အခန်း (၃၆) မင်းကို ဒဲ့လိမ်တာ
မုန်ရှီချန်၏ တည်ငြိမ်သောအမူအရာသည် ၁၀ စက္ကန့်မျှပင် မခံလိုက်။ သူ ရုတ်တရက် ခေါင်းမော့ပြီး ဟားတိုက် ရယ်မောလိုက်သည်။ "မှန်သားပြင် မြ! ဒီလိုပစ္စည်းမျိုးကို ငါ မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာပြီ။ ဆိုင်ထဲက ဗြောက်အိုးကို အမြန်သွားယူပြီး ဖောက်လိုက်စမ်း။ ဒီကုန်စည်ပြပွဲရဲ့ အကောင်းဆုံး ကျောက်စိမ်းကို ငါ့လက်နဲ့ ကိုယ်တိုင် ဖြတ်ပေးလိုက်တာကွ"
ဘေးနားတွင် ရေလောင်းရန် ထိုင်နေသော အမျိုးသားသည် ဆိုင်ဘက်သို့ ပြေးထွက်သွားသည်။ အလောတကြီး ပြေးသွားရာမှ ရေထည့်ထားသော ပလတ်စတစ်ပုံးကို မတော်တဆ တိုက်မိပြီး ရေများ မှောက်ကျကာ မုန်ရှီချန် တစ်ကိုယ်လုံး ရေစိုရွှဲသွားသည်။
ထိုအမျိုးသား လန့်ဖျပ်သွားပြီး မလှုပ်ရဲဘဲ ကြောင်ရပ်နေသည်။ ကျောက်စိမ်းတွေ့တာ သူ့ကိစ္စ မဟုတ်ပေမယ့် သူဌေးကို ရေလောင်းလိုက်မိတာကတော့ သူ့အလုပ်ပြုတ်ဖို့ သေချာသလောက် ရှိသွားပြီ။
မုန်ရှီချန်က ထိုအမျိုးသား တွန့်ဆုတ်နေသည်ကို မြင်သောအခါ ရယ်မောလိုက်ပြီး "ဘာလို့ မသွားသေးတာလဲ။ ဒီမှာ အရူးလို ရပ်နေတော့မှာလား" ဟု အော်ပြောလိုက်သည်။
သူဌေးက အပြစ်တင်မည့်ပုံ မပေါ်သည်ကို မြင်သောအခါ ထိုအမျိုးသား ဝမ်းသာအားရ ဖြစ်သွားပြီး လူအုပ်ကို တိုးဝှေ့ကာ ဆိုင်ထဲသို့ ပြေးဝင်သွားသည်။
မကြာမီ ဗြောက်အိုးသံများ တဖောက်ဖောက် ထွက်ပေါ်လာသည်။ မုန်ရှီချန်သည် ခေါင်းငုံ့ပြီး ကျောက်တုံးကို ဆက်လက် ပွတ်တိုက်နေသည်။ ထူးဆန်းသည်မှာ ဒီတစ်ခါတော့ ဘယ်သူမှ ဈေးမခေါ်ကြတော့ပေ။
မှန်သားပြင် မြ ဆိုသည်မှာ ထိပ်တန်း ကျောက်စိမ်းများ၏ အထွတ်အထိပ် ဖြစ်ပြီး လူတိုင်း လိုချင်သော်လည်း ရှားပါးလှသည်။ ဤကျောက်စိမ်း၏ အရွယ်အစားကို ကြည့်လျှင် အပြည့်အဝ ဖြတ်မထုတ်ရသေးမီ မည်သူမျှ ဈေးနှုန်း ခန့်မှန်းရဲမည် မဟုတ်ပေ။ အပြီးဖြတ်ပြီးမှ ဈေးခေါ်တာ ပိုကောင်းမယ်။
တစ်နာရီကြာသောအခါ မုန်ရှီချန်သည် အစင်းရာ တစ်ချက်မျှ မထင်စေဘဲ မြ တစ်တုံးလုံးကို ထုတ်ယူလိုက်ပြီး ရှုချင်းထံ ကမ်းပေးလိုက်သည်။
ရှုချင်း လက်ဝှေ့ယမ်းပြလိုက်ပြီး "အရင်အတိုင်းပါပဲ၊ အစ်ကိုမုန်ပဲ စီစဉ်လိုက်ပါ။ ဘာပဲဖြစ်ဖြစ် ဘဏ်ကတ်က အစ်ကို့အိတ်ထဲမှာ ရှိပြီးသားပဲ။ အဆိုးဆုံးအနေနဲ့ ဒီညစာကို ကျွန်တော် ရှင်းပေးလိုက်မယ်" ဟု ပြောလိုက်သည်။
