အခန်း (၄၆) ကံဆိုးတဲ့ ကျောက်ဖြတ်သမား
ကုန်စည်ပြပွဲအလယ်တွင် ၁ မီတာကျော် မြင့်သော ယာယီ စင်မြင့်တစ်ခု တည်ဆောက်ထားသည်။ စင်မြင့်ပေါ်တွင် ကျောက်ဖြတ်စက် ၅၀ ကို ၃ တန်းစီထားသည်။ တောင်ဘက်အစွန်ဆုံးတွင် အနီရောင် ကတ္တီပါစ ခင်းထားသော စားပွဲရှည်ကြီးတစ်လုံး ရှိပြီး အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦး ပါဝင်သော ဒိုင်လူကြီး ၆ ဦး ထိုင်နေကြသည်။ အဖြူရောင်ရှပ်အင်္ကျီ ဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် မိုက်ခရိုဖုန်းကို ကိုင်ကာ ကျောကို မတ်မတ်ထားပြီး ကျွမ်းကျင်သော အပြုံးတစ်ခုဖြင့် စားပွဲရှည်ကြီးရှေ့တွင် ရပ်နေသည်။
"ဧည့်သည်တော်ကြီးများ ခင်ဗျား... ထိန်ချုံး ကျောက်စိမ်း ကုန်စည်ပြပွဲမှ ကြိုဆိုပါတယ်။ ဒီနေ့မှာတော့ အလွန် ထူးခြားဆန်းပြားတဲ့ ကျောက်စိမ်းလောင်းကစားပြိုင်ပွဲကြီးကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ဒီပြိုင်ပွဲရဲ့ ဒိုင်လူကြီးမင်းများနဲ့ မိတ်ဆက်ပေးပါရစေ..." စပီကာမှ ထွက်ပေါ်လာသော အမျိုးသားအသံသည် ခန်းမတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ ထို့နောက် ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများကို အကျဉ်းချုံး ရှင်းပြပြီး ကျောက်စိမ်းလောင်းကစားပြိုင်ပွဲ တရားဝင် စတင်ကြောင်း ကြေညာလိုက်သည်။
ကုန်စည်ပြပွဲသို့ ဝင်ရောက်ခွင့်ရှိသူ သိပ်မများလှသဖြင့် စင်မြင့်ရှေ့တွင် ပလတ်စတစ် ခုံမြင့်တန်း အနည်းငယ်သာ ချထားသည်။ ရှုချင်းနှင့် အဖွဲ့သည် ကြည့်ကောင်းသော နေရာတစ်နေရာကို အထူး ရွေးချယ် ထိုင်လိုက်ကြသည်။ တစ်ခုတည်းသော အားနည်းချက်မှာ အပျင်းပြေ စားဖို့ နေကြာစေ့တို့ ဘာတို့ မပါလာခြင်းပင်။
ပထမဆုံး ကျောက်ဖြတ်ရမည့် အလှည့်မှာ နံပါတ် ၀၁ မှ ၅၀ အထိ ဆိုင်များ ဖြစ်သည်။ ကျောက်ဖြတ်စက် ၅၀ လုံး ပြိုင်တူ စတင် လည်ပတ်ကြသည်။ စက်များ နီးကပ်စွာ ရှိနေသဖြင့် အသံများမှာ နားကွဲလုမတတ် စူးရှနေသည်။ စင်မြင့်ပေါ်မှ ဒိုင်လူကြီးများပင် ကျောက်ဖြတ်သမားများကို ရေလောင်းရန် မကြာခဏ သတိပေးနေရသည်။
ကျောက်တုံးကြမ်း အားလုံးတွင် မပေးအပ်မီ ဖြတ်တောက်ရမည့် မျဉ်းကြောင်းများ ရေးဆွဲထားပြီးဖြစ်သဖြင့် ကျောက်ဖြတ်ခြင်း လုပ်ငန်းစဉ်ကို များစွာ မြန်ဆန်စေသည်။ အကယ်၍ ဆုံးရှုံးမှု တစ်စုံတစ်ရာ ရှိခဲ့လျှင်လည်း ဆိုင်ရှင်များ၏ မျဉ်းဆွဲမှု မှားယွင်းခြင်းကြောင့်သာ ဖြစ်ပြီး အခြားသူများကို အပြစ်တင်၍ မရနိုင်ပေ။
မျဉ်းကြောင်းအတိုင်း ဖြတ်တောက်ခြင်း၊ မြူခိုးများကို ပွတ်တိုက်ခြင်းများဖြင့် ကျောက်ဖြတ်သမားများသည် ကျောက်တုံးကြမ်း တစ်တုံးချင်းစီကို စေ့စပ်သေချာစွာ၊ ကျွမ်းကျင်စွာနှင့် တည်ငြိမ်စွာ ဖြတ်တောက်နေကြသည်။ ပထမအသုတ် ကျောက်တုံးကြမ်းများကို တစ်နာရီ မပြည့်မီ ၉၀ ရာခိုင်နှုန်းခန့် ဖြတ်တောက်ပြီးစီးသွားသည်။ ကျောက်ဖြတ်စက် ၃ လုံးသာ ဆက်လက် လည်ပတ်နေပြီး ကျောက်စနှင့် ရေ ရောနှောထားသော မီးခိုးဖြူရောင် အရည်များ စီးကျနေသည်။
နောက်ဆုံးကျန်သော ဆိုင် ၃ ဆိုင်၏ ကျောက်တုံးကြမ်း အားလုံးတွင် ကျောက်စိမ်းများ ပါဝင်နေသည်။ ထိုအထဲမှ နံပါတ် ၂၆ နှင့် ၁၈ တို့၏ ကျောက်တုံးများသည် အရည်အသွေးမြင့် ရေခဲသား အဝါစိမ်းရောင် ကျောက်စိမ်းများ ဖြစ်ကြသည်။ ကျန်တစ်ဆိုင်တွင်လည်း ရွှေချည်မျှင် ကျောက်စိမ်း ပါဝင်သော်လည်း အရောင်မှာ မတောက်ပဘဲ ကြည်လင်မှုမှာလည်း ယခင် ၂ ဆိုင်နှင့် ယှဉ်လျှင် များစွာ လျော့နည်းသည်။
ကျောက်စိမ်းလောင်းကစားပြိုင်ပွဲတွင် ပါဝင်သော ဆိုင်တိုင်းသည် ကျောက်တုံးကြမ်း ၃ တုံး တင်သွင်းရခြင်း အကြောင်းရင်းမှာ ရှင်းလင်းမှု၊ အရွယ်အစားနှင့် တန်ဖိုး ဟူသော အချက် ၃ ချက်အပေါ် မူတည်ပြီး ဘက်စုံ အကဲဖြတ်ကာ အကြီးမားဆုံး အနိုင်ရသူကို ရွေးချယ်ရန် ဖြစ်သည်။ နံပါတ် ၁၈ ဆိုင်မှ တွေ့ရှိသော အရည်အသွေးမြင့် ရေခဲသား အဝါစိမ်းရောင် ကျောက်စိမ်းသည် လက်သီး ၂ ဆုပ်စာခန့် အရွယ်အစား ရှိပြီး နံပါတ် ၂၆ ဆိုင်မှ ကျောက်စိမ်းထက် ၂ ဆကျော် ပိုကြီးသည်။
လက်သည်းခွံလောက် ရှိသော မှန်သားပြင် ကျောက်စိမ်း တစ်စသည် လက်သီးဆုပ်လောက် ရှိသော အဆင့်မြင့် ရေခဲသား ကျောက်စိမ်း တစ်တုံးလောက် တန်ဖိုးမရှိနိုင်ပေ။ သဘာဝကျကျပင် အဆင့်မြင့် ရေခဲသား ကျောက်စိမ်းက နောက်ဆုံးတွင် အနိုင်ရရှိသွားသည်။ ရှိနေသော ဒိုင်လူကြီးများ အားလုံးသည် ရတနာနှင့် ကျောက်စိမ်းလောကမှ ကျွမ်းကျင်သူများ ဖြစ်ကြသဖြင့် မျှတပြီး ဘက်လိုက်မှုကင်းသော အကဲဖြတ်မှုကို အာမခံပါသည်။
ဤအသုတ် ကျောက်တုံးကြမ်းများတွင် ကျောက်စိမ်း တွေ့ရှိနိုင်ချေ ၅၀ ရာခိုင်နှုန်းကျော် ရှိခြင်းက ဆိုင်ရှင်များသည် ကံစမ်းရန်အတွက် သူတို့၏ အကောင်းဆုံး ပစ္စည်းများကို ထုတ်သုံးထားကြောင်း ပြသနေသည်။ သို့သော် အနိုင်ရသူ တစ်ဦးတည်းသာ ရှိမည်ဖြစ်ပြီး ထိုသူသည် တွေ့ရှိသမျှ ကျောက်စိမ်း အားလုံးကို အခမဲ့ ရရှိမည် ဖြစ်ရာ အံ့မခန်း ကြွယ်ဝမှုပင်။
ကျောက်စိမ်းလောင်းကစားပြိုင်ပွဲသည် လောင်းကစားခြင်းကို အစွန်းကုန် ရောက်စေသော ခမ်းနားကြီးကျယ်သည့် ပွဲတော်တစ်ခု အမှန်ပင်။
"သန်း ၅၀... ရက်ရောလိုက်တဲ့ ကမ်းလှမ်းမှုပဲ။ ဒီတစ်ခါတော့ သူဌေးမုန်ကို တကယ် ကျေးဇူးတင်ရတော့မယ်" မကောင်းဆိုးဝါးဆန်သော အမျိုးသားအသံ တစ်သံ ရှုချင်းတို့၏ အနောက်မှ ထွက်ပေါ်လာသည်။ ပူပြင်းသော နေ့လယ်ခင်း ဖြစ်သော်လည်း ကြက်သီးထသွားစေသည်။ လှည့်မကြည့်ဘဲနှင့် ပိုင် မျိုးရိုးကောင် ရောက်လာမှန်း သိလိုက်သည်။
မုန်ရှီချန်၏ မျက်လုံးများသည် စင်မြင့်ပေါ်တွင် သန့်စင်နေသော ကျောက်တုံးဆီသို့သာ ရောက်နေသည်။ နံပါတ် ၁၈ ဆိုင်မှ ကျောက်စိမ်းများ တစ်တုံးပြီးတစ်တုံး ထွက်ပေါ်လာသည်ကို ကြည့်ရင်း စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။ ၃ တုံးလောင်းတာ ၃ တုံးလုံး နိုင်တယ်။ အရည်အသွေးမြင့် ရေခဲသား အဝါစိမ်းရောင် ကျောက်စိမ်းအပြင် ရေ အလွန်ကောင်းမွန်သော ဆီစိမ်းရောင် ကျောက်စိမ်း ၂ တုံးလည်း ပါဝင်သည်။ ပထမအသုတ် ကျောက်ဖြတ်သော ဆိုင်များထက် များစွာ သာလွန်နေသည်။ လောင်းကစားတွင် ပါဝင်သော နံပါတ် ၂၆ ဆိုင်ပင်လျှင် လုံးဝ ရှုံးနိမ့်သွားပြီ။ ဒီလောင်းကြေးက တကယ် အန္တရာယ်များပုံရသည်။
သူ့စိတ်များ ရှုပ်ထွေးနေသည်။ အနောက်မှ ပိုင်ရှန်ကျွင်း၏ လှောင်ပြောင်သံများကို လုံးဝ ဂရုမစိုက်နိုင်ဘဲ ကျောက်သွေးဘီးနှင့် ကျောက်တုံး ပွတ်တိုက်သံကိုသာ ကြားနေရသည်။
ထန်ကော်ပင်း ရွံရှာပြီး ကြက်သီးထလာသဖြင့် တော်တော် စိတ်တိုသွားသည်။ လှည့်ကြည့်ပြီး ပိုင်ရှန်ကျွင်းကို စိုက်ကြည့်ကာ "မင်းက အရူးလား၊ တုံးနေတာလား။ အမှိုက် ၂ တုံးလောက် ဖွင့်နိုင်ရုံနဲ့ ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီး ထင်နေတာလား။ မင်းရဲ့ မျက်လုံးစွေတွေကို ဖွင့်ပြီး သေချာကြည့်ထား၊ ခဏနေရင် ငိုရလိမ့်မယ်" ဟု ဆဲဆိုလိုက်သည်။
မုန်ရှီချန်က သူ့ကို လျစ်လျူရှုရုံမက ဒီလို ပါးစပ်ကြမ်းတဲ့ လူမိုက်ကောင်ကပါ ဆဲဆိုလိမ့်မယ်လို့ ပိုင်ရှန်ကျွင်း လုံးဝ ထင်မထားခဲ့ပေ။ သို့သော် ဖန်းပြောင်ပြောင် ဘေးနားတွင် ရှိနေသဖြင့် စိတ်ကို ထိန်းထားရသည်။ သူ့၏ ဖြူဖပ်ဖြူရော် မျက်နှာသည် တဖြည်းဖြည်း အရောင်ပြောင်းလာပြီး နောက်ဆုံးတွင် စင်ပေါ်မှ ဆီစိမ်းရောင် ကျောက်စိမ်း အရောင်နှင့် တော်တော် ဆင်တူသွားသည်။
"လူကြီးမင်း... လူတစ်ဖက်သားကို ဘယ်လိုလုပ် ဒီလို ဆဲဆိုရဲရတာလဲ" ဖန်းပြောင်ပြောင် မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ သူမ၏ သူဌေးကို ကာကွယ်ပေးနေကြောင်း ထင်ရှားသည်။
ထန်ကော်ပင်း မဲ့ပြုံးပြုံးလိုက်ပြီး "မရီး... ဒီ ပိုင်မျိုးရိုးကောင်က ဘာပဲဖြစ်ဖြစ် လူကောင်း မဟုတ်ပါဘူး။ ကျွန်တော်က ပါးစပ်နဲ့ပဲ ဆဲလို့ ဗာဂျင်မေရီကို ကျေးဇူးတင်သင့်တယ်။ မဟုတ်ရင် ကျွန်တော့် အရင်စိတ်နဲ့သာ ဆိုရင် ဒီကောင့်ကို ခြေထောက်နဲ့ နင်းသတ်မိလောက်ပြီ" ဟု ပြောလိုက်သည်။
ဖန်းပြောင်ပြောင် ဒီလို အကျိုးအကြောင်း မသိတဲ့ လူမျိုးကို ဘာမှ မတတ်နိုင်တော့ပေ။ မုန်ရှီချန်အနားသို့ ဒေါသတကြီး လျှောက်သွားပြီး "အစ်ကိုမုန်... နှစ်တွေအများကြီး ကြာပြီးမှ ခင်ဗျား ဒီလို ယဉ်ကျေးမှု မရှိတဲ့ လူမျိုးနဲ့ ပေါင်းသင်းနေလိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ တကယ် စိတ်ပျက်စရာ ကောင်းတယ်" ဟု ပြောလိုက်သည်။
ရှုပ်ထွေးမှုများကြားမှ သတိပြန်ဝင်လာသော မုန်ရှီချန်လည်း ဒေါသထွက်သွားသည်။ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပြီး "ပိုင်မျိုးရိုးကောင်က မင်းရဲ့ သူဌေး ဖြစ်သလို သခင်လေးထန်ကလည်း ငါ့ရဲ့ စီးပွားရေး ပါတနာ၊ သူငယ်ချင်းကောင်း၊ ညီအစ်ကိုကောင်းပဲ။ ငါ ဘယ်သူနဲ့ ပေါင်းသင်းတယ် ဆိုတာ ဘယ်သူ့ကိစ္စမှ မဟုတ်ဘူး... ဇနီးဟောင်း!" ဟု ပြောလိုက်သည်။
နောက်ဆုံး စကားလုံး ၂ လုံးကို သွားကြားထဲမှ ညှစ်ထုတ်ပြီး ပြောလိုက်ရာ အသံ အနည်းငယ် တုန်ယင်သွားသည်။
ဖန်းပြောင်ပြောင်၏ မျက်နှာထား ပြောင်းလဲသွားပြီး မျက်လုံးထဲတွင် မျက်ရည်များ ဝဲလာသည်။ နှုတ်ခမ်းကို ကိုက်ပြီး တိတ်ဆိတ်နေလိုက်သည်။ မုန်ရှီချန်က ပိုင်ရှန်ကျွင်းနှင့် လောင်းကစားရန် သန်း ၅၀ ထည့်ဝင်ထားကြောင်း သူမ သိထားပြီးသား ဖြစ်သည်။ ပိုင်မျိုးရိုးကောင်အပေါ် ပြောမပြတတ်အောင် ရွံရှာမိသည်။ လင်မယားဟောင်း အနေဖြင့် ခံစားချက်အရ မုန်ရှီချန်ဘက်သို့ ယိမ်းယိုင်နေဆဲ ဖြစ်သည်။ အနည်းဆုံးတော့ သူမ၏ ခင်ပွန်းဟောင်းသည် ဒီအန္တရာယ်များတဲ့ လောင်းကစားပွဲမှာ သူမအတွက် သက်သက် ပါဝင်နေတာ ဆိုတာ သူမ သိနေတယ်။
ယခုအချိန်တွင် ပထမအသုတ် ကျောက်တုံးကြမ်းများ အားလုံးကို ဖြတ်တောက်ပြီးစီးသွားပြီ ဖြစ်သည်။ ကျောက်စိမ်းတုံး အားလုံးကို အမှတ်အသား ပြုလုပ်ပြီး ဒိုင်လူကြီး ၆ ဦး၏ စားပွဲပေါ်သို့ ပို့ဆောင်လိုက်သည်။ အကျဉ်းချုံး ဆွေးနွေးပြီးနောက် ဒိုင်လူကြီးများ သဘောတူညီမှု ရရှိသွားကြသည်။ အခမ်းအနားမှူး မိုက်ခရိုဖုန်းကို ကိုင်ပြီး အနိုင်ရသူကို ကြေညာလိုက်ရာ အံ့ဩစရာ မရှိဘဲ နံပါတ် ၁၈ ဆိုင်က ပထမ ရရှိသွားသည်။
ဒုတိယအုပ်စု ဖြစ်သော နံပါတ် ၅၁ မှ ၁၀၀ အထိ ကျောက်တုံးကြမ်းများကို စင်မြင့်ပေါ်သို့ ပို့ဆောင်လိုက်သည်။ နံပါတ် ၅၆ ဆိုင်၏ ကျောက်တုံးကြမ်းကို ဖြတ်တောက်ရန် တာဝန်ယူထားသူမှာ မနေ့က ကြက်ဆီဝါ ကျောက်တုံးကို ဖြတ်ခဲ့သော လူသန်ကြီး ဖြစ်နေသည်ကို ရှုချင်း အံ့ဩစွာ တွေ့ရှိလိုက်ရသည်။ ဒီနေရာမှ ကျောက်ဖြတ်သမား ၅၀ ကို ဆိုင်အသီးသီးမှ ယာယီ ခေါ်ယူထားခြင်း ဖြစ်ပုံရသည်။ ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် ဖြေရှင်းနည်း တစ်ခုပင်။
ကျောက်ဖြတ်စက် ပြန်လည် လည်ပတ်လာသည်။ ရှုချင်း စင်မြင့်နှင့် ပိုမို နီးကပ်စွာ မြင်နိုင်ရန် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း လူသန်ကြီးသည် ကျောက်တုံးကြမ်းပေါ်တွင် မှတ်သားထားသော နံပါတ်များအတိုင်း စတင် ဖြတ်တောက်လိုက်သည်။ ရွှပ်ခနဲ အသံနှင့်အတူ နံပါတ် ၁ ကျောက်တုံးကြမ်းမှ ဝေဝါးသော အဖြူရောင် မြူခိုးများ ချက်ချင်း ပေါ်ထွက်လာသည်။
လူသန်ကြီး၏ မျက်နှာထား ပြောင်းလဲသွားပြီး "ပထမဆုံး ဖြတ်လိုက်တာနဲ့ မြူခိုး ထွက်လာတယ်၊ ဒါက ခက်ခဲအောင် လုပ်နေတာပဲ" ဟု တီးတိုး ညည်းညူလိုက်သည်။
ကျောက်သွေးခြင်းသည် စေ့စပ်သေချာရသော အလုပ်ဖြစ်ပြီး ကျောက်ဖြတ်ခြင်းထက် အချိန်နှင့် လုပ်အား ပိုမို လိုအပ်သည်။ လူသန်ကြီးသည် ခုနကမှ နံပါတ် ၂၆ ဆိုင်၏ ကျောက်တုံးကြမ်းကို ဖြတ်တောက်ခဲ့ပြီး ၃ ကြိမ် ကြိုးစားရာတွင် ၂ တုံး ကောင်းမွန်စွာ ရရှိခဲ့သဖြင့် အခြားသူများထက် နာရီဝက်ခန့် ပိုကြာခဲ့သည်။ ဒီတစ်ခါ ပထမဆုံး ဖြတ်ချက်မှာတင် မြူခိုး ထွက်လာတော့ သူ့စိတ်ပျက်မှုက သိသာနေသည်။
ပါးလွှာသော မြူခိုးလွှာကို ပွတ်တိုက် ဖယ်ရှားလိုက်သောအခါ တောက်ပပြီး မျက်စိပသာဒ ဖြစ်စေသော အစိမ်းရောင် ပေါ်ထွက်လာသည်။ လူသန်ကြီး နှုတ်ခမ်းစူလိုက်ပြီး စင်အောက်မှ ပရိသတ်များ မမြင်ရအောင် ကိုယ်ခန္ဓာဖြင့် တမင် ကာထားလိုက်သည်။ သို့သော် စင်ပေါ်ရှိ မျက်စိလျင်သော ဒိုင်လူကြီး ၂ ဦးကမူ တောက်ပသော အစိမ်းရောင်ကို သတိထားမိလိုက်ပြီး သူတို့၏ မျက်လုံးများ ရုတ်တရက် အရောင်တောက်သွားကြသည်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: