းသော သတ်ဖြတ်ခြင်း နည်းပညာများ ဖြစ်သည်။ အာလော်သည် ထန်ကော်ပင်းနှင့် တိုက်ခိုက်စဉ်က အနည်းငယ် တွန့်ဆုတ်နေခဲ့ပြီး သူ့အင်အား၏ ၇၀ ရာခိုင်နှုန်းလောက်ကိုသာ ထုတ်သုံးခဲ့ခြင်း ဖြစ်သည်။ အသက်လုတိုက်ပွဲသာ ဆိုလျှင် ရလဒ်က မရေရာနိုင်ပေ။

ထန်ကော်ပင်း ပြုံးလိုက်ပြီး "တကယ်တော့ ငါ့ရဲ့ အကောင်းဆုံး စွမ်းရည်က ကရာတေး မဟုတ်ပါဘူး။ ဂျပန်တွေမှာ ဟန်ပြ လှုပ်ရှားမှုတွေ အများကြီး ရှိတယ်လေ" ဟု ပြောလိုက်သည်။

ရှုချင်းသည် အိတ်ကပ်ထဲမှ ပီကေကို ထုတ်ပြီး ပစ်ပေးလိုက်ကာ "ဘာပဲဖြစ်ဖြစ် ငါကတော့ မင်းပြိုင်ဘက် မဟုတ်ပါဘူး။ တစ်ချိန်ချိန်ကျရင် ငါ့ကို ကွက်ကွက်လေး နည်းနည်းလောက် သင်ပေးရင် ကောင်းမယ်" ဟု သက်ပြင်းချရင်း ပြောလိုက်သည်။

ထန်ကော်ပင်းသည် ပီကေတစ်ပြားကို လိပ်ပြီး ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။ ရှုချင်း၏ ပခုံးကို ပုတ်ပြီး "ငါ့ရဲ့ ဒီလှည့်ကွက်လေးတွေက ဟန်ပြသက်သက်ပါပဲ။ ကျန်းချန် ပြန်ရောက်ရင် မင်းကို ဆရာတစ်ဆူနဲ့ သွားတွေ့ပေးမယ်။ ကံကောင်းရင် သူက မင်းကို ငါ့ထက် အဆတစ်ရာ သာတဲ့ သိုင်းကွက်တွေ သင်ပေးလိမ့်မယ်" ဟု ပြောလိုက်သည်။

"တကယ်လား။ သူ ဘယ်လောက် တော်တာလဲ" ရှုချင်းသည် ထန်ကော်ပင်းကို မျက်လုံးပြူးကြည့်ရင်း "တကယ်သာ အဲဒီလို ဆရာတစ်ဆူ ရှိရင် ငါ အသေအလဲ တောင်းပန်ပြီး သိုင်းကွက်တွေ သင်ခိုင်းမှာ။ ဒီကောင် ငါ့ကို ဂျင်းထည့်နေတာများလား" ဟု တွေးနေမိသည်။

ထန်ကော်ပင်း ပြုံးလိုက်ပြီး "အရမ်းမြင့်တယ်။ ငါ မင်းကို ကံစမ်းဖို့ ခေါ်သွားပေးမယ်။ မင်းရဲ့ ကံတရားနဲ့ဆိုရင် အဲဒီ ရှေးဟောင်းပစ္စည်းအိုကြီးဆီက တစ်ခုခု ရကောင်းရနိုင်တာပေါ့" ဟု ပြောလိုက်သည်။

ရှုချင်း၏ စူးစမ်းလိုစိတ်ကို အပြည့်အဝ နှိုးဆွပေးလိုက်ပြီး 'ကျွမ်းကျင်သူ' အကြောင်း တရစပ် မေးမြန်းနေတော့သည်။ သို့သော် သခင်လေးတန့်က တမင်တကာ ဆွဲထားချင်ပုံရပြီး မရေမရာ အဖြေအချို့ ပေးကာ ပင်ပန်းပြီဟု အကြောင်းပြချက်ဖြင့် ထွက်ခွာသွားသည်။ သနားစရာကောင်းသော ရှုချင်းခမျာ စူးစမ်းလိုစိတ် တန်းလန်းဖြင့် ကျန်ရစ်ခဲ့သည်။