ဒီစကားကြောင့် သခင်လေးတန့်ပင် မနေနိုင်တော့ဘဲ ရှုချင်း၏ ခေါင်းကို ရိုက်လိုက်သည်။ "မင်းက တကယ် သဘောထားကြီးတာပဲ ကောင်လေး။ ဒီပစ္စည်းက အနည်းဆုံး သန်းရာချီ တန်တယ်ဆိုတာ ငါတောင် သိတယ်။ ညစာတစ်နပ်တည်းနဲ့ လုံလောက်ပါ့မလား"
"သန်းရာချီ ဟုတ်လား" ဒီဈေးနှုန်းက ရှုချင်းကို တကယ် ထိတ်လန့်သွားစေသည်။ ဂဏန်း ၈ လုံးပါတဲ့ ကြွယ်ဝမှုက ဘာကို ဆိုလိုလဲဆိုတာ သူ မသိပေမယ့် ရုတ်တရက် ဒီလို ကံထူးတာက ညစာတစ်နပ်တည်းနဲ့တော့ ဘယ်လိုမှ မလုံလောက်နိုင်တာ အမှန်ပဲ။
"ဟုတ်တယ်။ ဒီကောင်လေးက ပြီးခဲ့တဲ့ ၃ ရက်လုံး စားသောက်စရိတ် အကုန်တာဝန်ယူထားတာ။ ငါ့အထင် ဒီမှန်သားပြင် မြက အနည်းဆုံး သန်း ၂၀၀ လောက် တန်မယ်။ ပြောရရင် အဲဒီ မျက်နှာဖြူ ဝံပုလွေကောင်ကို ကျေးဇူးတင်ရမယ်" ပြောပြီးသည်နှင့် မုန်ရှီချန်သည် ပိုင်ရှန်ကျွင်းရပ်နေသော နေရာဘက်သို့ တမင်တကာ လှမ်းကြည့်လိုက်သည်။ ဘုန်းကြီးကို လက်ညှိုးထိုးပြီး ကတုံးကို ဆဲနေသကဲ့သို့ ပုံစံမျိုး ဖြစ်နေသည်။
မုန်ရှီချန် ခန့်မှန်းသော ဈေးနှုန်းသည် သံသယဖြစ်ဖွယ် မရှိဘဲ ပိုမို လက်တွေ့ကျသည်။ ကြည့်ရှုသူများသည် နောက်ဆုံးတွင် မနေနိုင်တော့ဘဲ စတင် ဈေးခေါ်ကြတော့သည်။ အနိမ့်ဆုံး သန်း ၂၀၀ မှ စတင်ပြီး သဘာဝကျကျပင် သန်း ၂၀၀ ကျော်သွားမည် ဖြစ်သည်။
"သန်း ၂၂၀! ဒီကျောက်စိမ်းကို ဂေါင် ရတနာဆိုင်ကို ရောင်းလိုက်ပါလား"
"သန်း ၂၃၀! ကျွန်တော်တို့ ထိုက်ဖူ ရတနာဆိုင်က ဒီကျောက်စိမ်းကို ဝယ်ယူဖို့ တကယ် စိတ်ရင်းမှန်နဲ့ ကမ်းလှမ်းတာပါ။ ခင်ဗျား သဘောတူရင် ငွေချက်ချင်း လွှဲပေးပါ့မယ်"
ထိပ်တန်း ကျောက်စိမ်း၏ ဈေးနှုန်း မြင့်မားလွန်းသဖြင့် ကုန်သည် ၇၀ ရာခိုင်နှုန်းကျော် လက်လှမ်းမမီတော့ပေ။ သန်းချီ တန်ဖိုးရှိသောကြောင့် သာမန် အလတ်စားနှင့် အသေးစား ရတနာကုန်သည်များအတွက် တတ်နိုင်စွမ်း မရှိတော့ပေ။ အမှန်တကယ် ချမ်းသာသော ကုန်သည်ကြီးများသာ လေလံပွဲတွင် ပါဝင်နိုင်တော့သည်။
"သန်း ၂၄၀! ကျွန်တော်တို့ တာ့ရှန်း ရတနာဆိုင်က မျက်စိကျထားတဲ့ ပစ္စည်းကို မရရအောင် ယူမှာ"
"သန်း ၃၀၀!"
