ဇီရှားတောင်ထက်တွင် လူတစ်ယောက်သည် ရေတံခွန်ကြီးတစ်ခု၏ ရှေ့၌ တင်ပျဉ်ခွေထိုင်ကာ မျက်လုံးများကို မှိတ်ထားပြီး နတ်ဘုရားတစ်ပါးအလား တည်ငြိမ်နေသည်။

ထိုလူငယ်သည် တောက်ပပြီး စူးရှသော မျက်လုံးများ ကျောက်စိမ်းကဲ့သို့ ဖြူဝင်းသော မျက်နှာထားနှင့် အလွန်အမင်း ခန့်ညားချောမောသူဖြစ်သည်။ သူ၏ ဆံနွယ်ရှည်များသည် လေထဲတွင် လွင့်ပျံနေပြီး သူ၏ ကျက်သရေရှိပြီး သန့်စင်သော ပုံစံကို ပိုမို ပေါ်လွင်စေသည်။

"သောက်ကျိုးနည်း... ကျင့်ကြံရတာကလည်း ခက်လိုက်တာကွာ!"

"လေးနှစ်တောင် ကျင့်ကြံခဲ့ပြီးတာတောင် ငါက ချီသန့်စင်ခြင်း အဆင့် (၃) မှာပဲ တန်းလန်း ဖြစ်နေတုန်းလား"

"ဒါ အဓိပ္ပာယ်မရှိဘူးကွ!"

"ကျန်းအာဂေါက်ဆိုရင် အခြေတည်အဆင့်တောင် ရောက်နေပြီ သူက ငါ့ထက် တစ်လလောက်နောက်ကျမှ စသင်ခဲ့တဲ့ကောင်ကို"

"ဒီလို မဖြစ်သင့်ပါဘူး!"

"ကောင်းကင်ဘုံကိုတောင် အာခံနိုင်တဲ့ ငါ့ရဲ့ ရုပ်ရည်ကြောင့် ကောင်းကင်ကြီးက မနာလိုဖြစ်ပြီး ငါ့ရဲ့ ကျင့်ကြံခြင်းလမ်းခရီးကို ခက်ခဲအောင် လုပ်နေတာများလား"

"ဟုတ်တယ်... ဒါ အသေအချာပဲ!"

"ဘာလို့လဲကွ!"

"ဒါတွေအားလုံးက ရုပ်ချောတဲ့ ချီဓာတ်တွေကြောင့်ပဲ!"

"ငါက ဒီလောက်ထိ ချောချင်လို့ ချောနေတာမှ မဟုတ်တာ! ဘာလို့ ငါ့ကိုမှ ဒီလို လာလုပ်နေရတာလဲ"

"အာ....!"

ထိုလူက နာကြည်းမှု ဒေါသများနှင့် ပြည့်နှက်နေသော အသံဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ဒီလူရဲ့ နာမည်က လီချင်းယွမ် အသက် (၂၀) ရှိပါပြီ။ ငယ်စဉ်ကတည်းက မိခင်ဖြစ်သူနဲ့ အတူနေထိုင်ခဲ့ရသူပါ။ အကြောင်းအရင်းမရှိဘဲ သူ့အသက် (၁၀) နှစ်သားအရွယ်မှာ မိခင်ဖြစ်သူ ရုတ်တရက် ပျောက်ဆုံးသွားခဲ့တာကြောင့် မိဘမဲ့တစ်ကောင် ဖြစ်လာခဲ့ပြီး အလွန်ခက်ခဲကြမ်းတမ်းတဲ့ ဘဝကို ဖြတ်သန်းခဲ့ရပါတယ်။

သူဟာ အမှိုက်ကောက် သူတောင်းစားအဖြစ်နဲ့ အသက်ဆက်ခဲ့ရသူပါ။ အသက် (၁၆) နှစ်အရွယ်မှာတော့ ဝူချန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်သမီးဖြစ်သူ လင်းယွီယောင်ကို မထင်မှတ်ဘဲ ကယ်တင်ခွင့် ရခဲ့တာကြောင့် ဝူချန်ဂိုဏ်းကို ခေါ်ဆောင်ခြင်းခံရပြီး အတွင်းစည်းဂိုဏ်းသားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူ ဂိုဏ်းထဲရောက်တဲ့အချိန်မှာ ဂိုဏ်းတည်ထောင်သူ ဘိုးဘေးကြီးရဲ့ ရုပ်တုကနေ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူ့မျက်ခုံးနှစ်ခုကြားကို ရိုက်ခတ်သွားခဲ့တာကြောင့် သူ့ကို "ရွေးချယ်ခံရသူ" လို့ သတ်မှတ်ခဲ့ကြပါတယ်။

ဝူချန်ဂိုဏ်းဟာ အဆင့်နှစ် ဂိုဏ်းတစ်ခုဖြစ်ပြီး ကျင့်ကြံခြင်းလောကမှာ အတော်လေး နာမည်ကျော်ကြားပါတယ်။ ဂိုဏ်းချုပ် လင်းထျန်းနန်က သူ့ရဲ့ တစ်ဦးတည်းသော သမီးလေး လင်းယွီယောင်ကိုတောင် လီချင်းယွမ်နဲ့ စေ့စပ်ပေးခဲ့ပါသေးတယ်။ သူမ အသက် (၂၀) ပြည့်တဲ့အခါ လက်ထပ်ကြဖို့ပေါ့။ မျက်စိတစ်မှိတ်အတွင်းမှာပဲ လီချင်းယွမ်ဟာ သူတောင်းစားဘဝကနေ ကောင်းကင်ဘုံရဲ့ အချစ်တော် ဖြစ်လာခဲ့ပါတယ်။

ဒီအခြေအနေကြီးက သူ့ကို အတိုင်းအဆမရှိ ပျော်ရွှင်စေခဲ့တာပါ။

ဂိုဏ်းချုပ် လင်းထျန်းနန် ဒီလိုစီစဉ်လိုက်တာက လီချင်းယွမ်ကို နှစ်အနည်းငယ်လောက် စောင့်ကြည့်ပြီး သူက တကယ်ပဲ ရွေးချယ်ခံရသူ ဟုတ် မဟုတ် အတည်ပြုချင်လို့ပါပဲ။

လင်းယွီယောင်ကတော့ သူမအသက်ကို ကယ်တင်ခဲ့တဲ့ ကျေးဇူးကြောင့်ရယ် လီချင်းယွမ်က အရမ်းချောမောလွန်းနေတာကြောင့်ရယ် ဒီကိစ္စကို လက်ခံခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ လီချင်းယွမ်ရဲ့ ပါရမီက သာမန်ကာလျှပ်ကာသာရှိပြီး မျှော်လင့်ချက် မရှိသလောက်ဖြစ်နေမှန်း သိသွားကြပါတယ်။

ဂိုဏ်းချုပ် လင်းထျန်းနန်နဲ့ လင်းယွီယောင်တို့လည်း တဖြည်းဖြည်းနဲ့ သူ့အပေါ် သွေးအေးလာကြပါတယ်။

"စီနီယာအစ်ကိုလီ... ဘာတွေဖြစ်နေတာလဲ"

"ဝက်ကို သတ်ဖို့လုပ်နေသလိုပဲ အော်ဟစ်နေလိုက်တာ!"

လူတစ်ယောက်က ကောက်ကျစ်တဲ့ အပြုံးတစ်ခုနဲ့ အဝေးကနေ လျှောက်လာပါတယ်။

"ဘာမှမဟုတ်ပါဘူးကွ! ငါက ဒီရက်ပိုင်း ဝမ်းနည်းနည်း ချုပ်နေလို့ ဝမ်းသွားအောင် အော်ပြီး အားယူနေတာ။ ကျန်းယုံဖူ... မင်းကရော ဒီကို ဘာလာလုပ်တာလဲ"

ကျန်းယုံဖူက သိလျက်နဲ့ မေးလိုက်ပါတယ် "ဂိုဏ်းချုပ်က ခင်ဗျားကို လာခေါ်ခိုင်းလိုက်လို့ ဂျူနီယာညီမလေးလင်းနဲ့ ပြောင်းမြောင်ဂိုဏ်းက ဂိုဏ်းသခင် ရှောင်ကျန်ယွီတို့ရဲ့ စေ့စပ်ပွဲကိစ္စကို အသိပေးမလို့ နေမှာပေါ့"

လီချင်းယွမ် မျက်မှောင်ကြုတ်လိုက်ပြီး "ပေါက်ကရတွေ! လင်းယွီယောင်က ငါ့ရဲ့ စေ့စပ်ထားသူပါကွ သူက ဘယ်လိုလုပ် တခြားလူနဲ့ လက်ထပ်ရမှာလဲ"

"ကျွန်တော် လိမ်နေလား မလိမ်နေဘူးလားဆိုတာ ခင်ဗျား လိုက်မေးကြည့်ရင် သိမှာပဲလေ" ကျန်းယုံဖူရဲ့ မျက်နှာပေါ်မှာ အနိုင်ယူလိုတဲ့ အပြုံးတစ်ခု ပေါ်လာပါတယ်။

လီချင်းယွမ်ရဲ့ မျက်ဝန်းတွေ မှေးမှိန်သွားပါတယ် "ငါ နားလည်လိုက်ပြီ!"

"ခင်ဗျားသာ ဂျူနီယာညီမလေးလင်းကို မယူနိုင်ရင် ခင်ဗျားက အမှိုက်ကောင်တစ်ကောင်ပဲ။ ဒါက ကျွန်တော် ခင်ဗျားကို စီနီယာအစ်ကိုလို့ နောက်ဆုံးအကြိမ် ခေါ်တာ ဖြစ်လောက်တယ် ဟား ဟား ဟား!" ကျန်းယုံဖူက လှောင်ပြောင်ပြီး ပြန်လှည့်ထွက်သွားပါတယ်။

"အာ...!"

ကျန်းယုံဖူ ထွက်သွားပြီးနောက် လီချင်းယွမ်က ကောင်းကင်ကို မော့ကြည့်ပြီး သူ့ရဲ့ စိတ်ပျက်အားငယ်မှုတွေကို ဖွင့်ထုတ်ဖို့ ရှည်လျားစွာ အော်ဟစ်လိုက်ပြန်ပါတယ်။

အဲဒီအချိန်မှာပဲ ပျံလွှားငှက်မောင်နှံနှစ်ကောင်က မျက်နှာချင်းဆိုင် ပခုံးချင်းယှဉ်ပြီး အချစ်စကားတွေ တီးတိုးပြောကာ ကြည်နူးစွာနဲ့ သူ့မြင်ကွင်းရှေ့ကနေ ဖြတ်ပျံသွားကြပါတယ်။ ဒါကိုမြင်တော့ လီချင်းယွမ် ဒေါသထွက်သွားပြီး အော်ငေါက်လိုက်ပါတယ် "ဒီလို မြင့်မြတ်တဲ့တောင်ပေါ်မှာ တိရစ္ဆာန်တွေ အချစ်နယ်ကျွံတာကို တားမြစ်တယ်ကွ!"

ဘလောက်!

သူ့ခေါင်းပေါ်ကို ပြင်ပအရာဝတ္ထုတစ်ခု ပြုတ်ကျလာပါတယ်။

လီချင်းယွမ် လက်နဲ့ စမ်းကြည့်လိုက်တယ်။

သောက်ကျိုးနည်း!

"ငှက်ချေးပါလား"

လီချင်းယွမ် ဒေါသအကြီးအကျယ်ထွက်ပြီး ပျံလွှားငှက်ကို လှမ်းဆဲပါတော့တယ် "တောက်! မင်း သတ္တိရှိရင် နောက်တစ်ခါ ထပ်ပါချကြည့်စမ်း မင်း အရှင်ပြန်မသွားရစေရဘူး မှတ်!"

ပျံလွှားငှက်က နှုတ်ခမ်းထောင့်စွန်းကို မဲ့လိုက်ပြီး ပျံထွက်သွားပါတယ်။

လီချင်းယွမ်က မဲ့ရွဲ့ပြီး ပြောလိုက်တယ် "သွားစမ်းပါ! နောက်တစ်ခါဆိုရင် မင်း မျက်လုံးကို သေချာဖွင့်ကြည့်ဦး! အကန်းကောင်!"

လီချင်းယွမ်က ခေါင်းပေါ်က ငှက်ချေးကို သုတ်ဖို့ လက်ကိုင်ပုဝါကို ထုတ်လိုက်စဉ်မှာပဲ ပျံလွှားငှက်အုပ်စုကြီး တစ်စု ပျံဝဲလာပြီး သူ့ခေါင်းပေါ်က အလင်းရောင်ကို ကွယ်လိုက်ကြပါတယ်။

"ဟာ...!" လီချင်းယွမ် လန့်ပြီး အော်လိုက်မိတယ်။

ရုတ်တရက်ဆိုသလို ပျံလွှားငှက်တွေအကုန်လုံး ဝမ်းသွားချပါတော့တယ်။

"တောက်!"

"ငါ့ကို အနိုင်ကျင့်ဖို့ လွယ်တယ်များ ထင်နေကြလား"

လီချင်းယွမ်က သူ့ရဲ့ ဝိညာဉ်စွမ်းအင်ကို စုစည်းပြီး ဟင်းလင်းပြင်ထဲကို လက်ဝါးနဲ့ နှစ်ချက်ဆင့် ရိုက်ထုတ်လိုက်ပါတယ်။ သူ့ရဲ့ လက်ဝါးရိုက်ချက်အားက မီတာ ၃၀ လောက်ပဲ ရောက်ပြီး ပျောက်ကွယ်သွားပါတယ်။ ခဏအတွင်းမှာပဲ ငှက်ချေးပုံ တစ်ဒါဇင်ကျော်လောက် သူ့ပေါ် ကျရောက်လာပါတော့တယ်။

"မင်းတို့ကောင်တွေ ရက်စက်လှချည်လား! ငါသာ ဓားပျံစီးတတ်တဲ့အချိန်ကျရင် မင်းတို့ကို ဖမ်းပြီး အိမ်သာကျင်းထဲ ပစ်ထည့်ပစ်မယ်"

ကြမ်းတမ်းတဲ့ စကားတွေ ပြောပြီးနောက်မှာတော့ လီချင်းယွမ်တစ်ယောက် ထွက်ပြေးရပါတော့တယ်။

ဒီအချိန်မှာပဲ ကြည်လင်ပြတ်သားတဲ့ ကြိုးကြာငှက်အော်သံတစ်ခု ကောင်းကင်ယံကနေ ထွက်ပေါ်လာပြီး ပျံလွှားငှက်တွေ ချက်ချင်း လွင့်စင်ပြေးကုန်ကြပါတယ်။ လီချင်းယွမ် မော့ကြည့်လိုက်တော့ ကြိုးကြာငှက်ပေါ်မှာ ရပ်နေတဲ့ လှပပြီး ကျက်သရေရှိတဲ့ ပုံရိပ်တစ်ခုကို တွေ့လိုက်ရပါတယ်။ သူမက ခရမ်းရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး လေထဲမှာ တလူလူလွင့်ပျံနေကာ မျက်စိတစ်မှိတ်အတွင်းမှာပဲ လီချင်းယွမ်ရဲ့ ရှေ့ကို ရောက်လာပါတယ်။

ထိုမိန်းမပျိုလေးမှာ ကြယ်ရောင်တွေလို မျက်လုံး ရေတံခွန်လို ဆံနွယ် နှင်းလိုဖြူဝင်းတဲ့ အသားအရေနဲ့ ကျစ်လျစ်လှပတဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားပြီး တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ဖမ်းစားနိုင်စွမ်း ရှိပါတယ်။

"လင်းယွီယောင် မင်း ရောက်လာပြီလား" လီချင်းယွမ်က ညင်သာစွာ ပြောလိုက်တယ်။

မိန်းမပျိုလေးရဲ့ မျက်နှာထားက တည်ငြိမ်နေပြီး နှုတ်ခမ်းကို အနည်းငယ်ဟကာ "အင်း" လို့ ပြောပါတယ်။

ပြောပြီးနောက် သူမက ကြိုးကြာငှက်ပေါ်ကနေ ကျက်သရေရှိတဲ့ လှုပ်ရှားမှု ထူးခြားတဲ့ အငွေ့အသက်တွေနဲ့အတူ လူ့လောကရဲ့ အစာအာဟာရကို မမှီဝဲတဲ့ နတ်မိမယ်လေးတစ်ပါးအလား ပျံဆင်းလာပါတယ်။

ဒီအမျိုးသမီးက လင်းယွီယောင်ပါ။

"စီနီယာအစ်ကိုလီ... ရှင့်ကိုယ်ပေါ်မှာ ဘာလို့ ပြင်ပအရာဝတ္ထုတွေ အများကြီး ပေကျံနေတာလဲ" လင်းယွီယောင်ရဲ့ လှပတဲ့ မျက်ဝန်းတွေထဲမှာ အံ့သြရိပ် အနည်းငယ် ဖြတ်သန်းသွားပါတယ်။

လီချင်းယွမ် မျက်နှာပျက်သွားတယ်။ ဒါက ငှက်ချေးတွေပါလို့ သူဘယ်လိုလုပ် ပြောထွက်မှာလဲ။ လူတွေ ဝိုင်းရယ်ကြမှာပေါ့!

ကျင့်ကြံသူတစ်ယောက်က ပျံလွှားငှက် အနိုင်ကျင့်တာ ခံရတယ်ဆိုရင် ဘယ်သူက ယုံမှာလဲ။

ဒါကြောင့် သူက ဟန်လုပ်ပြီး နှစ်ချက်လောက် ချောင်းဟန့်လိုက်ပါတယ် "ဒါက ဒီနှစ် အစားဆုံးဖြစ်နေတဲ့ အဝတ်အစား ဒီဇိုင်းလေ 'ဖောင်းကြွအနုပညာ' လို့ ခေါ်တယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းကမှ မြို့ထဲက အထည်ချုပ်ဆရာကြီးဆီမှာ သေချာအပ်ပြီး ချုပ်ထားတာ"

"ဘယ်လိုလဲ"

"အစ်ကိုကြီးက ချောတယ်မလား"

လင်းယွီယောင်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး တိုးတိုးလေး ပြောပါတယ် "ဘာလို့ ကြည့်ရတာ ချေးတွေနဲ့ တူနေတာလဲ"

"လင်းယွီယောင်... မင်းက တကယ့် ပါရမီရှင်ကို မြင်တတ်တာပဲ။ ဒါက မစင်ကို အခြေခံပြီး နမူနာယူ ဖန်တီးထားတာလေ။ 'မစင်ဖောင်းကြွဒီဇိုင်း' လို့ ခေါ်တယ်။ ဒီလိုချုပ်နိုင်တဲ့ အထည်ချုပ်သမားက လောကမှာ အရမ်းရှားတာ တော်တော်ကို အဆင့်မြင့်တဲ့ လက်ရာပဲ"

လင်းယွီယောင်က စူးစမ်းလိုစိတ်နဲ့ မေးလိုက်တယ် "ဒါပေမဲ့..."

ဆက်ပြောရင် ဗူးပေါ်သလို ဖြစ်သွားမှာစိုးတာနဲ့ လီချင်းယွမ် စကားလမ်းကြောင်း လွှဲလိုက်ပါတယ် "လင်းယွီယောင်... မင်းက ဘာကိစ္စ ရှိလို့လဲ"

"စီနီယာအစ်ကိုလီ... ရှင့်ရဲ့ ကျင့်ကြံခြင်းအခြေအနေ ဘယ်လိုလဲ"

လီချင်းယွမ်က အူကြောင်ကြောင် ပြုံးလိုက်ပြီး "အစ်ကို့ရဲ့ လေ့ကျင့်မှုက အဆင်ပြေပါတယ်!"

စကားပြောရင်းနဲ့ သူက လူပုံစံထွင်းထားတဲ့ သစ်သားရုပ်လေးကို ထုတ်ယူလိုက်ပြီး ပြုံးကာ ပြောလိုက်ပါတယ် "နောက်ရက်နည်းနည်းဆို မင်းရဲ့ (၁၉) နှစ်ပြည့် မွေးနေ့ရောက်ပြီလေ။ ဒါက မင်းအတွက် လက်ဆောင်ပါ!"

လင်းယွီယောင်က အရုပ်လေးကို ယူပြီး သေချာ ကြည့်လိုက်ပါတယ် အဲဒီအပေါ်က ထွင်းထားတဲ့ပုံက သူမပုံစံပါပဲ။

အပြုံးမျက်နှာထားနဲ့ ချောမောတဲ့ အမျိုးသားကို ကြည့်ရင်း လင်းယွီယောင်ရဲ့ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပါတယ် "စီနီယာအစ်ကိုလီ... အရင်တုန်းက ကျွန်မကို ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"

လီချင်းယွမ် အနည်းငယ် ပြုံးလိုက်ပြီး အတိတ်က အဖြစ်အပျက်ကို ပြန်တွေးမိသွားတယ်။ တကယ်တော့ သူက လင်းယွီယောင်ကို ကယ်ချင်လို့ ကယ်ခဲ့တာ မဟုတ်ပါဘူး။ ခွေးလိုက်ကိုက်လို့ ကြောက်လန့်တကြား ထွက်ပြေးရင်းနဲ့ လင်းယွီယောင်အတွက် သေစေနိုင်တဲ့ တိုက်ခိုက်မှုကို မတော်တဆ ဝင်ကာမိသွားတာပါ။ ဒါပေမဲ့ သူလည်း တော်တော်လေး ကြောက်သွားပြီး သေမလိုတောင် ဖြစ်ခဲ့ပါသေးတယ်။ ပြန်ကောင်းလာဖို့ လနဲ့ချီပြီး အိပ်ရာထဲ လဲနေခဲ့ရတာပါ။

"လင်းယွီယောင်... ယဉ်ကျေးနေစရာ မလိုပါဘူး။ ကိုယ်က တာဝန်သိစိတ်ရှိပြီး ဇွဲရှိတဲ့ သတ္တိခဲ ယောက်ျားတစ်ယောက်ပါ..."

လင်းယွီယောင်က လီချင်းယွမ်ရဲ့ စကားကို ဖြတ်ပြောလိုက်ပါတယ် "စီနီယာအစ်ကိုလီ... ရှင့်ကို ကျွန်မ ပြောချင်တဲ့ ကိစ္စတစ်ခု ရှိတယ်!"

ဒါကို ကြားတော့ လီချင်းယွမ် စိတ်ထဲ မသိုးမသန့် ဖြစ်သွားပေမဲ့ တည်ငြိမ်ချင်ယောင်ဆောင်ပြီး ပြောလိုက်ပါတယ် "ပြောလေ!"

"စီနီယာအစ်ကိုလီ... ရှင်က လူကောင်းတစ်ယောက်ပါ ဒါပေမဲ့ ကျွန်မတို့က မလိုက်ဖက်ဘူး"

လီချင်းယွမ် မျက်မှောင်ကြုတ်ပြီး မေးလိုက်တယ် "မင်း ဘာကို ဆိုလိုတာလဲ"

လင်းယွီယောင်က တည်ငြိမ်စွာ ပြောပါတယ် "စီနီယာအစ်ကိုလီ... ကျွန်မကို စွန့်လွှတ်လိုက်ပါတော့ ရှင်နဲ့ ပိုပြီးသင့်တော်မယ့်လူကို တွေ့လာမှာပါ!"

လီချင်းယွမ် ခဏလောက် တိတ်ဆိတ်သွားပါတယ် "ငါတို့ အတူရှိခဲ့တာ လေးနှစ်တောင် ရှိပြီ မင်း ငါ့အပေါ် ဘာခံစားချက်မှ မရှိဘူးလား"

လင်းယွီယောင်က အေးစက်စက်နဲ့ ပြောပါတယ် "ကျွန်မတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေ မတူညီတဲ့အတွက် နောက်ဆုံးကျရင် မတူညီတဲ့ ကမ္ဘာနှစ်ခုက လူတွေ ဖြစ်လာကြမှာပါ။ နောက်ဆုံးကျမှ မကောင်းတဲ့ ပုံစံနဲ့ လမ်းခွဲရတာထက်စာရင် အရာအားလုံးကို အခုကတည်းက စောစောစီးစီး အဆုံးသတ်လိုက်တာ ပိုကောင်းပါတယ်!"

"လင်းယွီယောင်... ဒီနေ့ မင်းက ငါတို့ကြားက သံယောဇဉ်ကို စွန့်ပယ်လိုက်ပြီပေါ့။ ဒီဘဝမှာ ငါတို့အတွက် ဖြစ်နိုင်ချေ မရှိတော့ဘူးပေါ့။ မင်း သေချာ စဉ်းစားပြီးပြီလား"

"ဒါက ကျွန်မတို့အတွက် အကောင်းဆုံး ရွေးချယ်မှုပါ!" လင်းယွီယောင်က ပြတ်သားစွာ ပြောလိုက်ပါတယ်။

လီချင်းယွမ် တစ်ကိုယ်လုံး အေးစက်သွားပြီး တင်းမာနေတဲ့ မျက်နှာထား လျော့ကျသွားပါတယ်။

"တစ်ဖက်လူက ကိုယ့်ကို မကြိုက်တော့ဘူးဆိုရင် ဘာလို့ ဇွတ်ဖက်တွယ်နေရမှာလဲ"

"အတင်းအဓမ္မ ယူရတဲ့ ဆက်ဆံရေးဆိုတာ ဘယ်တော့မှ မချိုမြိန်ဘူး!"

ဒါကို တွေးမိလိုက်တော့ လီချင်းယွမ် သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။

"မင်းရဲ့ ဆုံးဖြတ်ချက်ကို ငါ လေးစားပါတယ်!"

"ဂျူနီယာညီမလေးလင်း... မင်း ပျော်ရွှင်ပါစေလို့ ငါ ဆုတောင်းပေးပါတယ်!"

ပြောပြီးတာနဲ့ လီချင်းယွမ်က လှည့်ထွက်သွားပါတယ်။

ထွက်ခွာသွားတဲ့ လီချင်းယွမ်ရဲ့ ကျောပြင်ကို ကြည့်ရင်း လင်းယွီယောင်ရဲ့ စိတ်ထဲမှာ တစ်စုံတစ်ခု ဆုံးရှုံးသွားသလိုမျိုး ထူးဆန်းတဲ့ ခံစားချက်တစ်ခု ရုတ်တရက် ဝင်ရောက်လာပါတယ်။

လီချင်းယွမ်ဟာ ဝိညာဉ်စွမ်းအင်ကို စုစည်းပြီး လူပြတ်တဲ့နေရာတစ်ခု ရောက်တဲ့အထိ တောင်တန်းတွေကြားထဲ ခုန်ပေါက်ပြေးလွှားသွားပါတယ်။ အဲဒီနေရာမှာ သန့်ရှင်းတဲ့ ဝတ်ရုံရှည်တစ်ထည် လဲလှယ်ဝတ်ဆင်ပြီးတော့ ဝူချန်ဂိုဏ်းရဲ့ ပင်မခန်းမဆောင်ကို ရောက်လာပါတယ်။

"ဂိုဏ်းချုပ်... ကျွန်တော့်ကို ဘာကိစ္စများ ခေါ်တာပါလဲ" လီချင်းယွမ် ခန်းမထဲဝင်လာပြီး သူ့အဖေအရွယ်လောက်ရှိတဲ့ လူတစ်ယောက်ကို ဦးညွတ်လိုက်ပါတယ်။

ဒီလူကတော့ ဝူချန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် လင်းထျန်းနန်ပါ။

ဂိုဏ်းချုပ် လင်းထျန်းနန်က အေးစက်စက်နဲ့ ပြောလိုက်ပါတယ် "ဘာကိစ္စများ မဟုတ်ပါဘူး မင်းနဲ့ လင်းယွီယောင်ရဲ့ လက်ထပ်ပွဲကို ဖျက်သိမ်းလိုက်ကြောင်း အသိပေးမလို့ပါ"

"လင်းယွီယောင်က ဝူချန်ဂိုဏ်းမှာ ရာစုနှစ်တစ်ခုအတွင်း တစ်ယောက်ပေါ်ထွန်းခဲတဲ့ ပါရမီရှင်ဆိုတာ မင်း နားလည်မှာပါ မင်းအကြောင်းတော့ ငါ ထပ်ပြောစရာ မလိုတော့ဘူးမလား"

"ဒါကြောင့် မင်းတို့နှစ်ယောက်က လုံးဝ မလိုက်ဖက်ဘူး!"

"ဒါပေမဲ့ စိတ်မပူပါနဲ့ ငါ မင်းကို ပြန်ပေးဆပ်ပါ့မယ်"

ပြီးတော့ သူက သိုလှောင်အိတ်တစ်လုံးကို ကြမ်းပြင်ပေါ် ပစ်ချပေးလိုက်ပါတယ် "ဒီထဲမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အတုံး ၃၀ ပါတယ်။ ယူသွားလိုက်!"

"ဒါ့အပြင် လင်းယွီယောင်က တခြားလူရဲ့ စေ့စပ်ထားသူ ဖြစ်နေပြီ။ မင်းကို သူ့နားမှာ မရှိစေချင်ဘူး။ ဝူချန်ဂိုဏ်းကနေ ချက်ချင်း ထွက်သွားလိုက်တော့"

ဂိုဏ်းချုပ် လင်းထျန်းနန်ရဲ့ မျက်လုံးထဲက အေးစက်တဲ့ အကြည့်ကို မြင်တော့ လီချင်းယွမ်က တည်ငြိမ်စွာနဲ့ ပြောလိုက်ပါတယ် "ဟယ်နန်မှာ အနှစ် ၃၀ ဟယ်ပေမှာ အနှစ် ၃၀!"

ပြောပြီးတာနဲ့ သူ လှည့်ထွက်သွားပါတယ်။

ဂိုဏ်းချုပ် လင်းထျန်းနန်က ကြမ်းပြင်ပေါ်က သိုလှောင်အိတ်ကို ကြည့်ပြီး လှောင်ပြောင်လိုက်ပါတယ် "အမှိုက်ကောင်သက်သက်ကများ သူ့ကိုယ်သူ အထင်ကြီးနေလိုက်တာ"

"လွန်ခဲ့တဲ့ နှစ် ၃၀ က ဟယ်နန် ဆိုတာက ဘာကြီးလဲ"

"ယဉ်ကျေးမှု မရှိတဲ့ကောင်!"

"ထွီ!"