နောက်တစ်နေ့တွင် ရှုချင်း စောစောထပြီး အားကစားခန်းမသို့ သွားသည်။ ၂ နာရီနီးပါးလောက် စက်ပစ္စည်းမျိုးစုံ အသုံးပြုပြီး ချွေးထွက်အောင် လေ့ကျင့်ခန်း လုပ်လိုက်သည်။

အနည်းငယ် အနားယူပြီးနောက် အခန်းပြန်ပြေးကာ ရေမြန်မြန်ချိုးလိုက်သည်။ လန်းဆန်းသွားသောအခါ ဆေးလိပ်တစ်လိပ် မီးညှိပြီး ဆိုဖာပေါ်မှီကာ ဖွာနေလိုက်သည်။ ဆေးလိပ်တစ်ဝက်လောက်တောင် မကုန်သေးခင်မှာပင် စေ့ထားသော တံခါးကို သခင်လေးတန့်က ကန်ဖွင့်ဝင်ရောက်လာသည်။

"ချင်းဇီ... မြန်မြန်လုပ်၊ ငါနဲ့ ကျောက်တုံးသွားဝယ်ရအောင်။ ဪ... မင်းရဲ့ ချောမောလှပတဲ့ ဇနီးသည်ကိုလည်း ခေါ်လိုက်ဦး"

ဒါကို ကြားသောအခါ ရှုချင်း စိတ်လှုပ်ရှားသွားပြီး ဆေးလိပ်တိုကို ပစ်ချကာ ဘေးခန်းသို့ ပြေးသွားပြီး တံခါးခေါက်လိုက်သည်။ "ဒုန်း! ဒုန်း!" နှစ်ချက်လောက်သာ ခေါက်ရသေးခင် တံခါးပွင့်လာသည်။ ဒီမိန်းမ တံခါးဝမှာ တကယ်ပဲ ရပ်စောင့်နေတာလားဟု သူ အလေးအနက် သံသယ ဝင်သွားသည်။

"ပြင်ဆင်ပြီးရင် ကျောက်စိမ်း ကုန်စည်ပြပွဲကို သွားပြီး အပျော်သွားကြည့်ရအောင်။ ငါသာ ထိပ်တန်း ကျောက်စိမ်းတချို့ ရလာရင် နင့်အတွက် လက်ကောက်တစ်ရံ လုပ်ပေးမယ်" ရှုချင်းက စိတ်အားထက်သန်စွာ ပြောလိုက်သည်။

လူယင်ရွှယ် တည်ငြိမ်စွာ ပြုံးလိုက်ပြီး "ရှင်တို့ပဲ သွားကြပါ၊ ကျွန်မ အခန်းထဲမှာပဲ နေပြီး တီဗီကြည့်လိုက်တော့မယ်" ဟု ပြောလိုက်သည်။

ကျောက်စိမ်းအကြောင်း ကောင်းကောင်း နားလည်သော သူမသည် ရှုချင်း၏ ကျောက်စိမ်းလက်ကောက် ပေးမယ်ဆိုသော စကားကို ရယ်မောပြီးသာ တုံ့ပြန်လိုက်သည်။ "သူက ထိပ်တန်း ကျောက်စိမ်းဆိုတာ ဂေါ်ဖီထုပ်လောက် ပေါတယ် ထင်နေတာလား။ ကျောက်တုံးတစ်တုံး ကောက်ခွဲလိုက်ရုံနဲ့ ကျောက်စိမ်း တွေ့နိုင်မယ် ထင်နေတာလား။ မသိတာကပဲ ကောင်းပါတယ်လေ" ဟု တွေးနေမိသည်။

ရှုချင်း ခေါင်းကုတ်လိုက်သည်။ အမျိုးသမီးများ ဓမ္မတာလာချိန်တွင် ဆောင်းခိုသော တိရစ္ဆာန်များကဲ့သို့ ပျင်းရိပြီး မလှုပ်ရှားချင် ဖြစ်တတ်ကြောင်း သူ ကြားဖူးသည်။ တကယ် မှန်ကန်ပုံရသည်။

သမိုင်းတစ်လျှောက် လောင်းကစားနှင့် ပတ်သက်သမျှ အရာအားလုံးကို ထောက်ခံအားပေးသူ အများစုမှာ အမျိုးသားများ ဖြစ်ကြသည်။ ဖြစ်နိုင်သည်မှာ ခန့်မှန်းတွက်ချက်ခြင်းနှင့် စိတ်လှုပ်ရှားမှုကို နှစ်သက်သော ဗီဇ (gene) ပါလာသောကြောင့် ဖြစ်နိုင်သည်။

လူယင်ရွှယ် မလိုက်ချင်ဘူးဆိုတော့ ရှုချင်းလည်း အတင်း မခေါ်တော့ပေ။ သူသည် လူအုပ်စု နောက်သို့ လိုက်ပါပြီး ကုန်စည်ပြပွဲသို့ တန်းတန်းမတ်မတ် ထွက်ခွာသွားသည်။

ကျောက်စိမ်း ကုန်စည်ပြပွဲကို စတုရန်းမီတာ သောင်းချီ ကျယ်ဝန်းသော ယာယီ တဲကြီးတစ်ခုထဲတွင် ကျင်းပခြင်း ဖြစ်ပြီး လယ်ယာထွက်ကုန် ကုန်စည်ပြပွဲကြီးများနှင့် အတော်လေး ဆင်တူသည်။ သတ္တုခြံစည်းရိုးများဖြင့် ဝန်းရံထားပြီး ဝင်ပေါက်အဖြစ် ၃ မီတာခန့် အကျယ်အဝန်းကိုသာ ချန်ထားသည်။

ကုန်စည်ပြပွဲသို့ ဝင်ရောက်ရန် ပွဲစီစဉ်သူများ ထုတ်ပေးသော ဝင်ခွင့်လက်မှတ် လိုအပ်ပြီး ပါဝင်ခွင့်ကို နိုင်ငံအနှံ့အပြားမှ ကျောက်စိမ်းနှင့် လက်ဝတ်ရတနာ ကုန်သည်များ၊ နာမည်ကြီး ကျောက်စိမ်းပန်းပုဆရာများအတွက်သာ ကန့်သတ်ထားသည်။ သို့သော် မုန်ရှီချန်၏ အဆက်အသွယ်များဖြင့် လက်မှတ်အနည်းငယ် ရယူရန်မှာ အလွန် လွယ်ကူသော ကိစ္စဖြစ်ပြီး ၅ ဦးသား အဆင်ပြေချောမွေ့စွာ ဝင်ရောက်နိုင်ခဲ့သည်။

ယာယီ တဲများတွင် ကျောက်တုံးကြမ်း အမျိုးမျိုးကို သပ်ရပ်စွာ စီထားပြီး အများစုမှာ ပုဂ္ဂလိက လုပ်ငန်းရှင်များ ပိုင်ဆိုင်သည်။ ကျောက်ဖြတ်စက်များလည်း ရှိသည်။ ကျောက်တုံးကြမ်း ရွေးချယ်ပြီးပါက နေရာတွင်ပင် ဖြတ်တောက်ကြည့်ရှုနိုင်သည်။ အကယ်၍ ကျောက်စိမ်း တွေ့ရှိပါက ဘေးမှ ကြည့်ရှုနေသော ရတနာကုန်သည်များက ချက်ချင်း ဈေးပေးဝယ်ယူနိုင်ပြီး အမြင့်ဆုံး ဈေးပေးသူက ရရှိမည်ဖြစ်သည်။ ပွဲစီစဉ်သူသည် ဆိုင်ရှင်များထံမှ နေရာငှားရမ်းခသာ ကောက်ခံသည်။

ကျောက်စိမ်းကြမ်း ကုန်သည် ရာပေါင်းထောင်ပေါင်းများစွာ စုဝေးနေကြပြီး သူတို့၏ ကျောက်တုံးကြမ်းများသည် မည်သည့် စက်ရုံ၊ မည်သည့် တွင်းမှ ထွက်ရှိကြောင်း စသည်ဖြင့် အာပေါင်အာရင်းသန်သန် ကြွားဝါ ပြောဆိုနေကြသည်။ သူတို့၏ ကျောက်တုံးကြမ်းများကို ဝယ်ယူလိုက်ပါက ကျောက်စိမ်း သေချာပေါက် တွေ့ရှိမည်ဟု အာမခံနေသကဲ့သို့ပင်။

မုန်ရှီချန်သည် ကုန်သည်များ သူတို့၏ ကျောက်တုံးကြမ်းများကို အသည်းအသန် ရောင်းချနေစဉ်တွင် တည်ငြိမ်စွာ နေနေသည်။ သို့သော် ရှုချင်းနှင့် ထန်ကော်ပင်းတို့ကမူ အလွန် စိတ်ဝင်စားဟန်ပြပြီး ဓာတ်မီးဖြင့် ကျောက်တုံးများကို ရံဖန်ရံခါ ထိုးကြည့်နေကြသဖြင့် ဘေးနားရှိ ကျွမ်းကျင်သူများက တခစ်ခစ် ရယ်မောနေကြသည်။ သူတို့က ဘာမှနားမလည်တဲ့သူတွေပဲ၊ စိတ်ဝင်စားစရာ ဘာတွေ့နိုင်မှာမို့လို့လဲ။ သာမန် အရပ်သား ၂ ယောက် ဆိုတာ သိသာနေတာပဲ။

ရှုချင်း လျှောက်ကြည့်နေရင်း မျက်တောင်ခတ်ပြီး ကျောက်တုံးကြမ်း အများအပြားကို စကင်န်ဖတ် ကြည့်လိုက်သည်။ မျက်လုံးထဲ သဲဝင်သလို ဟန်ဆောင်ရင်းပေါ့။ စိတ်ပျက်စရာ ကောင်းသည်မှာ တောင်ပုံရာပုံ ရှိသော ကျောက်တုံးကြမ်း ဆိုင် ၃ ဆိုင်ကို ကြည့်ပြီးသည့်တိုင် ကျောက်စိမ်း အရိပ်အယောင်မျှ မတွေ့ရပေ။ ဈေးသည်တွေက နေရာပြည့်အောင် တန်ဖိုးမရှိတဲ့ ကျောက်တုံးတွေနဲ့ ဖြည့်ထားတာများလားဟု သူ သံသယ ဝင်လာသည်။

သူတို့အဖွဲ့သည် နောက်ထပ် ဆိုင် ၂ ဆိုင်ကို ကျော်ဖြတ်ပြီး နံပါတ် ၆ ဟု အမှတ်အသား ပြုထားသော ဆိုင်သို့ ရောက်ရှိလာသည်။ ချက်ချင်းပင် မျက်မှန်တပ်ထားသော လူငယ်နှစ်ဦး လာရောက် ကြိုဆိုသည်။ ရှုချင်းသည် ပိန်ပိန်ပါးပါး လူတစ်ဦးကို ကြည့်လိုက်ပြီး မရယ်ဘဲ မနေနိုင် ဖြစ်သွားသည်။ ဒါ မနေ့က ကုန်တိုက်မှာ သူတို့ ပြောနေကြတဲ့ ကောင် မဟုတ်ဘူးလား။