တည်ငြိမ်သော ဘယ်ရီတုန်း အသံတစ်ခုက လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်သည်။ ရုတ်တရက် သန်း ၆၀ ခုန်တက်သွားခြင်းက ရှုချင်းနှင့် အခြားသူများကိုပင် အံ့အားသင့်စေသည်။
မုန်ရှီချန် ဈေးခေါ်သူကို သေချာ ကြည့်လိုက်သည်။ သူသည် အသက် ၄၀ ကျော်ခန့် ရှိပြီး အလွန် ရိုးရှင်းသော မျက်နှာထား ရှိသည်။ သူ့မျက်နှာကို မုန်ရှီချန် လုံးဝ မမှတ်မိပေ။ သို့သော် ထိုလူ၏ အဝတ်အစားပေါ်မှ ပန်းထိုးအမှတ်အသား တစ်ခုကို မြင်လိုက်ရသောအခါ သူ့ရင်ထဲ ဒိန်းခနဲ ဖြစ်သွားသည်။
ထိုလူ၏ ကော်လာတွင် ဂျက်နက်ရောင် ဓားမြှောင်ပုံသေးသေးလေး တစ်ခု ထိုးထားသည်။ သာမန် ပုံစံလေး တစ်ခုဟု ထင်ရသော်လည်း ၎င်း၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို သိသူများထဲတွင် မုန်ရှီချန်သည် တစ်ဦးအပါအဝင် ဖြစ်သည်။ ဓားမြှောင် ပန်းထိုးသည် ရှေးဟောင်း မိသားစုတစ်ခုကို ကိုယ်စားပြုသည်။ ကျောက်စိမ်းနှင့် ရတနာလောကတွင် ဘုရားသခင်များဟု ခေါ်ဝေါ်ကြသော မိသားစု ဖြစ်သည်။
ငွေကြေးဆိုသည်မှာ ဒီမိသားစုအတွက် ပူပန်စရာမလိုသော ဂဏန်းအစီအစဉ် တစ်ခုမျှသာ ဖြစ်သည်။ သူတို့ကို မယုံနိုင်လောက်အောင် ချမ်းသာသည်ဟု တင်စားလျှင် လွန်မည် မဟုတ်ပေ။ သူတို့သည် နှစ်ပေါင်း ၄၀၀ သမိုင်းကြောင်း ရှိပြီး အကောင်းဆုံး ကျောက်စိမ်းများကို ရူးသွပ်မတတ် လိုက်လံ စုဆောင်းလေ့ရှိသော လျှို့ဝှက်ဆန်းကြယ်သည့် မိသားစု ဖြစ်သည်။
သန်း ၃၀၀! ဒီနက္ခတ်တာရာ ဈေးနှုန်းနဲ့ ရင်ဆိုင်လိုက်ရတော့ ခုနက မရရအောင် ယူမယ်လို့ ပြောတဲ့လူတောင် ပါးစပ်ပိတ်သွားတယ်။
"ကောင်းပါပြီ၊ ဒီ မှန်သားပြင် မြက ဒီလူကြီးမင်း ပိုင်ပါပြီ" မုန်ရှီချန် တိုက်ရိုက် ဆုံးဖြတ်ချက် ချလိုက်သည်။ သူ့၏ ပြတ်သားမှုက အံ့ဩစရာပင်။
"ပစ္စည်း အခု ယူသွားမယ်။ ပိုက်ဆံကို နောက်မှ လူလွှတ်ပြီး ပေးခိုင်းလိုက်မယ်" သက်လတ်ပိုင်း အမျိုးသားက လက်ဖဝါး ဖြန့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ သန်း ၃၀၀ တန် ပစ္စည်းကို ပိုက်ဆံမပေးဘဲ အရင် ယူသွားချင်နေတာ။ ဘယ်သူမဆို ဒီလူ မြည်းကန်ခံထားရတာလားလို့ ထင်မိမှာ သေချာတယ်။
"ကောင်းပါပြီ၊ လမ်းခရီး အဆင်ပြေပါစေ"
မြည်းကန်ခံထားရသူက တစ်ယောက်တည်း မဟုတ်ဘူး။ မုန်ရှီချန်က တန်ဖိုးမဖြတ်နိုင်သော ကျောက်စိမ်းကို သက်လတ်ပိုင်း အမျိုးသားထံ ရိုသေစွာ ပေးအပ်လိုက်သည်။
"နောက်တစ်ခါ မှန်သားပြင် ကျောက်စိမ်း ရရင် ဖုန်းဆက်လိုက်ပါ" ထိုလူသည် ကျောက်စိမ်းကို ယူလိုက်ပြီး မျက်လုံးထဲတွင် ဝမ်းသာရိပ် သမ်းသွားသည်။ အိတ်ကပ်ထဲမှ နို့နှစ်ရောင် လိပ်စာကတ်တစ်ခု ထုတ်ပြီး မုန်ရှီချန်ကို ပေးလိုက်သည်။
မုန်ရှီချန် လိပ်စာကတ်ကို ယူကြည့်လိုက်ရာ ထိုလူ၏ မည်သူမည်ဝါ ဖြစ်ကြောင်း ပိုမို သေချာသွားသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် သာမန် လိပ်စာကတ် မဟုတ်ဘဲ ဆိတ်အဆီ ကျောက်စိမ်းဖြင့် ထွင်းထုထားသော ကတ်ပြား ဖြစ်နေသောကြောင့်ပင်။ ထိလိုက်လျှင် အေးမြသော ခံစားမှုမျိုး ပေးစွမ်းသည်။ ရွှေထက် ဈေးကြီးသော ဆိတ်အဆီ ကျောက်စိမ်းကို သုံးပြီး လိပ်စာကတ် လုပ်ရဲတာ အဲဒီ လျှို့ဝှက်ဆန်းကြယ်သော မိသားစုကလွဲရင် ဘယ်သူ ရှိဦးမလဲ။
သက်လတ်ပိုင်း အမျိုးသားသည် ယဉ်ကျေးစကား တစ်ခွန်းမျှ မဆိုဘဲ လှည့်ထွက်သွားသည်။ အဖိုးတန် ကျောက်စိမ်းကို ယူဆောင်သွားခြင်းသည် ကမ္ဘာပေါ်တွင် အသဘာဝကျဆုံး ကိစ္စတစ်ခု ဖြစ်သကဲ့သို့ပင်။
လူအုပ်ထဲမှ သက်လတ်ပိုင်း အမျိုးသား၏ နောက်ခံကို ရိပ်မိသော သက်ကြီးပိုင်းအချို့သည် ပြုံးလိုက်ကြပြီး မုန်ရှီချန်၏ ကံကောင်းမှုကို တိတ်တဆိတ် လေးစားအားကျနေကြသည်။ လူအုပ်အနောက်တွင် ရပ်နေသော ပိုင်ရှန်ကျွင်းတစ်ယောက်သာ မဲမှောင်သော မျက်နှာထားနှင့် ကြမ်းတမ်းသော မျက်လုံးများဖြင့် မုန်ရှီချန်ကို စိုက်ကြည့်နေသည်။
ကျောက်စိမ်း ၂ တုံးစလုံး ပိုင်ရှင်ကိုယ်စီ ရရှိသွားပြီဖြစ်သဖြင့် လူအုပ်ကြီး တဖြည်းဖြည်း လူစုခွဲသွားကြသည်။ သို့သော် နံပါတ် ၅၆ ဆိုင်ရှိ ကျောက်တုံးကြမ်းများမှာမူ လုံးဝ ပြောင်သလင်းခါအောင် ရောင်းထွက်သွားသည်။ ထိပ်တန်း ကျောက်စိမ်း ထွက်ရှိသော နေရာဖြစ်သဖြင့် ကံစမ်းနိုင်သေးသည်ဟု လူတိုင်း ယုံကြည်နေကြသည်။
နံပါတ် ၅၆ ဆိုင်တွင် ကျောက်တုံးကြမ်း လုဝယ်နေကြသည်ကို ကြည့်ပြီး ငြိမ်သက်နေသော ပိုင်ရှန်ကျွင်းသည် အံကြိတ်ကာ ခေါင်းလှည့်ပြီး သူ့နောက်မှ လက်ပါးစေ ၂ ဦးကို တီးတိုး စကားပြောလိုက်သည်။ ထိုလူ ၂ ဦး ခေါင်းညိတ်ပြီး နံပါတ် ၅၆ ဆိုင်ရှေ့သို့ အမြန် လျှောက်သွားကာ ကျယ်လောင်စွာ အော်ပြောလိုက်ကြသည်။
"လူကြီးမင်းတို့ ခင်ဗျာ... ခုနက အလောင်းအစား နိုင်သွားတဲ့ ကျောက်တုံးကြမ်းက နံပါတ် ၁၈ ဆိုင်က ဝယ်လာတာပါ။ စုစုပေါင်း ၃ သိန်း ၂ သောင်း ၇ ထောင် ပေးရပါတယ်။ တွင်းဟောင်းက စစ်မှန်တဲ့ အနက်ရောင် ကျောက်စိမ်းပါ။ အားလုံး သွားကြည့်နိုင်ပါတယ်"
ဒီအော်သံ ၂ ခုကြောင့် ကျောက်တုံး ရွေးနေသူ အများအပြား နားမလည်နိုင်သော မျက်နှာထားများဖြင့် လှည့်ကြည့်လိုက်ကြသည်။ အများစုက ဘေးတွင် ရပ်နေသော ရှုချင်းကိုပါ လှမ်းကြည့်ကြသည်။ ဒီလူငယ်လေးသည် ဒီနေ့၏ အကြီးမားဆုံး အောင်နိုင်သူ ဖြစ်ကြောင်း အားလုံး သိကြသည်။ အကယ်၍ ဈေးတက်သွားသော ဒီကျောက်တုံးကြမ်း ၂ တုံးကို တခြားနေရာက ဝယ်လာတာ ဆိုရင် ဘာလို့ ဒီအသုံးမကျတဲ့ ကျောက်တုံးပုံကို ဈေးကြီးပေးပြီး လုဝယ်နေကြမှာလဲ။
ရှုချင်း အနည်းငယ် ပြုံးလိုက်ပြီး မုန်ရှီချန်ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
မုန်ရှီချန် အေးစက်စွာ ပြုံးပြီး လက်ဝှေ့ယမ်းလိုက်ရာ ဝန်ထမ်းများက အနက်ရောင် ကျောက်စိမ်းကြမ်း ၂ တုံးကို ချက်ချင်း သယ်ဆောင်လာကြသည်။ မျက်နှာပြင်ပေါ်တွင် အနီရောင်ဆေးဖြင့် ရေးထားသော နံပါတ် ၄၄ နှင့် ၆၄ မှာ ထင်ရှားစွာ ပေါ်နေသည်။
ကျောက်တုံးကြမ်းများကို ရှုချင်း၏ ရှေ့တည့်တည့်တွင် ချထားလိုက်သည်။ သူက ပုံမှန်အတိုင်း ပြုံးပြီး အေးဆေးစွာ ပြောလိုက်သည်။ "ခင်ဗျားတို့ ခြေထောက်အောက်က ဒီကျောက်တုံး ၂ တုံးကို နံပါတ် ၁၈ ဆိုင်က ဝယ်လာတယ် ဆိုတာ ကျွန်တော် မငြင်းပါဘူး။ ဒါပေမဲ့ ဖွင့်ကြည့်ဖို့ အချိန်မရသေးဘူး။ အထဲမှာ ကျောက်စိမ်း ပါမပါ ဘယ်သူ သိမလဲ။ လူတိုင်း သံသယ ဖြစ်နေမှတော့ အပြင်ထုတ်ပြီး ခွဲကြည့်လိုက်ကြတာပေါ့။ မဟုတ်ရင် မျက်လုံးနီနေတဲ့ ခွေးရူးတချို့ ဟောင်နေဦးမယ်"
ပြောပြီးသည်နှင့် ဘေးတွင် ရပ်နေသော အာလော်နှင့် အာပေါင်ကို ပြုံးပြပြီး "အစ်ကိုတို့ နှစ်ယောက်ကို ဒုက္ခပေးရဦးမယ်။ ဒီကျောက်တုံး ၂ တုံးကို အပြင်ထုတ်ပြီး ခွဲပေးပါဦး" ဟု ပြောလိုက်သည်။
"ကောင်းပြီလေ" သူတို့နှစ်ဦး ပြိုင်တူ ပြောလိုက်ပြီး ခါးကုန်းကာ တစ်ယောက်တစ်တုံးစီ မ,တင်လိုက်ကြသည်။ ထို့နောက် အပြင်သို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားကြရာ လူအုပ်ကြီးလည်း နောက်မှ လိုက်ပါသွားကြသည်။ ရှုချင်း၊ မုန်ရှီချန်နှင့် ထန်ကော်ပင်းတို့သည် ဆိုင်ရှေ့တွင် အေးဆေးစွာ ထိုင်နေကြပြီး မလှမ်းမကမ်းတွင် ကြက်သေသေနေသော လူ ၃ ဦးကို ကြည့်ကာ သဘောကျစွာ ပြုံးနေကြသည်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: