အခန်း (၃၇) လုကျစ်ကန်း လက်ရာ အနုစိတ် ကျောက်စိမ်း
လွှသွားနှင့် ကျောက်တုံး ပွတ်တိုက်သံ ထပ်မံ ထွက်ပေါ်လာပြီး လူအုပ်ကြီးထံမှ သက်ပြင်းချသံများ ထွက်ပေါ်လာပြန်သည်။
"ပျက်စီးသွားပြီ၊ လုံးဝ ပျက်စီးသွားပြီ..."
"နံပါတ် ၁၈ ဆိုင်က လူတွေကို အိမ်သာကျောက်တွေနဲ့ လာလိမ်နေတာလား"
"လွန်လွန်းတယ်! ဒီလိုပစ္စည်းမျိုးကို ရောင်းဖို့ တင်ထားရဲတယ်..."
"ဘာမှကြည့်မနေနဲ့တော့၊ နံပါတ် ၅၆ ဆိုင်ကို ပြန်သွားပြီး ကျောက်တုံးသွားလုကြမယ်"
ပုံမှန်အားဖြင့် လေးစားခံရသော ရတနာကုန်သည်များနှင့် ပန်းပုဆရာများသည် ယခုအခါ လောင်းကစားသမားများကဲ့သို့ ဖြစ်နေကြသည်။ ရူးသွပ်ဖွယ် ကျောက်တုံးများကြောင့် သူတို့၏ အက်ဒရီနယ်လင် ဟော်မုန်းများ အမြင့်ဆုံးသို့ ရောက်ရှိနေသည်။ အများစုမှာ မျက်နှာမဲ့ကာ ဆဲဆိုနေကြပြီး အင်တာနက်ပေါ်မှ အသုံးအနှုန်းများပင် သုံးနှုန်းလာကြသည်။
အဝေးမှ ကြည့်နေသော ပိုင်ရှန်ကျွင်း၏ မျက်နှာမှာ မီးခိုးရောင် ပြောင်းသွားသည်။ ကြည့်ရှုသူများ၏ ရက်စက်သော စော်ကားမှုများသည် သူ့မျက်နှာကို ပါးရိုက်လိုက်သကဲ့သို့ ခံစားနေရသည်။ နောက်ဆုံးတွင် သူ ခြေဆောင့်ပြီး ဒေါသတကြီး ထွက်ခွာသွားသည်။ အနောက်တွင် ဟားတိုက်ရယ်မောသံ ၃ သံ ကျန်ရစ်ခဲ့သည်။
"ချင်းဇီ... ဒီတစ်ခေါက် မင်းကို တကယ် ကျေးဇူးတင်ရမယ်။ ဒီနေ့ကစပြီး မင်းက ငါ့ညီရင်းအစ်ကိုပဲ။ ငါ့ပိုင်ဆိုင်မှု အားလုံးက မင်းပိုင်တာပဲ..." သူ စကားမဆုံးခင် ထန်ကော်ပင်း ဖြတ်ပြောလိုက်သည်။ "တော်စမ်းပါကွာ! မင်းရဲ့ ကျိုးပဲ့နေတဲ့ ကျောက်တုံးတွေနဲ့ ကျောက်မီးသွေးခဲတွေကို ရတနာလို လာပြောနေတာလား။ ချင်းဇီက ငါ့ညီကွ၊ ဘယ်သူမှ လာလုလို့ မရဘူး"
ရှုချင်း နှာခေါင်းကို ပွတ်လိုက်ပြီး ကောက်ကျစ်သော အပြုံးဖြင့် "ကောင်းပြီလေ၊ ခင်ဗျားတို့ နှစ်ယောက်လုံးက ကျွန်တော့်အစ်ကိုတွေပါပဲ။ ဒါဆို ညစာ ဘယ်သူ ရှင်းမှာလဲ" ဟု မေးလိုက်သည်။
ထန်ကော်ပင်းနှင့် မုန်ရှီချန်တို့ ပြိုင်တူ လက်ညှိုးထိုးပြီး "မင်းပဲ ကောင်လေး!" ဟု အော်ပြောလိုက်ကြသည်။
ရှုချင်း ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။ "ငါ လူမှားပေါင်းမိပြီ။ ရင်းနှီးတဲ့သူတွေကတောင် ကိုယ့်ကို ပြန်နှိုက်နေကြပါလား"
ထန်ကော်ပင်း တခစ်ခစ် ရယ်မောလိုက်ပြီး "အဖေကို ဒုက္ခပေးတဲ့ သားဆိုတာ ကြားဖူးပေမယ့် အစ်ကိုကို သတ်တဲ့ ညီဆိုတာ အခုမှ ကြားဖူးတာပဲ။ မင်းက တကယ် မလွယ်တဲ့ကောင်ပဲ" ဟု ပြောလိုက်သည်။
နာရီဝက်ခန့် ကြာသောအခါ သန်း ၃၀၀ တန် ငွေသားချက်လက်မှတ် တစ်စောင် နံပါတ် ၅၆ ဆိုင်သို့ ရောက်ရှိလာသည်။ ချက်လက်မှတ် လာပို့သူမှာ အသက် ၁၀ နှစ်ထက် မပိုလောက်သော ဖက်တီးမလေး တစ်ဦးဖြစ်သည်။ ချက်လက်မှတ်နှင့်အတူ အနီရောင် ကတ္တီပါဘူးလေး တစ်ဘူး ပါလာသည်။ ပစ္စည်းများ ပေးအပ်ပြီးနောက် ကောင်မလေးသည် ခုန်ဆွခုန်ဆွဖြင့် ပြန်ထွက်သွားသည်။ အနောက်တွင် မျက်လုံးပြူး ကျန်ရစ်ခဲ့သော အမျိုးသားတစ်သိုက်သာ ကျန်ရစ်ခဲ့သည်။
မုန်ရှီချန်သည် ချက်လက်မှတ်ကို ရှုချင်းထံ ကမ်းပေးရန် ပြင်လိုက်စဉ် ရှုချင်း လက်ကာပြလိုက်ပြီး "ကျွန်တော့်ကတ်ထဲပဲ ထည့်ပေးလိုက်ပါ အစ်ကိုရာ။ အိတ်ကပ်ထဲ ထည့်ထားရင်း မတော်တဆ နှာခေါင်းသုတ်မိလိုက်ရင် မကောင်းဘူးလေ" ဟု ပြောလိုက်သည်။
"တောက်! သန်း ၃၀၀ တန် ချက်လက်မှတ်နဲ့ နှာခေါင်းသုတ်မလို့လား။ အိမ်သာသုံး စက္ကူအဖြစ် သုံးမယ်လို့ မပြောလိုက်ပါလား!" ထန်ကော်ပင်း လက်သီးဖြင့် ရွယ်လိုက်သော်လည်း ကံကောင်းထောက်မစွာ ရှုချင်း အချိန်မီ ရှောင်လိုက်နိုင်သဖြင့် ဘေးအန္တရာယ်မှ လွတ်ကင်းသွားသည်။
"ဟီးဟီး! တကယ်တော့ ချင်းဇီက ဒီတစ်ခေါက် သန်း ၃၀၀ ရလိုက်ရုံတင် မကဘူး၊ တော်တော် ကောင်းတဲ့ ပစ္စည်းတစ်ခုလည်း ရလိုက်သေးတယ်" မုန်ရှီချန်သည် ချက်လက်မှတ်ကို သိမ်းလိုက်ပြီး လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးကာ အနီရောင် ကတ္တီပါဘူးလေးကို လှမ်းယူလိုက်သည်။
လူတိုင်း၏ အာရုံစိုက်မှု သူ့ထံ ရောက်ရှိလာသည်။ မုန်ရှီချန်သည် ကတ္တီပါဘူးကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ အတွင်း၌ လက်မအရွယ်အစားခန့်ရှိသော ဖြူဖွေးသန့်စင်ပြီး နွေးထွေးသော ကွမ်ရင်ဘုရား ကျောက်စိမ်းဆွဲသီးလေး တစ်ခုကို တွေ့လိုက်ရသည်။ အပေါ်ဘက်ရှိ စက်ဝိုင်းကွင်းတွင် အနီရောင် ကြိုးမျှင်လေး ချည်နှောင်ထားသည်။ ကြည့်လိုက်ရုံဖြင့် နှစ်လိုဖွယ်ကောင်းသော ပစ္စည်းလေးတစ်ခု ဖြစ်သည်။
ထန်ကော်ပင်း စိတ်ပျက်ဟန်ဖြင့် "သန်း ၃၀၀ တန် ကျောက်စိမ်းအတွက် ဒီလို ပစ္စည်းသေးသေးလေးကို လက်ဆောင်အဖြစ် ပေးလိုက်တာလား။ အဲဒီလူက တော်တော် ကပ်စေးနည်းတာပဲ" ဟု ပြောလိုက်သည်။
မုန်ရှီချန် အထင်သေးစွာ နှုတ်ခမ်းစူလိုက်ပြီး အနီရောင်ကြိုးကို ကိုင်ကာ ဆွဲသီးကို သေချာ စစ်ဆေးကြည့်လိုက်သည်။ ကွမ်ရင်ဘုရားသည် ပန်းအိုးတစ်လုံးကို ကိုင်ဆောင်ထားပြီး မျက်လွှာချထားကာ လူသားအားလုံးအပေါ် ဂရုဏာသက်နေသည့်အလား ဖြစ်နေသည်။ အံ့ဩစရာ အကောင်းဆုံးမှာ ဤဆွဲသီးလေးသည် သုံးဖက်မြင်ပုံစံ ဖြစ်နေခြင်းပင်။ ကွမ်ရင်ဘုရား လက်ထဲမှ ပန်းအိုးသည်ပင်လျှင် ထူးခြားသော သုံးဖက်မြင် အသွင်အပြင် ရှိနေသည်။ အထူးသဖြင့် ပန်းအိုးထဲ ထိုးထားသော မိုးမခကိုင်းသည် ပိုးချည်မျှင်ကဲ့သို့ သေးငယ်ပြီး သေချာကြည့်လိုက်ပါက တွဲလောင်းကျနေသော အရွက်ကလေးများကို ရှင်းလင်းစွာ ခွဲခြားမြင်နိုင်သည် အထိ လက်ရာမြောက်လှသည်။
ဆွဲသီးကို သေချာ စစ်ဆေးပြီးနောက် မုန်ရှီချန်၏ မျက်နှာတွင် အတိုင်းအဆမရှိ ပျော်ရွှင်မှုများ ပေါ်လာသည်။ ကွမ်ရင်ဘုရား ရပ်နေသော ကြာပွင့်ပလ္လင်အောက်ခြေကို လက်ညှိုးထိုးပြပြီး "လုကျစ်ကန်းလက်ရာ အနုစိတ် ကျောက်စိမ်း! မြန်မြန်... မှန်ဘီလူး ယူလာပေးပါ" ဟု အံ့ဩတကြီး အော်ပြောလိုက်သည်။
ဝန်ထမ်းတစ်ဦး မှန်ဘီလူး အမြန် ယူလာပေးသည်။ ကျောက်စိမ်းလုပ်ငန်းတွင် မှန်ဘီလူးသည် မရှိမဖြစ် လိုအပ်သော ပစ္စည်းဖြစ်ပြီး ဆိုင်တွင် အဆင်သင့် ရှိနေတတ်သည်။
မုန်ရှီချန်သည် လက်တစ်ဖက်ဖြင့် မှန်ဘီလူးကို ကိုင်၊ ကျန်လက်တစ်ဖက်ဖြင့် ကွမ်ရင်ဆွဲသီးကို ကိုင်ကာ အချိန်အကြာကြီး စိုက်ကြည့်နေပြီးနောက် ဆွဲသီးကို ရှုချင်းထံ ဂရုတစိုက် ပေးအပ်လိုက်သည်။
"ညီလေး... ယောကျာ်းဆို ကွမ်ရင်၊ မိန်းမဆို ဘုရား ဆောင်ရမယ်။ ကျောက်စိမ်းနတ်ဘုရား လုကျစ်ကန်း ကိုယ်တိုင် ထွင်းထုထားတဲ့ ဆွဲသီးကို ပိုင်ဆိုင်ရတာ ဂုဏ်ယူစရာပဲ။ သေချာ သိမ်းထားပါ၊ ဒါက ပိုက်ဆံနဲ့ ဝယ်လို့မရနိုင်တဲ့ ရှားပါးပစ္စည်းပဲ"
ရှုချင်း ဆွဲသီးကို ယူပြီး လည်ပင်းတွင် ဆွဲလိုက်သည်။ လုကျစ်ကန်း ကျောက်စိမ်း ဆိုတာ ဘာလဲဆိုတာ သူ နားမလည်ပေ။ ပစ္စည်းကောင်းလေး တစ်ခု ဆိုတာလောက်ပဲ သိသည်။ ဆွဲသီးဆိုတာ ဆွဲထားဖို့ပဲလေ။ အကောင်းဆုံး အသုံးချနိုင်မှသာ တန်ဖိုးရှိမှာပေါ့။
"အစ်ကိုမုန်... ဒါက ဘယ်လောက်တန်မယ် ထင်လဲ" ထန်ကော်ပင်းက ကျောက်စိမ်း ကွမ်ရင်ကို လက်ညှိုးထိုးပြရင်း မေးလိုက်သည်။
မုန်ရှီချန် အနည်းငယ် ပြုံးလိုက်ပြီး "တန်ဖိုးသိတဲ့သူက ရှားပါးတယ်၊ နားမလည်တဲ့သူအတွက်တော့ ၁၀၀ ပေးရင်တောင် ယူမှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။
"အစ်ကိုမုန်... ကျွန်တော်က နားမလည်တဲ့သူထဲ ပါတယ်လို့ ပြောချင်တာလား" ရှုချင်းက နှာခေါင်းရှုံ့ပြီး နောက်ပြောင် မေးလိုက်သည်။
"ဟားဟားဟား! မင်းက ကံတရားနတ်သမီးရဲ့ မျက်နှာသာပေးခြင်း ခံရတဲ့ နားမလည်သူ တစ်ယောက်ပါ" မုန်ရှီချန် ဟားတိုက် ရယ်မောလိုက်ပြီး ရှုချင်းအတွက် အသင့်တော်ဆုံး အကဲဖြတ်ချက်ကို ပေးလိုက်သည်။
"ဟုတ်တယ်၊ ဒီကောင်လေးရဲ့ ကံက အတိုင်းအတာ မရှိဘူး။ ခဏနေရင် ငါ့အတွက် ကျောက်တုံး ၂ တုံး ၃ တုံးလောက် ကူရွေးပေးဖို့ ပြောရမယ်" ထန်ကော်ပင်းက လေးလေးနက်နက် ခေါင်းညိတ်လိုက်ပြီး ပစ္စည်းကောင်း မတွေ့ရင် ရှုချင်းကို အပြစ်ပုံချတော့မည့် ပုံစံမျိုး ဖြစ်နေသည်။
၃ သိန်း ၂ သောင်း ၇ ထောင် တန် ကျောက်တုံးကြမ်းက သန်း ၃၅၅ သန်း တန် ကျောက်စိမ်း ဖြစ်လာခဲ့သည်။ အဆ တစ်ထောင်ကျော် အမြတ်ရသော လောင်းကစားပွဲပင်။ ဒီလို မယုံနိုင်စရာ ကံကောင်းမှုက ထန်ကော်ပင်းနှင့် အခြားသူများကို မနာလို ဖြစ်စေသည်။ နံပါတ် ၅၆ ဆိုင်မှ ကျောက်တုံးကြမ်း အားလုံးသည် ကြိုတင်မှာယူဈေးထက် အဆများစွာ ပိုမြင့်သော ဈေးနှုန်းဖြင့် ရောင်းထွက်သွားသည်။ မုန်ရှီချန် ဝမ်းသာအားရ ဖြစ်သွားပြီး ဆိုင်ပိတ်ကာ နောက်တစ်နေ့မှ ပစ္စည်းအသစ် ပြန်တင်ရန် ဝန်ထမ်းများကို ချက်ချင်း အမိန့်ပေးလိုက်သည်။
အချိန်စောနေသေးသဖြင့် ၅ ဦးသားသည် အနီးနားရှိ ကျောက်စိမ်း လောင်းကစားဆိုင်သို့ စိတ်လှုပ်ရှားစွာ ထွက်ခွာသွားကြသည်။ ဒီတစ်ခါတော့ ထန်ကော်ပင်း သင်ခန်းစာ ရသွားပြီ။ သူ ကြိုက်နှစ်သက်သော ကျောက်တုံးတိုင်းအတွက် ရှုချင်းကို ခေါ်မေးပြီး ကံကောင်းမှု ရယူရန် ကြိုးစားသည်။ ဒီနေ့တော့ ကျောက်စိမ်းကစားခြင်းကို စိတ်တိုင်းကျ ခံစားရန် ဆုံးဖြတ်ထားသော်လည်း ကံဆိုးစွာပင် သူကြိုက်သော ကျောက်တုံးများထဲတွင် ကျောက်စိမ်း အစအနမျှ မပါဝင်ပေ။
ရှုချင်းသည် ထန်ကော်ပင်း ငွေဆုံးရှုံးသည်ကို မမြင်လိုသဖြင့် ခေါင်းခါပြပြီး ခံစားချက် မကောင်းကြောင်း၊ အလားအလာ မရှိကြောင်း တိုးတိုးလေး ပြောကာ လက်လျှော့ခိုင်းနေရသည်။ ၁၀ ဆိုင် ဆက်တိုက် ဝင်ကြည့်သော်လည်း ကောင်းမွန်သော ကျောက်တုံးကြမ်း တစ်တုံးမျှ မတွေ့ရပေ။ ကျောက်တုံးကြမ်းထဲတွင် ကျောက်စိမ်း တွေ့ရှိနိုင်ချေသည် မယုံနိုင်လောက်အောင် နည်းပါးကြောင်း ပြသနေသည်။
ရွှပ်! ရွှပ်!
ရင်းနှီးနေသော ကျောက်ဖြတ်သံ ကြားလိုက်ရသဖြင့် စိတ်ပျက်လက်ပျက် ဖြစ်နေသော ထန်ကော်ပင်း စိတ်လှုပ်ရှားသွားသည်။ မလှမ်းမကမ်းရှိ လူအုပ်ကြီးကို လက်ညှိုးထိုးပြပြီး "တစ်ယောက်ယောက် ကျောက်ဖြတ်နေတယ်ဟေ့! သွားကြည့်ကြရအောင်!" ဟု အော်ပြောလိုက်သည်။
ပြောပြီးသည်နှင့် ကျောက်ဖြတ်စက် ရှိရာသို့ ပြေးထွက်သွားသည်။ ရှုချင်းလည်း မတတ်သာဘဲ အနောက်မှ ကပ်လိုက်သွားရသည်။ နှစ်ဦးသား ကျောက်ဖြတ်စက် အနားသို့ အမောတကော ရောက်ရှိသွားကြသည်။ ကံကောင်းထောက်မစွာ ကြည့်ရှုသူ သိပ်မများသဖြင့် ကောင်းမွန်သော နေရာတစ်နေရာတွင် ဝင်ရပ်ကာ ကြည့်ရှုခွင့် ရလိုက်သည်။
ကျောက်ဖြတ်သူမှာ အရပ်ပုပု အမျိုးသားတစ်ဦး ဖြစ်သည်။ သူ့နောက်တွင် ဆံပင်ဖြူစပြုနေသော သန်မာထွားကြိုင်းသည့် အဘိုးအိုတစ်ဦး ရပ်နေပြီး ကြိုတင်ရေးဆွဲထားသော မျဉ်းကြောင်းအတိုင်း လွှသွား ကျရောက်လာသည်ကို တည်ငြိမ်စွာ ကြည့်ရှုနေသည်။
ရွှပ်!
အနက်ရောင် အပြင်ခွံရှိသော ကျောက်တုံးကြမ်း နှစ်ပိုင်း ပြတ်သွားသည်။ လူပုလေးက ရေတစ်ခွက် ခပ်ယူပြီး ဖြတ်ထားသော မျက်နှာပြင်ပေါ် လောင်းချလိုက်သည်။ ကျောက်စများနှင့် ရေများ ရောနှောကာ မီးခိုးရောင် ရွှံ့ရည်များအဖြစ် စီးကျလာသည်။ ဖြတ်ထားသော မျက်နှာပြင်ပေါ်တွင် ပြန့်ကျဲနေသော အစိမ်းရောင် အစက်အပျောက် အနည်းငယ်သာ ရှိသည်။ ဒီတစ်ချက်ကတော့ ကျရှုံးမှုပင်။
လူပုလေးက အနောက်ဘက်သို့ လှမ်းကြည့်လိုက်ရာ အဘိုးအိုက ပြုံးပြီး "နောက်ထပ် ကန့်လန့်ဖြတ် ၂ ချက်လောက် ထပ်ဖြတ်ကြည့်လိုက်ပါဦး" ဟု ပြောလိုက်သည်။
ကျောက်တုံးတစ်တုံးကို ၃၊ ၄ ချက် ဖြတ်ပြီးသည့်တိုင် အတွင်း၌ အစိမ်းရောင် ကျောက်စိမ်း မတွေ့ရပါက လုံးဝ ကျရှုံးမှုဟု သတ်မှတ်ကြသည်။ လူအများစုသည် ဆက်လက် ဖြတ်တောက်ရန် ရွေးချယ်ကြတော့မည် မဟုတ်ပေ။ အနည်းဆုံး ကီလိုဂရမ် ၂၀၀ လောက် ရှိမည့် ဒီကျောက်တုံးကြီးသည် တန်ဖိုးမရှိသော အမှိုက်ကျောက်တုံးဘဝ ရောက်သွားပြီ။
လူပုလေးသည် ကျောက်တုံးတစ်ဝက်ကို နေရာရွှေ့လိုက်ပြီး သံညှပ်ဖြင့် ကန့်လန့်ဖြတ် ညှပ်ကာ ဓားထက်ထက်ဖြင့် ဖြတ်လိုက်သည်။ ရေဆေးပြီးနောက် ပြန့်ကျဲနေသော အစိမ်းရောင် အစက်အပျောက် အနည်းငယ်သာ တွေ့ရသည်။ ထုတ်ယူလိုက်လျှင်ပင် ယွမ် ၁၀၀ တောင် တန်မည် မဟုတ်ပေ။ လူအများစုသည် ဤကဲ့သို့ ပြန့်ကျဲနေသော အစိမ်းရောင်မျိုးကို စွန့်လွှတ်ရန် ရွေးချယ်ကြသည်။ သိန်းဂဏန်းတန် အနက်ရောင် ကျောက်တုံးကြမ်းနှင့် ယှဉ်လိုက်လျှင် ယွမ် ၁၀၀ ဆိုသည်မှာ တကယ်ကို မပြောပလောက်သော ပမာဏပင်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: