ကုန်စည်ပြပွဲ၏ စည်းကမ်းချက်အရ ကားများကို အပြင်ဘက်ရှိ ကားရပ်နားရန် နေရာတွင်သာ ရပ်နားခွင့်ပြုသည်။ သို့သော် ခြွင်းချက်များလည်း ရှိသည်။ လုံလောက်သော အာဏာနှင့် ဩဇာရှိလျှင် ကုန်စည်ပြပွဲထဲသို့ တင့်ကားမောင်းဝင်လျှင်ပင် ရနိုင်သည်။

ဟုန်ချီ ကားတံခါး ပွင့်လာပြီး လေးထောင့်စပ်စပ် မျက်နှာနှင့် သက်လတ်ပိုင်း အမျိုးသားတစ်ဦး ဆင်းလာသည်။ အဘိုးအိုရွှယ်ထံသို့ တန်းတန်းမတ်မတ် လျှောက်လာပြီး "အဖေ... ကားရောက်ပြီ။ ပစ္စည်းတွေ ကျွန်တော် သယ်ပေးမယ်" ဟု ပြောလိုက်သည်။

အဘိုးအိုရွှယ် ခေါင်းခါလိုက်ပြီး "ဒီရတနာကို ကိုယ်တိုင် သယ်ရတာ ပိုစိတ်ချမ်းသာတယ်။ တံခါးဖွင့်ပေးပြီး ဧည့်သည်တွေကို ကားပေါ် ဖိတ်လိုက်ပါ" ဟု ပြောလိုက်သည်။

လေးထောင့်စပ်စပ် မျက်နှာနှင့် အမျိုးသား မျက်မှောင်ကြုတ်လိုက်သည်။ အဘိုးအို၏ ကျောက်စိမ်းအပေါ်ထားရှိသော ချစ်မြတ်နိုးမှုကို သိထားသဖြင့် ဆက်လက် နားချရန် မကြိုးစားတော့ဘဲ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ ကားတံခါးဖွင့်ပေးပြီး "အားလုံး ကားပေါ် ကြွပါခင်ဗျာ" ဟု ပြောလိုက်သည်။

၆ ဦးသား ကားပေါ်သို့ တက်လိုက်ကြသည်။ ကုန်စည်ပြပွဲမှ ထွက်ခွာပြီးနောက် မုန်ရှီချန်သည် ကားရပ်ခိုင်းလိုက်သည်။ သူ၏ ကိုယ်ပိုင်ကားကို ပြန်ယူပြီး ဟုန်ချီကားနောက်မှ လိုက်ပါမောင်းနှင်သည်။ ဆရာကြီးရွှယ်၏ သားကို မြင်လိုက်ရကတည်းက ရင်းနှီးနေသလို ခံစားခဲ့ရသည်။ သေချာ စဉ်းစားကြည့်လိုက်မှ ထိုလူ၏ မည်သူမည်ဝါ ဖြစ်ကြောင်း မှတ်မိသွားသည်။ သူ့ရင်ထဲတွင် နောင်တရစိတ် ချက်ချင်း ဖြစ်ပေါ်လာသည်။ "သူမှန်းသာ သိရင် ကိုယ့်ကားကို ကိုယ်မောင်းမလာပါဘူး။ သူက ကိုယ့်ကို ကားမောင်းပို့ပေးတယ် ဆိုရင် ဘယ်လောက်တောင် ဂုဏ်ရှိလိုက်မလဲ..." ဟု တွေးနေမိသည်။

၁၅ မိနစ်ခန့် ကြာသောအခါ ကားသည် လူသူကင်းဝေးသော ခြံဝင်းတစ်ခုထဲသို့ မောင်းဝင်သွားသည်။ ခြံဝင်း၏ အပြင်အဆင်သည် ပေကျင်းမြို့ရှိ ရိုးရာ ခြံဝင်းအိမ်ကြီးများနှင့် အလွန် ဆင်တူသည်။ ကျယ်ဝန်းသော ခြံဝင်းထဲတွင် ပန်းပင်များ၊ သစ်ပင်များနှင့် ချုံပုတ်များ စိုက်ပျိုးထားပြီး ဘယ်ဘက်ခြမ်းတွင် ဇရပ်ငယ်လေးတစ်ဆောင် ရှိသည်။ ပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်ပြီး သာယာလှပသဖြင့် အေးချမ်းစွာ အနားယူရန် အကောင်းဆုံး နေရာတစ်ခု ဖြစ်သည်။

ပင်မခန်းမဆောင်ထဲသို့ ဝင်လိုက်သည်နှင့် ခိုင်ခံ့ပြီး ရိုးရှင်းသော ကျေးလက်ရနံ့ကို ခံစားလိုက်ရသည်။ ပရိဘောဂများနှင့် အသုံးအဆောင် အားလုံးကို သစ်သားအစား ကျောက်တုံးများဖြင့် ပြုလုပ်ထားသည်။ စားပွဲဝိုင်းများ၊ ကြိမ်ကုလားထိုင်များနှင့် အပြာရောင် ကျောက်သား လက်ဖက်ရည်ပွဲ ခုံများ ရှိသည်။ မီးဆိုင်းအနည်းငယ်မှလွဲ၍ ခေတ်မီ အသုံးအဆောင် ပစ္စည်း တစ်ခုမျှ မရှိပေ။ မီးခလုတ်များကိုပင် အလွန် လျှို့ဝှက်စွာ တပ်ဆင်ထားသည်။ ဤနေရာတွင် ရှိနေခြင်းသည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ဆီသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားရစေသည်။

"အားမနာကြနဲ့၊ ကိုယ့်အိမ်လိုပဲ သဘောထားကြပါ..." အဘိုးအိုရွှယ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ ထို့နောက် သားဖြစ်သူဘက် လှည့်ကာ "ကော်ချန်... မင်း ဧည့်သည်တွေကို ဧည့်ခံထားလိုက်ပါ" ဟု ပြောလိုက်သည်။ ပြောပြီးသည်နှင့် သူသည် ကျောက်ဝါတုံးကို ယူကာ ကော်ဖီစားပွဲပေါ်သို့ ညင်သာစွာ တင်လိုက်ပြီး အခြားသူများကို လုံးဝ လျစ်လျူရှုလျက် ဂရုတစိုက် စစ်ဆေးနေတော့သည်။

ရှုချင်းနှင့် အခြားသူများ ရယ်ရခက် ငိုရခက် ဖြစ်သွားကြသည်။ ထမင်းလာစားပါဆိုပြီး အဘိုးအိုက သူတို့ကို ဒီအတိုင်း ပစ်ထားခဲ့သည်။ ထမင်းမပြောနှင့် ရေနွေးတစ်ငုံတောင် မတိုက်သေးဘူး။

ကံကောင်းထောက်မစွာ သားဖြစ်သူ ရွှယ်ကော်ချန်သည် လူတိုင်း အနေခက်နေသည်ကို သတိပြုမိပြီး မိမိကိုယ်ကို မိတ်ဆက်ကာ သူတို့နှင့် နွေးထွေးစွာ စကားစမြည် ပြောဆိုသည်။

"ဒါ ကျွန်တော့်အဖေရဲ့ စိတ်နေသဘောထားပါပဲ။ ထိပ်တန်း ကျောက်စိမ်းကို တွေ့ပြီဆိုရင် ကျန်တာ ဘာမှ ဂရုမစိုက်တော့ဘူး။ စိတ်မရှိကြပါနဲ့နော်"

မုန်ရှီချန် ပြုံးပြီး "မစ္စတာရွှယ်... ခင်ဗျား သဘောကောင်းလွန်းပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ တုန်းကသာ ဆိုရင် ဆရာကြီးရွှယ်က သေချာပေါက် လုကျစ်ကန်းလို ပုဂ္ဂိုလ်မျိုး ဖြစ်နေမှာပါ" ဟု ပြောလိုက်သည်။

ရွှယ်ကော်ချန် ရုတ်တရက် "ခင်ဗျား မှားနေပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ တုန်းက မွေးဖွားလာရင်တောင် ကွန်းဝူ ကျောက်လှီးဓား ၂ လက် မရှိရင် ကျွန်တော့်အဖေက လုကျစ်ကန်းကို ယှဉ်နိုင်မှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။

မုန်ရှီချန် ခဏတာ ဆွံ့အသွားပြီး ပြုံးကာ တိတ်ဆိတ်နေလိုက်သည်။ ရွှယ်ကော်ချန်၏ ရှေ့တွင် မမြင်ရသော ဖိအားတစ်ခုကို ခံစားနေရသည်။ အထက်လူကြီးနှင့် လက်အောက်ငယ်သား စကားပြောနေသကဲ့သို့ ဖြစ်နေပြီး ၎င်းသည် တစ်ဖက်လူ၏ ရာထူးဂုဏ်ရှိန်နှင့် သက်ဆိုင်ကောင်း သက်ဆိုင်နိုင်သည်။

ရှုချင်း သူတို့နှစ်ဦး လုကျစ်ကန်းအကြောင်း ပြောနေသည်ကို ကြားသောအခါ လည်ပင်းမှ ဆွဲသီးကို ပေါ့ပေါ့ပါးပါး ဆွဲထုတ်လိုက်ပြီး "အစ်ကိုမုန်... ဒီပစ္စည်း ပေးလိုက်တဲ့သူက လုကျစ်ကန်းနဲ့ အမျိုးတော်လား" ဟု မေးလိုက်သည်။

မုန်ရှီချန် ပြုံးပြီး ခေါင်းညိတ်ကာ "ငါ မမှားဘူးဆိုရင် အဲဒီလူရဲ့ မျိုးရိုးကလည်း လုပဲ ဖြစ်ရမယ်" ဟု ပြောလိုက်သည်။

ရှုချင်း အထင်သေးစွာ ပြုံးလိုက်ပြီး "ဪ! အံ့ဩစရာ မဟုတ်ပါဘူး၊ သန်း ၃၀၀ သုံးပြီး လုကျစ်ကန်း ကျောက်စိမ်းကို လက်ဆောင်အဖြစ် ပေးရဲမှတော့ လုမိသားစုက တော်တော် ချမ်းသာတာပဲ" ဟု ပြောလိုက်သည်။

"သန်း ၃၀၀? ပြီးတော့ ကျောက်စိမ်းတစ်ခု လက်ဆောင်ပေးတယ် ဟုတ်လား" အဘိုးအိုရွှယ်လည်း စကားဝိုင်းထဲ ပါဝင်လာသည်။ လက်တစ်ဖက်ဖြင့် ကျောက်ဝါတုံးကို ကိုင်လျက် လျှောက်လာပြီး ရှုချင်း ရင်ဘတ်ပေါ်မှ ဆွဲသီးကို လက်ညှိုးထိုးပြကာ "ရှောင်ရှု... အဲဒါ ချွတ်လိုက်စမ်း၊ ငါ ကြည့်ပါရစေ" ဟု ပြောလိုက်သည်။

ရှုချင်း မျက်လုံးလှန်ကြည့်လိုက်ပြီး "ကြည့်မနေပါနဲ့တော့ဗျာ။ ပစ္စည်းတွေ အကုန် သယ်သွားခိုင်းလိုက်တော့မယ်။ ပြီးရင် အစ်ကိုမုန်ကိုပဲ ထွင်းထုဖို့ လူရှာခိုင်းလိုက်တော့မယ်" ဟု စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။

"မင်း ရဲရင် လုပ်ကြည့်လေ!" အဘိုးအိုရွှယ် မျက်လုံးပြူးသွားပြီး မျက်နှာထား မည်းမှောင်သွားသည်။ ဒေါသတကြီး ပေဂျာကို ထုတ်ပြီး နှိပ်လိုက်သည်။

ခဏကြာတော့ သပ်ရပ်သွက်လက်သော သက်လတ်ပိုင်း အမျိုးသမီး ၂ ဦး ခန်းမထဲသို့ ဝင်လာကြသည်။ အဘိုးအိုရွှယ်က "ထမင်းပွဲ ပြင်လိုက်၊ ကောင်းကောင်း ပြင်ဆင်နော်၊ ပြီးတော့ အရက်ပါ ယူလာခဲ့" ဟု ညွှန်ကြားလိုက်သည်။

ပြောပြီးသည်နှင့် ရှုချင်းကို စိုက်ကြည့်ပြီး "မင်းက အစားသောက်ပဲ မက်တယ်၊ ရှေ့မှာ ရောက်နေတဲ့ တိမ်တိုက်ပေါ် ခြေလှမ်းလှမ်းနေတဲ့ ရွှေဘုရားကိုတောင် တန်ဖိုးထားရကောင်းမှန်း မသိဘူး။ ဒါ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာကွ!" ဟု ပြောလိုက်သည်။

ရှုချင်း ခေါင်းခါလိုက်ပြီး "ကျောက်စိမ်းပဲ ဖြစ်ဖြစ်၊ မြပဲ ဖြစ်ဖြစ် ဘယ်လောက် တန်ဖိုးရှိရှိ ကျွန်တော့်အမြင်မှာတော့ သဘာဝက ထွက်တဲ့ ပစ္စည်းပါပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် လှပတဲ့ သတ္တုတွင်းထွက်တွေပါပဲ၊ ကျောက်မီးသွေးနဲ့ မကွာခြားပါဘူး။ ရှားပါးပြီး လိုချင်တဲ့လူ များလို့သာ တန်ဖိုးရှိနေတာပါ" ဟု ပြောလိုက်သည်။

ရွှယ်ကော်ချန် ပြုံးပြီး "ကောင်းလိုက်တဲ့ စကားပဲ၊ လိုရင်းကို ထိတယ်။ သဘာဝပစ္စည်းတွေကနေ ပြုလုပ်ထားတဲ့ ဒီဇိမ်ခံပစ္စည်းတွေကြောင့်ပဲ မရေမတွက်နိုင်တဲ့ အရာရှိတွေက သွေးဆောင်ဖြားယောင်းမှု နောက်လိုက်ပါပြီး သူတို့ရဲ့ သဘာဝရင်းကို ပျောက်ဆုံးကာ ပြည်သူ့ဘဏ္ဍာကို ခိုးယူတဲ့ ရာဇဝတ်သားတွေ ဖြစ်သွားကြရတာပေါ့" ဟု ပြောလိုက်သည်။

အဘိုးအိုရွှယ် မျက်နှာထား တင်းတင်းဖြင့် "မင်းကောင်လေး ဘာတွေ လာပြောနေတာလဲ။ ငါ ဒီကျောက်တုံး ကျိုးပဲ့တွေကို ထွင်းထုပြီး မင်းတို့ ညီအစ်ကို ၃ ယောက်ကို ကျွေးမွေးခဲ့ရတာကွ။ ဘာလဲ၊ အရင်းရှင်စနစ်ရဲ့ အမြီးကို ဖြတ်တောက်ပစ်ချင်နေတာလား" ဟု ပြောလိုက်သည်။

အဘိုးအိုက ရှုချင်းကို မနိုင်၍ သူ့ဘက် ဒေါသလှည့်လာသည်ကို မြင်သောအခါ ရွှယ်ကော်ချန် ခါးသက်သက် ပြုံးလိုက်ပြီး "ကျွန်တော် အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး။ အမှန်တရားကို ပြောပြရုံပါ" ဟု ပြောလိုက်သည်။

အဘိုးအိုရွှယ် နှာခေါင်းရှုံ့လိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။ "မင်းတို့ အစိုးရ ဝန်ထမ်း လုပ်တဲ့ကောင်တွေက စကားပဲ ကောင်းကောင်း ပြောတတ်တာ။ ပြောင်းရွှေ့မိန့် ကျလာပြီဆိုတော့ ဘယ်တော့ ကျန်းချန်ကို သွားမှာလဲ"

ရွှယ်ကော်ချန် တိုးတိုးလေး ဖြေလိုက်သည်။ "နောက် ၂ ရက်နေရင် သွားပါမယ်။ ဒီ ၂ ရက် အဖေ့နားမှာ နေခဲ့မယ်။ အခြေအနေ တည်ငြိမ်သွားရင် အဖေ့ကို လာခေါ်ပါမယ်"

အဘိုးအိုရွှယ် ခေါင်းညိတ်လိုက်သည်။ ချက်လက်မှတ် စာအုပ်ကို ထုတ်ပြီး စာကြောင်းအနည်းငယ် ရေးကာ ရှုချင်းရှေ့သို့ ချပေးလိုက်သည်။ လေးလေးနက်နက်ဖြင့် "ငါ နှစ်တွေအများကြီး လုပ်လာပေမယ့် ပိုက်ဆံ အများကြီး မစုမိပါဘူး။ ဒီ တိမ်တိုက်ပေါ် ခြေလှမ်းလှမ်းနေတဲ့ ရွှေဘုရား အတွက် သန်း ၁၀၀ ပေးပါမယ်။ အကယ်၍ မင်းက ကျောက်စိမ်းပန်းပု ပညာကို မသင်ချင်ဘူး ဆိုရင် နောက်ထပ် လဝက်လောက်နေရင် ငါ့ပိုင်ဆိုင်မှု အားလုံးကို ရောင်းပြီး ကျန်တဲ့ငွေကို ဖြည့်ပေးပါမယ်။ အကယ်၍ မင်းသာ ဒီပညာကို သင်မယ်ဆိုရင် ကျန်တဲ့ငွေကို သင်တန်းကြေးအဖြစ် သတ်မှတ်လိုက်မယ်"

သန်း ၂၀၀? ရွှယ်ကော်ချန် မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ ရာထူးကြီးကြီး ရယူထားသော သူပင်လျှင် ဒီကိန်းဂဏန်းကြောင့် စိတ်လှုပ်ရှားသွားသည်။ သားဖြစ်သူအနေဖြင့် ဖခင်ဖြစ်သူ နှစ်ပေါင်းများစွာ ကျောက်စိမ်းထွင်းထုပြီး စုဆောင်းထားသော ကြွယ်ဝမှုကို သူ ကောင်းကောင်း သိသည်။ ငွေသား သန်း ၁၀၀ ဆိုတာ ဖခင်ဖြစ်သူ၏ စုဆောင်းငွေ အားလုံးနီးပါး ကုန်သွားလောက်ပြီ။ စတူဒီယိုထဲက ပစ္စည်းတွေနဲ့ ကျောက်စိမ်း ကုန်ကြမ်းတွေ မပါသေးဘူး။

အဲဒီ ပစ္စည်းတစ်ခုချင်းစီက ဆရာကြီးရွှယ်ရဲ့ အချိန်နဲ့ လုပ်အားတွေ အများကြီး ရင်းနှီးမြှုပ်နှံထားရတာ။ ငွေသားအဖြစ် ပြောင်းလဲမယ်ဆိုရင် အနည်းဆုံး သန်း ၂၀၀ လောက် တန်ကြေးရှိမှာ။ သူပြောသလို ပိုင်ဆိုင်မှု အားလုံး ရောင်းရလောက်တဲ့အထိတော့ အခြေအနေ မဆိုးပါဘူး။

ရှုချင်း ချက်လက်မှတ်ကို ကောက်ယူပြီး ဘေးနားရှိ မုန်ရှီချန်လက်ထဲ တိုက်ရိုက် ထည့်ပေးလိုက်သည်။ ခဏတာ စဉ်းစားပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။ "ကျွန်တော် ကျောင်းတက်ရဦးမယ်။ ကျောက်စိမ်းပန်းပု သင်ဖို့ အချိန်ရမှာ မဟုတ်ဘူးဗျ"

ရှုချင်း အဘိုးအိုရွှယ်ကို စတင် မုန်းတီးလာပြီ ဖြစ်သည်။ သူ့စကားအရ ကျောက်စိမ်းပန်းပု ပညာကို သင်မယ်လို့ သဘောတူလိုက်ရင် ကျန်တဲ့ သန်း ၁၀၀ ကို ရမှာ မဟုတ်တော့ဘူး။ ကျောက်စိမ်းပန်းပု ပညာ သင်တန်းကြေးက သန်း ၁၀၀ တောင် ပေးရမှာလား။ ဒါက လွန်လွန်းအားကြီးတယ်။

ဒီလို တွေးမိတာ ရှုချင်း တစ်ယောက်တည်း မဟုတ်ဘူး။ ထန်ကော်ပင်းနဲ့ မုန်ရှီချန်တို့ရဲ့ မျက်နှာထားတွေလည်း ထူးဆန်းသွားကြသည်။ ရွှယ်ကော်ချန် တစ်ယောက်သာ ပြုံးပြီး တိတ်ဆိတ်နေသည်။

အဘိုးအိုရွှယ်က ဒီရလဒ်ကို ကြိုတင်မျှော်လင့်ထားပုံရပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "ငြင်းဖို့ မလောပါနဲ့ဦး။ ငါ မင်းဆီက အခွင့်ကောင်း ယူချင်နေတာ မဟုတ်ပါဘူး။ တခြားလူသာဆိုရင် ပိုက်ဆံ ဘယ်လောက်ပေးပေး ငါ သင်ပေးမှာ မဟုတ်ဘူး။ ထူးကဲတဲ့ ပါရမီရှင် မဟုတ်ရင်ပေါ့"

ရှုချင်း စဉ်းစားလိုက်ပြီး "ထူးကဲတဲ့ ပါရမီရှင်ဆိုတာ ဘာကို ဆိုလိုတာလဲ" ဟု မေးလိုက်သည်။

အဘိုးအိုရွှယ်သည် ရင်ခွင်ထဲမှ ကျောက်ဝါတုံး၏ အောက်ခြေကို လက်ညှိုးထိုးပြပြီး "ရိုးရှင်းပါတယ်။ ဒီကျောက်စိမ်းတုံးကို ကြည့်ပြီး တိမ်တိုက်ပုံစံ ဘယ်နှခု ပါလဲဆိုတာ ကြည့်လိုက်ပါ။ မင်းမှာ ၁၅ မိနစ် အချိန်ရမယ်။ မင်း မှန်အောင် ပြောနိုင်ရင် ငါ့ရဲ့ နောက်ဆုံး တပည့် ရွှယ်ယွန်းဟုန် ဖြစ်လာမယ်။ စည်းမျဉ်းအရ မင်းက ငါ့ရဲ့ နောက်ဆုံး လက်ရာကို အမွေဆက်ခံရမယ်။ အကယ်၍ မင်း မှားသွားရင်တော့ ဒီဆရာတပည့် ကိစ္စ ပျက်ပြယ်ပြီ။ ငါတို့ ဆရာတပည့် ဖြစ်ဖို့ ရေစက်မပါလို့ပဲ သတ်မှတ်လိုက်တော့မယ်" ပြောပြီးသည်နှင့် သူ ပြုံးကာ ကျောက်ဝါတုံးကို ပြောင်းပြန်လှန်ပြီး ရှုချင်းလက်ထဲ ထည့်ပေးလိုက်သည်။

ဒါကို ကြားလိုက်ရတော့မှ ဆရာကြီးရွှယ်က တကယ်ပဲ ဘာမှ လိုချင်မက်မောစိတ် မရှိမှန်း ရှုချင်း သဘောပေါက်သွားသည်။ အကယ်၍ သူသာ တကယ် တပည့်ဖြစ်လာရင် သန်း ၁၀၀ နဲ့ ကျောက်စိမ်းပန်းပု ပညာတင် မကဘဲ ဒီကျောက်ဝါတုံးနဲ့ ထွင်းထုထားတဲ့ လက်ရာပစ္စည်းကိုပါ ပိုင်ဆိုင်ရဦးမှာ။ ဒါက တကယ့်ကို အမြတ်ကြီးစားမယ့် အလုပ်ပဲ။

ရှုချင်း ကျောက်ဝါတုံးကို ယူပြီး ၂ ခါလောက် ကြည့်ကာ "တိမ်တိုက်ပုံစံ စုစုပေါင်း ၉ ခု ပါတယ်။ အရှည် ၅ ခု၊ အတို ၄ ခု၊ ပြီးတော့ ၂ ခုက ထပ်နေတယ်" ဟု ပြောလိုက်သည်။

သူသည် ဤကြက်ဆီဝါ ကျောက်တုံး အတွင်း၌ ရှိနေစဉ်ကတည်းက တိမ်တိုက်ပုံစံများကို ဂရုတစိုက် အကြိမ်ကြိမ် ရေတွက်ခဲ့ပြီး ဖြစ်သည်။ ယခု အပေါ်ယံ ကြည့်လိုက်ခြင်းမှာ ဟန်ပြသက်သက်သာ ဖြစ်သည်။

အဘိုးအိုရွှယ် ခဏတာ ကြောင်အမ်းသွားပြီးနောက် ရုတ်တရက် ခေါင်းမော့ကာ ဟားတိုက် ရယ်မောလိုက်သည်။ "ဟားဟားဟား! ဒီကလေးက သင်ပေးလို့ ရမယ့်ကလေးပဲ၊ ဒီကလေးက သင်ပေးလို့ ရမယ့်ကလေးပဲ..." သူ ရယ်မောနေစဉ် မျက်ရည်စီးကြောင်း ၂ ခု သူ့မျက်လုံးများထဲမှ စီးကျလာသည်။